လေးစားလောက်သော
Vol. 109 Ch. 1632
“ မင်း ဒီရောက်လာတာ ငါတို့ကို ကိုင်တွယ်ဖို့ပေါ့ …”
ခေါင်းတုံးနှင့် အမျိုးသားမှ “ မင်းကိုယ်မင်း ကောင်းကျိုး ဆိုးပြစ်တွေကို သေချာချင့်ချိန်… ဒီလိုတွေ လုပ်တာက တရားမဝင်ဘူး …”
“ ငါ့မှာ အရည်အချင်း များများစားစားတော့ မရှိပေမယ့် .... သိသိကြီးနဲ့ ဥပဒေကို ဘယ်လို ချိုးဖောက်ရမလဲဆိုတာတော့ သိတယ်…”
လင်းရီ ခါးနောက်မှ ဓားမြောင်ကို ဆွဲထုတ်၍ “ လူတိုင်းရဲ့ အချိန်ကလည်း အကန့်အသတ်နဲ့ဆိုတော့ အမှန်ကို ဝန်ခံရင် အကောင်းဆုံပဲပေါ့ … မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ … ငါက စပြီးရင် ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်…”
လင်းရီ လက်ထဲရှိ ဓားမြောင်ကို မြင်တော့ လူရှစ်ယောက်လုံး စိတ်ထဲ ထိတ်ကနဲ ဖြစ်ကုန်ကြ၏။
ဤလူက ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဓားထုတ်လာလိမ့်မည်လို့ သူတို့ ထင်မှတ်မထားခဲ့ကြချေ။
“ မင်း ငါတို့လူတွေကို ခြိမ်းခြောက်မနေနဲ့ … ငါတို့က ဒီကို ပစ္စည်းခိုးဖို့ လာခဲ့တာ … ဘယ်သူ လွှတ်လိုက်လို့မှ မဟုတ်ဘူး …”
“ မင်းတို့ ဘာလို့ ဒီလိုတွေ လုပ်နေကြတာ … တစ်ဖက်က မင်းတို့ကို ပိုက်ဆံ ဘယ်လောက်များပေးထားလို့ … အဲ့တာက မင်းတို့ရဲ့ အသက်ကို စတေးဖို့ ထိုက်တန်လို့လား …”
“ မင်း ဘာတွေ ပြောနေလဲ ငါ နားမလည်ဘူး …”
လင်းရီ ဓားမြောင်ကို ထုတ်ထားတော့ ခေါင်းတုံးပြောင်၏ လေသံမှာ ပျော့ပျောင်းသွားခဲ့သည်။ အရင်လို သူ၏ လေသံထဲ ကြောက်ရွံ့ခြင်း ကင်းမှုအား မခံစားရတော့ချေ။
“ မင်း ငါတို့ကို ရဲစခန်း မပို့ချင်ဘူးဆိုရင် ငါတို့ မင်းကို ပိုက်ဆံ ပြန်လျော်ပေးမယ်… ငါတို့ ဒီလိုနဲ့ ကိစ္စပြီးလို့ ရတယ်… အချိန်တွေ ဖြုန်းစရာ မလိုပါဘူး …”
ဝှစ် …
လင်းရီ အချိန်ဖြုန်းမနေတော့ဘဲ ခေါင်းတုံးနှင့် အမျိုးသားအား ဆောင့်ကန်လိုက်၏။
တစ်ဖက်သူမှာ သဲအိတ်သဖွယ် နောက်သို့ ချက်ချင်း လွင့်ထွက်သွားပြီး နောက်ရှိ လျှပ်စစ် ဓာတ်တိုင်နှင့် တိုက်မိသွားခဲ့လေသည်။
“ ငါ့ကို မင်းတို့ရဲ့ ပိတ်နေတဲ့ နှုတ်တွေကို မဖွင့်နိုင်တဲ့ ကြင်နာတတ်တဲ့ လူဆိုပြီး ထင်နေတာလား ဟုတ်လား …”
လင်းရီ ဓားမြောင်နှင့် ခေါင်းတုံးနှင့် လူထံ လျှောက်လာပြီး သူ့အား ငုံ့ကြည့်လိုက်သည်။ “ သုံးစက္ကန့် …. ငါ့ကို အားလုံး မပြောပြဘူးဆိုရင် မင်းဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားမလဲ ငါလည်း မပြောတတ်ဘူး …”
“ ငါ တကယ်ကြီး ဘာမှ ………”
ဖူး …………
လင်းရီ ဓားမြောင်ကို ကိုင်၍ ခေါင်းတုံးနှင့် လူ၏ ဝမ်းဗိုက်ကို ထိုးသွင်းလိုက်သည်။
“ အားးးးး …….”
ခေါင်းတုံးနှင့် လူ၏ အော်သံသာလျှင် မဟုတ်ဘဲ အဖမ်းခံထားရသည့် လူတစ်ချို့ပါ ထိတ်လန့်တကြား အော်သံထွက်လာခဲ့ကြသည်။ ခေါင်းတုံးနှင့် အမျိုးသား၏ မျက်ဝန်းမှာ ပြူးကျယ်နေလေသည်။ အင်္ကျီအဝတ်စတို့က သွေးတို့ စို့နင့်သွားခဲ့ပြီး မြေပြင်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့တော့သည်။
ကျန်သည့် လူ ၇ ယောက်လုံးလည်း မျက်လုံးပြူး မျက်ဆံပြူးများ ဖြစ်နေကြကာ မြင်တွေ့နေရသည့် မြင်ကွင်းအား မယုံကြည်နိုင်ကြချေ။ ကော်စုန့်နန်သည်လည်း ထို့အတူပင်။
လင်းရီ ကြမ်းတမ်းသည့် နည်းလမ်းဖြင့် ကိုင်တွယ်မည်ကို ခန့်မှန်းထားမိသော်လည်း ယခုလို သူကိုယ်တိုင် လက်ပါလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် အညှာတာလည်း ကင်းမဲ့လွန်း၏။ လူကို ဓားနှင့်ထိုးသည့်အချိန်၌ တုံ့ဆိုင်းမှုလေးပင် ဖြစ်ပေါ်မလာချေ။
လင်းရီ ဓားမြောင်အား ပြန်ဆွဲထုတ်လိုက်သည်တွင် လတ်လတ်ဆတ်ဆတ် အသားတစ်ချို့ ပြန်ပါလာပြီး သွေးတို့ ဒလဟော စီးကျလာခဲ့ကာ မြင်ကွင်းမှာ သွေးထွက်သံယို များလွန်းလှ၏။
“ နောက်ထပ် သုံးစက္ကန့်ပေးမယ်… အဲ့တာကိုမှ မပြောသေးဘူးဆိုရင် နောက်တစ်ခါ ထပ်ထိုးမယ်…”
“ မ … မလုပ်ပါနဲ့ ……”
ခေါင်းတုံးနှင့် လူ၏ အသံမှာ တုန်ယင်နေပြီး “ မာစန်း လာခိုင်းခဲ့တာပါ … သူက မင်းရဲ့ လုပ်ငန်းကို အဆင်ပြေပြေနဲ့ မလည်ပတ်စေချင်ဘူး …”
“ ဆက်ပြော ….”
“ သူက ဟောင်ကောင်က …” ခေါင်းတုံးနှင့် အမျိုးသားမှ ဖျော့တော့စွာ အသံထွက်လာခဲ့ပြီး “ သူ ငါ့အစ်ကိုကြီးကို တောင်းဆိုခဲ့တယ်.. ဒါကြောင့်မို့ ငါရောက်လာခဲ့တာပဲ …”
“ သူတို့ အခု ဘယ်မှာလဲ …”
“ ငါ … ငါ မသိဘူး … ငါတို့ အစ်ကိုကြီးကို မေးမှပဲ သိမှာ …”
“ မင်းတို့ အစ်ကိုကြီးက ဘယ်သူတုန်း ..”
စကားဝိုင်းက လက်ရှိ အခြေအနေသို့ ရောက်လာသည်တွင် လင်းရီသည် ဤ အခြေအနေအား ဖြေရှင်းရန် လုံလောက်သည့် အလှည့်အပြောင်းတို့ ရှိနေကြောင်းကို ခံစားမိလေသည်။
“ ငါတို့ အစ်ကိုကြီးက ကျိုးဟိုင်က မာစတာဝေ့ရဲ့ ငယ်သားပဲ … မင်းသာ လုံလောက်တဲ့ အဆင့်အတန်း ရှိတယ်ဆိုရင် သူ့ကို သေချာပေါက် ကြားဖူးတယ်… မင်း ငါတို့ကို အခုလို လုပ်တာက မာစတာဝေ့ကို ကျိန်းသေပေါက် ပျော်ရွှင်စေမှာ မဟုတ်ဘူး …”
“ ငါ လခွမ်းမို့လို့ သိရမှာလား … မာစတာဝေ့ဖြစ်ဖြစ် မိန်းကလေးဝေ့ဖြစ်ဖြစ် ခုချက်ချင်း ဖုန်းခေါ်လိုက် …”
လူတိုင်း တွန့်ကနဲ ဖြစ်ကုန်ကြသည်။ ကော်စုန့်နန်သည် လင်းရီအား အလျင်အမြန် နောက်သို့ ဆွဲခေါ်၍ “ မစ္စတာလင်း … ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ သိပ်မလုပ်ပါနဲ့ … ဒီရဲ့ မာစတာဝေ့က ရိုးရှင်းတဲ့ လူမဟုတ်ဘူး … သူက ကျိုးဟိုင်မှာ တော်တော်လေး ပါဝါကြီးတယ်… သူ့လို လူစားမျိုးနဲ့ သွားရှုပ်လို့ ကောင်းမှာ မဟုတ်ဘူး …”
ဆောက်လုပ်ရေး နယ်ပယ်ထဲရှိ လူတို့မှာ ယေဘုယျအားဖြင့် လက်တို့ ဖွေးသန့်နေသူများ မဟုတ်ကြချေ။ နယ်ပယ် အမျိုးမျိုးနှင့်လည်း အဆက်အသွယ်များ ရှိကြလေသည်။
ကော်စုန့်နန်ကဲ့သို့ ပရောဂျက် မန်နေဂျာ အဆင့်ရောက်ရှိနေသူသည် ဤသို့သော မြေအောက် လောက၏ ဒိတ်ဒိတ်ကျဲကြီးများနှင့် မေးထူးခေါ်ပြော ရှိပြီး မာစတာဝေ့က မည်သို့သော လူစားမျိုး ဖြစ်သည်ကို သူ သိသည်။
မာစတာဝေ့က သူ အပြစ်ပြု စော်ကားနိုင်သည့် လူတစ်ယောက် မဟုတ်သည်ကိုလည်း သူ သေချာစွာ သိ၏။
“ ဘာမို့လို့ … သူ ဘယ်လောက်ထိ ပါဝါကြီးလဲ ငါ မြင်ချင်စမ်းပါဘိ…”
“ အဟက် …”
ခေါင်းတုံးနှင့် လူမှာ နာကျင်မှုကို လျစ်လျူရှု၍ ရက်စက်သည့် မျက်နှာထားဖြင့် ထေ့ငေါ့စွာ ပြုံးရယ်လိုက်ပြီး “ ငါမင်းကို ငါသိသမျှ ပြောခဲ့ပြီးပြီ … ဒါပေမယ့် ငါပြောတာမှ နားမထောင်မှတော့ ငါ တတ်နိုင်တာလည်း မရှိတော့ဘူး …”
“ အချိန်ဖြုန်းမနေနဲ့ … ဖုန်းသာ ခေါ်လိုက် …”
“ ဒီလက်တွေနဲ့လား …”
လင်းရီ ကော်စုန့်နန်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်ကလည်း အလိုက်သိစွာဖြင့် ကြိုးပြန်ဖြေပေးလိုက်သည်။
ခေါင်းတုံးနှင့်လူမှာ ဖုန်းကို ခက်ခက်ခဲခဲ ထုတ်လိုက်ကာ စပီကာ ဖွင့်လိုက်လေသည်။
ည အင်မတန် နောက်ကျနေပြီ ဆိုသော်လည်းပဲ အကြိမ်အနည်းငယ် မြည်သံပေးပြီးနောက် ဖုန်းမှာ ဝင်သွားခဲ့၏။ အသံဩဩနှင့် အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။
“ ဟိုဘက်က ကိစ္စတွေ ပြီးသွားပြီလား …”
“ အစ်ကိုဖုန်း … ငါတို့ ဖမ်းခံထားရတယ်… သူတို့ ကုမ္ပဏီ သူဌေးလည်း ဒီရောက်နေတယ်.. သူက မာစတာဝေ့နဲ့ တွေ့ချင်တယ် ပြောနေတယ်…”
“ ဒီတိုင်း ကုမ္ပဏီ တစ်ခုရဲ့ ဘော့စ်ကများ မာစတာဝေ့နဲ့ တွေ့ချင်နေတယ် ဟုတ်လား … သူ့ကိုယ်သူ ဘာကောင်များ ထင်နေလို့ …”
“ မင်းရဲ့ သခင်ကို ငါ့နာမည် လင်းရီ ဆိုတာ ပြောလိုက် … သူ တစ်မိနစ် အတွင်း ဖုန်း မဖြေရင် မနက်ဖြန် မင်းတို့အားလုံးကို ရှင်းမယ်…”
“ ဘာပြောလိုက်တယ်… မင်းက လင်းရီ … လင်းယွင် အုပ်စုရဲ့ ဥက္ကဌ လင်းရီလား …”
လင်းရီ၏ အထောက်အထားကို သိရှိလိုက်ရပြီးနောက် တစ်ဖက်သူ၏ သဘောထား အမူအရာမှာ ၁၈၀ ဒီဂရီလောက်ကို ပြောင်းလဲသွားခဲ့သည်။
“ ငါပဲ …”
“ ခဏစောင့် … ငါခုချက်ချင်း မာစတာဝေ့ကို သွားရှာလိုက်မယ်…”
ထို့နောက် အလျင်လိုနေသည့် ခြေလှမ်းသံတို့ ဖုန်းထဲက ထွက်လာခဲ့ပြီး တစ်မိနစ် မပြည့်မီ အချိန်အတွင်းမှာပဲ ထိတ်ထိတ်ပျာပျာဖြစ်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ မာစတာဝေ့ … ထတော့ …. ကိစ္စကြီး တစ်ခု ဖြစ်နေပြီ…”
“ ဘာကိစ္စလဲ … မင်း မနက်ဖြန်မှ ပြောလို့ မရဘူးလား …”
ဝေ့ရီဟွား၏ ဒေါသတကြီးနှင့် အသံမှာ ဖုန်းတစ်ဖက်ခြမ်းကနေ ထွက်ပေါ်လို့လာသည်။
သူ့ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သူ အိပ်စက် အနားယူနေသည်ကို နှောင့်ယှက်လာသည့်အတွက် စိတ်မကြည် ဖြစ်နေသည့် ဟန်ပင်။
“ ဒါပေမယ့် ဒါက လင်းယွင်အုပ်စုရဲ့ ဥက္ကဌလေ… တခြားသူဆို ကျုပ် မနှောင့်ယှက်ဝံ့ပါဘူး …”
“ ဥက္ကဌလင်း ဖုန်းခေါ်လာခဲ့တာလား … မြန်မြန်ပေးစမ်း …”
ရှုပ်ထွေး ဇဝေဇဝါ ဖြစ်နေသည့် အသံမှာ ဖုန်းထဲက ထွက်လာခဲ့ပြီး ဝေ့ရီဟွား လေးစားမှု အပြည့် လေသံဖြင့် “ ဥက္ကဌလင်း … ညတောင် အတော် နောက်ကျနေပြီကို ကျုပ်ကို ဘာကိစ္စရှိလို့ ခေါ်လာခဲ့တာလဲ မသိဘူး …”
“ ဘယ် …. ဘယ်လိုလုပ်ပြီး ….”
ဝေ့ရီဟွား၏ အသံကို ကြားတော့ မိုဟုန်ရှန်းမှလွဲ၍ လူတိုင်း ကြက်သေသေကုန်ကြသည်။
ဤသည်က ကျိုးဟိုင်၏ ကောင်းကင်ကို လက်တစ်ဖက်ဖြင့် အုပ်မိုးနိုင်သည့် ဒိတ်ဒိတ်ကျဲ တစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော လူက အဘယ်ကြောင့် နိမ့်ချသည့် လေသံဖြင့် စကားပြောနေရသနည်း။
“ ငါ ဘယ်သူလဲ မင်းသိပါတယ်….”
“ သိတာပေါ့ သိတာပေါ့ … ဥက္ကဌလင်းရဲ့ အဆင့်အတန်းနဲ့ … ကျုပ် ဘယ်သူဆိုတာသာ မသိရင် မသိမယ်… ကျုပ်ကတော့ ဥက္ကဌလင်းကို သိပါတယ်…”
ယခင်တုန်းက လင်းရီသည် ကျိုးဟိုင်၏ ဒေသတွင်း အင်ပါယာဟု ပြောခဲ့သည်မှာ for show(ဗန်းပြ) သပ်သပ်မဟုတ်ပေ။
သူ၏ လွှမ်းမိုးမှုက အမှန်ပင် မရိုးရှင်းပေ။ မြေအောက်လောကရှိ လူများပင် သူ၏ နာမည်ကို ကြားဖူးနားဝ ရှိကြလေသည်။
သူကား ယခင် ကျိုးဟိုင် မြေအောက်လောက၏ ဘော့စ် ၊ ဝမ်မာဇီအား သတ်ဖြတ်ခဲ့သည့်သူပင်။
ခေါင်းဆောင်အသစ်ဖြစ်သည့် ဝေ့ရီဟွားဘက်က ကြောက်ရွံ့မိသည်မှာ သဘာဝပင်။
နှစ်ဖက်၏ လုပ်ငန်းစီးပွားတို့က နယ်ပယ်ချင်းလည်း မတူသည့်အပြင် ဆုံလည်း မဆုံမိကြ၍သာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း များစွာ ထိတွေ့မဆက်ဆံမိခဲ့ကြချေ။ ထို့ကြောင့် ဝေ့ရီဟွားသည် လင်းရီ ယနေ့ သူ့အား ဖုန်းခေါ်လာသည်ကို အမှန်ပင် မျှော်လင့်မထားခဲ့မိ ဖြစ်နေရ၏။
“ မင်း တော်တော် သေပန်းပွင့်ချင်နေတယ်နဲ့ တူတယ်… ငါ့ကောင်မလေးရဲ့ ပရောဂျက်ကိုတောင် ပစ်မှတ်ထားဝံ့တဲ့ အထိ အတင့်ရဲနေတယ်ပေါ့….”
“ ဟင် … ဥက္ကဌလင်း ကောင်မလေးရဲ့ ပရောဂျက် …”
“ မင်း ခုတလော မာစန်းဆိုတဲ့ လူနဲ့ ဆက်သွယ်မိတယ်မလား …”
ထိုစကားကြားတော့ ဝေ့ရီဟွားသည် ဘာဖြစ်နေလဲဆိုတာကို ရုတ်ချည်း နားလည်သွားခဲ့တော့သည်။
မာစန်း သူ့ထံသို့ ဆက်သွယ်လာပြီး လူတစ်ချို့ ငှား၍ သူ့ပြိုင်ဘက် ကုမ္ပဏီကို နှောင့်ယှက်ချင်သည်။ သူ့ ပြောသည့် ပြုင်ဘက် ကုမ္ပဏီသည် ဥက္ကဌလင်း ချစ်သူ၏ ပရောဂျက် ဖြစ်နေလောက်၏။
“ ဥက္ကဌလင်း … ဒါ နားလည်မှုလွဲသွားတာပါ … ဒီရေက နဂါးဘုရင်ရဲ့ ဘုရားကျောင်းကို ထိမိသလိုမျိုး ကိုယ့်မိသားစုကိုယ် မမှတ်မိတဲ့လူကရော ဘယ်မှာ ရှိမှာ … ကျုပ်သာ အဲ့ဒီ ပရောဂျက်က ဥက္ကဌလင်း ကောင်မလေးရဲ့ ပရောဂျက်မှန်းသိရင် ကျုပ်ကိုယ်ကျုပ် သေလမ်းရှာတယ်ဆိုရင်တောင် အဲ့လို လုပ်ဝံ့မှာ မဟုတ်ပါဘူး …”
“ အပို မပြောနဲ့ … မာစန်း ဘယ်မှာ ရှိလဲတာ ငါ့ကိုပြော …” လင်းရီ အသံကို နိမ့်၍ ပြောလိုက်၏။