အဌမမြောက် ဝိုင်ခွက်။
Vol. 10 Ch. 109
ကျောက်ဟိုင်ချွယ်သည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်ပြီး တောင်ပြာဓားသမား ဘွဲ့ကို ရရှိထားသည်။
တောင်ပြာဓား (၁၃)ကွက်သည် တိမ်မြစ်စီရင်စုမြို့တော်၌ ကျော်ကြားလှ၏။
“ စုရီ၊ မင်းဆက်ပြီး ခေါင်းမာနေရင် ငါ့ကိုအပြစ်မတင်နဲ့။ ”
ကျောက်ဟိုင်းချွယ်က သူ့ဓားကို ဆွဲထုတ်လိုက်တော့သည်။ သူ့မျက်လုံးများတွင် လူသတ်လိုသောဆန္ဒက ချက်ချင်း ပေါ်လာ၏။
ဤသည်မှာ ဓားသမားပေပင်။ ဓားသည် သတ်ရန်ဖြစ်၏။ မဟုတ်သော် ဓားကိုင်ကြမည် မဟုတ်ချေ။
“ ကောင်းပြီ ... ဦးလေးကျောက်ရဲ့ မင်းရဲ့တောင်ပြာဓား(၁၃)ကွက်ကို ငါလည်း သင်ယူချင်ပါတယ်။ ”
စုရီမှ ပြုံးလျက် ရှေ့တိုးလာ၏။ ကျောက်ဟိုင်ချွယ်က စကားတုန့်ပြန်ခြင်း မပြု တော့ဘဲ တောင်ပိုင်းဓား(၁၃)ကွက်ကို ထုတ်ဖော်လိုက်သည်။
“ ဝှီး ... ။ ”
စိမ်းညို့နေသော တောင်တန်းကြီး ရွေ့လျားလာသကဲ့သို့ တောင်မြစ်နန်းတော် အတွင်း တင်းကြပ်သွားသည်။
“ ပျံသန်းနေသော တောင်တန်း။ ”
သို့သော် စုရီက ခေါင်းအနည်းငယ် ခါယမ်းလိုက်ကာ လက်ကောက်ဝတ်ကို လှုပ်ခါ တော့၏။
“ ရွှပ် ... ။ ”
နေကို ထိုးဖောက်နေသော သက်တံ တစ်စင်းကဲ့သို့ ဓားမီးတောက်လောင်လာပြီး အစိမ်းရောင်တောင်တန်းကြီးကို ဖြတ်သန်းသွားသည်။
“ ထန် ... ထန် ... ။ ”
“ ကလန် ... ။ ”
သတ္တု တိုက်မိသံနှင့်အတူ ကျောက်ဟိုင်ချွယ်တစ်ယောက် ဓားလွတ် ထွက်သွားလေသည်။
“ ဝှစ် ... ။ ”
ဓားသွားသည် ခန်းမကြီးအတွင်းရှိ ပန်းအိုးထဲသို့ ထောင့်ဖြတ်ဖောက်ဝင်သွား လေသည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံနှင့်အတူ ဖန်အပိုင်းအစများ နေရာအနှံ့ လွင့်ပျံသွား၏။ လက်ကောက်ဝတ်ကို ငုံကြည့်လိုက်ရာ သွေးထွက်နေသော ပြတ်ရှရာ မြင်လိုက်ရသည်။
အနည်းငယ် အားစိုက်လိုက်ရုံဖြင့် လက်ကောက်ဝတ် ပြတ်ကျသွားနိုင်၏။ လူတိုင်း ကြောက်လန့်သွားကာ ဦးရေပြားများ ထုံကျင်သွားကြသည်။
ဤသည်မှာ မဟာသခင်ကိုပင် ရင်ဆိုင်နိုင်သော မြစ်ပြာဓားစံအိမ်၏ တောင်ပြာ ဓားသမားဖြစ်၏။
လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဓားလွတ်ကျ သွားသည်မှာ အဓိပ္ပါယ်မရှိလှချေ။ နီဟောင်နှင့် နန်းယင်မှာ အချင်းချင်း ကြည့်မိ၏။
စုရီသည် နဂါးတံခါးတွင် ပထမ ရရှိထားသော်လည်း စုရီကို သူတို့အထင်အမြင် သေးနေဆဲ ဖြစ်သည်။
ယခုမူ လဝက်အတွင်း အလွန် ကြောက်မက်ဖွယ် ကောင်းနေ၏။ နဂါးတံခါးမှ နဂါးတစ်ကောင် မွေးဖွားလာပုံပေပင်။
“ ဒီဓားက ငါတို့ရဲ့ ခင်မင်မှုကို ဖြတ်ပစ်လိုက်ပြီ ... အခုကစပြီး မင်းနဲ့ငါ ဘာမှ မဆိုင်တော့ဘူး ကျောက်ဟိုင်ချွယ်။ ”
စုရီက အေးစက်စွာ ပြောလိုက်သည်။ ခဏအကြာတွင် ကျောက်ဟိုင်ချွယ်တစ်ယောက် သက်ပြင်းချကာ၊
“ မင်းမှာ ဒီလောက်အထိ ယုံကြည်ချက် ရှိနေတာ အံ့သြစရာမဟုတ်တော့ပါဘူး တကယ် ကြီးပြင်းလာပြီ ... ဒါပေမယ့် ငါဒီနေ့ ငါလည်း ရောက်နေမှတော့ အလျှော့မပေးနိုင်ဘူး။ ”
-ဟု ခေါင်းမာစွာ ပြောကြားလိုက်၏။
“ ရွှပ် ... ။ ”
စုရီက စကားမဆိုတော့ဘဲ ဓားဖြင့် ခုတ်ချလိုက်ရာ ကျောက်ဟိုင်ချွယ်မှ ချက်ချင်း ဟန့်တားရန် ပြင်တော့၏။
“ အွတ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် အနည်းငယ်နောက်ကျသွားပြီး ရင်ဘတ်သို့ ကန့်လန့်ဖြတ် အခုတ်ခံလိုက်ရကာ အခန်းထောင်သို့ လွင့်စဉ်သွားသည်။
တိမ်မြစ်စီရင်စု မြို့တော်၏ တောင်ပြာဓားသမားသည် လူငယ်တစ်ယောက် လက်၌ ဓားတစ်ချက်ပင် မခံနိုင်ခဲ့ချေ။ စိတ်ပျက်အားငယ်စရာ ပေပင်။
လျူယင်မှ ချက်ချင်း ဒူးထောက်ချလိုက်၏။
“ စီနီယာ အစ်ကိုစု၊ ငါမှားသွားပါတယ် ငါမှားပါတယ် ... ဂျူနီယာညီမလေး ရှောင်ဝမ်ကို ငါ မနှိပ်စက်သင့်ပါဘူး ... သူ့ကိုယ်သူ သတ်သေ လိမ့်မယ်လို့လည်း ငါတကယ် မမျှော်လင့်ထားမိဘူး ... ငါ ... ။ ”
“ စွပ် ... ။ ”
သူမစကားမဆုံးခင် ခေါင်းက လေထဲ ပျံတက်သွားသည်။ ထိတ်လန့်ခြင်း၊ အံ့သြခြင်း၊ တုန့်ဆိုင်းခြင်းများ ပြည့်နှက်နေ၏။
ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ တအိအိပြိုလဲကျသွားကာ သွေးများစီးကျ လာတော့သည်။
“ ဂျူနီယာ ညီမ ရှောင်ဝမ်က သဘာဝအားဖြင့် ရှက်တတ်ပြီး ကြင်နာတတ် သူပဲ ... သူမက ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူး ဒါပေမယ့် မင်းက မနာစိတ်နဲ့ အနိုင်ကျင့် အရှက်ခွဲ လွန်းတာကြောင့် ...
... သူ့ကိုယ်သူ သတ်သေသွားတယ် ... ဘယ်သူသိမှာလဲ အကြီအကဲတွေအားလုံးမှာ မျက်စိမပါကြဘူးလို့။ ”
စုရီက လွမ်းဆွတ်လာပြီးနောက် ဒုတိယဝိုင်ခွက်ကို လှမ်းယူသောက်ချလိုက် လေသည်။
ဖန်ရှောင်ဖုန်းနှင့် ရှောင်ဝမ်သည် ပြင်ပတပည့်ဘဝ၌ အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်၏။
သူမ သတ်သေခြင်းသည် စုရီကြောင့် ဖြစ်သည်ဟုပင် လျူယင်မှ သတင်းစကား လွင့်ခဲ့ဖူးသည်။
“ မင်းတို့ ဘာလုပ်နေကြတာလဲ ... ဒီအတိုင်း အသတ်ခံကြမို့လား တိုက် ... ။ ”
ယန်ချီက ရုတ်တရက် ရူးသွပ်လာပြီး အော်ဟစ်လျက် စုရီထံ ပြေးဝင် တိုက်ခိုက်လိုက် လေသည်။
သို့သော် ဆန္ဒသာရှိပြီး ရုပ်ခန္ဓာကြီး ပါမလာခဲ့ချေ။ ကော့ညွှတ်နေသော ဓားဖျားက လည်မျိုကို ဖောက်ဝင်လာသည်။
တစ်ဆက်တည်းမှာပင် ဓားကို အနည်းငယ်လှုပ်ခါလိုက်သည်နှင့် ဦးခေါင်းကြီး ပခုံးပေါ်မှ လွင့်ပျံသွား၏။
“ အဲဒီတုန်းက ငါဟာ သွေးသန့်စင်ခြင်း ပထမအဆင့်မှာပဲ ရှိသေးတယ် ... ဒါပေမယ့် မင်းကို အနိုင်ယူခဲ့တဲ့အတွက် အစာထဲမှာ ငါ့ကို အဆိပ်ခတ်ပြီး သတ်ဖို့ မင်းကြိုးစားတယ်။ ”
စုရီ၏ စကားသံများက သားသတ်သမားတစ်ဦး၏ ဓားသံလို လူတိုင်း ရင်ဘတ်ထဲ ပဲ့တင်ထပ်နေခဲ့၏။
“ ပြေး ... ။ ”
“ မြန်မြန် ... ။ ”
“ ရွှပ် ... ။ ”
“ ဒုန်းဂလုန်း ... လုန်း ... ။ ”
ကျန်ရှိနေသော သုံးယောက်က ချက်ချင်း လှည်ပြေးသည်။ သို့သော် ဦးခေါင်းသုံးလုံးသာ တံခါးဝသို့ ရောက်ရှိကုန်၏။
“ မင်းတို့ သုံးယောက်ကို ငါအရွံဆုံးပဲ။ ”
စုရီသည် ပြန်လျှောက်သွားပြီးနောက် လက်ကျန်ဝိုင်သုံးခွက်ကို ကောက်သောက် လိုက်၏။
ပြန့်ကျဲနေသော အလောင်းများသည် သူနှင့်သက်ဆိုင်ခြင်း မရှိသကဲ့သို့ တည်ငြိမ်လွန်း ချေပြီ။
“ ပလောက် ... ပလောက် ... ။ ”
“ အစ်ကိုစု ... ငါတို့က ဒီညတိုက်ဆိုင်မှုနဲ့ ရောက်လာတာပါ ... ငါတို့ မင်းရဲ့ရန်သူဖြစ်လာဖို့ လုံးဝရည်ရွယ်ချက် မရှိပါဘူး။ ”
“ စုရီ၊ မင်းရူးသွားပြီ ဒီလောက် လူတွေ အများကြီးသတ်ပြီးတာတောင် မလုံလောက် သေးဘူးလား။ ”
စုရီက အဌမမြောက် ဝိုင်တစ်ခွက်ကို ငှဲ့နေပြန်သဖြင့် နှစ်ယောက်သား ကြောက်ရွံ့ လာလေသည်။ သို့သော် စုရီက တုန့်ပြန်ခြင်း မပြုဘဲ သောက်ချလိုက်သည်။
ချက်ချင်းပင် သူ့အသွင်သည် သိုင်းကြိုးများ ပြတ်တောက်သွားသော စွန်တစ်ကောင်ကဲ့သို့ ပေါ့ပါးလန်းဆန်းသွား၏။
ကျောက်ဟိုင်ချွယ်ခမျာ ရင်ဘတ်ရှိ ပြတ်ရှရာနှင့်အတူ ကူကယ်ရာမဲ့စွာ ကြည့်နေမိ လေသည်။
စတုတ္ထအကြီးအကဲတစ်ယောက် အနေဖြင့် သူ့ရှေ့၌ ဂိုဏ်းတပည့်များ အသတ်ခံရသည်မှာ နာကျည်းဖွယ်ပေပင်။
သူတို့သည် ယနေ့ည၏ မျက်မြင် သက်သေများဖြစ်၏။ မသွားသင့်သော ခြေလှမ်း တစ်လှမ်းကြောင့် ဘဝကို စွန့်ရပေဦးမည်။
“ ကျောက်ဟိုင်ချွယ် ... ငါစုရီက သွေးဆာနေတဲ့ သားသတ်သမားလို့ မင်းရော ထင်တာလား။ ”
စုရီက နီဟောင်တို့ နှစ်ဦးကို လျစ်လျူရှုလိုက်ပြီး ကျောက်ဟိုင်ချွယ်ထံ လှည့်ကြည့်ကာ မေးလေသည်။
ထိုမေးခွန်းကြောင့် ကျောက်ဟိုင်ချွယ်၊ နီဟောင်နှင့် နန်းယင်တို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ တောက်ပလာ၏။
“ မဟုတ်ပါဘူး ... မဟုတ်ပါဘူး ... ငါတို့နညးလည်မှု လွဲသွားတာပါ အစ်ကိုစုက အမှား-အမှန်ကို ခွဲခြားနိုင်တဲ့ လူပါ။ ”
နန်းယင်က ဝမ်းသာအားရ ပြောကြား လိုက်သည်။
“ စုရီ ... မြစ်ပြာဓားစံအိမ်နဲ့ သူတို့ရဲ့ နောက်ခံတွေက မင်းကို ကလဲ့စားချေဖို့လာမှာ တကယ် မကြောက်ဘူးလား။ ”
နီဟောင်က သံသယဖြင့် ပြန်မေးမိ၏။ စုရီမှတံခါးဝကို လက်ညိုးထိုးပြကာ၊
“ အခု ထွက်သွားကြ ... ။ ”
-ဟု မောင်းထုတ်လိုက်တော့သည်။
တစ်ဖက်လူ၏ လျစ်လျူရှုသော သဘောထားကြောင့် နီဟောင်မှ ဒေါသထွက်မိ သော်လည်း ထွက်ခွာလာခဲ့ရသည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မကျော်ဖြတ်နိုင်သော တောင်ကြီးတစ်လုံး၏ အဓိပ္ပါယ်ကို နားလည်လိုက်ပြီ ဖြစ်၏။
အဆုံးတွင် စုရီအမြင်၌ သူသည် ပိုဟပ်တစ်ကောင်မျှသာ ဖြစ်ချေပြီ။ နန်းယင် သည်လည်း ကတိုက်ကရိုက် ပြေးထွက် လာ၏။ ဤနေရာတွင် မနေချင်တော့ချေ။ တောင်မြစ် နန်းတော်သည် အိမ်မက်ဆိုးဖြစ်၏။
ကျောက်ဟိုင်ချွယ်က တစ်ခုခု ပြောချင်သော်လည်း အဆုံးတွင် သက်ပြင်းချ လိုက်ပြီး လှည့်ထွက်လာခဲ့သည်။
သူ့တွင် မေးခွန်းများ ရှိသော်လည်း စုရီမှ ပြန်ဖြေမည်မဟုတ်ချေ။ ယနေ့ညပြီးနောက် မြစ်ပြာဓားစံအိမ်နှင့် စုရီသည် အစွန်းနှစ်ဖက် ဖြစ်ချေပြီ။
“ အစ်ကိုစု နောက်အစီအစဉ်က ဘာလဲ။ ”
“ မုန်တိုင်းကို စောင့်ရအောင်။ ”
တစ်ချိန်လုံး ငြိမ်သက်စွာ ကြည့်နေသော ဟွမ်ချမ့်ကျွယ်က မေးသည်။ စုရီက ထရပ်ကာ လက်နှစ်ဖက်ကို နောက်ပို့လျက် တောင်မြစ် နန်းတော်မှ ထွက်ခွာလိုက်တော့၏။
များမကြာခင် စွေ့ယွင်တစ်ယောက် တောင်မြစ်နန်းတော်သို့ ရောက်ရှိလာသည်။ စောင့်ကြိုနေသော မြင်ကွင်းက မူးမေ့ လဲကျလုနီးပါး ပေပင်။
စည်းစိမ်းချမ်းသာ စံအိမ်၏ နာမည်ကြီးတောင်မြစ်နန်းတော်သည် အမှန်ပင် သားသတ်ရုံ ဖြစ်နေချေပြီ။
ယနေ့ပြီးနောက် မည်သူမျှ တောင်မြစ်နန်းတော်သို့ တက်ရောက်ဝံ့ကြ တော့မည် မဟုတ်ချေ။
“တစ်ယောက်ယောက် သန့်ရှင်းရေး အမြန်လာလုပ်စမ်း ... ပရိဘောကတွေ အကုန် အသစ်လဲပြီး ချိပ်ပိတ်ထားလိုက် ... စည်းစိမ် ချမ်းသာစံအိမ်မှာ တောင်မြစ်နန်းတော်ဆိုတာ မရှိတော့ဘူး။ ”
“ ..... ။ ”
ယနေ့မှစပြီး ဤနက္ခတ်ဆိုးနှင့် မတော်တဆပင် မဆုံလိုတော့ချေ။ ထို့နောက် မကျေမနပ်ဖြင့် လှည့်ထွက်လာခဲ့မိသည်။
***