မင်းအစား ငါရှက်တယ်။
Vol. 10 Ch. 112
တိမ်မြစ်စီရင်စုမြို့တော်သည် ပုံမှန်အတိုင်း ငြိမ်သက်နေသော်လည်း မြို့တော် အထင်ကရ အင်အားစုအချို့သည် လေထဲမှလာသော မုန်တိုင်းရနံ့ကို ခံစားနိုင်သည်။
မြစ်ပြာဓားစံအိမ်သခင် မုစန်းထူသည် သိပ်သည်းပြီး ခံ့ညားသောရောင်ဝါကို ထုတ်ဖော် ထားသဖြင့် အနက်ဝတ် အဖိုးအိုခမျာ အသက်ရှူကြပ်လာသည်။
တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော မြစ်ပြာဓားစံအိမ် အကြီးအကဲများမှလေးနက်စွာ စောင့်ကြည့်နေ၏။
“ မင်းရဲ့သခင်ကို ပြန်ပြောလိုက် ... ငါကဓားသမားတစ်ယောက်ပဲ ... ငါလုပ်သင့် လုပ်ထိုက်တာကို လုပ်မယ် ... အသက်နဲ့ သေခြင်းကို မကြောက်ဘူးလို့။ ”
“ ဟုတ်ကဲ့ ... ။ ”
သူ့ရှေ့ရှိ အနက်ဝတ်အဖိုးအိုက သက်သာရာရသွားပြီး ခေါင်းညိတ်ပြကာ ချက်ချင်း ထွက်ခွာလာခဲ့သည်။ မဟာသခင် တစ်ပါး၏ ဖိအားကို မခံနိုင်သေးချေ။
***
မနက်လင်းသည်နှင့် ဟွမ်ချမ့်ကျွယ်နှင့် ဖန်ရှောင်ဖုန်းသည် ပခုံးတွင် တောင်ကြီးတစ်လုံး ထမ်းထားရသကဲ့သို့ လေးလံနေခဲ့၏။
ထိုစဉ် ကောင်းကင်ကြီးအုံ့မှိုင်းလျက် လေထုအတွင်း ငါးညှီနံ့များ ပျံ့နှံ့လာတော့သည်။
“ ဒေါက် ... ဒေါက် .. ဒေါက် ... ။ ”
“ စုရီ ... စီရင်စုသခင်က မင်းကို စစ်ရေးလေ့ကျင့်ရေးကွင်းမှာ လာတွေ့ဖို့ အမိန့် ပါးလိုက်တယ်။ ”
အနက်ရောင် ၀တ်စုံနှင့် အမျိုးသား တစ်ယောက် တံခါးခေါက်လျက် သတင်းပေးပို့ ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။
ဟွမ်ချမ့်ကျွယ်က စိတ်လှုပ်ရှားလာ၏။
“ အစ်ကိုစု ငါလည်းလိုက်ချင်တယ်။ ”
စုရီက ကောင်းကင်ပေါ်မော့ကြည့်ကာ၊
“ မိုးရွာတော့မယ် ... ထီးနှစ်လက် ယူလာခဲ့ ... ရေစိုးပြီး ပြန်မလာချင်ဘူး။ ”
-ဟု ပြန်ပြောလာ၏။ ဟွမ်ချမ့်ကျွယ်မှ ခေါင်းညိတ်ပြီး ရထားလုံးတစ်ငှားရမ်းရန် အပြင် ထွက်လာခဲ့သည်။
“ ရှောင်ဖုန်း ... ဝိုင်ပုလင်းဖွင့်ထားလိုက် ငါပြန်လာရင် အတူတူသောက်ရအောင်။ ”
“ ကောင်းပြီ ... အစ်ကိုစု သတိထားပါ ငါစောင့်နေမယ်။ ”
“ ဆရာစု ... ။ ”
စုရီတစ်ယောက် ဖန်ရှောင်ဖုန်းနှင့်အတူ ရေနွေးကြမ်းငှဲ့သောက်နေစဉ် ယွမ်လောရှီ ရောက်ရှိလာပြီး၊
“ ဆရာစု၊ ငါ့အဖေက ကူညီဖို့ သဘောတူလိုက်တယ်။ ”
-ဟု ဝမ်းသာအားရ ပြောကြားလာသည်။
“ အစ်ကိုစု ရထားလုံးရောက်ပါပြီ။ ”
တစ်ချိန်တည်းမှာပင် ဟွမ်ချမ့်ကျွယ်က ရထားလုံးမောင်းနှင်လျက် ပြန်လည်ရောက်ရှိ လာလေသည်။
“ ကောင်းပြီ ... ငါ့ကို ကူညီချင်ရင် သူတို့နဲ့နေပြီး ငါပြန်လာတာကို စောင့်ပါ။ ”
စုရီကပြုံးပြီး ယွမ်လောရှီကို ပြောကြား လိုက်၏။ ယွမ်လောရှီမှ အနည်းငယ် တွေးတော နေပြီးနောက် ချောင်ဝူဟောင်ထံ လှည့်ကြည့်ကာ၊
“ ဦးလေးဟောင် ကြားလား။ ”
-ဟု ထပ်ဆင့် မိန့်ကြားလျက် မြင်းပေါ်ခုန်တက်ကာ ရထားလုံးနောက် လိုက်ပါ သွားတော့သည်။
ချောင်ဝူဟောင်တစ်ယောက် မျက်နှာရှုံ့မဲ့ပြီး ကျန်ရစ်ခဲ့သည်။ မည်သူမဆို ပွဲကောင်းတစ်ခုကို ကြည့်ရှုလိုသည်မှာ သဘာဝပေပင်။
***
မြို့ပြင်တွင် ကျယ်ပြောသော စစ်ရေးလေ့ကျင့်ကွင်းရှိ၏။ မြို့စောင့်တပ်သည် ထိုအရပ်၌ တစ်နှစ်ပတ်လုံး တပ်စွဲထားသည်။
ကွင်းပြင်အလယ်တွင် အလံတိုင်တစ်ခု ထားရှိကာ မဟာကျိုးအလံတော်သည် လေထဲ တဖျပ်ဖျပ် လွင့်နေ၏။
သံချပ်ကာလက်ရွေးစင် တပ်ဖွဲ့ဝင် အနည်းငယ်က ဝတ်စုံအပြည့်ဖြင့် စင်မြင့်ကြီး တစ်ခုရှေ့တွင်နေရာယူထားသည်။
၎င်းစင်မြင့်ပေါ်တွင် ချင်းဝမ်ယွမ် ထိုင်နေခဲ့ကာ ဘေးတွင် သားချင်းဖန်ရပ်လျက် ဝင်းတံခါးထံ မျှော်ကြည့်နေ၏။
စင်မြင့်တစ်နေရာတွင် မြို့တော်၏ အထင်ကရ အင်အားစုအသီးသီးမှ အရေးပါ အရာရောက်သူများ ထိုင်နေကြသည်။
ထိုစဉ် တိမ်ညိုများ မည်းတက်လာပြီး လေထုအတွင်း သိပ်သည်းဆ မြင့်တက်လာ တော့၏။ မကြာမီ မိုးရွာပေတော့မည်။
ချင်ဝမ်ယွမ်နှင့် အနီးဆုံးတွင်ရှိသော ကျန်မိသားစုခေါင်းဆောင်က လေ့ကျင့်ရေးကွင်း ဝင်ပေါက်ကို ကြည့်ကာမျက်ခုံးပင့်သည်။
ချင်ဝမ်ယွမ်သည်လည်း လှမ်းကြည့်၏။ အဖြူရောင်အင်္ကျီဝတ်ဆင်ထားသော အမျိုးသား တစ်ယောက်နှင့် လူငယ်တစ်ယောက် လှမ်းဝင်လာသည်။
ဤသည်မှာ ယွမ်မိသားစုခေါင်ဆောင် ယွမ်ဝူတုံနှင့် ဒုတိယသား ဖြစ်၏။ ၎င်းတို့သည် အချွေအရံများ မပါသော်မှ ဝင့်ကြွားစွာဖြင့် စင်မြင့်ပေါ် လှမ်းတက်လာသည်။
အင်အားစု အသီးသီးမှ အထင်ကရ ပုဂ္ဂိုလ်များစွာတို့က ထ၍ ဦးညွတ်နှုတ်ဆက် လိုက်ကြသည်။
“ အစ်ကိုယွမ်၊ မင်းလည်း ဒီနေ့ပွဲကို ကြည့်ဖို့လာတာလား။ ”
ကျန်းမိသားစုခေါင်းဆောင်မှ ပြုံးလျက် နှုတ်ဆက်၏။ ယွမ်ဝူတုံက တုန့်ပြန် ပြုံးလျက် ခေါင်းညိတ်ပြသည်။
“ ဟားဟားဟား ... အစ်ကိုယွမ် မင်း အဲဒီကလေးအတွက် လာတယ်ဆိုတာ ... ငါသိ ပါတယ် ... ။ ”
“ အစ်ကိုကျန်း ... မင်းမျက်လုံးတွေက အရမ်းစူးရှတယ် ... မင်းရှေ့မှာ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ”
ထိုစကားဝိုင်းကို နားထောင်နေသော ချင်းဝမ်ယွမ်က မျက်လုံးများ မှေးစင်းသွားကာ လှံကောက်ကိုင်ပြီး ထိုးချိန်လျက်၊
“ ဟမ့် ... စုရီက အပြစ်သားပဲ ... မြို့တော်အတွင်း လူများစွာ သတ်ဖြတ်ခဲ့တယ် မင်းက ဒါကိုကူညီချင်နေတာလား ယွမ်ဝူတုံ။ ”
-ဟု မေးမြန်းလိုက်၏။
သူတို့နှစ်ဦးတွင် ရင်းနှီးသော ဆက်ဆံရေးမျိုးမရှိသဖြင့် ယဉ်ကျေးနေခြင်း မရှိခဲ့ချေ။
ယွမ်ဝူတုံမှ ဂရုမစိုက်ဘဲ၊
“ ဟားဟားဟား ... သခင်လေးစုရီလို တစ်စုံတစ်ယောက်က ငါ့အကူအညီ လိုအပ်နေ လိမ့်မယ်လို့ ... မင်းကို ဘယ်သူပြောလဲ ... သနားစရာပဲ။ ”
-ဟု ပြုံးရွှင်စွာ တုန့်ပြန်လိုက်၏။
ထိုအပြုံးတွင် မသိ နားမလည်သော ကလေးငယ်တစ်ယောက်၏ ဒေါသကို မြင်နေရ သကဲ့သို့ ကြင်နာမှုအပြည့် ရှိနေခဲ့ချေပြီ။
နှစ်ယောက်သား စကားစစ်ထိုးနေစဉ် မြင်းရထားတစ်စင်း လေ့ကျင့်ရေးကွင်းပြင်သို့ ဆိုက်ရောက်လာတော့သည်။
ရထားလုံးအတွင်းမှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသွင်ဖြင့် လူငယ်တစ်ယောက် လှမ်းထွက်လာ၏။
၎င်းက အပြာရောင်အင်္ကျီ ဝတ်ဆင် ထားပြီးနောက် ဆံပင်များကို ဝါးဆံညှပ်ဖြင့် သိမ်းဆည်းထားချေပြီ။ လက်နှစ်ဖက်ကို နောက်ပို့လျက် ဖြည်းညှင်းစွာ လှမ်းဝင်လာသည်။
လွန်ခဲ့သောတစ်နှစ်က မြစ်ပြာဓားစံအိမ်မှ နှင်ထုတ်ခံရသော ဤလူငယ်သည် ယနေ့တွင် တောင်မြစ်နန်းတော်၌ လူသတ်ပွဲကျင်းပသည် အထိ ရဲဝံ့နေချေပြီ။
“ ဒီကောင် ... ။ ”
ကျန်းယွင်ရှင်းက ညည်းတွားလိုက်၏။ ထိုစဉ်က တိမ်တွေပေါ်ခေါ်သွားပေးမည်ဟု ပြောခဲ့သော သူ့စကားများသည် မည်မျှ ရူးကြောင်ကြောင်နိုင်မှန်း မြင်သာ၏။ ရှက်ရွံ့စရာပေပင်။
သည့်အပြင် ထိုညက ယွမ်လောရှီသာ ရောက်မလာသော် သူနှင့် ဦးလေးရှောင်ကို သတ်ပစ်နိုင်ပေမည်။ ဤအတွေးက ချွေးစေးများ စီးကျလာစေ၏။
“ ဘာဖြစ်တာလဲ။ ”
မိသားစုခေါင်းဆောင် ကျန်းဇီရန်က သူ့သားမူအရာကြောင့် ပြန်လှည့်မေးသည်။
“ ဘာမှ မဟုတ်ဘူး။ ”
ကျန်းယွင်ရှင်းက ငြင်းဆန်မိ၏။ ရှက်စရာကောင်းလွန်းသည့်အတွက် ဖခင်ထံ မရှင်းပြလိုသည်မှာ သဘာဝပေပင်။
“ ဒီကလေးက နေထွက်ချိန်နဲ့ လေပြင်းတိုက်ချိန်မှာတောင် မယိမ်းမယိုင်တဲ့ ထင်းရှူးပင်လို ကျက်သရေမျိုးရှိတယ်၊ ...
... လူငယ်တစ်ယောက်ပေမယ့် မောက်မာခြင်းကင်းမဲ့ပြီး အရာရာကို ရင်ဆိုင် ဝံ့တဲ့သတ္တိရှိတယ် ... ဒီလို စိတ်ထားမျိုးက ...
.... ရှာတွေ့ဖို့ မလွယ်ဘူး ... တစ်နေ့ ဒုတိယတောင်တန်းဘုရင် ဖြစ်လာခဲ့မှာကို ငါ ကြောက်မိတယ်။ ”
ကျန်းဇီရန်မှ သက်ပြင်းချကာ မှတ်ချက်ပေးလိုက်သည်။ တောင်တန်းဘုရင် ဟူသည် ကျိုးမျိုးရိုးမဟုတ်သည့် ဘုရင်ကိုးပါး အနက် တစ်ပါးဖြစ်၏။
အသက်နှစ်ဆယ်အရွယ်တွင် မဟာသခင်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။ နှစ်ဆယ့်သုံးနှစ်တွင် တောင်တန်းဘုရင်ဘွဲ့ကို ရရှိကာ ဘုရင်များအနက် အငယ်ဆုံးဖြစ်လာ၏။
ဤသို့ တောင်တန်းဘုရင်၏အမည်ကို အသုံးပြု ခိုင်းနှိုင်းနေခြင်းကြောင့် လူအချို့တွင် မနာလိုစိတ်များ ဝင်ရောက်လာစေသည်။
“ အစ်ကိုကျန်း၊ မင်းသူ့ကို သေတဲ့အထိ မြှောက်ပင့်ပေးဖို့ ကြိုးစားနေတာလား ... မင်းရဲ့ အဆင့်အတန်းနဲ့ ဒီလိုလူတော့ မဖြစ်သင့်ပါဘူး။ ”
“ ဟား ဟား ဟား ... အစ်ကိုယွမ် ဒီည ကောင်လေးကို မင်းကာကွယ်နိုင်မလား ဆိုတာ ငါပိုစိတ်ဝင်စားမိလာပြီ။ ”
တစ်ဖက်တွင် စုရီက၊
“ သွား ... လုံခြုံတဲ့နေရာရှာပြီး ငါ့ကိုစောင့်နေ။ ”
-ဟု မှာကြားလိုက်သည်။
ဟွမ်ချမ့်ကျွယ်က ခေါင်းညိတ်ကာ ထွက်ခွာရန်ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ချင်းဝမ်ယွမ်မှ ထရပ်လိုက်ပြီး၊
“ ဟွမ်ချမ့်ကျွယ် ... မင်းက ငါ့ကိုတကယ်စိတ်ပျက်စေတယ်။ ”
-ဟု မှတ်ချက်ပေးလာသည်။
“ ဦးလေး၊ ငါ ... ”
ဟွမ်ချမ့်ကျွယ်က ရပ်ကာ ရှင်းပြရန် ပြင်လေသည်။
“ ငါ့ကို ... ဦးလေးလို့ မခေါ်နဲ့၊ ငါချင်းဝမ်ယွမ်မှာ မင်းလို သစ္စာဖောက်တဲ့ တူလေး မရှိဘူး။ ”
ချင်းဝမ်ယွမ်မှ သူ့ကို ရှင်းပြမခံချေ။ ယင်းကြောင့် စုရီမှ မျက်မှောင်ကြုတ်လိုက်ပြီး
“ သွား ငါ့စကားကို နားထောင်။ ”
-ဟု အေးစက်စွာ ပြောကြားလေသည်။
ထို့နောက် ချင်းဝမ်ယွမ်ထံ မျက်နှာမူကာ လျှောက်လှမ်းသွားပြီး၊
“ မင်းလို စီရင်စုသခင်တစ်ပါး အနေနဲ့ ငါ့ပတ်ဝန်းကျင်က လူတွေကို ခြိမ်းခြောက်တာ အဆင့်အတန်းရှိတဲ့ ... လုပ်ရပ်လို့ ထင်နေတာလား။ ”
လေ့ကျင့်ရေးကွင်းတစ်ခုလုံး အသံတိတ်ကျသွားသည်။ လူအနည်းစုအတွက် အသက်ပင် အောင့်ထားမိ၏။ ဤသည်မှာ စီရင်စုစံအိမ်၏ နယ်မြေဖြစ်သည်။
“ လူမိုက် ... မင်းကိုယ်မင်း နားမလည်သေးဘူးလား အခုဘယ်ရောက်နေလဲ ပြန်ကြည့်စမ်း မင်းသေချင်နေတာလား။ ”
ရုတ်တရက် ချင်းဖန်က အော်ဟစ် လှောင်ပြောင်လိုက်၏။ ချင်းဝမ်ယွမ်မှ သူ့သား ပါးစပ်ကို ပိတ်ထားရန် နောက်ကျသွား လေသည်။
ချင်းဖန်သည် စုရီရှေ့တော်၌ ဒူးထောက်ခဲ့ရသော တစ်စုံတစ်ယောက်ဖြစ်ရာ ဤသို့မေးမြန်းခြင်းဖြင့် သူ့ကို အရှက်ခွဲရန် တောင်းဆိုနေသည်နှင့် အတူတူပေပင်။
ထိုအချိန်တွင် ဟွမ်ချမ့်ကျွယ်က ခြေလှမ်းများရပ်ကာ လှောင်ပြုံးဖြင့် လှည့်ကြည့် လိုက်သည်။
“ ချင်းဖန်၊ အဲဒီနေ့က ဒူးထောက်ပြီး မင်းကိုယ်မင်း ပါးရိုက်ခဲ့တာ ... မလုံလောက် သေးဘူးလား၊ မင်းအစား ငါရှက်တယ်။ ”
“ မင်း ... ။ ”
“ ဒုန်း ... ။ ”
ထိုစကားက ချင်းဖန်ကို မျက်နှာ မည်းမှောင်သွားစေ၏။ ဒေါသတကြီး လက်ညှိုး ထိုးလျက် တုန့်ပြန်တော့မည့် အချိန်တွင် စီရင်စုသခင်မှ လှံတံကို ကြမ်းပြင်ပေါ် စောင့်ချလျက်၊
“ ပါးစပ်ပိတ်ထား ... ။ ”
-ဟု အော်ငေါက်လာတော့သည်။
ယင်းသည် ချင်းဖန်ကို ရည်ရွယ်ကာ လူတိုင်းအပေါ် သက်ရောက်သွားခဲ့ချေသည်။ သို့တိုင် လေ့ကျင့်ရေးကွင်း တစ်ခုလုံးထံမှ အကြည့်များကို လက်ခံရရှိလာ၏။
( ကျားတစ်ကောင်သည် ခွေးကို မွေးမိသည်လော။)
***