နှင်းစံအိမ်။
Vol. 10 Ch. 119
နောက်တစ်နေ့ မနက်တွင် စုရီမှ ရွှင်မြူးသောအသွင်ဖြင့် မြစ်ပြာဓားစံအိမ်သို့ ဦးတည်လာခဲ့သည်။
လမ်းတစ်လျှောက် ထူးခြားသော သူ့အသွင်ကြောင့် ကောင်မလေးတချို့က စုရီထံ ငေးကြည့်လာ၏။
အသွင်အပြင်အရ ခန္ဓာကိုယ် အချိုးအစားညီညီနှင့် တည်ငြိမ်သော စိတ်နေ စိတ်ထားသည် ငယ်ရွယ်သူများကြား မြင်ရခဲချေပြီ။
ထို့ကြောင့် ရဲဝံသော အမျိုးသမီးငယ် တစ်ယောက်က၊
“ စီနီယာအစ်ကို၊ ငါ့နာမည်က တျန်ယွဲ့ပါ မင်းနာမည် သိခွင့်ရှိမလား။ ”
-ဟု လာရောက်မိတ်ဆက်တော့၏။
“ ငါက ... မင်းတို့ရဲ့စီနီယာ အစ်ကို မဟုတ်တော့ဘူး ... မင်းငါ့နာမည်ကို သိပါ့မလား ငါ့နာမည်က စုရီပါ။ ”
“ စုရီ ... ။ ”
တျန်ယွဲ့က ခဏလောက် စဉ်းစားပြီး ရုတ်တရက် သတိရသွားကာ၊
“ အမှိုက် စုရီ ... ။ ”
-ဟု အော်ဟစ်တော့သည်။
စုရီက တုန့်ပြန်ခြင်း မပြုချေ။ မြစ်ပြာဓားစံအိမ်သည် သူ့သတင်းကို ဂိုဏ်း၌ အမှောင်ချထားပုံရသည်။ တျန်ယွဲ့က အနည်းငယ် နှမျောသွားပြီး၊
“ စိတ်မပူနဲ့ ကျင့်ကြံမှုဆုံးရှုံးသွားလဲ နင်ကရုပ်ချောတယ် ... ငါတို့ညစာအတူတူ စားကြမလား။ ”
-ဟု ဖိတ်ခေါ်၏။
“ တကယ်ဆို ရုပ်ရည်ချောမောတယ် ဆိုတာ အရည်အချင်းတစ်ခုပါပဲ အနည်းဆုံးတော့ နင့်ကို မြင်မြင်ချင်း ချစ်မိသွားစေနိုင်တယ်။ ”
တျန်ယွဲ့စကားကြောင့် စုရီမှ ပြုံးပြီး မျက်ခုံးပင့်မိသည်။ ရယ်ချင်စိတ်ကို ထိန်းလျက် အဝေးမှ လူတစ်စုထံ အာရုံရောက်သွား၏။
ဆံပင်များ ခပ်မြင့်မြင့် ချည်နှောင်ထားပြီး ကျောက်စိမ်းရောင် မျက်ခုံးဖြင့် လှပလွန်းသော မိန်းကလေးတစ်ဦး လျှောက်လှမ်းလာသည်။
တျန်ယွဲ့သည်လည်း စုရီအကြည့်ကို သတိပြုမိကာ လိုက်ပါကြည့်ရှုခဲ့ပြီးနောက် စိတ်ပျက်သွားတော့၏။
“ နင်လည်း အစ်မဝမ်လင်ရွယ်အတွက် လာတာလား ... စိတ်ပျက်စရာပဲ ယောကျ်ားတွေ အကုန်လုံး သူ့ပဲ မြင်နေပုံရတယ်။ ”
မိန်းကလေးတစ်ယောက်သည် လုံလောက်သော အလှတရားနှင့် ယုံကြည်မှု မရှိပါက မည်သည့် မိန်းကလေးမျှ လင်ရွယ်နှင့် ယှဉ်ပြိုင်ရန် ဆန္ဒရှိမည် မဟုတ်ချေ။
စုရီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဝမ်လင်ရွယ်ဘေးတွင် လူငယ်အချို့ လိုက်ပါ လာခဲ့၏။
“ လင်ရွယ် ... နင်က အံ့ဩစရာ ကောင်းလွန်းတယ် ... မြစ်ပြာဓားစံအိမ်ကို ရောက်တာ မကြာသေးဘူး အရိုးသန့်စင်နေပြီ ... မကြာခင် ငါတို့ရဲ့ စီနီယာတွေအပေါ် ဖြတ်ကျော်သွားမှာ သေချာတယ်။ ”
ဝမ်လင်ရွယ်ဘေးရှိ ကောင်မလေးမှ အပြုံးဖြင့် ချီးကျူး၏။ သူမသည်လည်း ထူးထူး ခြားခြား အလှတရားဖြစ်သည်။ သို့သော် ဝမ်လင်ရွယ်နှင့် နှိုင်းယှဉ်ပါက မလွဲမသွေ အားနည်းချက် ရှိနေ၏။
“ အစ်မမင်လွီ ... မင်းက သိပ်ကြင်နာတာပဲ။ ”
ဝမ်လင်ရွယ်မှ ပြုံးကာ ပြန်ပြော၏။ ဤသည်မှာ အစ်ကိုစုပေးခဲ့သော ကျင့်ကြံမှု နည်းစနစ်ကြောင့်ဖြစ်သည်။
“ လင်ရွယ် ...ငါတို့ ဒီည နှင်းစံအိမ်မှာ ညစာစားပွဲရှိတယ် တပည့်အသစ်တွေအများစု ပါဝင်တဲ့ ... ပွဲမို့ မင်းလိုက်ခဲ့ပါလား။ ”
ရုတ်တရက် အပြုံးတစ်ပွင့်နှင့် လူငယ် တစ်ယောက်မှ နွေးထွေးယဉ်ကျေးစွာ ဖိတ်ခေါ် လိုက်သည်။
မင်လွီက မျက်ဝန်းများ တောက်ပလာပြီး၊
“ လင်ရွယ် ငါတို့သွားရအောင် ... နှင်းစံအိမ်ဆိုတာ ဒီမြို့မှာ ပထမတန်းစားပဲ အဲဒီကို အထက်တန်းလွှာတွေသာ ဝင်ထွက်နိုင်တယ်။ ”
ဝမ်လင်ရွယ်က အနည်းငယ် တုန့်ဆိုင်းသွားသည်။
“ အဲဒီလူငယ်က ရန်မိသားစုရဲ့ သခင်ငယ်ရန်ယွင်ဖုန်းပဲ ... အတွင်းတပည့် ထဲမှာတောင် ပဉ္စမမြောက် အထူးချွန်ဆုံးပါ တကယ့်ကို အရည်အချင်း ရှိတယ်။ ”
တျန်ယွဲ့မှ အဝေးကနေ ကြည့်ကာ နှမျောတသစွာဖြင့် ပြောကြားလိုက်သည်။ စုရီက တုန့်ပြန်မှု မရှိချေ။ ပြုံးပြီး ကြည့်နေ၏။
ဝမ်လင်ရွယ်သည် သွေးသန့်စင်ခြင်း ပြီးပြည့်စုံမှုကို ရောက်ရှိနေပြီ နှစ်ဝက်အတွင်း ချီသန့်စင်ခြင်းသို့ ရောက်ရှိလာနိုင်မည်။
တစ်ဖက်တွင် စုရီသည် စိတ်ပျက်အားငယ်ခြင်း မရှိသည်ကို မြင်သဖြင့် တျန်ယွဲ့မှ မျက်ခုံးပင့်မိ၏။ ယောကျ်ားများသည် ဦးနှောက်ပါပုံမရချေ။
ထိုစဉ် ဝမ်လင်ရွယ်ခမျာ ဆုံးဖြတ်ရ ခက်နေဟန်ဖြင့် ခေါင်းမော့မိစဉ် ရုတ်တရက် အံ့သြသွားတော့၏။
“ ခဲအို ... အစ်ကိုစု၊ နင်ဒီကို ဘယ်တုန်းက ရောက်နေတာလဲ။ ”
“ ဘာလို့လဲ ... မကြိုဆိုဘူးလား။ ”
စုရီက အပြုံးဖြင့် ပြန်မေးကာ လင်ရွယ်ခေါင်းကို ပုတ်လိုက်၏။ ထိုအပြုအမူကြောင့် တျန်ယွဲ့အပါအဝင် လူတိုင်းခမျာ မျက်လုံးပြူးသွားကြသည်။
“ ဟမ့် ... နင်က ဝမ်လင်ရွယ်ရဲ့ ခဲအိုလား။ ”
တျန်ယွဲ့မှ သည်းမခံနိုင်တော့ဘဲ စိတ်ရှုပ်ထွေးသွားသည်။ လင်ရွယ်က တျန်ယွဲ့ထံ လှည့်ကြည့်ကာ၊
“ ခဲအို ... ဂျူနီယာတျန်ယွဲ့နဲ့ အသိလား။ ”
-ဟု မေးမြန်းလိုက်၏။
“ မင်းရဲ့ ဂျူနီယာညီမက ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ ငါတို့ ပထမဆုံး တွေ့ပေမယ့် လမ်းပြပေးပါတယ် မဟုတ်ရင် ဒီနေရာကို ရှာမတွေ့တော့မှာ ငါကြောက်မိတယ်။ ”
“ ဟမ့် ... ဘာလို့ ဒီလောက် ရှင်းပြနေရတာလဲ ... စီနီယာအစ်မလင်ရွယ်က နင့်ခယ်မပါ ကြောက်နေစရာ မလိုပါဘူး။ ”
တျန်ယွဲ့က မနာလိုစိတ်ဖြင့် ဝင်ရောက်ပြောကြားလာ၏။ ထို့ကြောင့် ဝမ်လင်ရွယ်မှ မျက်ခုံးပင့်လိုက်ကာ၊
“ နင် ... ငါ့ခဲအိုကို ကြိုက်နေတာလား။ ”
-ဟု မေးမြန်းတော့သည်။
“ ဟုတ်တယ် ... သူက အရမ်း ဆွဲဆောင်မှုရှိတယ် ငါဒီလိုယောက်ျားမျိုးကို ကြိုက်တယ် ဘာဖြစ်လဲ။ ”
တျန်ယွဲ့၏ ဤမျှရဲရင့်ပြီး သတ္တိရှိသော အဖြေမျိုး မမျှော်လင့်ထားသဖြင့် လူတိုင်းပါးစပ် အဟောင်းသား ဖြစ်ကုန်၏။
“ စုရီ၊ မင်းကို မနှစ်က ဓားစံအိမ်ကနေ နှင်ထုတ်ခဲ့တယ် မဟုတ်လား ဘာလို့ပြန်လာ ရတာလဲ ... မင်းရဲ့ မိတ်ဆွေဟောင်းတွေ အနိုင်ကျင့်မှာကို မကြောက်ဘူးလား။ ”
ဝမ်လင်ရွယ် အနားရှိ မင်လွီမှ အလိုမကျဟန်ဖြင့် ဝင်ရောက်ပြောကြားလာ၏။ ဝမ်လင်ရွယ်က မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။
“ ဂျူနီယာ ညီလေးစု ... ငါတို့ မတွေ့တာ ကြာပြီနော်။ ”
ထိုအချိန်တွင် ရန်ယွင်ဖုန်းက လှမ်းတက်လာပြီး နှုတ်ဆက်တော့၏။ စုရီမှ ခေါင်းညိတ်ကာ တုန့်ပြန်သည်။
ဤလူငယ်သည် သူပြင်ပတပည့် ဖြစ်စဉ်ကတည်းကပင် သြဇာကြီးမားသော အတွင်းတပည့် တစ်ဦး ဖြစ်သည်။ သို့သော် သူတို့ကြား ပတ်သတ်မှု မရှိချေ။
“ ငါတို့ဧည့်ခံပွဲအတွက် ... နှင်းစံအိမ်ကို သွားဖို့ စီစဉ်နေတာ မင်းငါတို့နဲ့ လိုက်ချင်လား။ ”
စုရီကို ဖိတ်ကြားချင်းမပြုက ဝမ်လင်ရွယ်သည်လည်း ငြင်းဆန်မည်ကို ရန်ယွင်ဖုန်း ခံစားမိ၏။
“ ကောင်းပြီ ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်ရာ ဝမ်လင်ရွယ်တစ်ယောက် ပြုံးရွှင်သွားသည်။
“ ဒါဆို အတူတူ သွားရအောင်။ ”
သူမသည် စုရီတစ်ယောက် ကျင့်ကြံမှု ပြန်ရကာ နဂါးတံခါးချန်ပီယံ ဖြစ်ခဲ့သည်ကို မသိသေးချေ။
“ ယွဲ့အာရော လိုက်လို့ရမလား ... ။”
တျန်ယွဲ့က စုရီအနားမှ မခွာလို သေးသဖြင့် အရဲစွန့်ကာ မေးမြန်းလိုက်သည်။
“ သေချာတာပေါ့။ ”
ထို့နောက်တွင် စောင့်ဆိုင်းနေသော လူငယ်များနှင့် ဂိုဏ်းတံခါးဝတွင် ဆုံမိကြသည်။ လူတိုင်းက ဝမ်လင်ရွယ်ကို မြင်ပြီး ပြုံးရွှင်နေကြ သော်လည်း စုရီထံအကြည့်အရောက်တွင် မျက်မှောင်ကြုတ်ကုန်ကြ၏။
ချန်ကျင်းလုံသာလျှင် စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် ငြိမ်သက်သွားသည်။ တောင်မြစ် ဓားစံအိမ်၌ ဒူးထောက်ခဲ့ရသော မြင်ကွင်းကို မမေ့နိုင်သေးချေ။
( ဒီလူမိုက် ရန်ယွင်ဖုန်း ... သူ့ကိုယ်သူ မကောင်းဆိုးဝါး ကြယ်တစ်ပွင့်ကို ခေါ်ဆောင် လာမိပြီဆိုတာ တကယ် မသိသေးဘူး။)
သို့သော် စုရီမှ သူ့အပေါ် လျစ်လျူရှု ထားသဖြင့် တိတ်တဆိတ် သက်ပြင်းချမိသည်။
“ ဆရာရန် ... ဒီနေ့ နှင်းစံအိမ်မှာ ချာကျင်း ဖျော်ဖြေမယ်လို့ ကြားတယ် ... ဒီအခွင့်အရေးက အရမ်းတန်ဖိုးရှိတယ် မြန်မြန်သွားရအောင် ... ဟား ဟား ဟား ... ။ ”
လူငယ်တစ်ယောက်က ရယ်မောလျက် ဦးဆောင်သွားတော့သည်။ နှင်းစံအိမ်ဟူသည် စည်းစိမ်ချမ်းသာစံအိမ်ကဲ့သို့ နာမည်ကြီးသော ဇိမ်ခံအရပ်တစ်ခု ဖြစ်သည်။
မဏ္ဍပ်များ၊ လှေကားထစ်များ၊ ခြံဝင်းကျယ်များ၊ ရေကန်များ၊ တံတားများ၊ အလှမွေး ငါးကန်များနှင့် အခြားသော ရှုခင်းများ ပါရှိသည့် စံအိမ်ကြီးဖြစ်၏။
သူတို့အဖွဲ့ ရောက်ရှိလာသောအခါ လူလတ်ပိုင်းအရွယ် တာဝန်ခံတစ်ယောက်က တံခါးဝတွင် စောင့်ကြိုနေသည်။
“ ဦးလေးဟုန် ... ၊ လူကိုယ်တိုင် လာစောင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်သောအခါ ရန်ယွင်ဖုန်းမှ အံ့သြသွားခဲ့ပြီး ချက်ချင်း ပြန်လည် နှုတ်ဆက်လေသည်။
“ ရန်သခင်လေးမို့ ... ကိုယ်တိုင်လာနှုတ်ဆက်တာ သဘာဝပါပဲ။ ”
လူလတ်ပိုင်းအရွယ် တာဝန်ခံက ရန်ယွင်ဖုန်းကိုသာ ဂရုစိုက်ပြီး ပတ်ဝန်းကျင်ရှိ အခြားသူများအပေါ် လျစ်လျူရှုထားသည်။
လမ်းတစ်လျှောက် ရှုခင်းများသည် ဝမ်လင်ရွယ်ကို အမြင်ကျယ်စေ၏။ မဏ္ဍပ်များ၊ ကျောက်ဆောင်များဖြစ်စေ ကျက်သရေရှိပြီး သန့်ရှင်းလှ၏။
ခြံဝင်းတစ်ခုလုံး နှင်းတောင်တန်းအလား အေးခဲနေသည်။ အဆုံးတွင် သည်းမခံနိုင်တော့ သဖြင့် လူတိုင်းမှ ရေရွတ်လိုက်ကြ၏။
“ အရမ်းလှတယ်။ ”
“ ဒါက ဖုန်းရွှေရဲ့ လှည့်ကွက်တချို့ပဲ ဒီနေရာက သီးခြားကမ္ဘာလို့ ထင်ရပေမယ့် အတုလုပ်ထားမှန်း မြင်သာလွန်းပါတယ် ... ။ ”
စုရီက ရှင်းပြလိုက်သည်။ သူတို့စကားပြောနေစဉ် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။
အစေခံများမှ ပြတင်းပေါက်များကို ဖွင့်လှစ်လျက် ကျောက်စိမ်းရင်ပြင်ကြီးတစ်ခုထံ မြင်သာအောင် ပြသလာကြ၏။
ထိုရင်ပြင်ပေါ်တွင် ဂီတသမားများနှင့် ကချေသည်အချို့ တင့်တယ်စွာ ကပြနေသည်။
“ မင်းတို့အားလုံး ဒီကနေ ပျော်ပျော်ပါးပါး ကြည့်ရှုနိုင်ပါတယ် တစ်ခုခုလိုရင် အစေခံတွေနဲ့ ပြောလို့လည်းရပါတယ်။ ”
ဦးလေးဟုန်မှ ရိုးရှင်းသော ညွှန်ကြားချက်အချို့ အစေခံများထံ ထားရစ်က လှည့်ထွက်သွားတော့သည်။
ရန်ယွင်ဖုန်းနှင့် အခြားသူများက စကားစမြည်ပြောကြားလျက် ချက်ချင်းပင် လေထုကို အသက်ဝင်စေသည်။ လူတိုင်းက ရန်ယွင်ဖုန်း၏ ဂုဏ်ကျက်သရေကို မနာလိုကြချေ။
တျန်ယွဲ့နှင့် ဝမ်လင်ရွယ်သည်သာ စုရီကို ဂရုတစိုက်ရှိသည်။ ကျန်လူငယ်များမှာ လုံးဝ လျစ်လျူရှုထား၏။
တစ်ဖက်တွင် ချန်ကျင်းလုံသည် စုရီနှင့် မျက်နှာချင်းဆိုင် ထိုင်နေရသဖြင့် မသက်မသာ ဖြစ်လာပြီး မျက်လုံးချင်းဆုံရန်ပင် စိုးထိတ် နေခဲ့တော့၏။
***