လောကခရီးသည် ... ။
Vol. 10 Ch. 116
မိုးရေစက်များက ရေတံခွန်လို ကျဆင်းလာ၏။ လေ့ကျင့်ရေးကွင်းရှိ သွေးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ အားလုံး မျောပါကုန်သည်။
ဆီစိမ်စက္ကူထီးပေါ်ကျဆင်းသော ရေစက်သံများသည်ပင် စစ်ဗုံတီးခတ်နေသကဲ့သို့ မြည်သံဟိန်းနေ၏။
ထိုမိုးသည် လူတိုင်းကို တုန်လှုပ် ချောက်ချားမှုမှ အနည်းငယ် နိုးထလာစေပြီး မသိစိတ်ဖြင့် စုရီထံ ကြည့်မိစေသည်။
အပြာရောင် ၀တ်စုံဝတ်ဖြင့် သွယ်လျလျလူငယ်သည် ဆီစိမ်စက္ကူထီးကို ဆောင်းလျက် မိုးရွာထဲ ရပ်နေဆဲဖြစ်၏။
ဟွမ်ချမ့်ကျွယ်က ထီးတစ်လက်ဖွင့် ဆောင်းကာ လေ့ကျင့်ရေးကွင်းပြင် အတွင်း ပြေးဝင်လာသည်။
“ သူ ... ဘာလုပ်နေတာလဲ၊ နောက်ထပ် လူထပ်သတ်ဦးမို့လား။ ”
“ ငါဘယ်သိမလဲ မင်းသွားမေးပါလား။ ”
“ ပြန်ရအောင် ငါမနေချင်တော့ဘူး။ ”
“ ပြန်လို့မရဘူး မိုးတွေ တအားရွာနေတယ် ပြီးတော့ ... ချင်းဖန်ကို သတ်လိုက်တာမြင်တယ် မဟုတ်လား ... သူက မင်းထပြန်တာကို ခွင့်မပြုမှာ စိုးမိတယ်။ ”
လူတိုင်း အသံခပ်တိုးတိုးဖြင့် ပြောဆိုဆွေးနေကြစဉ် စုရီမှ ၎င်းတို့ထံ ဝေ့ကြည့်လာသည်။
“ ဘယ်သူ ကျန်သေးလဲ။ ”
ထိုမေးခွန်းက သူသတ်ခဲ့သော မြစ်ပြာဓားစံအိမ် တပည့်ခုနစ်ယောက်၏ မိသားစုများထံ ရည်ရွယ်၏။
သို့သော် မည်သူမျှ ခေါင်းမဖော်တော့ချေ။ အဆုံးတွင်စုရီက ကျန်ယွင်ရှင်းထံ စိုက်ကြည့်ပြီး၊
“ သခင်လေးကျန်း။ ”
-ဟု နာမည်ခေါ်လိုက်၏။
“ မင်းနဲ့အတူ တိမ်တွေပေါ် ခေါ်သွားပေးမယ်လို့ ပြောခဲ့တာ မှတ်မိသေးလား ... ဒါဆို ငါတို့ ဒီသွားကြမလား။ ”
( သေစမ်း ဒီကောင် ... )
ကျန်းယွင်ရှင်းခမျာ တစ်ကိုယ်လုံး အေးခံလာပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။ ဤအဆင့် တစ်စုံတစ်ယောက်တွင် သေးငယ်သည့် နှလုံးသားမျိုး ရှိနေသည်လော။
“ သခင်လေးစု ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ ... ဒါက ဟာသသက်သက် ပြောခဲ့တာပါ ... အလေးအနက်မထားပါနဲ့ ...
... ငါမင်းကို တကယ်ပဲ ... စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်ဆိုရင် အခု တောင်းပန်ပါတယ် ... ငါတိမ်တွေပေါ် မသွားတော့ပါဘူး။ ”
အဆုံးတွင် ခေါင်းငုံ့လျက် လေးနက်စွာ ဦးညွှတ်လိုက်သည်။ တစ်ကိုယ်လုံး အနည်းငယ် တုန်ရီနေ၏။
“ ဟမ့် ... တိရိစ္ဆာန်ကောင် ... တောင်းပန်တဲ့အခါ မင်းရဲ့ရိုးသားမှုကို ပြရမယ်၊ ဘာလို့ ချက်ချင်း ဒူးထောက်မနေရတာလဲ။ ”
“ အဖေ ... ။ ”
ကျန်းယွင်ရှင်းမှ သူ့အဖေကို အံ့ဩစွာ မော့အကြည့်တွင် ပါးရိုက်ပြီး အတင်းအကြပ် ဒူးထောက်စေခဲ့၏။
“ ဖြန်း ... ။ ”
“ ဒူးထောက်စမ်း ... ။ ”
( အဖေ ... ငါမင်းရဲ့ မယားပါသားများလား။)
အဆုံးတွင် ကျန်းယွင်ရှင်းတစ်ယောက် ရှက်ရွံ့နာကျင်စွာဖြင့် ခေါင်းငိုက်စိုက်ကြသွား တော့သည်။
အဖေတစ်ယောက်သည် ကိုယ့်သားကို လူပုံအလယ် ပါးရိုက်ကာ ဒူးထောက်စေသည်မျိုး မည်သူမှ အလိုရှိနေရသနည်း။
တစ်ဖက်တွင် ကျန်းဇီရန်သည်လည်း သူ့သားသည် စုရီအပေါ် မည်သို့စော်ကားခဲ့မှန်း မသိသေးချေ။ သို့သော် မေးရန် အချိန်မရှိခဲ့ရာ ထိတ်လန့်နေမိ၏။
ထို့ကြောင့် ကျန်းယွင်ရှင်းခံစားချက်ကို လျစ်လျူရှုကာ ဦးခေါင်းပေါ် သူ့လက်ဖဝါးနှင့် ဖိချပြီး ဦးညွှတ်စေလိုက်သည်။
“ သခင်လေးစု ငါ့ကျန်းမိသားစုက မင်းနဲ့ရန်သူဖြစ်ဖို့ ... ရည်ရွယ်ချက်မရှိပါဘူး ... သားသမီးကို ကောင်းကောင်း မဆုံးမမိတဲ့ အတွက် ငါ့အပြစ်ပါ ... ကျေးဇူးပြုပြီး အသုံး မကျတဲ့ငါ့သားကို ခွင့်လွှတ်ပေးပါ။ ”
ဤသို့ပြောပြီးနောက် သူကိုယ်တိုင် ထရပ်ကာ ဦးညွှတ်၏။ ထိုအခင်းအကျင်းကို မြင်ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ချက်ချင်းနေရာရွှေ့ပေးကြသည်။
“ မိုးရေစိုတာကို ငါတကယ် မကြိုက်ဘူး ... ။ ”
စုရီမှ ချက်ချင်း ညည်းငွေ့လာပြီ ခပ်တိုးတိုး ရေရွတ်ကာ လှေကားထစ်များမှ ပြန်ဆင်းသွား တော့၏။
စင်မြင့်တစ်ခုလုံး အသံမထွက်ဝံ့ချေ။ ကျန်းဇီရန်မှ ဦးညွှတ်နေဆဲဖြစ်ပြီး ကျန်းယွင်ရှင်း တစ်ယောက် ဒူးထောက်နေသောကြောင့် လူတိုင်းအနေခက်ကုန်ကြသည်။
လှေကားထစ်များအဆုံးတွင် ဟွမ်ချမ့်ကျွယ်က ရိုသေလေးစားသောအသွင့်နှင့် ရပ်စောင့်နေသည်။
“ သွားရအောင်။ ”
စုရီက ခေါင်းညိတ်ပြီး ဆက်လျှောက်လာ၏။ ထိုစဉ် မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာ တော့သည်။
ထူးခြားသော အသွင်အပြင်ဖြင့် လူတစ်စု လေ့ကျင့်ရေးကွင်းအတွင်း ဒုန်းစိုင်းဝင်လာခြင်း ပေပင်။ ဤသည်မှာ ကျိုးကျစ်လီ၊ ချင်ကျင်း၊ မုကျန်းတုံနှင့် ကျန်းသော်သည်။
၎င်းတို့၏ နောက်လိုက်အချို့က ကောက်ရိုးမိုးကာအင်္ကျီများ ၀တ်ဆင်လျက် ချင်ချင်း နေရာယူလိုက်ကြ၏။
ကျိုးကျစ်လီက စစ်ရေးပြကွင်းအတွင်း ကျန်ရစ်ခဲ့သော တိုက်ပွဲမြေပြင် အရှုပ်အထွေးထံ ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ အနည်းငယ် နောက်ကျသွား၏။
“ သခင်လေးစု မင်းအဆင်ပြေရဲ့လား။ ”
ထို့နောက် စုရီထံ စိုးရိမ်သည့်ပုံစံဖြင့် ချက်ချင်းမေးလိုက်မိသည်။
“ ငါ့မှာ တစ်ခုခုမှားနေတာ မြင်လို့လား။ ”
“ မမြင်ပါဘူး သခင်လေးစု အဆင်ပြေပါတယ် ငါလည်း သတင်းကြားလိုက် တည်းက ချက်ချင်းလာဖို့ပြင်တာပဲ အခုလို ခြေတစ်လှမ်း နောက်ကျလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”
ဤစကားများသည် အလွန်ရိုကျိုးကာ အခွင့်အရေးကို လက်လွှတ်လိုက်ရသူ ကဲ့သို့ စိတ်ရှုပ်ထွေးနေပုံရသည်။
“ ဒီကောင်က ဘယ်သူလဲ ... ဘာလို့ အရမ်းမာနကြီးပြီး ... စီရင်စုသခင်အသက်ကို ကယ်တင်ဖို့ နောက်ကျသွားတဲ့ ပုံစံမျိုး ပြောနေရတာလဲ။ ”
“ သိချင်ရင် မင်းသွားမေးပါလား။ ”
“ ဆဋ္ဌမမင်းသားကို နှုတ်ခွန်းဆက်ပါတယ်။ ”
လူအများစုသည် ကျိုးကျစ်လီနောက်ခံကို မသိကြသဖြင့် ဆွေးနွေးလာကြသည်။ ယွမ်ဝူတုံ၊ ကျန်းဇီရန်နှင့် အခြားသော အထက်တန်းစား ပုဂ္ဂိုလ်များက ထရပ်ပြီး တညီတညွတ်တည်း အလေးပြုလိုက်ကြ၏။
“ ဆဋ္ဌမမင်းသားကို နှုတ်ခွန်းဆက်ပါတယ်။ ”
“ ဆဋ္ဌမမင်းသားကို နှုတ်ခွန်းဆက်ပါတယ်။ ”
ယင်းသည် လူအုပ်ကို ကြောက်ရွံ့စေပြီး ချက်ချင်းထရပ်ကာ ကျယ်လောင်သောအသံနှင့် လိုက်ပါနှုတ်ဆက်မိစေခဲ့၏။
ဆဋ္ဌမမင်းသားဟူသည် မဟာကျိုးမင်းဆက်၏ တော်ဝင် မိသားစုဝင် တစ်ပါး ဖြစ်၏။ မည်မျှမြင့်မြတ်သည်ကို မှန်းဆမနိုင်ချေ။ သို့သော် ၎င်းသည် စုရီထံ အလေးပြုနေ၏။
မျက်ခုံးကြားတွင် ဖုံးကွယ်၍မရသော အံ့အားသင့်သည့် အမူအရာမျိုးဖြင့် လူတိုင်းမှ အတွေးပွားနေပြီး ခေါင်းမဖော်ဝံ့တော့ချေ။
ကျိုးကျစ်လီက ၎င်းတို့အမြင်ကို လျစ်လျူရှုကာ လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် စုရီထံကြည့်ပြီး၊
“ သခင်လေးစု ... ကူညီချင်ပေမယ့် နောက်ကျသွားပြီ ရှက်လိုက်တာ။ ”
-ဟု ပြောကြားလိုက်သည်။
“ မင်းကူညီချင်ရင် ဒီအရှုပ်အထွေးတွေကို ရှင်းလိုက်။ ”
စကားဆုံးသည်နှင့် စုရီက ဆီစိမ်စက္ကူထီးကို ဆောင်းလျက် ဆက်၍ထွက်ခွာသွားတော့သည်။ ဟွမ်ချမ့်ကျွယ်မှ အပြေးလိုက်ပါလာ၏။
ယွမ်လောရှီသည်လည်း ထရပ်နေသဖြင့် ယွမ်ဝူတုံမှ သူမပုခုံးကို ဆွဲကိုင်လိုက်ကာ၊
“ မင်းရဲ့ ဝိညာဉ် နုတ်ယူခံလိုက်ရပြီလား။ ”
-ဟု မေးမြန်းတော့သည်။
ယွမ်လောရှီက နှုတ်ခမ်းကိုက်ပြီး ခေါင်းခါရမ်းကာ ပြန်ထိုင်ချလိုက်ရလေသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များ အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် စုရီပုံရိပ်ထံ ငေးကြည့်နေမိတော့၏။
ချင်းကျင်တစ်ယောက် စိတ်ပျက် သွားတော့သည်။ တစ်ဖက်လူသည် အဆုံးတိုင် သူမထံတစ်ချက်ပင် လှည့်မကြည့်ချေ။
( သူ့မျက်လုံးထဲမှာ တကယ်ပဲ ငါက အစေခံတစ်ယောက်လား ... သူ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဆိုတော့ ဘာအတွက်များ ဂရုစိုက်နေရဦးမှာလဲ။ )
ထိုအတွေးကြောင့် မျက်နှာပေါ်တွင် အကူအညီမဲ့သော အရိပ်အမြွက် ပေါ်လာခဲ့၏။
“ ဆဋ္ဌမမင်းသား ဘာဆက်လုပ်ရမလဲ။ ”
မုကျန်းတုံက မေးသည်။ ကျိုးကျစ်လီမှ တိုက်ပွဲမြေပြင်ကို ဝေ့ကြည့်ကာ သက်ပြင်းချ လိုက်တော့၏။
“ ချင်းဝမ်ယွမ် ဆယ်ယောက်ကို သတ်ပစ်ရင်တောင် သခင်လေးစုမှာ အပြစ် မရှိဘူး ... ဒီနေ့ကိစ္စကို မပေါက်ကြားစေနဲ့ ဒီသတင်းပေါက်ကြားရင် သူတို့အားလုံး တာဝန်ယူရမယ် ... ဒီလောက်ပါပဲ။ ”
“ နားလည်ပါပြီ။ ”
စင်မြင့်ပေါ်တွင် တိမ်မြစ်စီရင်စုမြို့တော်မှ အထက်တန်းစားများစွာ ရှိနေသည်။ လူတိုင်း၏ ပါးစပ်ကိုပိတ်ရန် မလွယ်သော်လည်း အမိန့် ထုတ်စရာရှိ ထုတ်ရပေမည်။
“ ဒီလိုသာ သူ့ရဲ့ အရှုပ်အထွေးတွေကို ငါအကြိမ်တိုင်း ရှင်းပေးရင် သူ ဘယ်လိုလုပ်မလဲ သေချာတာကတော့ သူ ငါ့ကို မေ့သွားမှာ မဟုတ်ပါဘူး။ ”
ကျိုးကျစ်လီမှ တိုးတိုးလေး ညည်းညူလိုက်တော့၏။ သူ့ဘေးရှိ မုကျန်းတုံမှ မျက်ခုံးပင့်လိုက်သည်။
မည်သို့ပင် ဆိုစေကာမူ သူသည် အင်ပါယာပြည်နယ်သခင်တစ်ပါး ဖြစ်သဖြင့် စီရင်စုသခင်အပေါ် ကောင်းစွာ ကိုင်တွယ်နိုင် နေသည်မှာ ကံကောင်းချေပြီ။
***
များမကြာခင် မိုးရေစက်များ လျော့ကျလာသည်။ သည်းထန်စွာ ရွာသွန်းထား မှုကြောင့် နေရာအနှံ အညစ်အကြေးများ မျောပါနေ၏။
ရထားပေါ်တွင် စုရီက သူ့ဓားကို စိုက်ကြည့်နေခဲ့သည်။ လျှို့ဝှက်တားမြစ်အမိန့် စွမ်းအားဖြင့် ယနေ့တွင် ကောင်းကင်၏ စွမ်းအားကို ငှားယူသုံးစွဲခဲ့၏။
ထို့ကြောင့် ဓားပေါ်ရှိ တိမ်တိုက်ပုံစံများသည်လည်း အနည်းငယ် မှိန်ဖျော့သွားချေပြီ။
“ အနည်းဆုံးတော့ နောက်ထပ် ကိုးကြိမ်လောက် သုံးလို့ရဦးမယ် ... ။ ”
တားမြစ်အမိန့်တော်များသည် သာမာန်ရေးထွင်းထားသော အဆောင်များနှင့် ကွဲပြားသည်။
ဓားတစ်လက်တွင် အမိန့်တော်သုံးရန် ပိုင်ရှင်၏ သွေးအနှစ်သာရနှင့် ဓားသန္ဓေသားကို ဖွဲ့စည်းရ၏။
ဆိုလိုသည်မှာ ၎င်း၏စွမ်းအား ကုန်လွန်ပြီးနောက် ထပ်မံရေးထိုး၍ မရနိုင်ချေ။ သို့သော် ဤသည်ပင် သူ့အတွက် လုံလောက်နေချေပြီ။
သူ့ အမြင်တွင် တားမြစ်အမိန့်များသည် ကောင်းကင်နှင့်မြေကြီးကြားရှိ ပြင်ပစွမ်းအား တစ်ခုသာ ဖြစ်သည်။
စစ်မှန်သော ခွန်အားမျိုး မဟုတ်ချေ။ စိတ်ဝိညာဉ်အေးချမ်းခြင်း စံအိမ်သို့ ပြန်ရောက် သောအခါ ချောင်ဝူဟောင်နှင့် ဖန်မောင်နှစ်မက စောင့်ကြိုနေသည်။
စုရီက စကားအနည်းငယ်ပြောပြီး သူ့အခန်းထဲ တန်းဝင်လာခဲ့သည်။ ထို့နောက် ပြတင်းပေါက်တွင်ရပ်လျက် ရှုခင်းများထံ ငေးကြည့်နေမိသည်။
မြင်ကွင်းတစ်ခုလုံး မိုးဖွဲဖွဲကြောင့် မှုန်မှိုင်းဝေဝါးနေ၏။ စိတ်ဝိညာဉ်နှင့် နှလုံးသား တစ်ခုလုံး ဗလာကျင်းကာ ငြိမ်းချမ်းနေခဲ့သည်။ သို့သော် အနည်းငယ် အထီးကျန်လှ၏။
သူ့အတွက် လူဝင်စားခြင်းဟူသည် အထောက်အထားအသစ်နှင့် ခရီးအသစ်တစ်ခု မျှသာဖြစ်နေသည်။
ဆိုလိုသည်မှာ ဤသို့ လူဝင်စားခြင်း၏ အကြောင်းရင်းကို ရှာမတွေ့နိုင် ဖြစ်နေမိ၏။ ဤလောကသို့ ဖြတ်သန်းသွားလာနေသည့် ခရီးသည်အဖြစ်သာ ခံစားနေရသည်။
အဆုံးတွင် အတွေးများ ရုတ်သိမ်းလျက် စားပွဲပေါ်ရှိ စာရွက်ဖြူတစ်ရွက်ကို ဖြန့်ခင်းကာ စုတ်တံကို ကောက်ကိုင်လိုက်မိ၏။
“ ငါက ခရီးသည်တစ်ယောက်ပဲ ... ဓားတစ်လက်နဲ့ မိုးရေစက်တွေအောက်မှာ လှည့်လည်နေတယ်။ ”
***