← Chapters

အခန်း (၈၂၇)

Vol. 56 Ch. 827

အခန်း (၈၂၇)

Vol. 56 Ch. 827

စနစ်၏ စတိုးဆီမှ ဝယ်ယူထားသော ပစ္စည်းများတွင် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ခြင်းနှင့် မှော်စွမ်းအင်ဖြင့် အဆင့်မြှင့်တင်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနေသည်။ ထိုအရာများတွင် အထူးစွမ်းအင်သက်ရောက်မှုကိုလည်း ဖွင့်လှစ်ထားရှိသေး၏။ ဥပမာအားဖြင့် ရှစ်ဆမှန်ဘီလူးဆိုလျှင် အသက်သွင်းရန်အတွက် ဂိုဏ်းစုဆောင်းမှတ် ငါးခု သာလိုအပ်၏။

မှော်အစွမ်းဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်မှာတော့ အထူးစွမ်းအင်တစ်ခု ပါဝင်နေပြီး ထိုအရာကို အသက်သွင်းရန်မှာမူ ဂိုဏ်းစုဆောင်းမှ တစ်ရာလိုအပ်နေ၏။ ထို့ကြောင့် ဈေးကြီးသည်ဟု ဆိုရမည်။

အထူးစွမ်းအင် အသက်ဝင်ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူခြင်းစွမ်းအင်သည် ထွက်ပေါ်လာ ပြီးသည့်နောက် တင်းရှင်းဝမ်သည် မည်သို့မှ မခုခံနိုင်တော့ပေ။ မိစ္ဆာစွမ်းအင်များ စုပ်ယူခံလိုက်ရသည်သာမက သူ၏ ဖြူဖွေးနေသော ဆံပင်များသည်လည်း စုပ်ယူခြင်းစွမ်းအင်ထဲတွင် ပါသွားခဲ့တော့သည်။ ကံကောင်းစွာဖြင့် ဖြစ်စဉ်တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခဲ့သည် ဖြစ်သောကြောင့် ထူးခြားသည့် နာကျင်မှုကိုတော့ မခံစားရချေ။

“ကျုပ်ဆံပင်တွေ၊ ကျုပ်ဆံပင်တွေ”

တင်းရှင်းဝမ်သည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီးသည့်နောက်မှာတော့ သူ၏ ပြောင်နေသောကတုံးကို အသာပွတ်ကာ အော်လျက်ရှိတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပဲ နှစ်ပေါင်းတစ်ရာလောက် အသက်ကြီးသွားခဲ့သလို ဖြစ်သွားတော့သည်။

သူ၏ ဘေးတွင်တော့ ရှောင်မိုရှန်းသည် အင်္ကျီလက်ကို အသာမြှောက်၍ သူမ၏ မျက်လုံးဆီမှ မျက်ရည်များအား အသာသုတ်လျက်ရှိ၏။ အကြီးအကဲတင်း၏ နှလုံးသားထဲမှ နာကျင်မှုကို သူမသည် ကောင်းကောင်း နားလည်နိုင်စွမ်း ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ဤကဲ့သို့ပင် ခံခဲ့ရသောကြောင့်ဖြစ်၏။

“တကယ်တော့”

ကျွင်းချောင်ရှောင်း သည် နှစ်သိမ့်လိုက်၏။ “ဆံပင်မွှေးလေး နှစ်ထောင်၊ သုံးထောင်လောက် ပါသွားတာ၊ အဲလောက်ကြီးလည်း စိုးရိမ် မနေပါနဲ့၊ မကောင်းတဲ့အရာကြီးပဲ မဟုတ်ပါဘူး”

တင်းရှင်းဝမ်သည် တောင်ပြောင်နေသော မုတ်ဆိတ်ရိတ်ဓားအား ထုတ်ကာပြောလိုက်၏။ “ဒါဆိုရင် ဂိုဏ်းချုပ် ဆီကနေပြီးတော့ ဆံပင်မွှေး နှစ်ထောင်၊ သုံးထောင်လောက် ခဏယူပါရစေ”

“မရဘူး”

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ကျုပ်က ဂိုဏ်းချုပ်လေ၊ ဘယ်လိုလုပ်ရမှာလဲ၊ ဂိုဏ်းမှာရှိတဲ့လူတွေ ပြဿနာမရှိအောင် ဖြေရှင်းပြီးတော့ ပူပင်သောကတွေ အကုန်လုံးကို ခေါင်းပေါ် တင်ထားရတယ်ဆိုပေမဲ့ ဆံပင် နှစ်ထောင်၊ သုံးထောင်လောက် ပါသွားရင်တော့ ကြည့်ရဆိုးမယ် မဟုတ်လား”

တင်းရှင်းဝမ်သည် ချက်ချင်းပဲ မျက်လုံးတွေ ချာချာလည်သွားခဲ့၏။ သူ့အလှည့်ကျတော့ ဆံပင်တွေ နှစ်ထောင်၊ သုံးထောင်လောက်သည် အရေးကြီးသည်ဟု ပြောဆိုနေပြန်သည်။ သောက်ကျိုးနည်းလှသည့် ဂိုဏ်းချုပ်ပါတကား။

…………………

“ဒင်... ဒင်... ဒင်...”

ညရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ပြီးသည့်နောက် စဦးစတိုးဆီသို့ သွားကာဖြင့် Refresh လုပ်လျက်ရှိနေတော့သည်။ တခြားအရာများ မရှိပေ။ သူ့အနေနှင့် အဘိုးကြီးတင်း၏ ဆံပင် များ ပြန်လည်ကောင်းမွန်စေရန်အတွက် ပစ္စည်းတစ်မျိုးမျိုးကို ရရှိရန် ကြိုးစားနေခြင်းပင် ဖြစ်တော့၏။

တစ်ရက်လုံးနီးပါး စမ်းသပ်ပြီးသည့်နောက် အနှစ်ချုပ်အားဖြင့် မှော်စွမ်းအင်ဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်သည် မိစ္ဆာနှင့် နတ်ဆိုးစွမ်းအင်များအားလုံးကို စုပ်ယူနိုင်စွမ်းရှိပြီး ထိုကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက ကြီးမားသည့် အကျိုးသက်ရောက်မှုကို ရရှိနိုင်စွမ်း ရှိနေ၏။ အထူးစွမ်းအင်ကို အသက်သွင်းလိုက်မည်ဆိုလျှင် သိုင်းနယ်မြေကျင့်ကြံသူပင်လျှင် ထိုအရာကို မယှဉ်နိုင်ချေ။

သို့ပေမဲ့ ဤနေရာတွင် ပြစ်ချက်တစ်ခုတော့ရှိ၏။ မိစ္ဆာ စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိသော သိုင်းကျင့်ကြံသူများကိုသာ စုပ်ယူနိုင်စွမ်းရှိနေသည်။ တစ်ဖက်လူသည် စွမ်းအင်များကို မထုတ်ဖော်ပါက သူ့အနေနှင့် ဘာမှလုပ်၍ မရချေ။ ထို့အပြင် စုပ်ယူလာခဲ့သော မိစ္ဆာစွမ်းအင်များ အားလုံးသည် ဖုန်စုပ်စက်ထဲတွင် ခဏတာ စည်းခတ်ခြင်းကို ခံထားရသည်သာ ရှိ၏။ ပြန်လည်ပွင့်သွားပြီ ဆိုပါက အနီးအနားရှိ ကျင့်ကြံသူဆီသို့ ပြန်လည်ရောက်ရှိသွားပေမည်။

“ဒါက ကိုယ်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ အသုံးပြုရမယ်၊ အနည်းဆုံး မိစ္ဆာဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက ငါ့အနားကို ကပ်လို့မရဘူးပေါ့၊ ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ “ဒီအထူးစွမ်းရည်ကို အသက်သွင်းဖို့က ငါတစ်ယောက်တည်းပဲ လုပ်နိုင်တာလေ၊ တကယ်လို့ တပည့်တွေကိုသာပေးပြီး သုံးခိုင်းမယ်ဆိုရင် သူတို့က တတိယအဆင့်ထိကိုပဲ ဖွင့်ပြီး သုံးလို့ရတယ်”

စနစ်က ပြောလိုက်သည်။ “တတိယအဆင့်ကလည်း ကြီးမားတဲ့ဖိအားကို ခံရတယ်လို့ ပြောခဲ့တယ် မဟုတ်လား”

“ဒါကလည်း မှန်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနာဂတ်မှာ ပိုပြီးအားကောင်းတဲ့ မိစ္ဆာဂိုဏ်းတွေ နဲ့ တိုက်ခိုက်မယ်ဆိုရင် ငါတို့က ဓားတွေ၊ လက်နက်တွေကို ထုတ်စရာ မလိုတော့ဘူး၊ တပည့်တွေ အားလုံးကို ဖုန်စုပ်စက် တစ်ယောက်တစ်လုံးဆီ ပေးထားလိုက်ရင် တော်တော်ကြီး အကျိုးသက်ရောက်မှု ရှိသွားလိမ့်မယ်၊ နတ်ဘုရားလက်နက်တွေထက်တောင် ပိုပြီးတော့ အကျိုးသက်ရောက်မှု များမယ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သိုင်းကျင့်ကြံခြင်းအပေါ်တွင် အဓိကထား၏။ သို့ပေမဲ့ ရန်သူများကို ရင်ဆိုင် သည့်နေရာတွင် ပိုမိုအဆင်ပြေသည့် နည်းလမ်းများကို အသုံးပြုနိုင်မှသာလျှင် အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်၏။ သူ့အနေနှင့် လက်နက်များကို မထုတ်ဖော်ပဲ ဖုန်စုပ်စက်များကို ထုတ်ယူ၍ တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှာ ကိစ္စမရှိပေ။ သူ ကျွင်းချောင်ရှောင်း ဆိုသည် နည်းဥပဒေနှင့် လောကကျင့်ဝတ်များကြားတွင် ငြိမ်ငြိမ်သက်သက်နှင့် နေထိုင်ရသည်ကို ကြိုက်နှစ်သက်သည့် လူတစ်ယောက် မဟုတ်ပေ။

“ကောင်းပြီ”

အတွေးတစ်ခုသည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာတော့၏။ “မှော်ပညာနဲ့ အဆင့်မြှင့်တင် ထားတဲ့ ဖုန်စုပ်စက်က ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်း ရှိလား”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက တွေးရင်း တွေးရင်းနဲ့ ကြီးမားလာပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “မိစ္ဆာစွမ်းအင်နဲ့ နတ်ဆိုးစွမ်းအင်တွေက မသန့်ရှင်းတဲ့အရာတွေပဲလေ၊ ဒီတော့ ဝိညာဉ်မျိုးနွယ်တွေကလည်း တခြားသူတွေရဲ့ ခန္ဓာကိုယ်တွေကို အပိုင်သိမ်း တတ်တဲ့လူတွေ ဖြစ်တာကြောင့် မသန့်ရှင်းတဲ့အရာတွေလို့ ပြောရမှာ မဟုတ်လား”

စနစ်က ပြောလိုက်သည်။ “တကယ်လို့ လက်ခံသူအနေနဲ့ စမ်းသပ်ချင်တယ်ဆိုရင် ဝိညာဉ်မျိုးနွယ်တွေရဲ့ ကမ္ဘာ ဆီကို သွားပြီးတော့ စမ်းသပ်ကြည့်ရမယ်”

“တော်စမ်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ ဒီလောက်ထိ မအဘူး”

ဝိညာဉ်မျိုးနွယ်တွေနှင့် စမ်းသပ်ဖို့၊ အလုပ်ဖြစ်လား၊ မဖြစ်လားကို သူသေချာမသိပေ။ သို့ပေမဲ့ ဝိညာဉ်မျိုးနွယ် များ၏ လောကဆီသို့ သွားရန် မဖြစ်နိုင်ပေ။ ထို့အပြင် လက်ရှိအခြေအနေတွင် စိတ်ပူစရာ ရှိသည်မှာ ဤအရာသည် သိုင်းနယ်မြေအဆင့် မိစ္ဆာကျင့်ကြံသူများနှင့် ရင်ဆိုင်၍ရနိုင်သည် ဆိုသော်လည်း သိုင်းအင်ပါယာအဆင့် ရန်သူများနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့အနေနှင့် ဘာမှပင် မလုပ်ရဘဲ သေဆုံးသွားပေလိမ့်မည်။

“ငါ့ဆီမှာ လုံလောက်တဲ့အားအင်နဲ့ ယုံကြည်ချက်ရှိပြီဆိုရင် ဝိညာဉ်မျိုးနွယ်တွေရဲ့ လောကထဲကို သွားပြီးတော့ တိုက်ခိုက်မယ်”

ကျွင်းချောင်ရှောင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်မိ၏။ “လောကကြီးကို ကယ်တင်ဖို့ အတွက် မီးပင်လယ်ကို ဖြတ်သန်းရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”

စနစ်က ပြောလိုက်သည်။ “ဒီလို အရှက်မဲ့တဲ့ လက်ခံသူရဲ့ ပြစ်မှတ်ထားခြင်းကို ခံနေရတယ် ဆိုတာကိုသာ သိမယ် ဆိုရင် ဝိညာဉ်မျိုးနွယ်တွေက ကျိန်းသေပေါက် ထောင့်တစ်ခုခုမှာ သွားပုန်းပြီးတော့ တစ်ကိုယ်လုံး တုန်နေကြမှာပဲ”

“ဒင်....”

ကျွင်းချောင်ရှောင်းသည် စဦးစတိုးအား Refresh လုပ်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အသစ်ပေါ်ပေါက်လာခဲ့သော ကုန်ပစ္စည်းများ ထဲတွင် အထူးဆံပင်သန်ဆေးဆိုသော ပစ္စည်းတစ်မျိုး ပါဝင်နေသည်။ ထိုအရာသည် ဆံပင်ကို ချက်ချင်းပင် ရှည်စေပြီး ဈေးနှုန်းမှာမူ ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်သာ ကျသင့်၏။

“ဝယ်မယ်”

“ဒင်...”

ဟား ဟား ဟား ဟား

နောက်တစ်ရက်မှာတော့ တင်းရှင်းဝမ်သည် သူ၏အခန်းထဲရှိ ကြည့်မှန်ရှေ့တွင် ထိုင်လျက်ရှိနေသည်။ သူသည် ညတွင်းချင်း ထွက်ပေါ်လာသည့် တလက်လက်တောက်ပနေသော ဆံပင်များကို ကြည့်လျက်ရှိသည်။ သူသည် ခေါင်းမော့ကာ စိတ်လှုပ်ရှားစွာဖြင့် ရယ်လျက်ရှိသည်။

……

ဘုန်း ဘုန်း

အနက်ရောင်လောကကြီးတစ်ခုထဲမှာတော့ တောင့်တင်းသန်မာလှသော ပုံရိပ်ယောင် နှစ်ခု ရှိနေ၏။ ၎င်းတို့သည် ဦးခေါင်းပေါ်တွင် ဂျိုကဲ့သို့သောအရာများရှိသည့် သတ္တဝါနှစ်ကောင်ဖြစ်ပြီး တည်နေရာ အတားအဆီး တစ်ခုအား ဝင်ရောက်တိုက်လျက်ရှိနေ၏။ ဤတည်နေရာလမ်းကြောင်း၏ တခြားတစ်ဖက်မှာတော့ စည်းတစ်ခု တည်ရှိလို့နေသည်။

ဤသတ္တဝါများသည် ဝိညာဉ်မျိုးနွယ်များဖြစ်၏။ ၎င်းတို့သည် သူတို့၏ ကိုယ်ပိုင်လောကကြီး တွင်တော့ သူတို၏ ခန္ဓာကိုယ်ကို ဖွဲ့တည်ထားနိုင်၏။ သို့ပေမဲ့ တခြားသော ဂြိုလ်များသို့ ကျူးကျော်ဝင်ရောက် သွားသည့်အချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ တိုက်ခိုက်ရေးနှင့် အစစ်အမှန်လက်နက်များကို ယူဆောင်သွား၍ မရတော့ချေ။ ထိုအစား တခြားသောမျိုးနွယ်များ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းကာဖြင့် ၎င်းတို့၏ စုပ်ယူခြင်းစွမ်းရည်များဖြင့် ပိုမို အားကောင်းအောင် ပြုလုပ်ကြတော့၏။ တဖြည်းဖြည်းနှင့် ထိုအပိုင်သိမ်းထားသော ခန္ဓာကိုယ်ကို ထိန်းချုပ် နိုင်စွမ်း မြင့်မားလာသည်နှင့်အမျှ သူတို့သည် ပိုမို၍ အားကောင်းလာမှာ ဖြစ်၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းအင်ပါယာကိုးယောက် တို့သည် ထိုသို့ အပိုင်သိမ်းဆည်းခြင်းကို ခံလိုက်ရခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် သိုင်းအင်ပါယာများကြား စစ်ပွဲ ဖြစ်တည်လာခဲ့ခြင်းပင်ဖြစ်ပြီး လောကကြီး တစ်ခုလုံးသည် ပျက်စီးသွားခဲ့ရ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ဤမျိုးနွယ်များသည် အလွန်တရာ ဆိုးယုတ်လှပြီး ဉာဏ်နီဉာဏ်နက်များလည်း အလွန်များပြားကြ၏။ ရန်သူများကို တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ၎င်းတို့သည် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

“ချီးတဲ့မှ”

ဝိညာဉ်မျိုးနွယ်စုမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ရှေးအစီအရင်အား ထပ်တလဲလဲ တိုက်ခိုက်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဟိုဘက်က လျော့သွားမယ့် လက္ခဏာမျိုး မရှိဘူး၊ ဘာလို့ အရင်တုန်းကထက်တောင် ပိုပြီးတော့ သန်မာလာခဲ့ရတာလဲ”

“ကြယ်ကြွေကုန်းမြေ တိုက်ကြီးမှာရှိတဲ့ အစီအရင်ဆရာတွေက ဒီစည်းကို ပိုပြီးအားကောင်းအောင် လုပ်ခဲ့တာလား မသိဘူး” ဘေးနားတွင်ရှိသော ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူက ပြောလိုက်၏။

“ဒီလိုဆိုရင် ငါတို့ အထဲကိုဝင်ဖို့ ပိုပြီး ခက်ခဲတော့မှာပေါ့”

“တတိယဝိညာဉ်အရှင်က ပြန်ပြီး နိုးထလာခဲ့ပြီလေ၊ သူက အထဲကို လာခဲ့ဖို့ လက္ခဏာပြထားတယ်၊ ငါတို့ တကယ်လို့ အချိန်မီ မသွားနိုင်ဘူးဆိုရင် ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မယ်”

သူတို့သည် အလွန်တရာ စိုးရိမ်လျက်ရှိနေ၏။ သို့ပေမဲ့ တည်နေရာ လမ်းကြောင်း၏ တစ်ဖက်တွင်ရှိနေသော စည်းအစီအရင်ကို သူတို့သည် အလုံးစုံ ချိုးဖြတ်၍ မရနိုင်ခဲ့ချေ။ ဤပုံစံအတိုင်း ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် နှစ်တစ်ရာလောက် ကြာသည်တောင်မှ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

ဝိညာဉ်မျိုးနွယ်များ၏ သက်တမ်းသည် အလွန်တရာ ရှည်လျားလွန်းလှပြီး နှစ်တစ်ရာဆိုသည်မှာ လက်ဖျောက်တစ်ချက်တီးစာလောက်သာ သတ်မှတ် ကြ၏။ သို့ပေမဲ့ တတိယဝိညာဉ်အရှင်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နိုးထခဲ့ပြီးဖြစ်သည်။ ၎င်းတို့အား ပူးပေါင်းရန် စောင့်မျှော်နေ၏။ တစ်ရက်ကလေးတောင်မှ သူတို့သည် မနှောင့်နှေးချင်ကြပေ။

“အင်း”

ဝိညာဉ်မျိုးနွယ် စွမ်းအားမြင့် ကျင့်ကြံသူက သက်ပြင်းချကာ ပြောလိုက်၏။ “ဒီအချိန်မှာ တတိယ ဝိညာဉ်အရှင်က ငါတို့ရဲ့ ပြဿနာကို နားလည်ဖို့ပဲ လိုအပ်တယ်၊ သူသာ သိမယ်ဆိုရင် ငါတို့ အထဲကို ဝင်လာနိုင်ဖို့ တစ်ခုခု ပြင်ဆင် ပေးထားနိုင်မှာ”

ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ကျွင်းချောင်ရှောင်းကို ကျေးဇူးတင်ရမည် ဖြစ်သည်။ သူ့အနေနှင့် ရှန်ကွမ်းရှင်းရောင်ကိုသာ ဤအကာအကွယ် အတားအဆီးအား ပိုမိုအားကောင်းစေရန် အားဖြည့်ခြင်းမျိုး မပြုလုပ် ခိုင်းခဲ့သည့်ဆိုပါက ဝိညာဉ်မျိုးနွယ်များ၏ ကျူးကျော်မှုကို ခံရပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော် ဖြစ်တော့မှာ သေချာနေသည်။

All Chapters