ကျန်းမျိုးနွယ်၏ အတိတ်ဖြစ်ရပ်များ
Vol. 009 Ch. 826
သူစိမ်းတွေကို စကားမပြောဘူးဟုတ်လား။ ဘာလဲဟ။
“ခင်ဗျားကြည့်က အရိပ်ကျနေပြီး အပြုံးက အာရုံစိုက်စေတဲ့အပြုံးမျိုး၊ ခင်ဗျားက လူဆိုးဆိုတာ တစ်ချက်တည်းနဲ့ပြောနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားလိုလူက လူကောင်းမဟုတ်ဘူး ဆိုတာ ကျွန်တော်ပြောနိုင်တယ်”
“လူကောင်းမဟုတ်ဘူးဟုတ်လား” ရှီချန်ကျိ မျက်တောင်ခတ်လိုက်သည်။ သူသည် တကယ်ပဲ လူကောင်းမဟုတ်သော်လည်း ခန့်ညားပြီး ဆွဲဆောင်မှုရှိကာ တင့်တယ်သောလူဖြစ်သည်။ သူက ဘာကောင်မှမဟုတ်အောင်လို့ သူမ ဘယ်လိုများလုပ်လိုက်တာလဲ။ သူက ဘယ်လိုလုပ် လူဆိုးဖြစ်သွား ရတာလဲ။
ပြီးတော့ သူ့အပြုံးက သေချာပေါက် အသက်ရှုရပ်သွားစေလောက်တဲ့ ကောင်းချီးပေးခံရမယ့် အပြုံးမျိုးလေ။ သူမ ပြောသလိုဘယ်လိုလုပ် အမှောင်ကျနေရမှာလဲ။
သူစကားပြောလိုသော်လည်း ရှီမာယူယူသည် သူ့ကိုဂရုမစိုက်ပဲ ထွက်သွားလေပြီ။
သူသည် ထိုနေရာတွင်ပင် ရပ်ကာ သူမထွက်သွားသည်ကို စိတ်ဝင်တစားကြည့်နေမိသည်။
“ဆရာအံ့ဖွယ်တမန်တော်” အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်သည် သူ့အနောက်တွင် ပေါ်လာသည်။
“ဘာလဲ” ရှီချန်ကျိ၏ မျက်လုံးမှာမှေးသွားပြီး ဒုစရိုက်သားရောင်ဝါထွက်လာသည်။ သူ၏ နူးညံ့သော စရိုက်မှာ ဟန်ဆောင်ရုံသက်သက်ပင်ဖြစ်နိုင်သည်။
“သူတို့ရှိတဲ့နေရာကို တွေ့ပြီ” ထိုလူပြန်ဖြေလေသည်။
“ရှာတွေ့မှတော့ သူတို့ကိုသင်ခန်းစာပေးလိုက်လေ” ရှီချန်ကျိ ပြောလေသည် “တကယ်ပဲ အဲကောင် ကျူရှန့်ကတော့ သူ့လက်နဲ့လက်တုန့်မပြန်ဘူး၊ သူ့ကိုမသတ်ပဲ အမုန်းနဲ့ အံကြိတ်နေအောင် အတင်းလုပ်နေတယ်၊ ဒီခံစားချက်ကတကယ်ပဲ… ခါးတယ်”
“ဆရာအံ့ဖွယ်တမန်တော်၊ ကျန်းကျူကျိနဲ့ ဆရာညာလက်ရုံးနဲ့က အမွှာတွေ၊ တကယ်ပဲ အဲလောက်ရက်စက်မှရမှာလား” ထိုလူမေးလေသည်။
“အမွှာတွေဟုတ်လား” ရှီချန်ကျိ အေးစက်စွာနှာမှုတ်လေသည်။ “ကျန်းမျိုးနွယ်က ကျူရှန့်ကို အစောကြီးကတည်းက လက်လွှတ်လိုက်ပြီ၊ သူက ကျန်းမျိုးနွယ်မဟုတ်တော့တာ ကြာပြီ၊ ကျန်းကျူရှန့် ရဲ့သွေးတွေ သူ့ခန္ဓာကိုယ်ထဲရှိနေလို့သာ ကျန်းကျူကျိ အသက်ပြန်ရှင်နိုင်တာ၊ မဟုတ်ရင် သူသေသွား တာ အကြိမ်ပေါင်းနည်းမှာမဟုတ်ဘူး၊ သူဘယ်လို နေနိုင်မှာလဲ”
“သူ့သွေးတွေက ညာလက်ရုံးရဲ့သွေးတွေလား”
“အင်း အဲနှစ်က ကျန်းမျိုးနွယ်ဝင်တွေက အဲညီအစ်ကိုကိုထုတ်လာခဲ့တယ်၊ လမ်းမှာ ကျန်းကျူကျိက သူ့ရဲ့စရိုက်ကြောင့် အဆိပ်သမားတော်တစ်ယောက်ရဲ့ အဆိပ်ကိုမိခဲ့တယ်၊ ကုမရတဲ့ အတွက် နီးစပ်ရာဆွေမျိုးတစ်ယောက်ရဲ့ သွေးနဲ့မှကယ်လို့ရမယ်” ရှီချန်ကျိသည် ဖြေးညင်းစွာပြောလေ သည် “ကျန်းရှန့်ရဲ့အမေက ကျန်းရှန့်ကိုပဲပထမဆုံးတွေးမိခဲ့တယ်၊ သူမက အစ်ကိုကို အသက်ရှင်စေဖို့ သူ့ရဲ့ညီသွေးနဲ့ လဲစေချင်ခဲ့တယ်”
“ညာလက်ရုံးရဲ့အမေကဘာလို့အဲလိုလုပ်တာလဲ နှစ်ယောက်လုံးက သူမရဲ့ သားတွေမဟုတ် ဘူးလား”
“သူတို့နှစ်ယောက်လုံးက သူမ သားတွေမဟုတ်ဘူးလားလို့မေးလိုက်တာလား” ရှီချန်ကျိသည် ခေါင်းရမ်းကာ သက်ပြင်းချလေသည် “ကျူရှန့် ဖားရတာမကြိုက်ဘူး၊ သူ့စွမ်းအားတွေကို ထုတ်ကြွားရ တာ မကြိုက်ဘူး၊ ဒါပေမဲ့ သူ့အစ်ကိုက လုံးဝဆန့်ကျင်ဘက်ပဲ၊ အခွင့်အရေးရတိုင်းကြွားတယ်၊ အဲတုန်း က ကျန်းကျူကျိက ကျန်းကျူရှန့်ထက် ပိုအားကောင်းတယ်လို့ ကျန်းမျိုးနွယ်ဝင်တွေထင်ခဲ့ကြတယ်၊ အဲဒါကြောင့် အဲလိုဖြစ်တဲ့အချိန်မှာ သူ့ကိုကယ်ပြီး ကျန်းမျိုးနွယ်ရဲ့ အရည်အချင်းကို မပျက်အောင်ထား ချင်ခဲ့ကြတယ်”
“ဒါပေမဲ့ ဆရာညာလက်ရုံးရဲ့ အရည်အချင်းက ကျန်းကျူကျိထက်သာတယ်ဆိုတာ သိသာနေ တာပဲလေ”
“အမှန်ပဲ ကျူရှန့် ကျင့်ကြံရင်းနဲ့ပဲ အချိန်တွေကိုကုန်ဆုံးတယ်၊ သူက ကျန်းကျူကျိထက် ပို အရည်အချင်းရှိတယ်၊ အဲတော့ အဲလူထက် ဆိုးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက ဖုံးဖိနေ လို့သာ တခြားလူတွေမသိကြတာ” ရှီချန်ကျိ ဝမ်းနည်းစွာပြောလေသည် “အဲတုန်းက ကျူရှန့်က သူ့အမေတောင်းဆိုတာကိုလည်း ကြားရော မှင်တက်သွားခဲ့တာ၊ သူ့အမေကိုယ်တိုင်ကိုက အဲလိုပြော မယ်ဆိုတာ သူ မယုံကြည်ခဲ့ဘူး၊ ဒါပေမဲ့ သူ မယုံပေမယ့် အခံရခက်တဲ့လက်တွေ့ကို မရှောင်နိုင်ခဲ့ဘူး၊ နောက်တော့ သူ့အမေပြောလိုက်တဲ့အချိန်မှာ တခြားသူတွေလည်း အဲလိုတွေးကြတယ်၊ သူ့အသက်ကို သုံးပြီး သူ့အစ်ကိုအသက်နဲ့လဲရတာကို တန်တယ်လို့ထင်ကြတယ်၊ အဲလိုနဲ့ပဲ သူတို့က သူတို့ အရည်အချင်းကို ထိန်းသိမ်းချင်ကြတာ”
“ဆရာညာလက်ရုံးက သူနဲ့လဲလိုက်လား”
“လဲလိုက်တယ်၊ သူ့မျိုးနွယ်ဝင်တွေ ဘယ်လောက်အေးစက်လဲဆိုတာကြည့်ရင်၊ သူက သူ့အစ်ကိုထက်အားကောင်းတယ်ဆိုတာ မပြောခဲ့ဘူး၊ သူမလုပ်ချင်ပေမယ့် မဖြေရှင်းသလို သူ့မျိုးနွယ် ဝင်တွေရဲ့ ဖိအားကိုလည်း မတိုက်ခိုက်ခဲ့ဘူး၊ သူတို့က ဖိအားပေးပြီး သွေးတွေကိုလဲစေခဲ့တယ်” ရှီချန်ကျိသည် သူ့သူငယ်ချင်းခံစားခဲ့ရသည်ကို ပြန်တွေးကာ ဒေါသထွက်မိသည်။
“အဲနောက်ကို ဆရာညာလက်ရုံးဘာဖြစ်ခဲ့လဲ”
“သွေးလဲပြီးနောက်မှာ သူ့ကိုမျှော်လင့်ချက်မရှိတော့ဘူးလို့ ကျန်းမျိုးနွယ်က သမားတော်က ပြောခဲ့တယ်၊ အဲလိုနဲ့ သူ့မျက်လုံးထဲက အမုန်းတရားကို သူတို့တွေ့တာနဲ့ သူ့ကို နှင်းထဲမှာပစ်ထားခဲ့ ကြတယ်၊ သူ့အဖေရဲ့ တဒင်္ဂသနားကြင်နာမှုကြောင့်သာ သူ့ကိုရက်နည်းနည်းလောက်အသက်ရှင်ခွင့် ပေးလိုက်ပြီး သူ့ဘာသာသေအောင်ပစ်ထားလိုက်တာ၊ မဟုတ်ရင် သူတို့က သူ့ကိုတစ်ခါတည်းသတ် ပစ်ကြတော့မှာ၊ အဲနေ့ကအရမ်းအေးတာ၊ ဒါပေမဲ့ သူ့မှာတိုက်ဖို့ ဝိဉာဉ်စွမ်းအင်သုံးဖို့လည်း မဖြစ်နိုင်ခဲ့ ဘူး၊ သူ နှင်းထဲမှာ ၃ရက်နေခဲ့ရတယ်၊ အဲတုန်းက သူက အသက်၂၀ပဲရှိသေးတယ် ဒါပေမဲ့ သူ့နှလုံးသား ကတော့ ချက်ချင်းပဲ အိုမင်းသွားနေပြီ”
“ကျန်းမျိုးနွယ်ဝင်တွေက အရမ်းရက်စက်တယ်၊ ဆရာညာလက်ရုံးက ဘယ်လိုလုပ် အသက်ရှင် နိုင်တာလဲ”
“နောက်တော့ သူ့ကိုအဆိပ်ခတ်တဲ့လူက သူ့ကိုမြင်သွားတဲ့အခါမှာ အသက်ရှိနေသေးတာကို တွေ့သွားတယ်၊ အဲလူက သူအဆိပ်ခတ်ချင်တဲ့လူက ကျူရှန့်မဟုတ်တာကို သိသွားတော့ ပြန်ခေါ်ပြီး ကယ်ခဲ့တယ်၊ နောက်တော့ သူ့အသက်ကိုကယ်နိုင်လိုက်ပေမယ့် သူ့အရင်စွမ်းအားတွေပျောက်သွားပြီး တစ်ချိန်လုံး သူအိပ်ပျော်နေခဲ့တယ်၊ နောက်တော့ သူ့ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုတွေ့ ခဲ့တယ်၊ အိပ်နေရင် သူ့အားတွေပြန်ပြည့်လာတာဖြစ်နိုင်တယ်၊ အဲလိုနဲ့ပဲ သူအခုလို အားကောင်းလာ တာပဲ”
“ဆရညာလက်ရုံးကို အဆိပ်ခတ်တဲ့တစ်ယောက်က သူလား” ထိုလူသည် ခန့်မှန်းလေသည် “ဆရာအံ့ဖွယ်တမန်တော် အဲဒီကျန်းမျိုးနွယ်တွေက အရမ်းရက်စက်တယ်၊ သူတို့ကို တစ်ခါတည်းရှင်း ပစ်မယ်”
“မင်းတခြားသူတွေကိုတော့ သတ်လို့ရတယ် ကျန်းကျူကျိကိုတော့ချန်ထား၊ သူ့ကို ကိုယ်တိုင် ရှင်းမယ်လို့ ကျူရှန့်ပြောတယ်” ရှီချန်ကျိ ပြောလေသည်။
“ဟုတ်ကဲ့ပါ ဆရာအံ့ဖွယ်တမန်တော်”
“သွားတော့”
ထိုလူသည် ရုတ်တရက်ပျောက်ကွယ်သွားသည်နှင့် ရှီချန်ကျိသည် ညောင်ပင်ကြီးဆီမှထွက်ခွာ ခဲ့သည်။ သူ အရှေ့သို့ခြေလှမ်းနှစ်လှမ်းလျှောက်ပြီးနောက်တွင် သစ်ပင်ပေါ်သို့လှည့်ကြည့်လိုက်ရာ နှုတ်ခမ်းမှာ အပေါ်တက်သွားပြီး ပြုံးလိုက်လေသည်။
ကျူရှန့်၊ မင်းငါ့ကိုနောက်မှကျေးဇူးတင်တော့။
သူထွက်သွားပြီးသည်နှင့် နီရဲပျားလေးတစ်ကောင်သည် ညောင်ပင်ကြီးဆီမှ ပျံထွက်သွားလေ သည်။ ပျားလေးသည် လမ်းနှစ်လမ်းကိုဖြတ်ပြီးနောက် ရှီမာယူယူ၏ လက်ထဲသို့ဆင်းသက်လိုက်လေ သည်။
“စီနီယာအစ်ကိုကြီး တစ်ချိန်လုံးအိပ်နေတာက ဝါသနာလို့ထင်နေတာ သူ့ရဲ့ကျန်းမာရေး ကြောင့်ကိုး” သူမ သက်ပြင်းချကာ နီရဲပျားကိုသိမ်းပြီးနောက် လမ်းဆက်လျှောက်သွားသည်။
သူမ နီရဲပျားကိုထားခဲ့ရခြင်းမှာ သူမကို ကယ်ခဲ့သောလူ၏ သရုပ်မှန်နှင့် ရည်ရွယ်ချက်ကို သိချင် သောကြောင့်ဖြစ်သည်။ ဒီလိုအဖြစ်များကို သိခဲ့ရလိမ့်မည်ဟု မထင်မိပေ။
ရှီချန်ကျိသည် နီရဲပျားရှိနေသည်ကို အစကတည်းကသိသော်လည်း ကျန်းကျူကျိနှင့် သူတို့၏ စီနီယာအစ်ကိုကြီးကြားမှ ရန်ငြိုးကို သူတို့ကိုသိစေချင်သဖြင့် တမင်တကာပြောနေသည်ကို သူမ တွေး မိသည်။
သူတို့တွေ့ဆုံမှုမှာ သက်ပြင်းချစရာဖြစ်ခဲ့သော်လည်း ထိုအဖြစ်အပျက်မှာ ကျန်းကျူရှန့် နတ်ဆိုး ဓားကို ဆွဲထုတ်သည့် အကြောင်းအရင်းမဟုတ်သေးပေ။
ဟူး… သူမ ပြန်ရောက်တာနဲ့ စီနီယာတွေကို ပြောပြရဦးမယ်။ သူတို့ နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ပေါ့တာပေါ့။
သူမ အိမ်သို့ပြန်ရောက်သည်နှင့် ရှီမာလိုင်နှင့် တခြားသူများသည် အထုတ်ထုတ်ပြီးနေပြီ။
“အဘိုး၊ အဒေါ်လန်၊ အဒေါ်ယု တကယ်ပဲလိုက်ချင်လို့လား” ရှီမာယူယူ မေးလိုက်သည်။
“မင်း ကျောင်းကိုသွားတဲ့အချိန်ကို အဒေါ်တို့ကိုခေါ်ထုတ်ဖို့မလိုဘူးရယ် ကျင့်စဉ်အတွက်ပို တောင်ကောင်းသေးတယ်” ကျူလန် ပြောလေသည် “ဟန်လေးက နှစ်တွေအများကြီးနှောင့်နှေးပြီးပြီ၊ သူသာ အထဲဝင်ပြီးကျင့်ကြံမယ်ဆိုရင် သူ့အတွက်လည်း ကောင်းမယ်”
“ဒါဆိုလည်း ကောင်းပါပြီ အထုတ်တွေပြင်ပြီးပြီလား”
“ကြာပေါ့” ရှီမာလိုင် ပြောလေသည် “သမီးအမှတ်တရစားသောက်ဆိုင်မှာ ရှင်းစရာကိစ္စတချို့ အဖိုးထားခဲ့တာရှိတယ်”
“အမှတ်တရစားသောက်ဆိုင်ကိစ္စကို အများကြီးစိတ်ပူဖို့မလိုပါဘူး ဒါဆိုရင် အခုပဲခေါ်သွား လိုက်တော့မယ်”
“အင်း”
ရှီမာယူယူသည် သူတို့ကို ဝိဉာဉ်စေတီသို့ခေါ်သွားလိုက်သည်။ သူတို့သည် ရင်းနှီးသော ပတ်ဝန်းကျင်ကိုမြင်သောအခါ အတိတ်ကိုအနည်းငယ် လွမ်းဆွတ်သလိုဖြစ်မိသည်။
တကယ်တော့ ထိုနေရာတွင် လူသားနည်းသည်။ အဖြူရောင်ဗျိုင်းမျိုးနွယ်အကြီးအကဲ ဆယ်ဂဏန်းလောက်နှင့် ဟိန်းသံလေးတို့သည် သွားသွားလာလာလုပ်နေကြသည်။ အသက်ဝင်မှုတော့ ရှိသည်။
“အဘိုးတို့သွားပြီး အခန်းရှာလိုက်ကြပါ”
“အင်း”
ရှီမာလိုင်တို့သည် သူတို့အရင်နေသော အိမ်ကိုသာရွေးလိုက်ကြသည်။ ရှီမာယူယူ နေရာအား ပတ်ကြည့်ပြီးနောက် ပြန်ထွက်မည်အပြုတွင် ဝိဉာဉ်လေးသည် သူမရှေ့ရုတ်တရက်ပေါ်လာကာ သူမ အား မျှော်လင့်တကြီးကြည့်လေသည်။
***