လေဖိအားနည်းရပ်ဝန်း။
Vol. 10 Ch. 110
“ ဦးလေးဟောင် တောင်မြစ်နန်းတော်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ စုံစမ်းကြည့်ပါဦး ဒုတိယ အစ်ကိုနဲ့ငါ အိမ်ပြန်နှင့်မယ်။ ”
“ ကောင်းပြီ ... ။ ”
စည်းစိမ်ချမ်းသာ စံအိမ်မှ ထွက်ခွာသွားခဲ့သော ကျောက်ဟိုင်ချွယ်အသွင် မြင်ရုံဖြင့် ချောင်ဝူဟောင်၌ ခန့်မှန်းချက် အချို့ ရှိနေပြီ ဖြစ်၏။
ထိုလူငယ်ခုနစ်ယောက်၏ နောက်ခံ မိသားစုများသည် ကိုင်တွယ်ရန် လွယ်ကူသည်။ သို့သော် မြစ်ပြာဓားစံအိမ်သည် ချွင်းချက် ဖြစ်ချေပြီ။
တစ်ချိန်တည်းမှာပင် ထိုသတင်းကို တိမ်မြစ်စီရင်စု စံအိမ်သည်လည်း လက်ခံရရှိ လေသည်။
ချင်းဝမ်ယွမ်က စာဖတ်ခန်းထဲတွင် လက်တစ်ဖက် နောက်ပို့ကာ စာရွက်ဖြူပေါ်၌ လက်ရေးလှ လေ့ကျင့်နေ၏။
စကားလုံးတိုင်းသည် သံတောင်ကြီး တစ်လုံးကဲ့သို့လေးလံပြီး နှလုံးသားကို များစွာ မွန်းကြပ်စေသည်။
“ ဒေါက် ဒေါက် ဒေါက် ... ။ ”
ရုတ်တရက် တံခါးခေါက်သံ ပေါ်လာ၏။
“ ဝင်လာခဲ့ ... ။ ”
ချင်းဝမ်ယွမ်က မော့မကြည့်ဘဲ စာရေးခြင်းကို ပြီးဆုံးအောင် လုပ်ဆောင်နေ၏။
“ ဤလောကတွင် မည်သည့်အရာကိုမျှ ကြိုတင်မှန်းဆ၍ မရနိုင်ချေ။ ပြောင်းလဲခြင်း နိယာမသည်သာ စိတ်လှုပ်ရှားစရာဖြစ်၏။ ”
အဆုံးတွင် စုတ်တံကို ချကာ ဝါကျကို ပြန်ဖတ်ကြည့်ပြီး၊
“ မင်းလွန်လွန်ကဲကဲ လုပ်လို့မရဘူး ... ကျွမ်းကျင်မှုလိုချင်ရင် အခန်းကျဉ်းထဲကနေ ထွက်လာဖို့လိုတယ် ... ဒါမှသာ အောင်မြင်မှုကို အချိန်အကြာကြီး ဆုပ်ကိုင်နိုင်မယ်။ ”
-ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် အနက်ဝတ်အဖိုးအိုကို ပြန်လှည့်ကြည့်လိုက်၏။
“ သတင်းရှိလား။ ”
“ ဟုတ်ကဲ့ ... ။ ”
အနက်ဝတ် အဖိုးအိုက ခေါင်းညိတ်ပြပြီးနောက် သူ့အမူအရာမှာ လေးနက်လာတော့သည်။
တစ်ဆက်တည်းမှာပင် တောင်မြစ်နန်းတော် သားသတ်ကွင်းအကြောင်း ပြန်လည် ပြောကြား လိုက်၏။
“ တောင်မြစ်နန်းတော်မှာ သူတကယ် သတ်ဝံ့တယ်လား ... စည်းစိမ်ချမ်းသာစံအိမ်ရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲ။ ”
“ မပါဝင်ဖို့ ရွေးချယ်ထားပါတယ်။ ”
“ မိန်းကလေး စွေ့ယွင်က ... လိမ္မာပါးနပ်ပါပေတယ် သူမကို နောက်ခံပြု ပေးတဲ့ ဂိုဏ်းကြီးတစ်းဂိုဏ်းမှ မရှိပေမယ့် တိမ်မြစ်စီရင်စုမြို့တော်မှာ အခုချိန်ထိ ရပ်တည်ထားနိုင်တယ်၊ ...
... ဒါကလည်း သူ့အစ်ကိုက ကောင်းကင်မူလအကယ်ဒမီရဲ့ ပဉ္စမအဆင့် အကြီးအကဲ ဖြစ်တာလည်း ပါတယ် ... သူမကို ဘယ်သူမှ အပြစ်မပြုဝံ့ကြဘူး။ ”
ချင်းဝမ်ယွမ်မှ မျက်မှောင်ကြုတ်လိုက်ပြီး၊
“ ဒါဆိုဘာလို့ သူမက စုရီကို လူသတ်ခွင့် ပေးလိုက်ရတာလဲ ... ကြည့်ရတာ မိန်ကလေး စွေ့ယွင်ဆီ ကိုယ်တိုင်သွားလည်သင့်ပြီ ထင်တယ်။ ”
-ဟု ညည်းတွားလိုက်မိသည်။
ယနေ့ညအဖြစ်အပျက်သည် သူ၏ အစောပိုင်း ကောက်နုတ်ချက်ကို အတည်ပြု နိုင်ခဲ့သည်။ စုရီနောက်ခံသည် မရိုးရှင်းချေ။
“ စံအိမ်သခင် ... ဒီလောက် ဒုက္ခခံနေစရာမလိုပါဘူး ... ကောင်လေး မင်းဝင်လာလို့ရပြီ။ ”
ရုတ်တရက် အနက်ဝတ်အဖိုးအို၏ စကားသံဆုံးသည်နှင့် ပုံရိပ်တစ်ရိပ် စာဖတ်ခန်း အတွင်းသို့ လှမ်းဝင်လာတော့သည်။
ချင်းဝမ်ယွမ်က ဝင်ရောက်လာသော လူငယ်ကို မော့ကြည့်လိုက်သည်။ လူငယ်က လေးလေးစားစားပင်၊
“ စီရင်စုသခင်ကို နှုတ်ဆက်ပါတယ်။ ”
-ဟု ဦးညွှတ်လိုက်၏။ ဤသည်မှာ နီဟောင်ဖြစ်သည်။
နီဟောင်က ချင်းဝမ်ယွမ်ကို ကြည့်ပြီး အနည်းငယ် ထိတ်လန့်နေခဲ့၏။ ဤလူသည် တိမ်မြစ်စီရင်စု၏ အထွတ်အထိပ် ဩဇာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
“ ဒီည ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်ပြောပြဖို့လိုတယ် ဘာမှ ကျန်မထား ခဲ့ပါနဲ့ ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် ဇာတ်လမ်းတစ်ခုလုံး ပြန်၍ ဝေမျှလိုက်၏။ အစမှအဆုံးတိုင် ချင်းဝမ်ယွမ်မှ တည်ငြိမ်စွာ နားထောင်သည်။
“ ဒါဆို သူက ဘာလို့ မင်းတို့ကို လွှတ်ပေးလိုက်တာလဲ။ ”
ချင်းဝမ်ယွမ်မေးခွန်းကြောင့် နီဟောင်တစ်ယောင် နှလုံးသားများ နာကျင်လာ တော့သည်။
“ မထိုက်တန်လို့ပါ။ ”
“ ဟမ့် ... မထိုက်တန်ဖူးလား။ ”
ချင်းဝမ်ယွမ်ခမျာ မျက်ခုံးပင့်လိုက်၏။ နီဟောင်ကသက်ပြင်းချလျက်၊
“ ဦးလေးကျောက်နဲ့ ငါတို့က သူ့အမြင်မှာ ပုရွက်ဆိတ်တွေပါပဲ။ ”
-ဟု ရှင်းပြလိုက်သည်။ ချင်းဝမ်ယွမ်က အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား၏။ အဆုံးတွင် လက်ရမ်းပြလိုက်သည်။
“ မင်းထွက်သွားလို့ရပြီ။ ”
နီဟောင်က ဦးညွှတ် နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။
“ ထူးဆန်းတယ် ကျောက်ဟိုင်ချွယ်က မဟာသခင်နယ်ပယ်အောက် ပြိုင်ဘက်ကင်းပဲ ဒါကို ကျင့်ကြံမှုဆုံးရှုံးခဲ့တဲ့ လူငယ်က အနိုင်ယူသွားတာလား ...
... ပြီးတော့ မိန်းကလေးစွေ့ယွင်က ဘာလို့ စုရီအကြောင်း စုံစမ်းတာကို မဖြေရတာလဲ သူမ မစော်ကားရဲဘူးလား ... ဒါက ဝမ်မိသားစုရဲ့ သားမက်လေးပဲ မဟုတ်ဘူးလား။ ”
ချင်းဝမ်ယွမ်စကားများကြောင့် အနက်ဝတ်အဖိုးအိုပင် တွေဝေသွားလေသည်။ ကျောက်ဟိုင်ချွယ်ကို အနိုင်ယူခြင်းသည် သူ့ကို အနိုင်ယူခြင်းဖြစ်၏။
“ စံအိမ်သခင် ... ငါတို့ ထပ်စုံစမ်းပြီး ရှင်းလင်းတဲ့အချိန်ထိ စောင့်ကြမလား။ ”
“ အဲဒီအချိန်ဆို တိမ်မြစ်စီရင်စု မြို့တော်ကနေ သူထွက်သွားတော့မှာ ငါ ကြောက်မိတယ်။ ”
ချင်းဝမ်ယွမ်မှ ပြန်ဖြေသည်။ ထို့နောက် သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းများ တောက်ပလာသည်။
မြစ်ပြာဓားစံအိမ်သည် အသတ်ခံခဲ့ရသည့် တပည့်ခုနစ်ယောက်အတွက် နှုတ်ဆိတ်နေ၍ မရချေ။
၎င်းဓားစံအိမ်သခင်သည် ကာလကြာရှည် ကျော်ကြားသော မဟာသခင်တစ်ပါး ဖြစ်သည်။ ခွန်အားအရာ၌ သူ့ထက်နိမ့်ကျခြင်း မရှိချေ။
အနက်ဝတ် အဖိုးအိုက တစ်စုံတစ်ရာကို သတိရသွားပြီး၊
“ စံအိမ်သခင် သွေးပုဆိန်ဂိုဏ်းမှာ တစ်ခုခု မှားနေပါပြီ။ ”
-ဟု ထပ်မံသတင်းပို့သည်။
“ ဘာဖြစ်ခဲ့လဲ အသေးစိတ်ရှင်းပြပါ။ ”
ချင်းဝမ်ယွမ်မှ အတွေးများ ဖြတ်ကာ မေးမြန်းလိုက်သည်။
“ သွေးပုစိန်ဂိုဏ်းက လူတိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားပါပြီ ... အလောင်းတောင် မကျန်ခဲ့ပါဘူး။ ”
“ ဟမ့် ... အရည်အချင်းမရှိတဲ့ ဓားပြတစ်အုပ်။ ”
ချင်းဝမ်ယွမ်တစ်ယောက် မျက်နှာ မည်းမှောင်သွား၏။ ဤတစ်ကြိမ်၌ အမှန်ပင် ဒေါသထွက်လာတော့သည်။
“ မင်းက ဘာတစ်ခုမှ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ပေမယ့် ရှုပ်ထွေးအောင်တော့ လုပ်နိုင်စွမ်းတကယ်ရှိပါပေတယ်။ ”
ထိုစကားကြောင့် အနက်ဝတ်အဖိုးအိုက ချက်ချင်းဒူးထောက်လိုက်ပြီး တုန်လှုပ်နေသော အသံဖြင့်၊
“ စံအိမ်သခင် ခွင့်လွှတ်ပါ ... ဒါ ငါပေါ့ဆမှုပါ။ ”
“ အခု ... ကြွက်တစ်အုပ်ကြောင့် အရာအားလုံးပျက်စီးသွားပြီ ... ဒါကငါတို့ပဲလို့ လူမိုက်တောင် မှန်းဆနိုင်တယ်။ ”
“ ဒါပေမယ့် စံအိမ်သခင်၊ စုရီက စီရင်စုစံအိမ်ကို ဆန့်ကျင်ဝံ့မယ် မထင်ပါဘူး နောက်ဆုံးတော့ မြစ်ပြာဓားစံအိမ်ကို ...
... စော်ကားခဲ့ပြီးပါပြီ ငါတို့ကိုသာ ထပ်ဆန့်ကျင်ရင် သူ့ကိုယ်သူ သတ်သေတာနဲ့ မခြားနိုင်ပါဘူး။ ”
စကားဆုံးသည်နှင့် အနက်ဝတ် အဖိုးအိုက ခေါင်းငုံ့သွား၏။ ချင်းဝမ်ယွမ် ဒေါသထွက်သော် မည်မျှကြောက်စရာ ကောင်းကြောင်း သူ သိသည်။
အဆုံးတွင် ချင်းဝမ်ယွမ်က ဆုံးဖြတ်ချက် ချလိုက်ပြီး၊
“ ဖြစ်ပြီးသွားပြီပဲ မေ့လိုက်ပါ၊ အခုချက်ချင်း မြစ်ပြာဓားစံအိမ်ကို သွား ... ကလဲ့စားချေချင်ရင် ငါချင်းဝမ်ယွမ် ကူညီမယ်လို့ပြောလိုက်။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
အနက်ဝတ်အဖိုးအိုက တုန့်ဆိုင်း မနေဝံ့တော့ဘဲ ချက်ချင်း ထထွက်သွားသည်။ ချင်းဝမ်ယွမ်သည်သာ အတွေးထဲ နစ်မွန်းပြီး ကျန်ရစ်ခဲ့လေသည်။
သူသည် ဆုံးဖြတ်ချက်ချရန် အချိန်ယူတတ်သော်လည်း ဆုံးဖြတ်ပြီးသော အခါတွင် အရာအားလုံးကို အရှိန်အဟုန်ဖြင့် ပြီးပြတ်အောင် လုပ်ဆောင်တတ်၏။
“ ကောင်လေး ... မင်းမျှော်နေတဲ့ မုန်တိုင်းလာနေပြီ ... ။ ”
***
စိတ်ဝိညာဉ် အေးချမ်းခြင်းစံအိမ်။
စုရီတစ်ယောက် လက်နှစ်ဖက် နောက်ပို့လျက် ပျက်စီးနေသော ခြံဝင်းကို စစ်ဆေးနေမိ၏။
ဝိညာဉ်ကျောက်တုံး ရှစ်လုံး သုံးစွဲထားခဲ့ရသော ပျက်သုဉ်းခြင်းတောင်မြစ် ဝင်္ကပါသည် အနည်းဆုံး မဟာသခင်တပါးကို သတ်နိုင်သည်။ သို့သော် ကြွက်တစ်အုပ်ကြောင့် အလဟသ ဖြစ်သွားချေပြီ။
ဟွမ်ချမ့်ကျွယ်က မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးလာပြီး၊
“ အစ်ကိုစု သွေးပုစိန်ဂိုဏ်းနဲ့ ... ငါတို့ ရန်ငြိုးမရှိပါဘူး သူတို့က ဘာလာလုပ်တာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ စုရီမှ ခေါင်းယမ်းပြလိုက်ကာ၊
“ သူတို့က တခြားသူရဲ့ ... အမိန့်အတိုင်း လုပ်ဆောင်နေတာပါ ငါမမှားရင် စီရင်စုသခင်ရဲ့ စေခိုင်းမှုကြောင့်ဖြစ်မယ်။ ”
ဟွမ်ချမ့်ကျွယ်တစ်ယောက် တိတ်ဆိတ် သွားသည်။ ဤသည်မှာ သူပျိုးမိသော မီးဖြစ်၏။ ဖန်ရှောင်ဖုန်းက ဘီးတပ်ကုလားထိုင်ကို တွန်းလျက်၊
“ စီရင်စုသခင်က ... လွှတ်ထားမယ် မထင်ဘူး။ ”
-ဟုလေးနက်စွာ ပြောသည်။
“ စိတ်မပူနဲ့ ... ငါလည်း သူတို့ကို လွှတ်ထားဖို့ စိတ်ကူးမရှိပါဘူး ... ။
“ အစ်ကိုစု၊ ငါတို့ ကြိုတင် ပြင်ဆင်ထားသင့်လား။ ”
ဟွမ်ချမ့်ကျွယ်က စိုးရိမ်သွားသည်။ ယနေ့ညတွင် မြစ်ပြာဓားစံအိမ်နှင့် သဘောထား ကွဲလွဲခဲ့ပြီးဖြစ်သည်။
ယခု စီရင်စုစံအိမ်သည်လည်း လက်စားချေရန် လှုပ်ရှားလာပြီဖြစ်ချေပြီ။
“ မလိုပါဘူး ... သူတို့ လာလိမ့်မယ် ... ။ ”
ထိုအချိန်တွင် ချောင်ဝူဟောင်၏ အစီရင်ခံစာကို ကြားပြီးနောက် ယွမ်လောရှီက မျက်မှောင်ကြုတ်မိသည်။
“ ဒါက ပိုပိုပြီး ဒုက္ခများလာပြီ ... စီရင်စုစံအိမ်ကိုပါ ထပ်ပေါင်းရင် ... ဆရာစုရဲ့ အကျပ်အတည်းက ဖြတ်မကျော်နိုင်တော့မှာ ကြောက်မိတယ်။ ”
“ ဒါပေမယ့် မိန်းကလေးယွမ် ဆရာစုရဲ့ ခွန်အားအရ ဒါကို ခြိမ်းခြောက်မှုလို့ ယူဆမှာ မဟုတ်ဘူး။ ”
“ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့လုပ်ရမယ်။ ”
စကားဆုံးသည်နှင့် ယွမ်လောရှီက အခန်းထဲမှ လှမ်းထွက်သွား၏။ ချောင်ဝူဟောင် ခမျာ သက်ပြင်းချလျက် လိုက်ပါလာခဲ့သည်။
သို့သော် လမ်းတဝက် အရောက်တွင် တစ်စုံတစ်ရာကို သတိရသွားပြီး လမ်းကြောင်း ပြောင်းလိုက်တော့၏။
ယွမ်လောရှီဖြင့် မလုံလောက်နိုင်ချေ။ မိသားစုခေါင်းဆောင်ကို ဆွဲဆောင်လိုပါက ဒုတိယသခင်ငယ် လိုပေဦးမည်။
***