အခန်း (၈၂၄)
Vol. 56 Ch. 824
အချိန်များကုန်ဆုံးသွားခဲ့၏။ လျှိုဝမ်ရှစ်သည် ချင်စုန့်ပေါင်အား အမှတ်ပြည့်ဖြင့် ထပ်မံကာ အနိုင်ယူခဲ့တော့သည်။ အချက်အလက်အားဖြင့် ဤကဲ့သို့သော ရလဒ်မျိုးသည် ကျွင်းချောင်ရှောင်း၏ လှည့်စားမှုကြောင့် ရရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ အရှေ့တောင်ရန်ကျူးတွင် ရှိနေသောသူ့အား မည်သူမှ အနိုင်မယူနိုင်ခဲ့ဘူးဆိုသည့် ရလဒ်အား ဖြစ်တည်လာခဲ့တော့သည်။
ဟုတ်ပေသည်၊ ချင်စုန့်ပေါင်သည် အရည်အချင်း ရှိသည့်ဆိုသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ချေ။ ထို့အပြင် အမှတ်မှာ အနည်းငယ်သာ ကွာခြားလှ၏။
“ငါးဆယ်ကြိမ်မြောက် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ အနိုင်ရရှိသူကတော့”
ဟောင်ကျိကျန်သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်တော့၏။ “လျှိုဝမ်ရှစ်ပဲ ဖြစ်ပါတယ်”
“ဂျူနီယာညီမလေးက တကယ့်ကို မိုက်တယ်”
“စီနီယာအစ်မက တော်တယ်ဟေ့” ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော တပည့်များအားလုံးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“မိန်းကလေးလျှို.... ဂုဏ်ပြုပါတယ်”
ချင်စုန့်ပေါင်သည် အနားသို့ လျှောက်လာပြီးသည့်နောက် သူမကို ဂုဏ်ပြု လိုက်တော့သည်။ အချက်အလက်အားဖြင့် သူသည် ခေါက်ဆွဲကို မည့်သို့ကြော်သည်ကို မြင်လိုက်ရချိန်မှာတော့ သံသယရှိစရာပင် မလိုတော့ဘဲ ရှုံးနိမ့်တော့မည်ဖြစ်ကြောင်းကို ကောင်းကောင်းသိရှိနေ၏။ ထို့ကြောင့်ပင် သူသည် ဤကဲ့သို့သောရလဒ်မျိုး ဖြစ်ပေါ်လာသည့်အတွက် လက်သင့်ခံနိုင်နေပြီဖြစ်၏။
လျှိုဝမ်ရှစ်က ပြုံးကာ ပြောလိုက်တော့သည်။ “မင်းကလည်း အရမ်းတော်တာပဲလေ”
သူမသည် အမှတ်ပြည့် ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် နေ့စဉ်နေ့တိုင်း ဂိုဏ်းတူရောင်းရင်းများ အားလုံးအတွက် သုံးနပ်စာ ပြင်ဆင်ပေးခဲ့ရသောကြောင့်ပင် ဖြစ်၏။ ချင်စုန့်ပေါင်မှာတော့ ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ သို့ပေမဲ့ လူပေါင်း ငါးထောင်တို့၏ အသိအမှတ်ပြုမှုကို ခံရသည်ဆိုသည်မှာ ကျိန်းသေပေါက် အရည်အချင်းရှိ၍ ဖြစ်ပေလိမ့်မည်။
အချက်အလက်အားဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည်လည်း ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ ချက်ပြုတ်ခြင်းစွမ်းရည်အရဆိုလျှင် ချင်စုန့်ပေါင်သည် လျှိုဝမ်ရှစ်ကို နှိုင်းယှဉ်၍ ရနိုင်သေး၏။ သို့ပေမဲ့ သူသည် အထူးတာဝန်ကို ပြည့်စုံစေရန်အတွက် လျှိုဝမ်ရှစ်အား ပြည့်စုံပြီး မြင့်မားသည့်ရလဒ်များ ရရှိစေရန်အတွက် အနည်း ငယ် လှည့်စားမှုများကို ထည့်သွင်းအသုံးပြုခဲ့ခြင်းသာ ဖြစ်တော့သည်။
“ကျုပ် စားကြည့်လို့ရမလား”
ချင်စုန့်ပေါင်သည် လက်ကျန်ခေါက်ဆွဲကြော်ကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံး များသည် တောက်ပလျက်ရှိသည်။ သူသည် စားဖိုမှူးတစ်ယောက်ဖြစ်သလို အစားအသောက် ကြိုက်နှစ်သက်သည့် လူတစ်ယောက်လည်း ဖြစ်၏။ လက်ရှိအချိန်တွင် ပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် စားဖိုမှူးဆိုသော ဂုဏ်သိက္ခာကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ အစစ်အမှန် အစားအသောက် ကြိုက်နှစ်သက်သည့် ပုံပန်းသွင်ပြင်သည် ဖြစ်တည်လာခဲ့ပြီဖြစ်၏။
ဟောင်ကျိကျန်က ပြောလိုက်သည်။ “ရတာပေါ့”
ကောင်လေးသည် စားသောက်ရန် စားပွဲဆီသို့ လျှောက်သွားပြီးသည့်နောက် တူနှစ်ချောင်းနှင်အတူ ခေါက်ဆွဲကို အသာနှိုက်ယူကာ ပါးစပ်ထဲသို့ အသာထည့်သွင်းလိုက်၏။ အနည်းငယ် ဝါးပြီးသည့်နောက် သူသည် ပထမ ထမင်းကြော် စားတုန်းက ကဲ့သို့ပင် မထိန်းချုပ်နိုင်ဘဲ မျက်ရည်များ ကျဆင်းလာခဲ့တော့သည်။
“အဖေ”
ချင်စုန့်ပေါင်သည် တူကိုချကာဖြင့် ပြောလိုက်တော့သည်။ “ကျုပ် အိမ်ကို မပြန်ချင်တော့ဘူး၊ မိသားစုရဲ့ အမွေတွေကိုလည်း မလိုချင်တော့ဘူး”
ချင်ပုတောင်သည် သူ့သားအတွက် ကတိတစ်ခု ပြုလုပ်ပေးခဲ့သည်။ အကယ်၍ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် အနိုင်မယူနိုင်ဘူးဆိုပါက အိမ်ဆီသို့ ပြန်လာပြီး သူစီစဉ်သည့်ကိစ္စများအားလုံးကို သေသေချာချာဖြင့် နားထောင်ရန် ဖြစ်တော့၏။
ချင်စုန့်ပေါင်သည် ထိုကဲ့သို့သော ဘဝမျိုးကို မလိုချင်ပေ။ သူ့အနေနှင့် လှောင်အိမ်ထဲက ငှက်တစ်ကောင်ကဲ့သို့ တင်းကျပ်လှသည့် အခြေအနေတွင် အသက်ရှင် မနေထိုင်ချင်ပေ။ သူ့အဖေ လျှောက်သော လမ်းကို မလျှောက်ချင်ဘူးဟု ပြောဆိုခြင်းက ပို၍ မှန်ပေလိမ့်မည်။ သို့ပေမဲ့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို အနိုင် မယူနိုင်ပါက စီစဉ်ထားသမျှ အရာအားလုံးကို လက်ခံပြီး အိမ်သို့ ပြန်ရပေလိမ့်မည်။
သူသည် ချမ်းသာသော ဒုတိယမျိုးဆက်၏ သားတစ်ယောက်အဖြစ် ဆက်ခံရပေလိမ့်မည်။ ဤကဲ့သို့သော ဘဝမျိုးကသည် လူပေါင်းများစွာတို့ တောင့်တ လိုချင်နေသည့် ဘဝမျိုးဖြစ်သည်။ သို့ပေမဲ့ သူသည် ဤအရာကို မလိုချင်ပေ။
လျှိုဝမ်ရှစ်က ပြုံးလိုက်၏။ “မင်း ပြိုင်စံရှားဂိုဏ်းကို ဝင်လိုက်လေ၊ ဒါဆိုရင် ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် ဘယ်လိုချက်ရတယ်ဆိုတာကို သင်ပေးမယ်”
ဤမိန်းကလေးသည် ဂိုဏ်းအတွက် ပါရမီရှင်တစ်ယောက်အား ခေါ်ဆောင်ရန် စီစဉ်နေသည်ကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် ကျေးဇူးတင်သည့်အပြုံးများဖြင့် ဖြစ်တည်လာခဲ့တော့သည်။
ချင်စုန့်ပေါင်မှာတော့ နဝေတိမ်တောင် ဖြစ်လျက်ရှိနေသည်။ သူသည် စိတ်ထဲတွင် ဒွိဟများစွာဖြင့် တိုက်ပွဲဝင်နေ သည်မှာ ထင်ရှားလှ၏။ ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် ခက်ခက်ခဲခဲ ပြောဆိုလိုက်၏။ “ကျုပ်က အရမ်းပျင်းတဲ့လူလေ၊ ဒီတော့ အိုးကြီးတွေ မချက်ချင်ဘူး၊ ကိုယ့်ဘာကိုယ်ချက်ပြီး ကိုယ့်ဘာကိုယ် စားလို့ ရလား”
“ကိုယ်ဘာကိုယ်စားမှာ ဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။ ပြိုင်စံရှားဂိုဏ်း သည် အလကားနေတတ်သည့်သူများအား ဂိုဏ်းထဲတွင် မထားရှိပေ။
“ဒါက….”
လျှိုဝမ်ရှစ်သည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဒါက ဂိုဏ်းချုပ်သဘောလို့ ထင်တယ်လေ”
ကျွင်းချောင်ရှောင်းသည် စိတ်ပိုင်းဆိုင်ရာအရာ စိတ်ပျက်လျက်ရှိသည်ဆိုသော်လည်း သေချာစဉ်းစားပြီး သည့်နောက် ဤကောင်လေးသည် ချမ်းသာသော မျိုးဆက်၏ ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်သည်ကို သိရှိ ထား၏။ ထို့ကြောင့် သူ့အား ဂိုဏ်းထဲသို့ ခေါ်ဆောင်သည်ဆိုသည်မှာ ဆိုးရွားသည့်အကြံအစည်တော့ မဟုတ်ပေ။ ထို့ပြင် ပျင်းရိလွန်းလှပါသည်ဆိုသော တောဝက်ရိုင်းလေးကိုပင် သူသည် ကြိုးကြိုးစားစားနှင့် အလုပ် လုပ်တတ်သူ အဖြစ်သို့ ပြောင်းလဲပေးခဲ့သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်တော့သည်။ “ကောင်မလေး... ပြိုင်စံရှားဂိုဏ်းထဲကို သူဝင်မယ် ဆိုလို့ ရှိရင် ကျုပ်က ချွင်းချက်အနေနဲ့ လက်ခံပေးမယ်လို့ ပြောလိုက်၊ ဒါပေမဲ့ ဝင်ခကတော့ ဈေးကြီးလိမ့်မယ်”
တစ်ယောက်တည်း အစားအစာများကို စားသုံးချင်သည်ဆိုသည်မှာ အဆင်ပြေသေး၏။ သို့ပေမဲ့ ပိုက်ဆံတော့ ပေးရပေလိမ့်မည်။
“အွန်း”
လျှိုဝမ်ရှစ်သည် ခဏလောက် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ပြီးသည့်နောက် ဂိုဏ်းချုပ်၏စကားအား ချင်စုန့်ပေါင်ဆီသို့ ပြောလိုက်တော့၏။
ချင်စုန့်ပေါင်သည် ပြုံးကာ ပြန်ပြောလိုက်သည်။ “မိန်းကလေးလျှို ချက်ပြုတ်တဲ့အစားအစာတွေကို နေ့တိုင်းစားရ မယ်ဆိုရင် ပိုက်ဆံက အဓိက မဟုတ်ပါဘူး”
ဤကဲ့သို့ တဲ့တိုးဆန်လှသည်ကို မြင်ရသည့်နောက် ကျွင်းချောင်ရှောင်းက ဆုံးဖြတ်ချက်ချကာ ပြောလိုက်တော့ သည်။ “ဒီတပည့်ကို ခေါ်သွားမယ်”
.....................
အားလုံး၏ အကြည့်အောက်မှာပဲ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ၏ ချန်ပီယံဆုတံဆိပ်သည် လျှိုဝမ်ရှစ်၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ဟား ဟား ဟား
ဂိုဏ်းအသိအမှတ်ပြုဗဟိုတွင် ရှိနေသော ရီထျန်းချန်သည် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်တော့၏။ စားဖိုမှူး နတ်ဘုရားပြိုင်ပွဲသည် သိုင်းပညာနှင့် ဘာမှသက်ဆိုင်သည့်အရာမဟုတ်ပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့် တစ်ယောက်သည် ထိုနေရာတွင် ဗိုလ်စွဲခဲ့သေး၏။ ထို့ကြောင့် သူသည် အားလုံး၏ရှေ့တွင် ကြွားဝါဟန်ထုတ်၍ ရနိုင်တော့မည်ဖြစ်သည်။ ဤအတောအတွင်း ပြိုင်စံရှားဂိုဏ်းသည် ကြီးမားသောကိစ္စရပ်များကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူသည်သာ ဤကဲ့သို့ ဟန်ထုတ်ကြွားဝါခြင်းကို မပြုလုပ်ပါက ဂိုဏ်းအသိအမှတ်ပြု ဟောခန်းများ၏ အစည်းအဝေးတွင် ပျင်းရိခြောက်ကပ်နေပေလိမ့်မည်။
“အင်း... အင်း... ဘယ်အချက်အလက်ကို ရွေးပြီးတော့ ကြွားဝါရမယ်ဆိုတာတောင် ဆုံးဖြတ်ရ ခက်နေတယ်” ဘေးတွင်ရပ်လျက်ရှိနေသော အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်း ချလိုက်မိ၏။ ကံကောင်းသည်မှာ ဤအရာသည် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသာဖြစ်၏။ သိုင်းပြိုင်ပွဲသာဆိုပါက ပြိုင်စံရှားဂိုဏ်း ဗိုလ်စွဲခဲ့သည်ကို သိသည်နှင့်တပြိုင်နက် ဟောခန်းသခင်သည် ကျိန်းသေပေါက် အိပ်ရာထဲသွားမှာ သေချာသည်။
....................
“ဒင်.... လက်ခံသူ၏တပည့် လျှိုဝမ်ရှစ်သည် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့၏၊ ထို့ကြောင့် လိုအပ်ချက် များနှင့် ပြည့်စုံသွားခဲ့သည်၊ အထူးတာဝန် ပြည့်စုံမှုနှုန်းသည် နှစ်ရာ ရာခိုင်နှုန်း ဖြစ်၏၊ လက်ခံသူသည် ဂိုဏ်း စုဆောင်းမှတ် လေးသောင်းအား ရရှိသည်”
“ဒင်..... ဂိုဏ်းစုဆောင်းမှတ် - ၆၄၄၈၀ / ၅၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်.....”
လျှိုဝမ်ရှစ်သည် ဆုတံဆိပ်အား မြှောက်လိုက်သည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နားထဲတွင်တော့ စနစ် ဆီမှ အသိပေးသည့်အသံများ ပေါ်ထွက်လာ၏။ သူ၏ဝိညာဉ်တစ်ခုလုံးသည် လွှင့်စင်သွားပြီး တိမ်ပေါ်တွင် ကခုန် နေသလိုပင် ခံစားမိ၏။
“ဒင်..... လက်ခံသူသည် ခုနှစ်ခုမြောက် အထူးတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်ကို သိရှိရသည်၊ ရှစ်ခု မြောက် အထူးတာဝန်ကို မပြည့်စုံသေးသောကြောင့် ဆုလာဘ်များအား ပူးတွဲပေးအပ်ရန် ဆုံးဖြတ်လိုက်သည်”
ကောင်းကင်ပေါ်တွင်ရှိနေသော သူ၏ဝိညာဉ်သည် ခေါင်းကို အုတ်ခဲနဲ့ ထုခံလိုက်ရသလို အောက်သို့ ပြုတ်ကျလာတော့သည်။ ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “ဒါကြီးက ဆိုးလွန်းအားကြီးတယ်”
သူ့အနေဖြင့် တာဝန်များကို ပြည့်စုံအောင် ပြုလုပ်နိုင်သည်ဆိုလျှင်တောင်မှ တခြားတာဝန်များကို မပြည့်စုံခဲ့သော ကြောင့် ဆုလာဘ်များကို မရရှိခဲ့ချေ။ ဤအရာမှာ အလွန်ဝမ်းနည်းစရာ ကောင်းလှ၏။ ထို့အပြင် ပို၍ ဝမ်းနည်းစရာ ကောင်းသည်မှာ အထူးတာဝန်ပြည့်စုံစေဖို့ အနည်းဆုံး တစ်နှစ်လောက် လိုအပ်နေမည်ဟု သူထင်မှတ်နေ၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းကိုချကာ ပြောလိုက်၏။ “ရှေ့မှာ သွားရမယ့်လမ်းက အရှည်ကြီးပဲလေ”
.........................
ဆုပေးပွဲ ပြီးဆုံးပြီးနောက်မှာတော့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသည် တရားဝင်ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲ တည်နေရာထဲမှ ထွက်ခွာသွားခဲ့သော သိုင်းကျင့်ကြံသူများအားလုံးသည် ပျော်ရွှင်တက်ကြွလျက် ရှိနေကြ၏။ ဒိုင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသော သိုင်းပညာရှင်များ အားလုံးမှာတော့ ၎င်းတို့ စားလိုက်ရသော ခေါက်ဆွဲကြော်၏ အရသာအား စိတ်ထဲတွင် တမ်းတလျက် ရှိနေတော့၏။
“ဒီလို ခေါက်ဆွဲမျိုးကို ချက်ပြုတ်နိုင်ဖို့ဆိုတာ တကယ့်ကို အံ့အားသင့်စရာပဲ၊ ဒီမိန်းကလေး ချက်ပြုတ်တဲ့ ခေါက်ဆွဲ မျိုးကို နေ့တိုင်းသာ စားရမယ်ဆိုရင် လောကမှာ အပျော်ဆုံးအရာ ဖြစ်လိမ့်မယ်”
“ကျုပ်ဆုံးဖြတ်လိုက်ပြီ၊ ပြိုင်စံရှားဂိုဏ်းကို သွားပြီး ဝင်ရမယ်”
များပြားလှသော သိုင်းကျင့်ကြံသူများ အားလုံးသည် အရသာရှိလှသော အစားအစာများ၏ လွှမ်းမိုးမှုကို မခုခံနိုင် ခဲ့ကြချေ။ ထို့ကြောင့် ချင်းယန်နိုင်ငံဆီသို့ သွားရောက်ကာ ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ဤကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပွားလာမည်ဟု ကျွင်းချောင်ရှောင်းက မထင်မှတ်ခဲ့ချေ။ သူ၏ အထင်အရဆိုလျှင် လူတော်တော်များများသည် သူ၏ကြော်ငြာခြင်း အစွမ်းကြောင့်သာ ဂိုဏ်းဆီသို့ ဝင်ရောက်ကြခြင်း ဖြစ်၏။ ဤကဲ့သို့ ခေါက်ဆွဲကြော်အစွမ်းကြောင့် ဝင်လာရသည်ဆိုသည်မှာတော့ အံ့အားသင့်စရာ ကောင်းလွန်းနေ၏။
“ဂိုဏ်းချုပ်ကျွင်း... အလျင်စလိုနဲ့ ထွက်သွားတော့မှာလား” မြို့တော်ဝန်အိမ်ရာ၏ ဝင်ပေါက်မှာတော့ မြို့တော်ဝန်ဟန်သည် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းက အလုပ်များနေတယ်လေ၊ ဒီတော့ ဒီကျွင်းက မြန်မြန် ပြန်ရမယ်”
“ကောင်းပြီ”
မြို့တော်ဝန်ဟန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကံကြမ္မာရေစက်ရှိရင် ထပ်ပြီးတော့ ဆုံကြတာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြို့တော်ဝန်ဟန်အနေနဲ့ ဒီကျွင်းရဲ့ အကြံအစည်အတိုင်း လုပ်ဆောင်မယ် ဆိုရင် နောက်လာမယ့် နဂါးကျားပြိုင်ပွဲမှာ ပိုက်ဆံတွေ အများကြီး ရှာနိုင်တာပဲ”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ပိုက်ဆံဆိုတာက အရေးကြီးတဲ့အရာလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ရတော့ လည်း ယူရမှာပေါ့”
......................
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိသည့်အချိန်တွင် မြို့တော်ဝန်ဟန်၏ အပြုံးများမှာ သူ့ထက်ပင် ပို၍တောက်ပလျက် ရှိနေသေး၏။ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုသည်ဆိုသည်မှာ အရူးမှသာလျှင် ယုံကြည်ပေလိမ့်မည်။
“နှုတ်ဆက်ပါတယ်”
“နှုတ်ဆက်ပါတယ်”
ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ကို ခေါ်ဆောင်၍ ခရမ်းရောင်ဘုရင်၊ ရောင်မုန့်ယဉ်တို့နှင့်အတူ အင်ပါယာမြို့ ဆီမှ လှမ်းထွက်လိုက်တော့သည်။ ၎င်းတို့နှစ်ယောက်တွင် တစ်ယောက်မှာ သားရဲဘုရင်ဖြစ်ပြီး တစ်ယောက်မှာ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူဖြစ်ကြသော်လည်း မည်သည့်အရာတစ်ခုမှ ဖြစ်ပွားမလာခဲ့ချေ။ သူတို့သည် ဤနေရာသို့ အားပေးရုံသက်သက် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
ချင်စုန့်ပေါင်မှာတော့ အရှေ့တောင်ရန်ကျူးဆီသို့ လိုက်ပါမလာခဲ့ချေ။ ထိုအစားသူသည် အိမ်သို့ပြန်၍ သူ့အဖေနှင့် ဆွေးနွေးစရာကိစ္စရပ်များကို အရင်ဆုံး ဆွေးနွေးပေလိမ့်မည်။ သူ့အနေနှင့် လျှိုဝမ်ရှစ်၏ အစားအစာများကို နေ့တိုင်းစားချင်မိ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ဤဟောခန်းတွင် ဒုတိယဟောခန်းသခင် ထပ်မံထားရှိ ရမည်ဟု တွေးလိုက်တော့သည်။ ဤကောင်လေးသည် အမှန်ပင် အရည်အချင်းရှိလှသည်။
“အမ်”
အင်ပါယာမြို့ထဲမှ ထွက်ပြီးသည့်နောက်မှာတော့ လင်းရို သည် လမ်း၏ဘေးတစ်ဖက်ရှိ သစ်ပင်ကိုမှီကာ ရပ်လျက်ရှိ၏။ သူ၏ ခါးမှာတော့ ဓားမော့တစ်ချောင်းတည်ရှိလို့နေသည်။ သူ၏မျက်နှာသည် ငယ်ရွယ်နုပျိုလွန်း သည်ဆိုသော်လည်း ကြမ်းတမ်းခက်ထန်လွန်းသောလမ်းကို လျှောက်လှမ်းခဲ့ရကြောင်း သိသာလွန်းလှသော လူတစ်ယောက်၏ အသွင်အပြင် မျိုး ပေါ်ပေါက်လျက်ရှိနေသည်။
“ဂိုဏ်းချုပ်ကျွင်း”
လင်းရိုသည် အသာရောက်ရှိလာပြီးသည့်နောက် လက်သီးကို အသာဆုပ်ကာ ပြောလိုက်၏။ “ကျုပ် လင်းရို က ဂိုဏ်းမရှိပါဘူး၊ လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲ၊ ခင်ဗျားတို့ဂိုဏ်းကို ဝင်ချင်လို့ပါ”
ဤကဲ့သို့ ဂိုဏ်းသို့ဝင်ရောက်ရန် တိုက်ရိုက်လာရောက်ပြောဆိုသည့်လူမှာ များများစားစားရှိလှသည် မဟုတ်ပေ။
“မင်း ခက်ခဲမှုတွေကို သည်းခံနိုင်ရဲ့လား”
“သည်းခံနိုင်ပါတယ်”
“ဂိုဏ်းအတွက် သွေးမြေကျတဲ့အထိ ပေးဆပ်ရဲလား”
“ပေးဆပ်ရဲပါတယ်”
ကျွင်းချောင်ရှောင်း၏ များပြားလှသော မေးခွန်းများကို ဖြေဆိုသည့်အချိန်တွင် လင်းရိုသည် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့၏။ သူ၏ မျက်လုံးထဲတွင်တော့ လေးနက်တည်ကြည်မှုများ ရှိလို့နေသည်။ သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်၍ ဂိုဏ်းသားတစ်ယောက် ဖြစ်ချင်နေသည်မှာ ထင်ရှား၏။
“ပြိုင်စံရှားဂိုဏ်းကို လိုက်ခဲ့ပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လင်းရိုသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ပြီးသည့်နောက်မှာတော့ ဂိုဏ်းဆီသို့ ပြန်ရာလမ်းတွင် လူတစ်ယောက် ပိုမိုတိုးလာတော့သည်။ လမ်းတလျှောက် မှာတော့ ကျွင်းချောင်ရှောင်းက တွက်ချက်လိုက်မိသည်။ “မာယုံနင်နဲ့အတူ အသီးအရွက်လှီးမယ့် လူ တစ်ယောက်တော့ ပိုလာတာပေါ့”