အခန်း (၈၂၃)
Vol. 56 Ch. 823
လျှိုဝမ်ရှစ် နှင့် ချင်စုန့်ပေါင်တို့၏ ဟင်းပွဲများသည် အမှတ်ပြည့် ရရှိခဲ့ကြသည်။ ထို့ကြောင့် မည်သူက ပိုမို၍ သာလွန်ကောင်းမွန်သည် ဆိုခြင်းကို ခွဲခြား၍ မရနိုင်ပေ။ ပွဲစီစဉ်သူများက နောက်တစ်ပွဲ ထပ်မံ ယှဉ်ပြိုင်ရန်သာ ဆုံးဖြတ်ကြတော့သည်။
တခြားသော ပြိုင်ပွဲဝင် ရှစ်ယောက်တို့မှာမူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြရသည်။ ဒိုင်လူကြီးများသည် ၎င်းတို့၏ ဟင်းပွဲများအား မြည်းစမ်းခြင်းပင် မပြုလုပ်ခဲ့ကြပေ။
တကယ်တော့ မြည်းစမ်းခြင်း၊ မမြည်းစမ်းခြင်းက အရေးမကြီးတော့ချေ။ မည်မျှအရသာ ရှိသော ဟင်းဖြစ်နေပါစေ လက်ရှိတွင် ဗိုလ်ဆွဲရန် မဖြစ်နိုင်တော့သော ဟင်းပွဲများဖြစ်သွားခဲ့ပြီဖြစ်သည်။ လူတိုင်းသည် ပထမ နေရာကိုသာ စိတ်ဝင်စားကြသည်။ ဒုတိယ နှင့် တတိယ နေရာသည် ၎င်းတို့အတွက် အဓိပ္ပာယ်မရှိလှချေ။
“ဟင်း …”
အားလုံးသော ပြိုင်ပွဲဝင်တို့ ခေါင်းကို ခါယမ်းကာ စင်မြင့်ပေါ်မှ ဆင်းသက်သွားကြတော့သည်။ သူတို့သည် လျှိုဝမ်ရှစ် နှင့် ချင်စုန့်ပေါင်တို့အား လှမ်း၍ ကြည့်လိုက်မိချိန်မှာတော့ မည်သို့မှ မယှဉ်နိုင်အောင် မြင့်မားသော တောင်ကြီးနှစ်လုံးကဲ့သို့ ထင်မှတ်နေမိသည်။
၎င်းတို့၏ အချက်အပြုတ်စွမ်းရည်များသည် ညံ့ဖျင်းလှသည်မဟုတ်ပေ။ တကယ့် မွန်းစတား နှစ်ယောက်နှင့် ထပ်တိုက် တွေ့ခဲ့ခြင်းသာလျှင် ဖြစ်တော့၏။
ပွဲစီစဉ်သူများသည် မီးဖို ရှစ်ခုအား စင်မြင့်ပေါ်မှ ဖယ်ရှားလိုက်ကြသည်။
ကြီးမားလှသော အိုးများနှင့် ချက်ပြုတ်ရတော့မည် ဖြစ်သောကြောင့် မီးဖိုအကြီးနှစ်ခု နှင့် ပြန်လည် အစားထိုး ပြင်ဆင်ပေးထားကြတော့၏။
ပြိုင်ပွဲကို လာရောက်ကြည့်ရှုသူများမှာ တစ်သိန်းကျော်ထိ ရှိလို့နေသည်။ တစ်ယောက်ကို တစ်ဇွန်းစားမည် ဆိုလျှင်တောင်မှ များပြားစွာ ချက်ပြုတ်ရမှာ သေချာသည်။ ထို့ကြောင့်ပင် ပွဲစီစဉ်သူများသည် သေချာဆွေးနွေး ပြီးသည့်နောက် အစားအစာကို မြည်းစမ်းရန် လူ ငါးထောင်ကိုသာ ရွေးချယ်လိုက်ကြတော့သည်။
လူတော်တော်များများသည် အင်ပါယာမြို့မှ လူများဖြစ်ကြပြီး ထိပ်တန်းမိသားစု၏ အကြီးအကဲများ၊ နာမည်ကျော်ကြားသော သူများ ပါဝင်ကြ၏။
ပို၍ အရေးကြီးသည်မှာ ပြိုင်ပွဲဝင်နှစ်ယောက်နှင့် ပတ်သက်နေသောသူများအား ဖယ်ရှားထားကြခြင်းပင်။ ဘက်လိုက်မှု မဖြစ်ပေါ်စေရန် ပွဲစီစဉ်သူများကို သေချာ စီမံထားနိုင်သည်ဟု ဆိုရမည်။
“ပွဲပြီးပြီ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီထိုင်လိုက်သည်။ သူ၏ မျက်နှာကတော့ ပြုံးလျက်ရှိ၏။
သူလုပ်ခဲ့သမျှသော အရာအားလုံးသည် လျှိုဝမ်ရှစ် အတွက်ပင် ဖြစ်သည်။ ချက်ပြုတ်ခြင်း စွမ်းရည် အရဆိုလျှင် ချင်စုန့်ပေါင်သည် ခေသူ တစ်ယောက်မဟုတ်ချေ။
ထို့ကြောင့် ဤအတိုင်းဆက်လက် ပြိုင်နေမည် ဆိုပါက ဒိုင်ရှစ်ယောက်တို့၏ အမှတ်ပြည့်ပေးခြင်းဖြင့်သာ သံသရာ ခရီးက လည်၍နေပေလိမ့်မည်။ ထို့ကြောင့် ပွဲကြည့်ရှုသူများကလည်း ဝင်ရောက်ကာ ဆုံးဖြတ်ပေးရန် လိုလာတော့သည်။
“ဒါက ထောင်ချောက်တစ်ခု မဟုတ်လား” စနစ်က အငေါ်တူးလိုက်၏။
လျှိုဝမ်ရှစ်သည် ပြိုင်စံရှားဂိုဏ်းသားများအတွက် နှစ်ပေါင်းများစွာ ချက်ပြုတ်ကျွေးမွေးလာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ များပြားစွာ ချက်ပြုတ်ကျွေးမွေးရခြင်းသည် သူမ ၏ အားသာချက်ပင်ဖြစ်လို့နေ၏။ သို့ပေမဲ့ လက်ခံသူသည် တရားမျှတသူ တစ်ယောက်ကဲ့သို့ ဟန်ရေး ပြလျက်ရှိသည်။
လက်ခံသူသည် ကိုယ်တိုင်ဤသို့သောအကြံကို ထ၍ ပေးခဲ့သည်သာမက ဤအကြံအတိုင်း လိုက်ပါ လုပ်ဆောင်ရန် မြို့တော်ဝန်ဟန်ကိုပါ ဖိအားပေးခဲ့သေးသည်။ သောက်ကျိုးနည်းလှချေ၏။
“ဂိုဏ်းချုပ် …”
လျှိုဝမ်ရှစ် က အသံပို့လွှတ်လိုက်သည် “ဒါ မကောင်းဘူး ထင်တယ်”
ဂိုဏ်းချုပ်၏ ရည်ရွယ်ရင်းကို သူမ ကောင်းကောင်းသိသည်။ ထိုအရာသည် ပြိုင်ပွဲတွင် သူမအား အသာစီး ရယူရန် ပြင်ဆင်ပေးခြင်း ဖြစ်ကြောင်း သိရှိ၏။ သို့ပေမဲ့ ထိုသို့ ယှဉ်ပြိုင်ရလျှင် တရားမျှတမှု မရှိဟု ထင်မှတ်မိနေသည်။
“ကောင်မလေး …”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည် “အစားအစာ ဆိုတာ အားလုံးအတွက်ပဲ။ လူတစ်ဦး တစ်ယောက်တည်း အတွက် ကိုယ်စားပြုတာ မဟုတ်ဘူးလေ။ ဒီတော့ အစားအစာ ရဲ့ တန်ဖိုးကို ထုတ်ဖော်ရမယ် ဆိုရင် လူဘယ်လောက်များများရဲ့ ကျေနပ်မှုကို ရရှိစေလဲ ဆိုတာအပေါ် မူတည်လိမ့်မယ်။”
ဤကဲ့သို့သော စကားလုံးသည် ပါးစပ်မှ ထုတ်ပြောလိုက်သော သူကိုယ်တိုင်ပင်လျှင် ကြက်သီးတွေ ထသွားစေသည့် စကားလုံးမျိုးဖြစ်တော့သည်။
လျှိုဝမ်ရှစ်သည် ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်း က ထပ်မံကာ ရှင်းပြလိုက်သည် “အားလုံးရဲ့ အသိအမှတ် ပြုမူကို ရမှသာ အစစ်အမှန် စားဖိုမှုးြုဖစ်လိမ့်မယ်။”
စနစ် က ပြောလိုက်၏ “ပေါက်တတ်ကရတွေ ပြောဖိုဆို လက်ခံသူ က ဖြစ်တယ်”
“ကျွန်မ နားလည်ပါပြီ”
လျှိုဝမ်ရှစ်၏ အကြည့်များသည် လေးနက်တည်ကြည်သွားသည်။
“အိုးကြီးချက်ရမှာလား”
ချင်စုန့်ပေါင်သည် မေးစေ့ကို ပွတ်သပ်လိုက်၏ “ဒါက စိတ်ဝင်စားစရာပဲ”
သူသည် စားဖိုမှုး နတ်ဘုရားဆီမှ အရာတော်တော်များများကို သင်ကြားခဲ့သည်။ သို့ပေမဲ့ လူငါးထောင်စာ ချက်ပြုတ်ခြင်းမျိုးကိုတော့ တစ်ခါမှ မလုပ်ဖူးချေ။ ဤအရာသည် စိန်ခေါ်မှု တစ်ခု ဖြစ်ပေလိမ့်မည်။
ဟောင်ကျိကျန် သည် ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည် “လေးနာရီအတွင်း လူငါးထောင် စာ အတွက် ချက်ပြုတ်ပေးရမယ်။ အားလုံးရဲ့ မှတ်ချက်ကောင်းကို ရရှိသူက ဒီနှစ်ရဲ့ စားဖိုမှုး နတ်ဘုရားပဲ”
“ပြိုင်ပွဲ ………. စပြီ”
လျှိုဝမ်ရှစ်သည် ညာဘက်ခြမ်းမှ မီးဖိုဆီ အရင်ဆုံး သွားလိုက်သည်။
ချင်စုန့်ပေါင်သည်လည်း တက်လှမ်းလာသည်။ မီးဖို၏ ဘေးတွင် ရှိနေသော ပါဝင်ပစ္စည်းများကို မြင်ရတော့ သူ အံ့အား သင့်မိနေသည်။ “ဒီလောက်များတာလား”
ဤကဲ့သို့ များပြားလှသော ပစ္စည်းများနှင့် ချက်ပြုတ်ရခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။ ထို့ကြောင့် အလွန်တရာ ခက်ခဲမှာ သေချာ၏။
လျှိုဝမ်ရှစ်က လှမ်းပြောလိုက်သည် “အဆင်မပြေဘူးထင်ရင် ပြိုင်ပွဲပုံစံကို ပြောင်းလို့ရတယ်နော်”
ဂိုဏ်းချုပ်သည် သူမ အား မည်သို့ပင် နှစ်သိမ့်ထားသည် ဆိုဆို တစ်ဖက်လူ အပေါ်တွင် သူမ အခွင့်အရေး မယူချင်ပေ။
“ရတယ်။” ချင်စုန့်ပေါင်က လေးလေးနက်နက် ပြောလိုက်သည်။
“ကောင်းပြီ”
လျှိုဝမ်ရှစ် သည် မည်သည့်စကားမှ ဘာဆိုတော့ချေ။ လက်ကို ယမ်းခါပြီးနောက် ဂျုံမှုန့်ထုတ်ကြီးကို ထုတ်ယူကာ စားပွဲပေါ် ဖြူးလိုက်သည်။ ပြီးနောက် ရေနှင့် ရောကာ နှယ်တော့၏။
“ခေါက်ဆွဲလုပ်မှာလား”
ကျွင်းချောင်ရှောင်း ဆွံံ့အသွားမိသည်။
ဤမိန်းကလေးသည် များများစားစား ချက်ပြုတ်သည့်နေရာတွင် ထမင်းကြော်ကိုသာ ဦးစားပေး ချက်ပြုတ်တတ်သူ ဖြစ်သည်။ အဘယ့်ကြောင့် ခေါက်ဆွဲလုပ်ရန် စဉ်းစားနေရသနည်း။
လျှိုဝမ်ရှစ်သည် လက်များကို ကျွမ်းကျင်စွာ လှုပ်ရှားပြီး ဂျုံများအား ခေါက်ဆွဲပြုလုပ်တော့သည်။ အလွန်တရာ ကြည့်ကောင်းလွန်းလှသော ပြဇာတ်တစ်ခုကို ကြည့်ရှုရသကဲ့သို့ပင် ခမ်းနားလှ၏။
“အံ့အားသင့်စရာပဲ”
အနီးဆုံးတွင်ရှိနေသော ချင်စုန့်ပေါင်သည် ဆွံ့အသွား၏။
တကယ်တမ်းမှာတော့ စုန့်ပေါင်တင် မကပေ။ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သော လင်းရို အပါအဝင် ယှဉ်ပြိုင်ခဲ့သူများ အားလုံးတို့သည် အံ့အားသင့်မိနေကြသည်။ လျှိုဝမ်ရှစ်၏ လက်နှင့် ခန္ဓာကိုယ် လှုပ်ရှားမှုသည် အနုပညာ တစ်ခုလိုပင် ကြည့်ကောင်းလွန်းလို့နေသည်။
ရွှီး .. ရွှီး ..။
မကြာမီမှာပဲ လျှိုဝမ်ရှစ်သည် အိုးကြီးတစ်လုံးထဲသို့ အမဲရိုးအနည်းငယ် ပစ်ထည့်ပြီး ဟင်းခတ်မှုန့်များ ပါ ရောထည့်လိုက်သည်။ ပြီးနောက် မီးအပူချိန်ကို မြင့်ကာ စွပ်ပြုတ် ပြုလုပ်တော့၏။
အချိန်သည် ခဏသာ ရရှိသည်မို့ သူမ က ခေါက်ဆွဲများအား အိုးထဲ ပစ်ထည့်ကာ ပြန်ထုတ်ပြန်သည်။ ပြီးနောက် ရေအေးဖြင့် ပြန်ဆေးလိုက်သည်။
“ဒါက …”
ကျွင်းချောင်ရှောင်း ရုတ်တရက် နားလည်သွားသည် “သူမ က ခေါက်ဆွဲကြော်မလို့ကိုး”
ထင်ထားသည့်အတိုင်းပင် သူမသည် အိုးကို သန့်ရှင်း၍ ဆီများလောင်းထည့်တော့၏။ အိုးပူလာပြီးနောက်မှာတော့ ပါဝင်ပစ္စည်းနှင့် ခေါက်ဆွဲများကို ရောထည့်ပြီး မွှေတော့သည်။
သူမသည် လူငါးထောင်စာ မြည်းစမ်းစားကြည့်စေဖို့အတွက် အများကြီးပြုလုပ်ရမည် ဆိုသော်လည်း စိတ်ထဲမှာတော့ ချမ်းသာလျက်ရှိ၏။ ဂိုဏ်းတွင် လူသောင်းကျော်ရှိနေသည်မို့ သူမ အတွက် ထိုသို့ ပြုလုပ်ရသည်မှာ ခက်ခဲမှု မရှိတော့ချေ။
ဘေးတစ်ဖက်တွင် ရှိနေသော ချင်စုန့်ပေါင်သည် အံ့အားသင်မိနေသည်။
ဤမျှလောက် များပြားသော ခေါက်ဆွဲများအား မွှေနှောက်ကြော်လှော်ဖို့ ဆိုသည်မှာ လွယ်ကူသော အလုပ်တော့ မဟုတ်ပေ။ သူ့အတွက်ဆိုလျှင် တစ်ခါမှ ပြုလုပ်ဖူးသောအရာပင် မဟုတ်ချေ။
“မဖြစ်သေးဘူး။”
ချင်စုန့်ပေါင် က ပြောလိုက်သည် “ငါ ကြိုးစားမှ ဖြစ်မယ်”
သူသည် တစ်ဖက်လူဆီ ရောက်နေသော အာရုံများကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ပြီးနောက် အရည်အသွေးမြင့် အမဲသား ဆယ်ပေါင်ကို ထုတ်ကာ အသေးစိတ် လှီးဖြတ်တော့သည်။
ထိုအရာများအား ရောကြော်ရန် သူ စဉ်းစားထားခြင်းဖြစ်သည်။ သို့ပေမဲ့ အိုးမှာ အလွန်ကြီးမားလွန်းနေသောကြောင့် ပါဝင်ပစ္စည်း၏ အချိုးအစားကို ခန့်မှန်းရန် ခက်ခဲလွန်းနေ၏။
“စားဖိုမှုး နတ်ဘုရားရဲ့ တပည့်က နည်းနည်းအားနည်းတယ်”
“သာမာန်ပဲလေ။ သူက ဒီလောက်များတဲ့သူတွေ အတွက် ချက်ပြုတ်ဖူးမှာ မဟုတ်ဘူး”
………
အချိန်ခဏကြာတော့ လျှိုဝမ်ရှစ်၏ ခေါက်ဆွဲကြော်သည် သုံးဆောင်နိုင်ပြီဖြစ်သည်။ သူမ သည် နောက်ထပ် အိုးအနည်းငယ် ရအောင် ထပ်မံကာ ကြော်လှော်ပြန်၏။ ပြီးသည့်နောက် ပန်းကန်လုံးလေးများထဲ ထည့်ကာ စားပွဲပေါ် စီစီရီရီ တင်ထားလိုက်သည်။
ရွှေရောင်တောက်ပနေသော ခေါက်ဆွဲများကို ကြည့်ရှုပြီးသည့်နောက် စားသုံးရန် အလှည့်ကျနေသော ပရိသတ်များအား ရှေ့သို့ ပြေးတက်ကာ စားသုံးချင်စိတ်ကို မနည်းထိန်းနေကြရ၏။
“ဟူး …”
ခဏလောက်ကြာတော့ ချင်စုန့်ပေါင်သည် သူ၏ ချက်ပြုတ်ခြင်းကို ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ချွေးတပေါက်ပေါက် ကျအောင် ပင်ပန်းခဲ့ရပြီး အချိန်မရွေး မြေပေါ် လဲကျလုမတတ်ပင် ဖြစ်လို့နေသည်။
“ဒိုင်လူကြီး ငါးထောင် ဝင်ပြီး စမ်းမြည်းလို့ရပါပြီ” ဟောင်ကျိကျန်သည် ကျယ်လောင်စွာ အော်လိုက်သည်။
ဒိုင်အဖြစ် မဲပေါက်ကျသော ကြည့်ရှုသူု ပရိသတ်များသည် စင်မြင့်ပေါ်သို့ တက်လာကြပြီး ချင်စုန့်ပေါင်၏ လက်ရာ ကို အရင်ဆုံး မြည်းစမ်းတော့၏။ စားကြည့်ပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် သံပြိုင်ပဲ ထအော်လိုက်ကြမိ၏ “အရမ်းအရသာ ရှိတယ်”
“ဆယ်မှတ်”
“ဆယ်မှတ်”
“ရှစ်မှတ်”
ရုတ်တရက် အသံတစ်ခု ပေါ်လာသည်။ ရှစ်မှတ်ပေးသောသူသည် အင်မော်တယ် တစ်ယောက်ကဲ့သို့ သန့်စင်လှသော အဘိုးအို ဖြစ်နေသည်ကို အားလုံးက မြင်လိုက်ကြရသည်။
ထိုသူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏ “အရသာ က နည်းနည်းလိုအပ်နေတယ်”
“ဆိုးတော့ မဆိုးပါဘူး”
တခြားသော ဒိုင်များကလည်း ခေါင်းညိတ်လိုက်ကြသည်။ ပြီးနောက် အသီးသီး အမှတ်များပေးကြတော့သည်။ ၈ မှတ်၊ ၉ မှတ် များဖြစ်ပြီး ၁၀ မှတ်ပေးသောသူဟူ၍ မရှိချေ။
ချင်စုန့်ပေါင်သည် နာနာကျင်ကျင် ပြုံးလိုက်သည်။
မည်သို့ပင် သူ နာကျင်ခံစားရသည်ဆိုဆို ဧည့်ဒိုင်လူကြီး ငါးထောင်ကတော့ ဆယ်မှတ်တိတိ ပေးခဲ့ကြသည်။ ထို့ကြောင့် သူ၏ နောက်ဆုံးအမှတ်သည် ၅၀၀၈၄ မှတ်ဖြစ်၏။
ဆိုလိုသည်မှာ တစ်ခါမှ မချက်ပြုတ်ဖူးသော ပုံစံမျိုးကို ချက်ပြုတ်ရသည်ဆိုလျှင်ပင် ဤကဲ့သို့သော အမှတ်များ ရရှိသည်ကို ကြည့်လိုက်သည်နှင့် ချင်စုန့်ပေါင်သည် ပါရမီရှင် စားဖိုမှုး တစ်ယောက်ဖြစ်ကြောင်း သိသာနိုင်သည်။
ချင်စုန့်ပေါင်၏ ဟင်းပွဲသည် နည်းပါးသည်မို့ အရေအတွက်အရ မလုံလောက်သော်လည်း လျှိုဝမ်ရှစ်မှာတော့ အများကြီး ကြော်လှော်ထားသည်မို့ ၎င်းတို့ စိတ်အာသာပြေသည်အထိ မြည်းစမ်းခွင့်ရလို့နေ၏။
ဒိုင်လူကြီးများသည်လည်း ပန်းကန်တစ်ခုပြီးတစ်ခုကို ပြောင်းလဲစားကြည့်ပြီးနောက် စိတ်ကျေနပ်လျက်ရှိနေကြသည်။ “မဆိုးဘူူး …. ဘယ်အိုးနဲ့ကြော်ထား၊ ကြော်ထား။ အရသာက မပြောင်းဘူး။”
“အမှတ်ပြည့်…”
“အမှတ်ပြည့်…”
”………”
အားလုံးသော ဒိုင်လူကြီးများသည် အမှတ်ပြည့်ပေးလို့နေသည်။
ထိုအချင်းအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဆေးပြင်းလိပ်ကြီးအား ထုတ်ယူ၍ မီးညှိ့လိုက်သည်။ ပြီးနောက် တစ်ချက် ရှိုက်ဖွာကာ ဆိုသည် “အစောကတည်းက ဒီလိုဖြစ်မယ်ဆိုတာ သိသားပဲ”
စနစ် “………”