← Chapters

သတ်ကွင်း။

Vol. 10 Ch. 114

သတ်ကွင်း။

Vol. 10 Ch. 114

လက်သီနှင့် ဓားတိုက်မိသွားပြီး‌နောက် အနက်ရောင်ဓားခမျာ မခံနိုင်တော့ဘဲ စူးရှစွာ မြည်သံပြု တုန်ခါလာ၏။

မုစန်းထူက အံ့အားသင့်လာကာ ဓားတစ်ထောင်ကို ဦးတည်ချက်ပြောင်းလျက် စုရီစွမ်းအားအပေါ် လမ်းလွှဲလိုက်ရသည်။

“ ဝုန်း ... ။ ”

ဓားတစ်ထောင်ထံ စီးဝင်နေသည့် လက်သီးစွမ်းအင်များက လေထုအလယ် ပေါက်ကွဲကုန်၏။

“ ဟား ဟား ဟား ... မဆိုးဘူး။ ”

“ ဟိတ် ... ။ ”

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။”

စုရီက ရယ်မောလျက် မုစန်းထူထံ ပြေးဝင်လိုက်သည်။ တစ်ဖက်လူခမျာ ဓားကို ကိုးကြိမ်လွှဲပြီး သူ့လမ်းကို ပိတ်ဆို့လာ၏။

ဓားချက်တိုင်းသည် လှိုင်းလုံးများကဲ့သို့ တဝုန်းဝုန်း ပဲ့တင်ထပ်နေပြီး မိုးအဖြစ် ရွာချလာ တော့သည်။

“ ဝှီး ... ။ ”

စုရီသည်လည်း ပြေးတက်လျက်မှ လျှပ်စီးအလားလက်သီးကို ကိုးကြိမ်ဆက်တိုက် ထိုးနှက်လိုက်၏။

လေခွင်းသံများ ကျယ်လောင်လာပြီး ဓားတစ်ထောင်မှ ကြာကြာ မထိန်းနိုင်တော့ချေ။ မုစန်းထူတစ်ယောက် အသက်ပြင်းပြင်းရှူကာ ဓားရေးပြောင်းလိုက်ရ၏။

“ ပျံသန်းနေသော ငန်းကလေး။ ”

ဓားတစ်ထောင်သည် အနက်ရောင် ဓားအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ယခင်ကဲ့သို့ ပြင်းထန်မှု မရှိတော့ဘဲ ပေါ့ပါးသွက်လက်လာ၏။

ကောင်းကင်၌ တိမ်ညိုများ စုရုံးလျက် လေနှင့်လျှပ်စီးများ လင်းလက်ကာ သဘာဝ ဖြစ်စဉ် ပေါ်လာသည်။

“ စိတ်ဝင်စားဖို့ကောင်းတယ်။ ”

ဤဓားသည် အရာခပ်သိမ်းကို ဖြတ်တောက်နိုင်စွမ်းရှိပုံရ၏။ ပြန်လည်မွေးဖွား ပြီးနောက် စိတ်လှုပ်ရှားဖွယ် ကောင်းသော ပြိုင်ဘက်ပေပင်။

သို့တိုင် ပြုံးလျက် လက်ဗလာဖြင့် ၎င်းကိုဖမ်းယူလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများ ဓားတစ်ထောင်မှ ပေါက်ကွဲ ထွက်လာသည်။

“ ..... ။ ”

၎င်းသည် ဝိညာဉ်ရေးဓားဖြစ်သဖြင့် သူ့လက်မှ လွတ်မြောက်ရန် မီးတောင်တစ်လုံး ကဲ့သို့ အစွမ်းကုန်လေသည်။

လက်ဖဝါးရှိ အရေပြားများ ကွဲထွက်လာခဲ့ကာ နာကျင်မှုများ ခံစားလာရ၏။ ထို့ကြောင့် သွေးနှင့်ချီပေါင်းစည်းပြီး ခွန်အားကို ထပ်မံတိုးမြှင့်လိုက်ရသည်။

“ နာခံစမ်း ... ။ ”

အဆုံးတွင် လက်ဖဝါးအတွင်း ပြင်းစွာ ရုန်းကန်နေသော ဓါးနက်ကြီးသည် ငြိမ်သက် သွားတော့၏။

ကမ္ဘာပေါ်တွင် အစွမ်းထက်သော ကိုယ်ခံပညာရှင်အမျိုးမျိုးရှိကာ ဝိညာဉ်ရေးဓား တစ်လက်ကို ဖမ်းဆီးနိုင်ကြသည်။

သို့သော် မဟာသခင်တစ်ပါး၏ ခွန်အားအပြည့် တိုက်ခိုက်လာသော ဝိညာဉ်ရေး ဓားတစ်လက်ကို တားဆီးရန် သွေးသားစွမ်းအင် သက်သက်ဖြင့် မည်သူမျှ သတ္တိမရှိချေ။

“ ဒီကောင်လေးရဲ့ သွေးသားစွမ်းအင်က သမုဒ္ဒရာကြီးနဲ့တူတယ် ... မဟုတ်ရင် ဒီဓားကို လက်ဗလာနဲ့ ဘယ်လိုလုပ် ဖမ်းဆီးနိုင်မလဲ။ ”

လူအုပ်ကြီးက အော်ဟစ်လိုက်သည်။ မည်သူမဆို သွေးနှင့်ချီကို ပေါင်းစပ်ခြင်းဖြင့် ရုပ်ခန္ဓာသည် အဆင့်သစ် ရောက်ရှိနိုင်၏။ သို့သော် အကန့်အသတ်ရှိသည်။

“ ဒါအကုန်ပဲလား။ ”

စုရီက မေးသည်။ မုစန်းထူမှ အံကြိတ်လျက် ဓားနက်ကြီးကို ပြန်ဆွဲရန် သွေးနှင့်ချီ ပေါင်းစပ် တော့၏။

“ ဝုန်း ... ။ ”

သူ့ကိုဗဟိုပြုလျက် လေဟာနယ် ပြိုကျ ပေါက်ကွဲကုန်သည်။ ချက်ချင်းပင် စုရီလက်ထဲမှ ဓားနက်ကြီး လွတ်မြောက်သွား၏။

“ ဟိတ် ... ။ ”

ဓားလွတ်လာသည်နှင့် ရုတ်တရက် ရှေ့လှမ်းတက်ကာ ရင်ဘတ်ထဲထိုးသွင်းလိုက် တော့သည်။

“ ရေလှိုင်းပုတ်သံ ... ။ ”

လှိုင်းပုတ်နေသော ရေပွက်ငယ်ကဲ့သို့ အနက်ရောင်ဓားကြီးတစ်ဝိုက် ဓားရိပ်ပေါင်း တစ်ထောင်ပေါ်လာသည်။

၎င်းတို့သည် သက်တံကဲ့သို့ တောက်ပပြီး စုရီကို ဖုံးအုပ်သွား၏။ မုစန်းတု၏ စစ်မှန်သော ဝှက်ဖဲဖြစ်သည်။

ဓားသန့်စင်ခြင်း ရေကန်ဘေးတွင် နှစ်ပေါင်းများစွာ တရားထိုင်ပြီးနောက် တိမ်နှင့် ရေပြင်ထံကြည့်ကာ ဤဓားကို ဖန်တီးနိုင်ခြင်း ဖြစ်၏။

အမာနှင့်အပျော့၊ ပေါင်းစည်းခြင်းနှင့် ပျံ့ကျဲခြင်း စသည့် အစွန်းတရား နှစ်ပါး၏ အနှစ်သာရ ပါဝင်သည်။

“ ပိတ်လှောင် ... ။ ”

လေဟာနယ်အတွင်း ဓားရိပ်များ ချိတ်ဆက်နေသည့် ပုံရိပ်ယောင် ဓားစက်ကွင်း တစ်ခု ပေါ်လာသည်။

“ မဆိုးဘူး ... ။ ”

စုရီက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ စမ်းရေကဲ့သို့ ကြည်လင်သောအသံနှင့်အတူ ဓားတစ်လက် ပေါ်လာ၏။

“ ရွှပ် ... ။ ”

ထို့နောက် ကောင်းကင်နှင့်မြေကြီး၏ ဆယ်နွယ်မှုကို ပိုင်းဖြတ်နိုင်သည့် ဓားတစ်ချက် ထွက်ပေါ်လာသည်။

“ ဘောင်း ... ဘောင်း ... ။ ”

ပိတ်ဆို့ထားသော ပုံရိပ်ယောင် ဓားများအားလုံး ဆပ်ပြာပူဖောင်းများကဲ့သို့ ပေါက်ကွဲကုန်တော့၏။

ကြောက်မက်ဖွယ် ကောင်းသော အကြွင်းအကျန်လှိုင်းများကြောင့် မုစန်းထူခမျာ ချက်ချင်း နောက်ပြန် ဆုတ်လိုက်ရလေသည်။

“ ဒါငါ့ဓားပဲ ... ဘယ်လိုလဲ။ ”

တိုက်ပွဲတဝိုင် မရေမတွက်နိုင်သော အပြာရောင် ကျောက်ခင်းပြားများ အစိတ်စိတ် အမွှာမွှာ ပြန့်ကျဲနေပြီ ဖြစ်သည်။

စုရီမှ တည်ငြိမ်စွာ ပြောကြားလိုက်၏။ ခြွင်းချက်မရှိ လူတိုင်းသူ့ထံ စိုက်ကြည့်နေသည်။

“ ဆရာစုက ဒီလောက်တောင် သန်မာတာလား။ ”

ယွမ်လောယွီက အံ့သြသွားသည်။ သခင်လေးစုရီမှသည် လေးစားမှုဖြင့် ဆရာစု ဖြစ်လာခဲ့ချေပြီ။

ချီသန့်စင်ခြင်း ပထမအဆင့်မှ တစ်စုံတစ်ဦးသည် မဟာသခင်တစ်ပါးအပေါ် အနိုင်ယူခဲ့သည်မှာ လွယ်ကူလွန်းနေ၏။

သူ့ဘေးရှိ သူ့အဖေယွမ်ဝူတုံက တိတ်ဆိတ်နေသည်။ စုရီသည် မဟာသခင်ကို သတ်ဖူးကြောင်း ကြားသိစဉ်က အလေးအနက် မထားမိချေ။ ယခုမူ။

“ ငါ မလိုလားပေမယ့် ... ဓားတာအိုမှာ မင်းရဲ့သာလွန်မှုကို လက်ခံဖို့ကလွဲပြီး အခြား မရှိတော့ပါဘူး။ ”

မုစန်းထူမှ ခါးသီးစွာ ဝန်ခံလိုက်သည်။ သူသည် နှစ်ပေါင်းများစွာတိုင်အောင် ဓားတာအို အတွင်း၌ နှစ်မြှုပ်ထားခဲ့သော်လည်း အဆုံးသတ်မှာ ရှုံးနိမ့်မှုပေပင်။

“ ဒါဆို ထွက်သွားပါ။ ”

“ ဟမ့် ... မင်းငါ့ကို မသတ်ဘူးလား။ ”

“ ငါက သွေးဆာနေတာမဟုတ်ဘူး ပြီးတော့ မင်းရဲ့အရိပ်မှာ တစ်ချိန်က ငါနေခဲ့ဖူးတယ် ဒီနေ့ ငါတို့ကံကြမ္မာကို ဖြတ်လိုက်ပြီ။ ”

“ ကျေးဇူးအများကြီး တင်ပါတယ်။ ”

အဆုံးတွင် မုစန်းထူမှ နှုတ်ဆက်ကာ အကြီးအကဲများနှင့်အတူ ပြန်လည် ထွက်ခွာ သွားတော့သည်။

ဤသည်မှာ မြစ်ပြာဓားစံအိမ်အတွက် အရှက်တရားဖြစ်၏။ သို့သော် တတ်နိုင်သည့် အရာများ မရှိတော့ချေ။

“ မင်းအလှည့်ရောက်ပြီ။ ”

စုရီ၏အကြည့်က ချင်းဝမ်ယွမ်ထံ တိုက်ရိုက်ကျရောက်သွား၏။ ချင်းဝမ်ယွန်ခမျာ မျက်နှာ ပြောင်းလဲသွားပြီး၊

“ နောက်ဆုံးတော့ အဲဒီအစောင့် ခြောက်ယောက်က ဉာဏ်ရည်ထက်မြက်တဲ့ သခင်လေးစုကို စော်ကားလိုက်တာ ...

... ဘယ်လောက်တောင် မိုက်မဲလဲ ငါနားလည်သွားပြီ ... သူတို့သေတာ ထိုက်တန် ပါတယ်။ ”

-ဟု ဆိုကာ ထရပ်လိုက်၏။

“ သခင်လေးစု၊ ဒေါသတွေကြောင့် ငါ့စကားမှာ အမှားတွေ ပါခဲ့တယ် ခွင့်လွှတ်ပါလို့ နှိမ့်ချစွာ တောင်းပန်ပါတယ်။ ”

( မြေခွေးအိုကြီး ... ။ )

ယွမ်ဝူတုံက ကျိန်ဆဲလိုက်လေသည်။ ဘေးတွင်ရပ်နေသော သူ့သားချင်းဖန်သည်ပင် မယုံကြည်နိုင် ဖြစ်သွားတော့၏။

ချင်းဝမ်ယွမ်က အရှက်ကင်းမဲ့စွာ အရိုအသေပေးနေသည့် မြင်ကွင်းကြောင့် ကျန်လူများမှာ အနေခက်ကုန်သည်။

“ အဟမ်း ... သခင်လေးစု၊ ဒီနေ့ အဖြစ်အပျက်က ငါတို့ကို မျက်စိပွင့်စေပါတယ် အားလုံးပဲ ရန်ငြိုးတွေ ရပ်တန့်ဖို့ ဆန္ဒရှိပြီး မင်းလည်းအတူတူပဲလို့ ငါယုံတယ်။ ”

ကျန်းမိသားခေါင်း‌ဆောင်က ပြုံးပြီးဝင်ပြောသည်။ သူသည် ချင်းဝမ်ယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိခဲ့သဖြင့် ကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

အားလုံး၏ အကြည့်များသည် စုရီထံ ကျရောက်လာသည်။

“ ငါ့ခွန်အားကို ပြပြီး ... လူတွေကို ခေါင်းငုံ့ခိုင်းဖို့ ဒီလမ်းကိုလာခဲ့တာလို့ ... မင်း ထင်နေတာလား။ ”

စုရီမေးခွန်းက လေထုကို ပို၍ တင်းကြပ်လာစေသည်။ ကျန်းဇီရန်သည်ပင် ရှုပ်ထွေးသွားပြီး၊

“ ဒါဆို ဘာအတွက်လဲ။ ”

-ဟု မေးမြန်းလိုက်မိသည်။

“ မင်းနဲ့ ဘာဆိုင်လဲ။ ”

“ ငါ ... ။ ”

“ ဒါဆို ပါးစပ်ပိတ်ထား။ ”

တစ်ဖက်လူထံမှ အေးစက်စွာ အော်ငေါက်ခြင်းခံလိုက်ရသဖြင့် ကျန်းဇီရန်၏ အပြုံးများ အေးခဲသွားသည်။

သူသည် ကျန်းမိသားစု ခေါင်းဆောင် ဖြစ်သည်။ ဤသို့ လူအများရှေ့၌ အော်ငေါက်ခံ ရခြင်းဖြင့် ဂုဏ်သိက္ခာကို ထိပါးစေသည်။

“ ဟမ့် ... စုရီ၊ ဒါက မင်းကိုယ်မင်း မောက်မာလွန်းတယ်လို့ မထင်မိဘူးလား ... ငါ့အဖေက မင်းကိုဘာများ စော်ကားခဲ့လို့လဲ။ ”

အဆုံးတွင် ကျန်းယွင်ရှင်းမှ သည်းမခံနိုင်‌တော့ဘဲ ဝင်ရောက် ပြောကြား လိုက်သည်။

“ လုံလောက်ပြီ ... ငါတို့က ဒီကိုကြည့်ဖို့ လာတာ ... ကျန်တဲ့လူတွေကို အနှောက်အယှက် မပေးနဲ့။ ”

စုရီမှ စကားမဆိုနိုင်ခင် ကျန်းဇီရန်မှ သူ့သားကို ပြန်ထိုင်စေလိုက်၏။ ထို့ကြောင့် မည်သူမျှ စကားမပြောရဲတော့ချေ။

“ သခင်လေးစု ငါတောင်းပန်ပါတယ် ... ငါမှားခဲ့တယ်။ ”

ချင်းဝမ်ယွမ်က ဒုတိယအကြိမ်တောင်းပန် လိုက်သည်။

“ မင်းရဲ့သားကို ထိလို့ လက်စားချေ ချင်တာလား ငါလည်းလုပ်နိုင်တယ် ငါ့ဘေးက အပြစ်မဲ့လူတွေကို သွေးပုဆိန်ဂိုဏ်းငှားပြီး ဒုက္ခပေးခဲ့တာ မမေ့နဲ့။

“ ဒီအတွက် ... ငါဘယ်လို လျော်ကြေးပေးရမလဲ သခင်လေးစု။ ”

“ ရိုးရှင်းပါတယ် ... မင်းနဲ့ ... မင်းရဲ့သား အသက်။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။ ဤသည်မှာ မောက်မာလွန်းသော တောင်းဆိုမှု ဖြစ်သည်။

ရောက်ရှိလာသူတိုင်း စိတ်နှလုံးများ တုန်ယင်လျက် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။ ချင်းဝမ်ယွမ်ဟူသည် တိမ်မြစ်စီရင်စု သခင်ဖြစ်သည်။

“ ဟား ဟား ဟား ... ကောင်းလိုက်တာ ... ။ ”

ချင်းဝမ်ယွမ်မှ ဒေါသဖြင့် ရယ်မော လိုက်ပြီးနောက်၊

“ ငါချင်းဝမ်ယွမ်က တိမ်မြစ်စီရင်စုကို အနှစ်သုံးဆယ်ကြာ အုပ်ချုပ်ခဲ့တယ် ဒီနေ့တော့ အရမ်းခေါင်းမာပြီး မောက်မာတဲ့ရန်သူကို ပထမဆုံး ကြုံရပြီ။ ”

“ ချွင် ... ။ ”

စုရီက သူ့ဓားကို ညင်သာစွာ ပုတ်လိုက်သည်နှင့် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တိမ်ညိုများကို မော့ကြည့်ကာ၊

“ မိုးရွာတော့မယ် ... တစ်စုံတစ်ယောက်က စွက်ဖက်မယ်ဆိုရင် သူတို့ကိုသတ်မိတဲ့အတွက် ရှုခင်းတွေပျက်ကုန်မှာ ငါကြောက်တယ်။ ”

-ဟု တိုးတိုးလေး ညည်းညူ၏။

“ နားထောင်ပါ စုရီကို သတ် ... ။ ”

ချင်းဝမ်ယွမ်မှ အမိန့်ပေးလိုက်သည်။

“ သတ် ... ။ ”

“ သတ် ... ။ ”

“ သတ် ... ။ ”

ကျယ်လောင်သော အော်ဟစ် ကြုံးဝါးသံများနှင့်အတူ အရုပ်များလို ရပ်တန့် နေရာယူထားသော စစ်သည်တော်များက ချက်ချင်း အသက်ဝင်လာတော့သည်။

***

All Chapters