← Chapters

အခန်း (၈၂၈)

Vol. 56 Ch. 828

အခန်း (၈၂၈)

Vol. 56 Ch. 828

စိမ်းစိုနေသော တောင်တန်းကြီးနှင့် ကြည်လင်ရှင်းသန့်နေသော စမ်းချောင်းများ တည်ရှိရာနေရာထဲမှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တိုင်လုသည် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်လျက် ရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အစိမ်းရောင် ဓာတ်သဘာဝများ ဖြစ်ထွန်းလျက်ရှိပြီး အနီးနားတွင်ရှိသော အပင်များ ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျက်ရှိ၏။

ဟူး

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ သူသည် မျက်လုံးကို ဖွင့်လိုက်မိ၏။ ပါးစပ်နှင့်အပြည့် လေပူများကို မှုတ်ထုတ်ပြီးသည့်နောက် ပြောလိုက်သည်။ “အဆင့်ခြောက်ကို ချိုးဖြတ်နိုင်ခဲ့ပြီပဲ”

အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသည် ပိုမိုအားကောင်းပြီး လက်စားချေနိုင်ရန်အတွက် ကြိုးစားလျက်ရှိ၏။ သို့ပေမဲ့ ဝတ္ထုတစ်ခု၏ ဇာတ်ကောင်ဖြစ်သော ကျွင်းချောင်ရှောင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏ အခြေအနေသည် ဆိုးရွားလျက် ရှိနေသေးသည်။

“ကောင်လေး” ဟွင်က မပျော်မရွှင်ဖြင့် ပြောလိုက်မိသည်။ “သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ ဆိုတာက အပင်တွေနဲ့ သားရိုင်းတွေကို စုပ်ယူယုံနဲ့ မဖြစ်ဘူး၊ မင်းအနေနဲ့ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ စွမ်းအင်တွေကို စုပ်ယူတာ ပိုပြီး ကောင်းလိမ့်မယ်”

တိုင်လုသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်နဲ့ မိစ္ဆာက ဘာထူးတော့မှာလဲ၊ အပြစ်မရှိတဲ့ လူတွေကို သတ်ဖြတ်တဲ့အလုပ်ကို မလုပ်ချင်ဘူး”

ယုတ္တိဗေဒအရ ပြောမည်ဆိုလျှင် သူသည် ကျွင်းချောင်ရှောင်းနှင့် ရန်ငြိုးရှိနေ၏။ ထို့ကြောင့် ဗီလိန်တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့ပေမဲ့ သူသည် မိစ္ဆာကဲ့သို့ လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် အကြင်နာတရား ကင်းမဲ့လှသော ကိစ္စရပ်များကို ကျိန်းသေပေါက် မပြုလုပ်ချင်ပေ။

“သိုင်းပညာရှင်များသာ ကြီးစိုးတဲ့ ဒီလိုနေရာမျိုးမှာ လေးစားမှုကို ခံယူချင်ရင် အားနည်းစေနိုင်တဲ့ အကြောင်းအရာ တွေအကုန်လုံးကို ဖယ်ရှားပစ်ရမယ်” ဟွင်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “မင်းအနေနဲ့ ကောင်းတာတွေ၊ ဆိုးတာတွေကို ဒီလောက်ဂရုစိုက်နေမယ်ဆိုရင်တော့ မနှေးနဲ့ မမြန်ဆိုသလို ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်လိမ့်မယ်”

“ထပ်ပြီး မပြောတော့ဘူး”

တိုင်လုက ပြောလိုက်သည်။ “ကျုပ်ဆီမှာလည်း ကိုယ်ပိုင် အကြံအစည်ရှိတယ်”

“........” ဟွင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤအရူးသည် လွယ်လွယ်ကူကူဖြင့် လှည့်စား၍ ရနိုင်သည့် လူတစ်ယောက် ဖြစ်မည်ဟု သူတွေးထင်ခဲ့မိ၏။ သို့ပေမဲ့ ဤမျှလောက် စည်းမျဉ်းစည်းကမ်းများကို လက်ကိုင်ထားတတ်သည့် လူတစ်ယောက်ဖြစ်မှန်း သူမသိရှိခဲ့ပေ။ ကြည့်ရသည်မှာ အလုံးစုံ ဝါးမြိုခြင်းကို အသုံးပြုပြီး ၎င်း၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းနိုင်ရန်မှာ အချိန်အတော်ကြာမြင့်ပေဦးမည်။

....................

ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်းထဲတွင် ထိုင်လျက် ပြောလိုက်၏။ “ခင်ဗျား ဘာလို့ အဆင့်ခြောက် သိုင်းဘုရင်အဆင့်ကနေ မတတ်သေးတာလဲ”

လီလိုရှု၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ “ကျွန်မက မိုးဆွေဟောခန်းနဲ့ အဝယ်တော်ဟောခန်း နှစ်ခုလုံးကို ဂရုစိုက်နေရတာလေ၊ ဘယ်အချိန်မှာ သွားပြီး ကျင့်ကြံမှာလဲ”

သူမသည် သိုင်းဘုရင်ဆေးလုံးကို အမှီပြု၍ သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ ပြီးသည့်နောက်မှာတော့ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ ထဲသို့သွားကာ အဆင့်ခြောက်ဆီသို့ တိုးတက်ရောက်ရှိခဲ့၏။ မဟုတ်ပါက သူမတွင် ကျင့်ကြံဖို့ အချိန်မရှိတာနှင့် ပတ်သက်ပြီး သိုင်းဘုရင် အဆင့်နှစ် သို့မဟုတ် သုံးလောက်တွင်သာ တစ်နေမှာဖြစ်၏။

“ခင်ဗျား အရမ်းကြိုးစားခဲ့ရတာကိုး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လင်းယွမ်ဟောခန်း၌ လူနှစ်ဆယ့် လေးယောက်သာဆန့်၏။ ထို့အပြင် တပည့်များကိုသာ ထိုအထဲတွင် ထားရှိနိုင်စွမ်း ရှိသည်။ ဟောခန်းသခင်များ ကိုသာထည့်သွင်း၍ထားနိုင်မည်ဆိုပါက သူသည် ဤအမျိုးသမီးကို ကျိန်းသေပေါက် နှစ်ဆယ့်လေးနေရာ တွင် ထားမှာဖြစ်၏။

လီလိုရှုက နောက်ပြောင်လိုက်သည်။ “အခု မိုးဆွေဟောခန်းထဲကိုလာတာ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်ကို မေးမြန်းဖို့လား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဒီအနားမှာ ကျုပ်ရှာဖွေခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ ထူးသေးလဲလို့ မေးမလို့”

သူသည် အရေးကြီးသည့် ကိစ္စရပ်များကို ပြောသည့်အချိန်မှာတော့ ပိုမို၍ လေးနက်လာ၏။

လီလိုရှုသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “အစောကတည်းက လူတွေလွှတ်ပြီး စုံစမ်းစစ်ဆေး ထားတယ်လေ၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း သာမန်မဟုတ်တဲ့ အကြောင်းအရာတွေတော့ မရှိသေးဘူး”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါဆိုရင် ဟိုအဘိုးကြီး ကျုပ်ကို အရူးလုပ်ခဲ့တာ နေလိမ့်မယ်”

ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲတွင် အစီအရင်အင်ပါယာက တစ်ကြိမ်ပြောခဲ့ဖူး၏။ “အချိန်အတော်ကြာပြီ ဆိုပေမယ့် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဝိညာဉ်မျိုးနွယ်တွေ ရောက်ရှိနေလောက်ပြီ၊ သူက လူသား ခန္ဓာကိုယ်ကို သိမ်းပြီး ဖြည်းဖြည်းချင်း တိုးတက်လာလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် လောကကြီးကို ကယ်တင်ရန်အတွက် ဂရုမစိုက်ချေ။ သို့ပေမဲ့ ကုန်းမြေတိုက်ကြီးတွင် ထူးဆန်းသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာပါက စုံစမ်းစစ်ဆေးရန် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များကို မှာကြားထား၏။ တခြား ဝိညာဉ်မျိုးနွယ်များ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းအား စည်းခတ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နှစ်ရာဂဏန်းနီးပါးခန့် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။ သူ့အနေနှင့် အချိန်ကာလတစ်ခုကြာလျှင် တစ်ဖက်လူ များသည် ချိုးဖောက်ဝင်ရောက်လာမှာကိုတော့ စိုးရိမ်ရသည်။ ထို့ပြင် တစ်စုံတစ်ခုသော ဝိညာဉ်မျိုးနွယ်သည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည်ဟု အစီအရင်အင်ပါယာက သုံးသပ်ထားသည် မဟုတ်ပါလား။

အစီအရင်အင်ပါယာက ပြောဆိုသည့်အကြောင်းအရာများနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် ကျွင်းချောင်ရှောင်း သည် အကြမ်းဖျင်းအားဖြင့် သုံးသပ်နိုင်ခဲ့ပြီဖြစ်၏။ ဝိညာဉ်မျိုးနွယ်များသည် ပိုမိုအားကောင်းချင်သည်ဆိုလျှင် လူသားများ၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် လိုအပ်၏။ ထို့ကြောင့် သားရဲအလောင်းများကို စုပ်ယူရုံသာမကဘဲ ကျင့်ကြံသူများထံမှ စုပ်ယူမှာ သေချာ၏။ ထို့ကြောင့် သဲလွန်စများသည် ကျန်ရစ်ရမည်ဖြစ်၏။

ထို့ကြောင့် မိုးဆွေဟောခန်းဆီမှ သေသေချာချာ ရှာဖွေပြီးသည့်နောက် ထူးဆန်းသည့် ကိစ္စရပ်များ ဖြစ်ပွားခြင်း မရှိပေ။ သို့သော်ငြား သူ့အနေနှင့် အနည်းငယ်ပိုမို၍ ဂရုစိုက်ရန် လိုအပ်နေကြောင်း သိရှိနားလည်မိသည်။

“တကယ်လို့ ဝိညာဉ်မျိုးနွယ်တွေ မရှိရင်လည်း ပိုကောင်းတာပေါ့”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ဝိညာဉ်မျိုးနွယ်တွေကလည်း ကျုပ်တို့ကို သတ်မှာ မဟုတ်ဘူး၊ ကျုပ်တို့ကလည်း သူတို့ကို သွားသတ်စရာ မလိုတော့ဘူး”

“ဂိုဏ်းချုပ်” တင်းရှင်းဝမ်သည် လျှောက်ဝင်လာ၏။

ကျွင်းချောင်ရှောင်းနှင့် လီလိုရှုတို့၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားသည်။ အဘယ်ကြောင့်ဆိုသော် အဘိုးကြီးတင်း၏ ဆံပင်များသည် ပြန်လည်ရှည်လာ သည်သာမက အလွန့်အလွန်ပင် ရှည်လျားလျက်ရှိ၏။ ဆံပင်ကိုကျစ်၍ ခါးနားတွင်ပင် လိမ်ထားလျက်ရှိ၏။ “ဘာဆေးကြီး ကျုပ်ကို ပေးလိုက်တာလဲ”

တင်းရှင်းဝမ်သည် သူ၏ ထူထဲနက်မှောင်နေသော ဆံပင်များကို အသာ ထိုးပြလိုက်၏။ သူ၏ မျက်နှာ အိုအိုကြီး မှာတော့ စိတ်အားကျဆင်းမှုကြောင့် ရှုံ့မဲ့လျက်ရှိ၏။ “ဒါကနေ့စဉ်နေ့တိုင်း ပိုပိုပြီးတော့ ရှည်လာတာလေ၊ အနာဂတ်မှာ ဘယ်လိုလုပ် အပြင်ထွက်မလဲ”

“ဖြတ်လိုက်လေ”

“နှစ်ရက်ကို ရှစ်ကြိမ်တိတိ ဖြတ်ပြီးပြီ၊ ဒါပေမဲ့ ပိုပိုပြီး ရှည်လာတယ်”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဆံပင်တွေ ခါးလောက်ထိရှည်သောကြောင့် လက်ထပ်ရမည် ဆိုလျှင် အဘိုးကြီးတင်းသည် ခုနှစ်သား၊ ရှစ်သားလောက်ပင် ကျနေလောက်ပြီဖြစ်သည်။

အဓိကအားဖြင့် ဆံပင်များ ပြန်ပေါက်စေသည့်ဆေးကို များများစားစား အသုံးပြုလိုက်၍သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာ ဤကဲ့သို့ ဖြစ်သွားခြင်းဖြစ်မည်။ ရက်အနည်းငယ် ကြာသွားလျှင် ပုံမှန်အတိုင်း ဖြစ်သွားမှာ သေချာ၏။

“ဂိုဏ်းချုပ်”

တုနန်က ပြုံးကာ ပြောလိုက်သည်။ “ကျုပ်ကိုလည်း အဲဆေး ပေးပါလား”

ကျွင်းချောင်ရှောင်းသည် တုနန်၏ ပခုံးကို ပုတ်၍ ၎င်း၏ တောက်ပနေသည့် ခေါင်းတုံးပြောင်ပြောင်ကြီးကို ကြည့်ကာ ပြောလိုက်၏။ “ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က ဗုဒ္ဓကျင့်ကြံသူနဲ့ တူမှဖြစ်မှာပေါ့”

“လာ …. ခေါင်းကို ငုံ့လိုက်၊ ရှောင်လင်ဘုန်းကြီးတွေနဲ့တူအောင် ခေါင်းကို ဖယောင်းနဲ့ တို့ပြီး အစက်တွေ ဖြစ်အောင် လုပ်ပေးမယ်”

“ထားလိုက်ပါတော့၊ အတွင်းခြံဝန်းပဲ သွားပြီးတော့ သန့်ရှင်းရေးလုပ်တော့မယ်” တုနန်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေက ရောက်လာပြီး သတင်းပို့လိုက်သည်။ “ဆေးပင်အသစ်တွေ ရင့်မှည့်ပြီ”

“အင်း” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ့အနေနှင့် သိုင်းဘုရင် ဆေးလုံးများကို ပိုမိုကာ သန့်စင်ထားနိုင်မည်ဆိုလျှင် တပည့်များ၏ အလုံးစုံသော အားအင်အဆင့်သည် ပိုမိုကာ တိုးပွားလာမှာ သေချာ၏။

“ဂိုဏ်းချုပ်”

လီလိုရှုက လျှောက်ဝင်လာပြီး ပြောလိုက်သည်။ “သတင်းပို့စရာ တချို့ရှိတယ်”

“ပြော”

လီလိုရှုက ပြောလိုက်သည်။ “မြောင်ဟွာခန်းမသခင်က ဂိုဏ်းကနေထွက်ပြီးတော့ တောင်ပိုင်းသဲကန္တာရ နယ်မြေ ဆီကို သွားတယ်လို့ သတင်းကြားတယ်”

“ဘာလို့လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

လီလိုရှုက ပြောလိုက်၏။ “ခန်းမသခင်ရှစ်ကို အဆိပ်ကိုးပါး နန်းတော်ကနေ ဖိတ်ခေါ်ထားတာ”

“အဲတာ အဆင့်ငါးဂိုဏ်းတစ်ခု မဟုတ်လား”

“ဟုတ်ပါတယ်”

ကျွင်းချောင်ရှောင်း စဉ်းစားလိုက်သည်။ “မြောင်ဟွာခန်းမ ဆိုတာက ကျင့်ကြံခြင်းလောကထဲမှာ လမ်းမှန်ဂိုဏ်း တစ်ခုလို့ စဉ်းစားဆုံးဖြတ်နိုင်တယ်၊ ဒါဆိုရင် ဘာလို့ ခန်းမသခင်ရှစ်က မိစ္ဆာဂိုဏ်းဆီကို သွားလည်ရတာလဲ”

“ကျွန်မ သိသလောက် ဆိုရင်”

လီလိုရှုက ပြောလိုက်၏။ “ရှစ်ကျန်းရွှမ်မှာ အရမ်းကို အားကောင်းတဲ့ စီနီယာ အစ်မတစ်ယောက် ရှိတယ်တဲ့၊ ဒါပေမဲ့ မြောင်ဟွာခန်းမသခင် ရာထူးကို ပြိုင်ဆိုင်တဲ့အချိန်မှာ ရှုံးနိမ့်ပြီးတော့ ဂိုဏ်းကနေ အမုန်းတရားတွေနဲ့ ထွက်ခွာသွားခဲ့တယ်၊ သူက အခု တောင်ပိုင်းသဲကန္တာရ နယ်မြေထဲမှာရှိတဲ့ အဆိပ်ကိုးပါးနန်းတော်ကို ဝင်ရောက်ခဲ့တယ်တဲ့”

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဖိတ်ခေါ်တယ်ဆိုတာက စားပွဲတစ်ခု တည်ခင်းပြ ပြီးတော့ သတ်ဖြတ်ဖို့ အစီအစဉ် ဖြစ်လိမ့်မယ်”

“ဒါက ဖြစ်နိုင်တယ်”

လီလိုရှုက ပြောလိုက်၏။ အချက်အလက်အရဆိုလျှင် အရေးကြီးသည့်ကိစ္စမျိုး မဟုတ်ပါက သူမ အနေနှင့် သတင်းပို့ခြင်းကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရှစ်ကျန်းရွှမ်နှင့် ဂိုဏ်းချုပ်တို့၏ကြား ဆက်ဆံရေးသည် မရှင်းလင်းသည့် အခြေအနေတွင် ရှိနေ၏။ ထို့ကြောင့် အချိန်အတော်ကြာ စဉ်းစားပြီးသည့် နောက် သူမ သတင်းပို့လိုက်ခြင်းပင် ဖြစ်တော့သည်။

“ခန်းမသခင်ရှစ်က တစ်ယောက်တည်း သွားတာလား”

“ကျန်းစွန်းဖန်းဟွာနဲ့ လန့်ရှင်းရွဲ့တို့လည်း သူမနဲ့ လိုက်သွားတယ်”

လန့်ရှင်းရွဲ့အကြောင်း ပြောသည့်နောက်မှာတော့ စားပွဲ၏ ထိပ်ပိုင်းတွင် ထိုင်လျက်ရှိသော အကြီးအကဲဝေ၏ မျက်နှာသည် လေးနက်သွား၏။ ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို သတိပြုမိ၏။ ထို့ကြောင့် ထူးမခြားနား သလို ပြောလိုက်သည်။“ခန်းမသခင်ရှစ်ဆီမှာ သိုင်းဘုရင် ထိပ်ဆုံးအဆင့် နှစ်ယောက်ပါတယ်လေ၊ ဒီတော့ ပြဿနာ မဖြစ်နိုင်ဘူး”

“အဆိပ်ကိုးပါး နန်းတော်က အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်တယ်ဆိုပေမဲ့ သူတို့ရဲ့ အဆိပ်သုံးတဲ့ နည်းစနစ်က ကျင့်ကြံခြင်းလောကမှာ အကောင်းဆုံးပဲ၊ ခန်းမသခင်ရှစ်အတွက် အထူးပြင်ဆင်ထားမယ်ဆိုရင် သိုင်းအုပ်စိုးသူ ထိပ်ဆုံး အဆင့်တွေတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” အကြီးအကဲဝေက အေးစက်စက် ပြောလိုက်သည်။

“အကြီးအကဲဝေ... ဘာကို ဆိုလိုတာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

အကြီးအကဲဝေက ပြောလိုက်၏။ “ဟွာတောင်ထိပ်မှာတုန်းက မြောင်ဟွာခန်းမသခင်က အဆင့်သုံး ဂိုဏ်းနှစ်ခုကို ဂရုမစိုက်ဘဲ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းကို လာပြီး အားပေးခဲ့တယ်မဟုတ်လား၊ ဒီတော့ ကျုပ်တို့အနေနဲ့ တစ်စုံ တစ်ယောက်ကို လွှတ်ပြီးတော့ ကြည့်ရှုခိုင်းမှ သင့်လိမ့်မယ်”

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ “အကြီးအကဲဝေက ရည်းစားဟောင်းနဲ့ပတ်သက်ပြီး စိတ်ပူနေတာ လား”

အကြီးအကဲဝေသည် ဇဝေဇဝါ ဖြစ်သွား၏။ “ဂိုဏ်းချုပ်လည်း ခန်းမသခင်ရှစ်ကို စိတ်ပူနေတာ မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခန်းမသခင်ရှစ်နဲ့ ကျုပ်က မိတ်ဆွေကောင်းတွေပဲလေ၊ ဒီတော့ သူမ ဒီလိုမျိုး ဖြစ်မယ်မှန်း သိသိရက်နဲ့ လျစ်လျှူရှုထားနိုင်မှာ မဟုတ်ဘူး၊ အကြီးအကဲဝေ … အကြီးအကဲကျန့်ကို ခေါ်ပြီးတော့ အဆိပ်ကိုးပါး နန်းတော်ဆီသွားလိုက်”

“ကောင်းပါပြီ” အကြီးအကဲဝေသည် အလျင်အမြန်ပဲ မတ်တပ်ရပ်ကာဖြင့် ကျန့်ရာနှင့်အတူ မြန်နိုင်သမျှ အမြန်ဆုံး တောင်ပိုင်းသဲကန္တာရ နယ်မြေဆီသို့ ပျံသန်းသွားသည်။

လမ်းတလျှောက်မှာတော့ သူက တွေးလိုက်မိသည်။ “ခန်းမသခင်ရှစ် ဒုက္ခရောက်နေတာ ဂိုဏ်းချုပ်က ကျိန်းသေပေါက် လာပြီး ကယ်ရမှာပေါ့၊ ဒါမှ သူမရဲ့ စိတ်ခံစားချက်တွေက ပိုပြီး တိုးတက်လာမှာ မဟုတ်လား၊ အခုတော့ ငါတို့ကိုလွှတ်ပြီး သူက ဂိုဏ်းထဲမှာ ထိုင်နေ ခဲ့တယ်၊ ဂိုဏ်းချုပ်က တကယ့်ကို မျှော်လင့်ချက်မဲ့နေတဲ့ တစ်ကိုယ်တော် သမားတစ်ယောက် ဖြစ်နေပြီပဲ”

အကြီးအကဲဝေသည် အချစ်ဘုရင် တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ကြေးရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်တည်လျက်ရှိသော ကျွင်းချောင်ရှောင်းနှင့် မျက်နှာချင်းဆိုင်သည့်အချိန်မှာတော့ ကျိန်းသေပေါက် ထ၍ ကျိန်ဆဲလုမတတ်ပင် ဖြစ်မိ နေသည်။

...................

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် မတ်တပ် ထရပ်လိုက်၏။ ပြီးနောက် ပြောလိုက် တော့သည်။ “ဆိုးရွားတာတွေ ဖြစ်မလာဖို့ မျှော်လင့်မိတယ်”

သူ့အနေနှင့် တောင်ပိုင်းသဲကန္တာရ နယ်မြေဆီသို့ ကိုယ်တိုင် မသွားခဲ့ပေ။ ထို့ပြင် အဆင့်ငါးဂိုဏ်းနှင့် ရင်ဆိုင်ရသည့် နေရာတွင် သိုင်းအုပ်စိုးသူနှစ်ယောက်ကို စေလွှတ်လိုက်ခြင်းဆိုသည်မှာ မျက်နှာသာပေးပြီးသား ဖြစ်နေ၏။

လီလိုရှုက တီးတိုးရေရွတ်လိုက်သည်။ “တပည့်တွေသာ ဒုက္ခရောက်ပြီဆိုရင် ဂိုဏ်းချုပ်က ကိုယ်တိုင်ကိုယ်ကျ ရူးရူးမူးမူး လိုက်ပြီး သတ်မှာမဟုတ်လား”

“အင်း” ရုတ်တရက်ဆိုသလိုပဲ အဖွဲ့ဝင်တစ်ယောက်၏ သတင်းပို့သံသည် သူ၏နားထဲသို့ ပေါ်ပေါက်လာ၏။

“ဂိုဏ်းချုပ်... အရှေ့ဟယ်ကျူးမှာရှိတဲ့ တောနက်ထဲမှာ ငါးကီလိုမီတာအတွင်းမှာရှိတဲ့ သစ်ပင်၊ သစ်ရွက်တွေက ခမ်းခြောက်ပြီးတော့ အသက်ဓာတ်မရှိတော့ဘူးဆိုတာကို သတင်းရရှိတယ်”

“တိတိကျကျ နေရာပြော”

“ဒါက.........”

ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကို ထုတ်ဖော်ပြီးသည့်နောက် ချက်ချင်းပဲ ပျံသန်းကာ ကောင်းကင် ပေါ်တွင် ပျောက်ကွယ်သွားတော့သည်။

လီလိုရှုသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ လှပသော မိန်းကလေးအတွက် သွားရောက် မတိုက်ခိုက်ဘဲနှင့် အဘယ်ကြောင့် သစ်ပင်များ ခမ်းခြောက်နေသည့် နေရာဆီသို့ အပြေးအလွှား သွားနေရသနည်း။

ဂိုဏ်းချုပ်သည် ငယ်ရွယ်စဉ်က သစ်ပင်ပေါ်မှ ပြုတ်ကျပြီး အရေးကြီးသည့် အောက်ပိုင်းနေရာ ထိခိုက်မိသည်ဆိုသည်မှာ အမှန်ပင် ဖြစ်မည်ဟု သူမ သုံးသပ်လိုက်မိ၏။

All Chapters