ဓားတစ်ထောင်။
Vol. 10 Ch. 113
ချင်းဝမ်ယွမ်က ဤလူများ တွေးနေသည့်အရာကို သဘာဝကျကျ သိရှိနိုင် သဖြင့် အေးစက်သွားသည်။ ယနေ့စုရီကို မသတ်သော် သူ့သားသည် လူပြက်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
“ စုရီ၊ ငါ့သားက ... မင်းထက် အားနည်းတဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်မတင် ပါဘူး ... ဒါပေမယ့် ငါ့ရဲ့အစောင့်(၆)ယောက်ကို မင်းသတ်ခဲ့တယ် ... သူတို့ကို အချည်းနှီး သေခွင့်မပြုနိုင်ဘူး။ ”
“ ကောင်းပြီ ... ဆက်လုပ်ပါ ငါလည်း နောက်ကွယ်က ခြိမ်းခြောက်မှုတွေကို မလိုချင် ပါဘူ ... အခု မင်းနဲ့အရင်မလား ဆင်းလာခဲ့။ ”
ဤစိန်ခေါ်မှုက လူတိုင်းကို အံ့အားသင့် သွားစေ၏။ ဤသည်မှာ သေမျိုးများကမ္ဘာကို ငုံ့ကြည့်နေသည့် နတ်ဘုရား တစ်ပါးနှင့် တူသည်။
လွှမ်းမိုးချုပ်ကိုင်ခြင်းနှင့် ယုံကြည်မှု အပြည့်ရှိသော တုံ့ပြန်မှုပေပင်။ ချင်းဝမ်ယွမ်၏ မျက်လုံးများ အလင်းရောင်တောက်လာသည်။
သူသည် အင်ပါယာပြည်နယ်တခွင် ကျော်ကြားသော စီရင်စုသခင် တစ်ပါးဖြစ်၏။ မည်သူမျှ ဤသို့ မထီမဲ့မြင် မပြုဝံ့ကြချေ။
ထိုစဉ် လေ့ကျင့်ရေးကွင်း ဝင်ပေါက်မှ လူတစ်စု လှမ်းဝင်လာသည်။ ဦးဆောင်သူသည် ထင်းရှူးဓားအိမ်ဖြင့် ထုပ်ပိုးထားသော ဓားတစ်လက် ပိုးလွယ်ထားသည်။
ဤသည်မှာ မြစ်ပြာဓားစံအိမ်သခင် မုစန်းထူ ဖြစ်၏။ အကြီးအကဲများစွာ သူ့နောက်မှ လိုက်ပါ လာကြသည်။
သို့သော် ကျောက်ဟိုင်ချွယ် မပါချေ။ မနေ့ညက စုရီကို ရှုံးနိမ့်ပြီးနောက် သူ့မျက်နှာကို လူရှေ့သူရှေ့ မပြချင်ခဲ့ကြောင်း ထင်ရှား၏။
မုစန်းထူက စစ်ရေးလေ့ကျင့်ကွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာခဲ့ပြီးနောက် စုရီထံ တိုက်ရိုက်ကြည့်သည်။
“ မင်း ... ကျင့်ကြံမှု ဆုံးရှုံးသွားတုန်းက ဒီတစ်သက် ပြန်မလာနိုင်တော့ဘူးလို့ ငါထင်နေ ခဲ့တာ အခုတော့ ကျောက်ဟိုင်ချွယ်ကိုတောင် တစ်နှစ်အတွင်း အနိုင်ယူနိုင်နေပြီ။ ”
“ ဂိုဏ်းချုပ် မင်းအတိတ်တွေကို လွမ်းဆွတ်ဖို့လာတာလား ... ရန်ငြိုးတွေ ဖြေရှင်းဖို့ လာတာလား။ ”
“ ဟမ့် ... ငါ့ဂိုဏ်းရဲ့ တပည့်တွေကို သတ်ဖို့အတွက် မင်းမှာ အကြောင်းပြချက်တွေ ရှိတာ ... ငါနားလည်နိုင်တယ် ဒါပေမယ့် ငါတို့ရှုထောင့်က မတူဘူး။ ”
စုရီ ခေါင်းညိတ်လိုက်သည်။
“ ဟုတ်တယ်။ ”
“ အတွင်း အင်္ဂါငါးပါးကို သန့်စင်နေတာ ပြီးပြည့်စုံဖို့ ... နောက်ဆုံးအဆင့် ရောက်နေပြီ ဒါကြောင့် ဒီတိုက်ပွဲပြီးရင် ဂိုဏ်းချုပ်ရာထူးကို စွန့်လွှတ်တော့မယ် ... ။ ”
မုစန်းထုံသည် မဟာသခင် ပထမအဆင့် မျှသာဖြစ်၏။ သို့တိုင် ခွန်အားအရာ၌ ဒုတိယကို ရင်ဆိုင်နိုင်သည်။
၎င်း၏သွေးနှင့် ချီများသည် မုန်တိုင်း တိုက်ခတ်နေသော ပင်လယ်ပြင်ကဲ့သို့ လှိုင်းထ လာတော့၏။
“ ပန်းတွေ ပြန်ပွင့်နိုင်ပေမယ့် ငယ်ရွယ်နုပျိုမှုကို ပြန်မရနိုင်ဘူး .. မင်းအမြင်မှာ သူတို့တွေကသေထိုက်မယ်၊ ဒါဆို သူတို့ အမြင်မှာရော ...
... ဒီနေ့ ငါရောက်လာတာ ... အမှားအမှန် ဆုံးဖြတ်ဖို့ မဟုတ်ဘူး ... ငါတို့ ရန်ငြိုးဖွဲ့ဖို့လည်း မဟုတ်ဘူး ... အနိုင်အရှုံး ဆုံးဖြတ်ဖို့ပဲ။”
မုစန်းထူမှ ပြတ်သားစွာ ပြောကြားလာသည်။
“ ဒါဆို လာပါ။ ”
“ ကောင်းပြီ ... ။ ”
စကားဆုံးသည်နှင့် မုစန်းထူက လက်ဖဝါးဖြင့် ရိုက်ချလာသည်။ ဤသည်မှာ ကြယ်စွမ်းအင်ကို ပြင်ပထုတ်လွှတ်မှု ဖြစ်၏။
“ ရွှပ် ... ။ ”
ရန်သူကို အဝေးမှ တိုက်ခိုက်နိုင်သည်။ မဟာသခင်များ၏ အားသာချက် တစ်ပါးပေပင်။ လက်ဖဝါးထံမှ ပေတစ်ရာခန့်ရှည်သော ဓားရိပ် ပြေးထွက်သွားသည်။
ဓားရိပ်သွားရာ လမ်းတစ်လျှောက် ပြတ်ရှရာများ ဖြစ်ပေါ်လာပြီး ချီသန့်စင်ခြင်းမှ တစ်စုံတစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ချေ၏။
“ ဟမ့် ... ။ ”
“ ဝှစ် ... ။ ”
စုရီက လက်သီးတစ်ချက်မျှသာ တုန့်ပြန်လိုက်သည်။ လက်သီးတွင် အစိမ်းရောင် တောက်ပသွားပြီး ဓားရိပ်နှင့် ထိပ်တိုက် တွေ့စေ၏။
စွမ်အင်လမ်းကြောင်း (၁၀၈)ပါးကို ဖွင့်လှစ်ထားသဖြင့် စုရီ၏အခြေခံအုတ်မြစ်သည် ပြိုင်ဘက်ကင်းချေပြီ။
ထို့ကြောင့် လက်သီးချက်သည် မကုန်မခန်းနိုင်သော မြစ်တစ်စင်းကဲ့သို့ စွမ်းအင်များ အဆတ်မပြတ် ပါဝင်နေသည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံများ ပဲ့တင်ထပ်လာကာ စစ်ရေးလေ့ကျင့်ကွင်းတစ်ခုလုံး တုန်ယင်သွား ကုန်သည်။
နောက်ဆက်တွဲ ပေါက်ကွဲမှု လှိုင်းအချို့ ပျံ့ကားလျက် အပြာရောင် အခင်းကျောက်ပြား များကို လွင့်ပျံစေခဲ့သည်။
အဝတ်အစားများ တဖျပ်ဖျပ်ခတ်လျက် စုရီက မူလနေရာမှ တစ်လှမ်းမျှဆုတ်ခွာခြင်း မပြုချေ။
ယနေ့တွင် တိမ်မြစ်စီရင်စု မြို့တော် တစ်ခုလုံး၏ အထက်တန်းစား အင်အားစုများ ရောက်ရှိနေကြသော်လည်း လေးဦးသည်သာ မဟာသခင်ဖြစ်သည်။
၎င်းတို့မှာ ချင်းဝမ်ယွမ်၊ ကျန်းဇီရန်၊ ယွမ်ဝူတုံနှင့် မုစန်းထူတို့ ဖြစ်သည်။ ထို့ကြောင့် သူတို့သည်သာ မုစန်းထူ၏လက်ဖဝါး မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြောနိုင်သည်။
အထွတ်အထိပ် ချီသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကို အလွယ်တကူ ကြေမွှသွားစေ နိုင်ရန် လုံလောက်ချေ၏။
သို့သော် စုရီ၏ လက်သီးတစ်ချက်ဖြင့် ရှောင်တခင် တားဆီးခံခဲ့ရသည်။ မျိုးဆက်သစ် လူငယ်များအတွက် တုန်လှုပ်ဖွယ်ပေပင်။
“ အစောပိုင်း ချီသန့်စင်ခြင်း အဆင့် တစ်စုံတစ်ယောက်က ငါ့လက်ဖဝါးကို တားဆီး နိုင်ခဲ့တာလား ... ကျောက်ဟိုင်ချွယ်ကို အနိုင်ယူ နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။ ”
မုစန်းထူက စုရီကို စိတ်ဝင်စား လာတော့သည်။ ဤသည်မှာ ဆယ်စုနှစ်များစွာ သန့်စင်ပြီး ရရှိလာသည့် စွမ်းအင်ဖြစ်၏။
သို့သော် တစ်ဖက်လူသည် လက်သီးတစ်ချက်ဖြင့် ပျက်ပြယ်အောင် ပြုမူပြ ခဲ့သည်။ အံ့ဖွယ်ပေပင်။
“ မင်းရဲ့ ခွန်အားတဝက်နဲ့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား။ ”
စုရီက ဒေါသထွက်လာသည်။ မဟာသခင်တစ်ပါးသည် သူ့ကိုအထင်သေးလွန်း ချေ၏။ မုစန်းထူမှ မျက်ခုံးပင့်လျက်၊
“ ကောင်းပြီ ... မင်းဆန္ဒအတိုင်းပဲ။ ”
-ဟု ဆိုကာ လက်ချောင်းများထံ စွမ်းအင်များသိပ်သည်းလျက် ဓားတစ်လက် ကဲ့သို့ ခုတ်ချလိုက်၏။
ဤတစ်ကြိမ်တွင် ဓားအလင်း တောင်ပလာသည်။ ယခင် အသုံးပြုခဲ့သော လက်ဖဝါးနှင့် ကွဲလွဲစွာ သက်တံတစ်စင်း ပေါ်လာ၏။
မြစ်ချောင်းများကို ထက်ခြမ်းခွဲနိုင်မည်။ စုရီက ထိတ်လန့်ခြင်းမရှိဘဲ လက်ချောင်းများကို ဓားအသွင်ယူကာ ပြန်လည်ကုပ်ဆွဲလိုက်၏။
“ မဟာမုန်တိုင်းဓားသုတ္တန်၊ နဂါးငွေ့တန်းဆွဲယူခြင်း။ ”
စုရီသည် ချီသန့်စင်ခြင်းအဆင့်၌သာ ရှိနေသဖြင့် သွေးနှင့်ချီစွမ်းအင်ကို ပေါင်းစပ် အသုံးပြုနိုင်သည်။ ချီစွမ်းအင်ကို ပြင်ပသို့ မလွှတ်နိုင်သေးချေ။
မဟုတ်သော် ထိုနည်းစနစ်ဖြင့် နဂါးငွေ့တန်းကို ဆွဲယူသကဲ့သို့ မုစန်းထူကို အဝေးမှ သတ်ပစ်နိုင်မည်။
“ စွပ် ... ။ ”
လက်ချောင်းများက ထက်ရှသော ဓားတစ်လက်ကဲ့သို့ လေဟာနယ်အတွင်း ထိုးဖောက်သွားသည်။
“ ထောင်း ... ။ ”
အဆုံးတွင် ဓားချီသည် စုရီလက်၌ အပိုင်းပိုင်းဖြတ်တောက် သွားလေသည်။ တိကျ ပြတ်သားချေ၏။
“ ဒီလို အရည်အသွေးညံဖျင်းတဲ့ ကျွမ်းကျင်မှုမျိုးနဲ့ ဓားချီကိုထုတ်ဖော်တာမျိုး မလုပ်သင့်ဘူး ... ။ ”
စုရီက မှတ်ချက်ပေးသည်။ တစ်ဖက်လူ၏ အုတ်မြစ်သည် ထူးထူးခြားခြား ဖြစ်သော်လည်း ဓားတာအို၌ အောင်မြင်မှု နည်းပါးချေပြီ။
သူ့ဓားရေးသည် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ချို့ယွင်းချက်များနှင့် ပြည့်နှက်နေသေး၏။ ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်သေးချေ။
တိုက်ခိုက်မှု နှစ်ခုသာ ဖလှယ်ခဲ့ကြ သော်လည်း စုရီ မည်မျှသန်မာသည်ကို လူတိုင်း မြင်နိုင်ရန် လုံလောက်ခဲ့၏။
အခြားကြည့်ရှုသူများမှာလည်း အံ့သြသွားကာ နှလုံးသားများ ကမောက်ကမ ဖြစ်ကုန်ကြသည်။
အသက်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်တစ်ယောက်သည် မြစ်ပြာဓားစံအိမ် သခင်ကို မှတ်ချက်ပေးနေသည်။
“ မင်း ငါ့ဓားနဲ့ ထိုက်တန်တယ်။ ”
မုစန်းထူက မျက်ဝန်းများ လင်းလက် သွားသည်။ တိုက်ပွဲဝင်ဆန္ဒများ တောက်လောင် လာပြီး အကြည့်များ စူးရှလာ၏။
ထိုအကြည့်ကြောင့် လေထဲ ပေါက်ကွဲမှုအသေးစားများ ဖြစ်ပေါ်လာသည်။ ဆန္ဒနှင့် ဝိညာဉ်သည် အဆင့်တစ်ခု ရောက်ရှိ လာသောအခါ ဖြစ်ပေါ်လာသည့် သဘာဝ ဖြစ်စဉ်တစ်ခုပေပင်။
“ ငါ့ဘဝမှာ မုန်တိုင်းအမျိုးမျိုးကို ဖြတ်ကျော်ခဲ့ဖူးတယ် ... ဒါပေမယ့် မင်းလို လူငယ်မျိုး မကြုံဖူးဘူး ...
... ဒီနေ့ မြစ်ပြာဓားစံအိမ်ရဲ့ ဂိုဏ်းချုပ်ရာထူးကို မစွန့်ခင် မင်းလို ပါရမီရှင် တစ်ပါးနဲ့ တိုက်ခွင့်ရတာ အခွင့်အရေးပဲ။ ”
စကားဆုံးသည်နှင့် ထူးခြားသော အလင်းများ ဖြာထွက်လာသည်။ ယင်းသည် ကောင်းကင်သို့ ထိုးဖောက်နေသည့် ဓားတစ်လက်နှင့် တူလာ၏။
“ စိတ်ဝိညာဉ်နဲ့ ချီကို ... သူ့ဓားမှာ ပေါင်းစပ်လိုက်ပြီ မယုံနိုင်စရာပဲ။ ”
ထိုရောင်ဝါကြောင့် လူတိုင်း မျက်လုံးပြူး ကုန်တော့၏။ ဤသည်မှာ ကျင့်ကြံသူတစ်ဦး၏ တိုက်ပွဲဝင် စွမ်းအားပေပင်။
“ ကလန် ... ။ ”
ထို့နောက် မုစန်းထူက ထင်းရှူးဓားအိမ်အတွင်းမှ အနက်ရောက်ဓားကို လက်ပြန်ဆွဲထုတ်လျက်၊
“ ဒီဓားကို ဓားတစ်ထောင်လို့ခေါ်တယ် ငါနဲ့အတူ နှစ်ပေါင်း သုံးဆယ် တိုက်ပွဲဝင်ခဲ့တယ် လူပေါင်း (၁၆၃)ယောက်ကို သတ်ပစ်ပြီးပြီ။ ”
-ဟု မိတ်ဆက်ပေးသည်။
“ အမည်ကောင်းပဲ ... ဓားလည်း ကောင်းတယ် ... မင်းငါ့ကို ဓားဆွဲခိုင်းနိုင်ရင် ငါ့ဓားကို မြင်ရလိမ့်မယ်။ ”
စုရီက ခေါင်းညိတ်လိုက်၏။
“ မောက်မာလိုက်တာ။ ”
မုစန်းထူက ဒေါသတကြီးဖြင့် စတင် လာခဲ့သည်။ တောင်ကြီးတစ်လုံး ရွေ့လျားလာ သကဲ့သို့ စစ်ရေးလေ့ကျင့်ကွင်းတစ်ခုလုံး ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။
“ ရွှပ် ... ။ ”
ဤတိုက်ခိုက်မှု တစ်ခုတည်းဖြင့် တိမ်မြစ်စီရင်စုမြို့တော်၌ ပြိုင်ဘက်ကင်း ဓားသမားဘွဲ့ ပေးထိုက်ချေပြီ။
“ ဟိတ် ... ။ ”
တစ်ဖက်တွင် စုရီက ကျင့်ကြံမှုကို ဖြန့်ကျက်ကာ ညာလက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်၏။
“ ဒေါင် ... ။ ”
ကြီးမားသော ခေါင်းလောင်းကြီး မြည်ဟည်းသံကဲ့သို့ ပဲ့တင်သံ ထွက်ပေါ်လာပြီး လေထဲဆူညံသွားတော့သည်။
***