← Chapters

လောက ဓမ္မတာ

Vol. 109 Ch. 1633

လောက ဓမ္မတာ

Vol. 109 Ch. 1633

“ ဥက္ကဌလင်း … ဒီလို အသေးမွှား ကိစ္စလေးကို ကိုယ်တိုင် လုပ်စရာ မလိုပါဘူး … ဒီကိစ္စမှာ ကျုပ်ဘက်က မှားတာဆိုတော့ ကျုပ် ကူညီပေးပါ့မယ်… ကျုပ် ဥက္ကဌလင်းကို ကျေနပ်လောက်စေမယ့် အဖြေတစ်ခု ပြန်ပေးမယ်…”

“ မလိုဘူး … ဒါက မင်းထင်တာထက် ရှုပ်တယ်… ငါ့ဘာငါပဲ ရှင်းမယ်…”

တစ်ဖက်ခြမ်းရှိ ဝေ့ရီဟွား၏ နဖူးထက်တွင် ချွေးအေးတို့ စီးကျလာခဲ့၏။

စိတ်ထဲတွင်တော့ မာစန်း၏ မျိုးရိုးစဉ်ဆက် ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးအား ပယ်ပယ်နှယ်နှယ် ကျိန်ဆဲနေမိလေသည်။

မင်းတို့ဘာမင်းတို့ သူများကို စော်ကားချင်လဲ စော်ကားပေါ့ … ဘာလို့ ဥက္ကဌလင်းကိုမှ သွားထိရတာလဲ … မင်းတို့ကောင်တွေ သေချင်ရင် ကိုယ့်ဘာကိုယ် အေးဆေး သေတာမဟုတ်ဘူး ငါ့လာဆွဲထည့်နေတယ်…

“ မာစန်းရဲ့ နာမည်အရင်းက မာကျားလျန် … ဟောင်ကောင်မှာ နာမည် တော်တော်ကြီးတယ်… ကျုပ်တို့ချင်း သိတာ တော်တော်လေး ကြာပြီ… သူ ကျုပ်ကို တစ်ခါ ကူညီပေးခဲ့ဖူးလို့ ဒီတစ်ခေါက် ကျုပ်ဘက်က ပြန်ကူညီလိုက်တာ … မဟုတ်ရင် သူ့ကြောင့်နဲ့ အလုပ်ရှုပ်ခံနေမှာတောင် မဟုတ်ဘူး …”

ဝေ့ရီဟွားသည် သူ့ကိုယ်သူ မာစန်းနှင့် စည်းခြား၍ ဆက်ပြော၏။ “ ကျုပ် သူ့ကို ကျန်းနန် စမ်းချောင်း ဟိုတယ်၊ အခန်း 2408 မှာ နေဖို့ထိုင်ဖို့ စီစဉ်ပေးထားတယ်… ဥက္ကဌလင်း သူနဲ့ တွေ့ချင်ရင် အဲ့ကို သွားလို့ရတယ်…”

“ မင်း ပါးစပ်ကို သေချာပိတ်ထား … ဒီကိစ္စ ဘယ်သူ့ကိုမှ ထုတ်မပြောနဲ့ … ဒီသတင်း ပျံ့သွားလို့ကတော့ မင်းလည်း ကျိုးဟိုင်က ထွက်သွားနိုင်မယ် မထင်နဲ့ …”

“ ဒါပေါ့ ဒါပေါ့ … ကျုပ်နားလည်ပါတယ်… ကျုပ်နားလည်ပါတယ်…” ဝေ့ရီဟွား မဆိုင်းမတွ လျင်မြန်စွာ သဘောတူလိုက်သည်။

“ တကယ်လို့ ဥက္ကဌလင်း ကျုပ် အကူအညီ တစ်ခုခု လိုတာ ရှိရင် အချိန်မရွေး အသိပေးလို့ရတယ်… ကျုပ် ဝေ့ရီဟွား … အချိန်မရွေး အသင့်ပဲ …”

လင်းရီ တုံ့ပြန်စကား ဆိုမနေဘဲ ဖုန်းချပြီး ဘေးသို့ လွင့်ပစ်လိုက်၏။

ကော်စုန့်နန်နှင့် ခေါင်းတုံး အမျိုးသားမှာတော့ အသံပင် မထွက်ဝံ့အောင် ထိတ်လန့်နေသည်။

ကျိုးဟိုင်၏ ကျော်ကြားလှသော မာစတာဝေ့ပင် ထိုသို့သော အောက်ကျို့သည့် လေသံမျိုးဖြင့် စကားပြောနေသည်ဖြစ်ရာ ဤလူသည် ပါဝါ မည်မျှ ကြီးလိမ့်မည်နည်း။

“ မစ္စတာလင်း … ငါတို့ မှားမှန်း သိပါပြီ… မစ္စတာလင်းက မာစတာဝေ့နဲ့ အသိတွေမှန်း သိရင် ငါတို့ ဒီလာပြီး ပြဿနာ ရှာရဲမှာ မဟုတ်ပါဘူး …”

ခေါင်းတုံး အမျိုးသားနှင့် အပေါင်းအပါ တစ်သိုက်တို့မှာ လင်းရီအား တောင်းပန်တိုလျှိုးလာကြပြီး သူ၏ ခွင့်လွှတ်မှုအား တောင်းခံလာကြသည်။

မာစတာဝေ့ပင် ဤလူရှေ့၌ အမြီးကုပ်ရသည်ဖြစ်ရာ သူတို့ဆိုသည်မှာ ပုရွက်ဆိတ်သာသာမျှ ရှိလိမ့်မည်။

ကော်စုန့်နန် စိတ်လှုပ်ရှား ကြီးစွာဖြင့် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိ၏။

သူ၏ မသိစိတ် အိပ်မက်ထဲ၌ပင် ဥက္ကဌလင်းသည် ဤမျှ အင်အားကြီးသည့် လူတစ်ယောက် ဖြစ်လိမ့်မည်လို့ စိတ်ပင် မကူးမိခဲ့ချေ။

အမျိုးသားတစ်ယောက်အတွက် ဤမျှအတိုင်း အတာထိ စွမ်းဆောင်နိုင်ဖို့ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ပိရမစ် ထိပ်ဆုံး၌ ရပ်တည်နေနိုင်သည့်လူ ဖြစ်ဖို့လိုသည်။

ဤသည်က သောက်ရမ်း အံ့ဩဖို့ ကောင်းလှ၏။

လင်းရီ ထိုလူများအား လျစ်လျူရှုလိုက်ပြီး မိုဟုန်ရှန်းအား ဘေးသို့ ခေါ်သွာလိုက်သည်။

“ အစ်ကိုရှန်း … ဒီနေ့ကိစ္စအတွက်တော့ ခင်များကို ကျေးဇူးတင်ရမယ်…”

လင်းရီ ကားထဲမှ ဝိုင်နှင့် လက်ဖက်ခြောက်များအား ထုတ်လာခဲ့လိုက်၏။

“ ကျုပ် တခြား ဘာမှ မပြင်ဆင်လာခဲ့ရတော့ … ဒါတွေပဲ ပြန်ယူသွားလိုက်တော့ ….”

“ ဒါတွေ မလိုပါဘူးကွာ …”

မိုဟုန်ရှန်း နောက်သို့ ခြေ နှစ်လှမ်းခန့် ဆုတ်လိုကမိပြီး “ မင်း ငါ့ကို ဒီလို လုပ်နေမယ်ဆို နောင်ကျ မင်းကိစ္စတွေ ကူညီပေးတော့မှာ မဟုတ်တော့ဘူးနော်…”

“ ဒါဆိုလည်း ကျုပ် အားနာမနေတော့ဘူး .. ဒါပေမယ့် အောက်က တခြား ညီကိုတွေကိုတော့ ဂရုစိုက်ရမယ်မလား … သူများတွေကိုတော့ ကျုပ် လင်းရီက ကပ်စေးနည်းတယ်ဆိုပြီး အထင်လွဲသွားစေလို့ ဘယ်ဖြစ်မှာလဲ … ဟုတ်တယ်ဟုတ် …”

“ အတွေးလွန်မနေနဲ့ … ငါသူတို့ကို ထမင်းတစ်နပ် ကောင်းကောင်း လိုက်ကျွေးလိုက်မယ်… မိုဟုန်ရှန်း ပြောလိုက်ပြီး “ ပြီးတော့ တကယ်လို့ ခေါင်းဆောင်ကြီးသာ ဒီအကြောင်း သိသွားခဲ့ရင် ငါ့ကို ကြိမ်းမောင်းမှာ သေချာတယ်… မြန်မြန် မင်းဟာတွေ ပြန်ယူသွား … ငါ လက်မခံနိုင်ဘူး …”

“ ခေါင်းဆောင်ကြီး …”

ထိုစကားကို ကြားတော့ ကော်စုန့်နန်နှင့် ခေါင်းတုံး အမျိုးသားမှာ တစ်ဖန် ကြက်သေသေသွားရပြန်သည်။

ဒီလူတွေ ဘယ်က လာခဲ့တာလဲ …

ဥက္ကဌလင်းကလည်း အဲ့လို လူတွေနဲ့ ရင်းနှီးနေတယ်…

အဆုံးတွင် မိုဟုန်ရှန်းသည် လင်းရီ ပေးလာသည့် ပစ္စည်းများအား လက်မခံဘဲ သူ့လူများဖြင့် အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။

ခေါင်းတုံး အမျိုးသားနှင့် သူ့ အပေါင်းအပါများ အတွက်တော့ လင်းရီ မိုဟုန်ရှန်းအား မကိုင်တွယ်စေခဲ့ပေ။

ထိုသို့ အသေးမွှား ကိစ္စလေးအား သူ့ဘာသူ ဖြေရှင်းလည်း ရလေသည်။

“ ဥက္ကဌလင်း … ကျုပ်တို့ ဒီလူတွေ ဘာဆက်လုပ်ကြမလဲ …”

“ လွှတ်ပေးလိုက် … မင်း လုပ်စရာရှိတာသာ သွားလုပ်တော့ …”

“ လွှတ်ပေးလိုက် ဟုတ်လား …” ကော်စုန့်နန် ရှုပ်ထွေးသွားခဲ့၏။

“ သူများက ငါ့ကို မျက်နှာသာပေးမှတော့ ငါလည်း ပြန်ပေးရမယ်လေ…..” လင်းရီ ပြောလိုက်ပြီး “ ငါသာ ဒီလူတွေကို ရဲလက်အပ်လိုက်ရင် မတရားရာ ကျမှာ‌ပေါ့ …”

ကော်စုန့်နန်သည် လင်းရီ၏ စကားကို သေချာ ပိုင်းခြား ဝေဖန်ရင်း တွေးတောကြည့်လိုက်ရာ ဟုတ်သလိုလို ရှိလေသည်။

“ ကျန်တာကိုတော့ မင်းပဲ ကြည့်ကိုင်တွယ်လိုက် … ငါ သွားပြီ…”

“ ဂရုစိုက်သွားပါ ဥက္ကဌလင်း …”

လင်းရီ နာရီ ကြည့်လိုက်တော့ မနက် လေးနာရီ ကျော်ပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။

ကောင်းကင်က လင်းစပြုနေပြီး လူတစ်ချို့မှာ ၎င်းတို့၏ တစ်နေ့တာကို စတင်နေကြချေပြီ။

သို့သော် ယခုအချိန်မှ အလုပ်ဆင်းကြသည့် လူများလည်း ရှိကြ၏။

လင်းရီ မာစန်းအား ရှာဖွေရန် အလျင်လို မနေချေ။ ထိုအစား အိမ်သို့ မောင်းလာခဲ့လိုက်၏။

ပထမ ဦးစွာ တစ်ဖက်သူ မည်သည့်နေရာ၌ ရှိလဲဆိုတာကို သူ့ဘက်က သိထားပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်နေရန် မလိုချေ။

ဒုတိယ အချက်ကတော့ အကယ်၍ ကျီချင်းရန်သာ သူ ညလယ်ကြီး အပြင်ခိုးထွက်သွားသည်ကို သိမည်ဆိုပါက ကျိန်းသေပေါက် စိတ်ပူသွားမှာ ဖြစ်၏။ ထို့ကြောင့် ကျိုကျုံး ဗီလာသို့ ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

လင်းရီ ထင်မှတ်ထားသည့် အတိုင်း ကျီချင်းရန်မှာ အိပ်မောကျနေဆဲပင်။

စောင်မှာ ကြမ်းခင်းပေါ်သို့ ပုံကျနေပြီး သူမ၏ သွင်ပြင်မှာလည်း နူးညံ့သိမ်မွေ့မနေချေ။

ညအိပ်ဝတ်စုံ၏ ကြယ်သီး နှစ်လုံးမှာ ပြုတ်နေပြီး နှင်းကဲ့သို့ ဖြူစင်လှသည့် ရင်ဘက်၏ ဧရာမ တစ်စိတ်တစ်ပိုင်းကို လှစ်ဟာပြနေလျက် ရှိသည်။

မတတ်နိုင်စွာ ခေါင်းခါရမ်းလိုက်ရင်း လင်းရီသည် စောင်ကို ပြန်ကောက်၍ ကျီချင်းရန်ပေါ် ပြန်ထပ်ပေးလိုက်ကာ အိပ်ရာ ပြန်ဝင်လိုက်သည်။

ကျီချင်းရန် ပျင်းရိစွာ အညောင်းဆန့်သည့် အချိန်၌ မနက် ခုနစ်နာရီ ကျော်နေချေပြီ။ ညက ကောင်းစွာ အိပ်စက်ခဲ့ရသည်မှာ သိသာလှသည်။

ကျီချင်းရန်ကြောင့် လင်းရီပါ နိုးလာခဲ့၏။

“ ငါ့ကြောင့် နိုးသွားတာလား … အိပ်ချင် နည်းနည်း ဆက်အိပ်လေ….”

အိပ်စက်နေသည့် အချိန်တွင် သိမ်မွေ့ချင်း မရှိသော်လည်း မျက်လုံးဖွင့်ပြီးသည်နှင့် ဘယ်တော့မှ ပြန်မအိပ်တတ်သည့် အားသာချက် တစ်ခုတော့ ကျီချင်းရန်တွင် ရှိသည်။ ဤတစ်ချက်တော့ လျန်ရူရွှယ်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

“ မင်းကောင်းကောင်း အိပ်ခဲ့တာပဲ …”

သူမ၏ ဆံပင်တို့ ရှုပ်ပွနေရင်း ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်၏။

“ အရင်နေ့တွေလို မကောင်းပါဘူး …”

လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ အလိုအလျောက် တွန့်ကွေးတက်သွားခဲ့လေသည်။

ဒါကို မကောင်းဘူးပေါ့ …

“ ဘာလို့ မကောင်းတာ …”

“ မနေ့ညက အိပ်မက်မက်တယ်… ငါအိပ်တာ သိပ်မဝလိုက်ဘူး …”

“ ဘာအိပ်မက်မို့လို့ …”

“ အိပ်မက်ထဲမှာ ငါက ဝါးပင်တွေ ကိုက်နေတဲ့ ပန်ဒါကြီး ဖြစ်သွားတာလေ… အဲ့ဒီအချိန် ငါ့ကို ဘယ်သူလဲမသိ လာကန်တာ ငါလှိမ့်သွားတယ်….”

လင်းရီ “ …… “

ဒီတော့ သူမရဲ့ အပြုအမူတွေက အိပ်မက်ရဲ့ သက်ရောက်မှုတွေပေါ့ …

“ ကောင်းပြီ… ဒီအကြောင်းတွေ ပြောလို့ ဘာထူးမှာ … နင် ထပ်အိပ်လိုက်ဦး … မနက်စာ ရရင် ခေါ်လိုက်မယ်… ဒါပေမယ့် နင် အလွန်ဆုံး မိနစ် ၂၀ပဲ ထပ်အိပ်လို့ ရမှာနော်…”

“ ဟုတ်ကဲ့ …” လင်းရီ ကျီချင်းရန်၏ တင်ပါးကို ပုတ်လိုက်ပြီး “ သွားလုပ်တော့ သွား …”

ကျီချင်းရန် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ မနက်စာ ပြင်ရန်အတွက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ လင်းရီလည်း နည်းနည်း ကြာကြာ ထပ်အိပ်ပြီးနောက် အောက်သို့ ဆင်းလာသည်။

မနက်စာ စားပြီးနောက် နှစ်ယောက်သား ခေတ္တပြင်ဆင်၍ အလုပ်သို့ မောင်းထွက်လာခဲ့ကြ၏။

ကျီချင်းရန်ကို ရုံးလိုက်ပို့ပေးပြီးနောက် လင်းရီသည် မာစန်းဟု ခေါ်သည့် လူနှင့် တွေ့ဆုံရန် ကျန်းနန် စမ်းချောင်းဟိုတယ်သို့ ထွက်လာခဲ့လိုက်သည်။

ကျန်းနန် စမ်းချောင်း ဟိုတယ်၊ အခန်း 2408 ၊ ဘုရင်ခန်း ။

ပိန်ပါးပါး သက်လတ်ပိုင်း အမျိုးသားတစ်ယောက်သည် စားပွဲတွင် ရေချိုး ဝတ်ရုံဖြင့် မနက်စာ စားနေသည်။ သူ၏ လှုပ်ရှားမှုတို့က ဖြည်းညင်း စည်းချက်ညီ၍ အနုစိတ်သည့် စက်တစ်ခုလိုပင်။

ဤလူကတော့ လင်းရီ တွေ့ချင်နေသည့် မာစန်းပင်။

အစောပိုင်းနှစ်များ၌ မာစန်းကား ဟောင်ကော်၏ ဂန်းစတား တစ်ယောက် ဖြစ်ခဲ့ဖူးသည်။

သူ၏ အဆင်အခြင် မဲ့သည့် နည်းလမ်းများနှင့် အနုစိတ်သည့် စိတ်ဓာတ်တို့ကြောင့် မာစန်းသည် ဟွမ်ဟိုင် အုပ်စု ၊ အထွေထွေ မန်နေဂျာ လီဟွာရှင်း၏ ပစားပေးမှုကို ခံရကာ လက်ထောက် တစ်ယောက် အဖြစ် ခေါ်ဆောင်ခံခဲ့ရသည်။

ဤနှစ်များတွင် လီဟွားရှင်း၏ အောင်မြင်မှုအားလုံးက မာစန်း၏ နောက်ကွယ်ရှိ ပါဝင်ကူညီပေးမှုတို့ကြောင့်ဟု ပြောလျှင် မှားမည်မထင်ပေ။

ဟောင်ကောင်၌ လီဟွာရှင်း စိတ်ဝင်စားသည့် ပရောဂျက်ကို မည်သူမှ မထိပါးဝံ့ချေ။ မဟုတ်ပါက မာစန်း၏ ရူးသွပ်စွာ လက်စားချေခြင်းကို ခံစားရနိုင်သည်။

“ ဆောက်လုပ်ရေး ဆိုဒ်က အခြေအနေ ဘယ်လိုလဲ …” မာစန်း တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ ကျွန်တော် အခုတင် ဝေ့ရီဟွားကို ဖုန်းဆက်မေးကြည့်တာ အောင်မြင်တယ် ပြောပါတယ်…” မာစန်း၏ ငယ်သားတစ်ဦးက ပြန်ဖြေသည်။

မာစန်း၏ အမူအရာမှာ မတုန်မလှုပ်ပင်။ ဖုန်းကောက်ကိုင်၍ လီဟွာရှင်းထံ ဆက်သွယ်လိုက်၏။

“ ဥက္ကဌလီ… မင်း ချောင်ရန် အုပ်စုရဲ့ ဥက္ကဌကျီနဲ့ စကားပြောလို့ ရပြီ…”

All Chapters