အခန်း (၈၂၆)
Vol. 56 Ch. 826
“ဂိုဏ်းချုပ် ပြန်လာပြီ၊ ဂျူနီယာညီမလေးလျှို ပြန်လာပြီ”
ပြိုင်စံရှားဂိုဏ်းအတွင်းတွင်ရှိသော လီဖေးသည် အသားကုန် အော်ဟစ်လိုက်၏။ ကျင့်ကြံလျက်ရှိသော လူများ သည် ရှေ့သို့ ပြေးထွက်လာကြပြီး ၎င်းတို့အား နွေးထွေးစွာ ကြိုဆိုကြတော့သည်။
“ချင်းယန်”
အဓိကဟောခန်းထဲတွင် ထိုင်ပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်၏။ “ဒီမှာ တပည့် တစ်ယောက်ပါတယ်၊ မင်းသွားပြီး စီစဉ်စရာရှိတာတွေကို စီစဉ်ပေးလိုက်အုံး”
“ကောင်းပါပြီ” ချင်းယန်သည် လင်းရို ကို ခေါ်ဆောင်ကာ အတွင်းခြံဝန်းထဲသို့ ခေါ်ဆောင်သွားတော့သည်။
“အကြီးအကဲကျန့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် မရှိတုန်း တစ်ခုခုဖြစ်ခဲ့သေးလား”
“ဖြစ်တယ်”
ကျန့်ရာက ပြောလိုက်၏။ “အတွင်းခြံဝန်းကို သန့်ရှင်းရေးတာဝန်ယူထားတဲ့ တုနန်က ဖုန်စုပ်စက် ကြီးရဲ့ ထူးခြားတဲ့အချက်များကို ရှာဖွေတွေ့ရှိခဲ့တယ်လေ၊ ဒီအရာက မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်း ရှိနေတယ်”
“အမ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ဤအရာသည် သူ အလယ်အလတ်အဆင့် တိရိစ္ဆာန်အစားအစာဆေးလုံး ဖော်မြူလာ ဝယ်ယူရရှိရန် Refresh လုပ်ခဲ့စဉ်က မဖြစ်မနေ ဝယ်ယူခဲ့ရသော ပစ္စည်းဖြစ်၏။ သူအင်ပါယာမြို့ဆီသွားရောက်သည့်အချိန်တွင် တုနန်အား သန့်ရှင်းရေးပြုလုပ်ရန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“သူ့ကို ဒီကိုခေါ်လိုက်”
“ကောင်းပါပြီ”
မကြာခင်မှာပဲ တုနန်သည် အဓိကဟောခန်းဆီသို့ လျှောက်ဝင်လာခဲ့တော့၏။ လက်ရှိအခြေအနေမှာတော့ တုနန်သည် ခေါင်းပေါ်တွင်ရှိနေသော ဆံပင်အနည်းငယ်တို့ကို ပြောင်ရှင်းအောင် ရိတ်ထားပြီးပြီဖြစ်သောကြောင့် အစစ်အမှန် ဘုန်းကြီးတစ်ပါး ဖြစ်လို့နေသည်။ ခေါင်းရိတ်ပြီးသည့်နောက် တုနန်သည် ဗုဒ္ဓ၏ နိယာမများနှင့် ပတ်သက်၍ ပိုမိုနားလည်လာခဲ့တော့၏။ ၎င်းသည် ကတုံးဖြစ်မှပင် ပိုမို၍ အားကောင်းလာသည်ဟု ခံစားမိ၏။
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒီဖုန်စုပ်စက်က မကောင်းတဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်တယ်ဆိုတာ ဟုတ်လား”
“ဟုတ်ပါတယ် ဂိုဏ်းချုပ်”
တုနန်က ပြောလိုက်သည်။ “သေသေချာချာ လေ့လာပြီးတဲ့နောက်မှာ ဒီအရာက ဖုန်မှုန့် တွေ၊ အညစ်အကြေးတွေတင်မကဘူး၊ မိစ္ဆာစွမ်းအင်တွေကိုပါ စုပ်ယူနိုင်တယ်”
ဤအရာမှာ တိုက်ဆိုင်မှု တစ်ခုသာဖြစ်သည်။ သူသည် အတွင်းခြံဝန်းထဲတွင်ရှိသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ကို ရှင်းလင်းရန်အတွက် ဤဖုန်စုပ်စက်ကြီးကို ယူဆောင်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ရှောင်မိုရှန်း သည် ကျင့်ကြံလျက်ရှိပြီး မိစ္ဆာစွမ်းအင်များကို ထုတ်လွှင့်နေ၏။ ထို့ကြောင့် အဆုံးသတ်မှာတော့ မိစ္ဆာစွမ်းအင်များ သည် စုပ်ယူခြင်းကို ခံလိုက်ရသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ကို ခေါ်ပြီးတော့ သရုပ်ပြပေး”
မကြာခင်မှာပဲ ရှောင်မိုရှန်းသည် အထဲသို့ လျှောက်ဝင်လာသည်။
သို့ပေမဲ့ ရှောင်မိုရှန်း၏ ဦးခေါင်းတစ်ခုလုံးသည် တောက်ပြောင်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် အံ့အား တသင့်ဖြင့် ပြောလိုက်သည်။ “ငါခဏသွားတာ နင်ဘယ်လိုလုပ်ပြီးတော့ ကတုံး ဖြစ်သွားတာလဲ”
“ဂိုဏ်းချုပ်”
တုနန်က ပြောလိုက်သည်။ “စီနီယာအစ်မမိုရဲ့ ဆံပင်တွေကို ဖုန်စုပ်စက်က စုပ်ယူလိုက်တာလေ”
ဤကိစ္စကို ပြန်လည်ပြောဆိုသည့် အချိန်မှာတော့ ရှောင်မိုရှန်း၏ မျက်လုံးများဆီမှ မျက်ရည်များ ကျဆင်းလာခဲ့တော့သည်။ သူမသည် စောစောစီးစီးထကာ အတွင်းခြံဝန်းဆီသို့သွားရောက်၍ လေ့လာနေခဲ့၏။ သို့ပေမဲ့ သူမ၏ နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်နှင့်တပြိုင်နက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မထိန်းချုပ်နိုင်ခဲ့တော့ဘဲ ဖုန်စုပ်စက်၏အပေါက်ဝဆီသို့ ဦးခေါင်းဖြင့် တည့်တည့်မတ်မတ်ဖြင့် ဝင်သွားတော့သည်။
ကံကောင်းစွာဖြင့် တုနန်သည် အချိန်မီ ပိတ်လိုက်နိုင်၏။ မဟုတ်ပါက သူမ၏ ခေါင်းတစ်ခုလုံး အထဲသို့ ရောက်ရှိသွားနိုင်သေး၏။
ထိုအချင်းအရာကို ကြားသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ အသာလျှောက်ဆင်း လာခဲ့၏။ ပြီးနောက် ရှောင်မိုရှန်း၏ ပခုံးကို အသာပွတ်ကာ ပြောလိုက်၏။
“မင်းနာကျင်ခဲ့မှာပဲ”
ခွီး ခွီး ခွီး ခွီး
……………………
“ဂိုဏ်းချုပ်”
လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ရှောင်မိုရှန်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “မစမ်းသပ်တာ ကောင်းမယ်နဲ့တူတယ်”
“လိုရင်းကို ပြောမယ်”
ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို ယူကာ ပြောလိုက်တော့၏။ “မြန်မြန်… မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်လိုက်၊ ဘယ်လောက်စုပ်ယူနိုင်တယ် ဆိုတာ ငါကြည့်မယ်”
“ကောင်းပါပြီ” ရှောင်မိုရှန်းသည် အကူအညီမဲ့စွာဖြင့် သူမ၏ နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်လိုက်တော့သည်။
ဒွီး
ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကို ဖွင့်လိုက်၏။ အလွန်တရာ အားကောင်းလှသော စုပ်ယူခြင်းစွမ်းအင်များ ဖြစ်တည်လာခဲ့တော့သည်။ ဤစုပ်ယူသည့်ပြောင်းဝအား မြေတည်နေရာဆီသို့ ပြောင်းလိုက်သည့်အချိန်တွင် မြေပေါ်တွင်ရှိနေသော ဖုန်နှင့်ကျောက်တုံးများသည် ချက်ချင်းပဲ အထဲသို့ ရောက်ရှိသွားသည်။ ထို့ပြင် ရှောင်မိုရှန်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များသည်လည်း ထိန်းချုပ်၍ မရနိုင်သလို ဖုန်စုပ်စက် ကြီးဆီသို့ ရောက်ရှိလာတော့၏။
“ဒီအရာက နတ်ဆိုးစွမ်းအင်တွေကို စုပ်ယူနိုင်တာပဲ” ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။
ရှောင်မိုရှန်းမှာတော့ ခြေကန်ကန်ကာ သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မနည်း ထိန်းသိမ်းထားရသည်။ သို့ပေမဲ့ မည်မျှ ကြိုးစားကြိုးစား သူမ၏ ဦးခေါင်းသည် ဖုန်စုပ်စက်ကြီး၏ ပြောင်းဝဆီသို့ ဦးတည်လျက် ရှိနေ တော့၏။
ဒွီ
ကျွင်းချောင်ရှောင်းက မြန်မြန်ဆန်ဆန်ပဲ ပိတ်လိုက်၏။ စုပ်ယူခြင်းစွမ်းရည်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး သည့်နောက် ရှောင်မိုရှန်းသည် အရှိန်ဖြင့် လန်ကာ နောက်သို့ ပြုတ်ကျသွားခဲ့တော့၏။ ၎င်း၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်တော်တော်များများသည် စုပ်ယူခြင်း ခံလိုက်ရ၏။
“တကယ့်ကို မှော်ဆန်တာပဲ” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိနေ၏။ အမှတ်မထင် သူဝယ်ယူခဲ့သော ပစ္စည်း သည် နတ်ဆိုးစွမ်းအင်များကို စုပ်ယူနိုင်ကြောင်းကို သိရှိလိုက်ရသည်။ ဤအရာသည် သူထင်မှတ်ထားခဲ့သော ကိစ္စ မဟုတ်ပေ။
“ချင်းယန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်လိုက်” သူ့အနေနှင့် နတ်ဆိုးစွမ်းအင်များအပြင် တခြားသော သိုင်းကျင့်ကြံသူများ၏ စွမ်းအင်များကိုပါက စုပ်ယူနိုင်သလား ဆိုသည်ကို သိချင်မိ၏။ ရလဒ်အနေနှင့်တော့ အလွန်တရာ စိတ်ပျက်ဖွယ်ရာ ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် လီချင်းယန်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည် ဆိုသော်လည်း ဖုန်စုပ်စက်ကြီး၏ စုပ်ယူမှုသည် ထိုစိတ်ဝိညာဉ်စွမ်းအင်များကို မသက်ရောက်ခဲ့ချေ။
လီချင်းယန်၏ မျက်နှာတည့်တည့်ဆီသို့ သွား၍ စုပ်ယူသည်ဆိုလျှင်တောင်မှ စုပ်ယူလိုက်သောကြောင့် မျက်နှာပေါ်တွင် လှိုင်းများသာ ဖြစ်တည်လာခဲ့၏။ အရေပြားနှင့် အသားအရေကို မထိခိုက်ခဲ့ချေ။
ထို့ကြောင့် သူသည် ရောင်မုန့်ယဉ်ကို ခေါ်လိုက်၏။ သေသေချာချာ စမ်းသပ်ပြီးသည့်နောက်မှာတော့ သူမအား နတ်ဆိုးစွမ်းအင်များ ထုတ်ဖော်ခိုင်းကာ သူက စုပ်ယူလိုက်တော့သည်။
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမှော်ပညာဖြင့် အဆင့်မြှင့်တင်ထားတဲ့ ဖုန်စုပ်စက်ကြီးက သာမန်ကျင့်ကြံသူတွေအပေါ်ကို အကျိုးသက်ရောက်မှု မရှိဘူးဆိုပေမဲ့ မိစ္ဆာနဲ့ နတ်ဆိုးကျင့်ကြံသူတွေအပေါ်တော့ အကျိုးသက်ရောက်မှု ရှိတာပဲ၊ ဒါနဲ့”
သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “မိစ္ဆာဂိုဏ်းတွေနဲ့ ရင်ဆိုင်ချိန် မှာ သုံးမယ်ဆိုရင် အရမ်းကို အသုံးတည့်မှာပဲ”
ဤအရာမှာ အမှန်ပင် အသုံးဝင်လွန်းလှ၏။ စုပ်ယူယုံတင်မက ပိုမိုအဆင့်မြင့်သည့် လူများ၏ မိစ္ဆာစွမ်းအင်များ ကိုပါ စုပ်ယူ၍ ဟန့်တားထားနိုင်သေး၏။
“အဘိုးကြီးတင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လာပြီးတော့ မိစ္ဆာစွမ်းအင်တွေကို ထုတ်လွှတ်ကြည့်လိုက်”
မိုရှန်းသည် သိုင်းဘုရင်အဆင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူများနှင့် စမ်းသပ်မှသာ ပိုမို၍ ပြည့်စုံပေလိမ့်မည်။
တင်းရှင်းဝမ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဒီဖုန်စုပ်စက်က မဆိုးဘူးဆိုပေမဲ့ ကျုပ်ရဲ့ မိစ္ဆာစွမ်းအင်တွေကို စုပ်ယူဖို့ဆိုတာက မဖြစ်နိုင်ဘူး”
သိုင်းအင်ပါယာများ ထွက်ပေါ်မလာခဲ့သည့် ဤခေတ်ကြီးတွင် သိုင်းနယ်မြေမိစ္ဆာကျင့်ကြံသူတစ်ယောက်သည် အားလုံးသောသူများကို ငုံ့၍ကြည့်နိုင်သည့ အဆင့်အတန်းတွင် ရှိနေ၏။
“စမ်းကြည့်ပါ”
“ကောင်းပြီ”
တင်းရှင်းဝမ်သည် တည်နေရာတွင် မတ်မတ်ရပ်လိုက်သည်။ အလွန်အားကောင်းလှသော မိစ္ဆာစွမ်းအင်များ အားလုံးသည် သူ၏ခန္ဓာကိုယ်ဆီမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူနှင့်နှိုင်းယှဉ်မည်ဆိုလျှင် မိစ္ဆာကျင့်ကြံသူ ရှောင်မိုရှန်းသည် တောင်ခြေတွင်ရှိနေသော ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
တုနန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ သူသည် ဤအကြီးအကဲတင်းမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း လုံးဝမသိခဲ့ချေ။ သို့ပေမဲ့ လက်ရှိမြင်ရသည်မှာတော့ အလွန်ကြောက်မက်ဖွယ် ကောင်းလေသည်။သူသည် ပြိုင်စံရှားဂိုဏ်းထဲသို့ မည်သည့်သတ္တိဖြင့် ခိုးကြောင့်ခိုးဝှက် ဝင်ရောက်လာသည်ဖြစ်ကြောင်းကို စဉ်းစား၍ပင် မရခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် လေစုပ်စက်ကြီးကို အသာဖွင့်လှစ်လိုက်၏။ စုပ်ယူခြင်းအားအင်များသည် ထွက်ပေါ်လာ တော့သည်။ နတ်ဆိုးအော်ရာများ စုပ်ယူမှုကို အာရုံခံမိသည်ဆိုသော်လည်း ထူးခြားမှုတော့ မရှိပေ။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်က ပြောလိုက်သည်။ “ဒါက ကျုပ်အတွက် အသုံးမဝင်ဘူး”
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ပြီးသည့်နောက် လက်ကိုင်၏ အောက်တွင်ရှိသော ခလုတ်တစ်ခုကို နှိပ်လိုက်၏။
“ဒုတိယအဆင့်”
မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးသည် အရှိန်နှုန်းကို မြန်ဆန်စေသည့်ခလုတ်များ ပါဝင် နေ၏။ ဤအရာသည် ပထမ၊ ဒုတိယနှင့် တတိယဟု ခွဲခြားထားသည်။ တုနန်တစ်ယောက် ပထမအဆင့်ကို နှိပ်၍ အသုံးပြု သည့်အချိန်ကတည်းက သစ်ရွက်နှင့် ဖုန်များအားလုံးကို လုံလောက်အောင် ဖြေရှင်းနိုင်နေပြီဖြစ်သည်။
ဒုတိယအဆင့်သည် အသက်ဝင်သွားခဲ့၏။
ဝှစ်
ချက်ချင်းဆိုသလိုပဲ အားကောင်းလှသည့် စုပ်ယူခြင်းစွမ်းအင်များသည် ဖြစ်တည်လာခဲ့တော့သည်။ အဝေး တစ်နေရာရှိ မြေပြင်တွင်ရှိသော ဖုန်နှင့်သစ်ရွက်များအားလုံးသည် အထဲသို့ ဝင်ရောက်လာခဲ့၏။ တင်းရှင်းဝမ်၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွား၏။ သို့ပေမဲ့ သူသည် သူ၏ခန္ဓာကိုယ်တွင်းတွင် ရှိသော မိစ္ဆာစွမ်းအင်များ စုပ်ယူခံလိုက်ရသည်ဆိုသော်လည်း ထိန်းချုပ်ထားနိုင်သည့် အစွမ်းတော့ ရှိနေသေးသည်။
“မလုံလောက်သေးဘူးလား”
ဒွီး
တတိယအဆင့်သည် အသက်ဝင်သွားခဲ့၏။
ဝှစ် ဝှစ်
အလွန်အားကောင်းလှသော စုပ်ယူခြင်းစွမ်းအင်များ ဖြစ်တည်လာသည်။ တုနန်၊ ရှောင်မိုရှန်းနှင့် တခြားသော သူများ အားလုံးသည် ဂိုဏ်းချုပ်နှင့် ဆယ်ပေအတွင်းတွင် ရှိနေသော ဖုန်နှင့် သစ်ရွက်များအားလုံး ဖုန်စုပ်စက်ထဲသို့ ဝင်ရောက်သွားသည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရ၏။
တင်းရှင်းဝမ်၏ မျက်နှာသည် ရုတ်တရက် လေးနက်သွားခဲ့၏။ တတိယအဆင့်၏ စုပ်ယူမှုစွမ်းအင်သည် အလွန်အားကောင်းလွန်းလှ၏။ သူ့ဆီမှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များ အားလုံးသည် ဤစုပ်ယူမှု ပြောင်းဝဆီသို့ တိုးဝင်လျက်ရှိနေတော့သည်။ သူ့အနေနနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရန် ကြိုးစားထားသည်ဆိုသော်လည်း ထိုနေရာဆီသို့ လွင့်မျောမသွားစေရန် မနည်း ကြိုးစားနေရတော့သည်။
လက်ရှိမြင်ကွင်းကို ကြည့်မည်ဆိုလျှင် အလွန်အားကောင်းလှသော စုပ်ယူခြင်းစွမ်းအင်များဖြစ်တည်လာပြီးသည့် နောက် မိစ္ဆာစွမ်းအင်များ အားလုံးကို စုပ်ယူလျက်ရှိနေတော့၏။
ကျွင်းချောင်ရှောင်းနှင့် တင်းရှင်းဝမ်တို့နှစ်ယောက် သည် တဖြည်းဖြည်းနှင့် နီးကပ်လာတော့၏။
“ဘယ်လိုလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
တင်းရှင်းဝမ်၏ မျက်နှာသည် ပျက်ယွင်းသွားတော့၏။ သူက ပြောလိုက်တော့သည်။ “ကျုပ်တောင့်ခံနိုင်သေးတယ်”
ထိုသို့ ပြောလိုက်သည်ဆိုသော်လည်း တဖြည်းဖြည်းနှင့် နှစ်ယောက်သား နီးကပ်လာသည့် အခြေအနေကို ရောက်ရှိတော့မည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ ၎င်းထုတ်လွှတ်လျက်ရှိသော မိစ္ဆာစွမ်းအင်များသည်လည်း အထဲသို့ စုပ်ယူခြင်း ခံနေရသည်။
တတိယအဆင့် အသက်ဝင်သွားသည်နှင့် သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက်ကိုပင် အရှက်ရသွားစေ၏။ ဤစုပ်ယူမှုအားအင်သည် မည်မျှအားကောင်းလှသည်ဆိုခြင်းကို သိသာလွန်းလှ၏။
ဟုတ်ပေသည်။ တင်းရှင်းဝမ် သည် ဖုန်စုပ်စက်ကြီးနှင့် စုပ်ယူခံရသည်ကို ဤအတိုင်း ခံယူနေခြင်းဖြစ်သည်။ အကယ်၍ ရန်သူတစ်ယောက်ဆိုပါက ထ၍ တိုက်ခိုက်လျှင် တိုက်ခိုက်၊ မဟုတ်ပါက တစ်ခါတည်း အဝေးသို့ ထွက်ခွာသွားမှာ ဖြစ်သည်။ ထို့ကြောင့် ဤဖုန်စုပ်စက်ကြီးကို သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်ရှိသည့် နေရာတွင် အသုံးပြုရန်ဆိုသည်မှာ အဓိပ္ပာယ်တော့ မရှိချေ။
“ဒါဆိုရင်”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီထက့်ကောင်းတဲ့ အထူးအဆင့်ကို အသက်သွင်းလိုက်ရင်တော့”
ဒွီး
ပြောပြီးသည့်နောက် သူသည် အနီရောင်ခလုတ်ကို နှိပ်ချလိုက်တော့သည်။
“ဒင်... လက်ခံသူသည် ဖုန်စုပ်စက်၏ အထူးစွမ်းအင်ကို အသက်သွင်းခဲ့သည်၊ ဂိုဏ်းစုဆောင်းမှတ် တစ်ရာ ကုန်ဆုံးပါသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၉၉၀၀ / ၅၀၀၀၀”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ပြိုလဲသွား၏။ “ဒါက ပိုက်ဆံသုံးရတာပဲ”
ဝှစ် ဝှစ်
ခဏလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူခြင်းစွမ်းအင်များသည် ဖုန်စုပ်စက်၏ ပြောင်းဝဆီမှ ထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည်ပင်လျှင် လက်ထဲမှ ဖုန်စုပ်စက်ကြီး လွှင့်ထွက်သွားမတတ် ဖြစ်နေတော့သည်။
တင်းရှင်းဝမ်၏ မျက်နှာသည် ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့သည်။ သူထုတ်ဖော်လျက်ရှိသော မိစ္ဆာစွမ်းအင်များသည် ဤဖုန်စုပ်စက်ထဲသို့ တိုးဝင်လျက် ရှိသည်။ သူမည်သို့မှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။ ခန္ဓာကိုယ်ကိုလည်း ထိန်းချုပ် နိုင်ခြင်း မရှိခဲ့။ ထို့ကြောင့် ဘုတ် ဘုတ် ဘုတ် ဟူသော အသံနှင့်အတူ သူ၏ ဦးခေါင်းတစ်ခုလုံးသည် ဖုန်စုပ်စက်၏ ပြောင်းဝဆီသို့ လာ၍စိုက်တော့သည်။
“မကောင်းတော့ဘူး” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဖုန်စုပ်စက်ကို ပိတ်လိုက်၏။
သို့ပေမဲ့ စုပ်ယူခြင်း စွမ်းအင်များသည် ချက်ချင်းကုန်ဆုံးသွားသည်ဆိုသော်လည်း အဘိုးကြီးတင်းသည် ဖုန်စုပ်စက်၏ ပြောင်းဝမှ ခေါင်းကိုခွာလိုက်သည်နှင့်တပြိုင်နက် သူ၏ ဖြူဖွေးနေသော ဆံပင်များအားလုံး မရှိတော့ချေ။ ခေါင်းတစ်ခုလုံး သည် ပြောင်ရှင်းလျက်ရှိနေတော့သည်။
“အား... ကျုပ်ရဲ့ဆံပင်တွေ..........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သူ နှစ်သိမ့်လိုက်သည်။ “အဘိုးကြီးတင်း... ဝမ်းနည်းမနေနဲ့၊ ဆံပင်ပြန်ပေါက်စေတဲ့ ခေါင်းလျှော်ရည်မျိုးကို ကျုပ်ရှာပေးမယ်၊ ဒါကိုသုံးလိုက်ရင် ကျိန်းသေပေါက် ဆံပင်တွေက ပြန်ပေါက်လာမှာပါ”