အခန်း (၈၃၀)
Vol. 56 Ch. 830
အကြီးအကဲဝေနှင့် ကျန့်ရာတို့သည် အဆိပ်ကိုးပါး နန်းတော်ထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေကြတော့သည်။ ၎င်းတို့၏ ပတ်ပတ်လည်တွင်တော့ များပြားပြီး ထူးဆန်းလှသော မြူကဲ့သို့အရာများ လွှမ်းခြုံနေသည်။ ဤအရာ များသည် အဆိပ်ငွေ့များပင် ဖြစ်တော့၏။ အဆိပ်ကိုးပါးနန်းတော်၏ အဆိပ်ကိုးမျိုးထဲမှ တစ်မျိုးလည်းဖြစ်သည်။
ဤအရာသည် အပြင်ဘက်တွင်ရှိနေသော အဆိပ်မြူငွေ့များထက် အဆဆယ်ဆလောက် ပို၍ အားကောင်း၏။
ဤတိမ်မြူများသည် စတင်ဖန်တီးခဲ့စဉ်က သိုင်းဆရာအဆင့်ကိုသာ အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သို့ပေမဲ့ အကြိမ်ကြိမ် သုတေသန ပြုလုပ်ပြီး ပိုကောင်းအောင် ဖန်တီးပြီးသည့်နောက်မှာတော့ ဤအဆိပ်ဓာတ် သည် ပိုပိုပြီး အားကောင်းလာခဲ့သည်။ လက်ရှိအချိန်မှာတော့ သိုင်းအုပ်စိုးသူဖြစ်သော အကြီးအကဲဝေနှင့် ကျန့်ရာတို့ပင်လျှင် အဆိပ်မိလျက် ရှိနေတော့သည်။
၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် အဆိပ်များကို ဖိနှိပ်နိုင်ခဲ့ကြသည် ဆိုသော်လည်း ဆင်ကန်းတောတိုး မကြောက်မလန့်ဖြင့် လှုပ်ရှားမှုကို မပြုလုပ်ရဲချေ။ ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော်ဖို့ဆိုလျှင် ပို၍ ဆိုးရွားသေး၏။ မဟုတ်ပါက အဆိပ်များသည် တစ်ကိုယ်လုံးသို့ လျင်မြန်စွာဖြင့် ပျံ့နှံ့သွားမှာဖြစ်၏။
ဤအရာသည် ရှက်ရွံ့ဖွယ်ရာ ကောင်းလွန်းလှ၏။ တကယ်တမ်းမှာတော့ ၎င်းတို့နှစ်ယောက်သည် အထဲသို့ ဝင်လာသည့်အချိန်တွင် အလွန်သတိထား၍ ဝင်လာခဲ့ကြခြင်းဖြစ်၏။ သို့ပေမဲ့ အထဲတွင်ရှိသော အဆိပ်များမှာ အလွန်များပြားလွန်းလှ၏။ ၎င်းတို့ ရရှိထားသော အဆိပ်ဖြေဆေးများသည်လည်း အသုံးမဝင်တော့ချေ။
အဆိပ်မြူများ၏ အပြင်ဘက်တွင် အဆိပ်ကိုးပါး နန်းတော်မှ တပည့်တစ်ထောင်ကျော်ခန့်သည် စုဝေးလျက် ရှိနေကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ရှေ့သို့ လှမ်းတက်မလာခဲ့ချေ။ ထို့ပြင်၎င်းတို့ ဖမ်းမိထားခဲ့သည်မှာ သိုင်းအုပ်စိုးသူအဆင့်နှစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် အနားသို့ ချဉ်းကပ်သွားသည်မှာ မိမိကိုယ်ကိုယ် သတ်သေသည်နှင့် တူပေလိမ့်မည်။
လက်ရှိအခြေအနေမှာတော့ အကြီးအကဲဝေနှင့် ကျန့်ရာတို့သည် ထောင်ထဲတွင် ခဏတာ နားနေ နေရပြီဖြစ်၏။ အဆိပ်ကိုးပါးနန်းတော်၏ တပည့်များသည် ၎င်းတို့ကို မတိုက်ခိုက်ရဲချေ။ ဘေးတစ်ဖက်ဆီမှသာ အသာစောင့်ကြည့်လျက် ရှိနေကြ၏။
"ရှင်တို့နှစ်ယောက်"
ကြည်လင်ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ကျွန်မရဲ့ အဆိပ်ကိုးပါး နန်းတော်က အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်တယ်ဆိုပေမယ့် အဆိပ်နည်းစနစ်ကတော့ လောကကြီးမှာ အားအကောင်းဆုံးပဲ ဆိုတာကို မသိဘူးလား၊ ဘယ်လိုဖြစ်ပြီးတော့ ကျူးကျော်ဝင်ရောက်ရဲရတာလဲ"
သူမသည် ကြီးကြီးကျယ်ကျယ်တွေ ပြောဆိုနေခြင်း မဟုတ်ပေ။ သိုင်းအုပ်စိုးသူနှစ်ယောက်ကို အဆိပ်မိအောင် ပြုလုပ်နိုင်သူတစ်ယောက်ဖြစ်သည်မို့ အမှန်ပင် လုံလောက်သည့်အားအင်နှင့် စွမ်းရည်ရှိသူမှန်း သိသာလှသည်။
တကယ်တမ်းမှာတော့ အဆိပ်ကိုးပါးနန်းတော်၏ အဆိပ်နည်းစနစ်သည် အဆင့်လေး သို့မဟုတ် အဆင့်သုံးဂိုဏ်းများကိုပင် ကြောက်လန့်နေစရာ မလိုချေ။ ထို့အပြင် ဤအဆိပ်နည်းစနစ်ကို ကျင့်ကြံနိုင်သူမှာ အနည်းငယ်သာ ရှိနေ၏။ ထို့ပြင် တစ်နှစ်ပတ်လုံးလည်း ဤအဆိပ်တစ်သောင်း တောအုပ်ထဲတွင် နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တခြားသောသူများအနေဖြင့် လာရောက်ယှဉ်ပြိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ကြချေ။
များပြားလှသော ဂိုဏ်းများအားလုံးသည် ၎င်းတို့၏ အဆင့်အတန်းနှင့်ပတ်သက်၍ ဂရုစိုက်ခဲ့ကြ၏။ သို့ပေမဲ့ အဆိပ်ကိုးပါးနန်းတော်ကတော့ တစ်ချက်ကလေးမှ ဂရုမစိုက်ပေ။ အထဲမှာသာ သိုသိုသိပ်သိပ်နေထိုင်ရင်း လောကကြီးတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များနှင့် ကင်းလွတ်ကာ သီးသန့်နေထိုင် ကျင့်ကြံခြင်းကို ပြုမူကြ၏။
"နန်းတော်သခင်မြောင်"
အကြီးအကဲဝေသည် အဆိပ်ကို ဖိနှိပ်ရင်း ပြောလိုက်၏။ "ကျုပ်တို့က ဂိုဏ်းချုပ်ရဲ့အမိန့်နဲ့ ခင်ဗျားရဲ့နန်းတော်ဆီကို လာရောက်လည်ပတ်တာလေ၊ ပြဿနာ လာရှာတာ မဟုတ်ဘူး"
မြောင်စိုင်းဖန် - အဆိပ်ကိုးပါးနန်းတော်သခင်သည် အမျိုးသမီးတစ်ယောက်ဖြစ်၏။
"လာလည်တာ ဟုတ်လား" မြောင်စိုင်းဖန်သည် ထူးမခြားနားသလို ပြောလိုက်၏။ "ကျွန်မ ကြည့်သလောက်တော့ ရှင်တို့က မြောင်ဟွာခန်းမအတွက် ရောက်လာတာ မဟုတ်ဘူးလား"
အကြီးအကဲဝေသည် တစ်ခါတည်းပြောလိုက်၏။ "ကျုပ်သိသလောက်ဆိုရင် ခင်ဗျားတို့ရဲ့ အဆိပ်ကိုးပါးနန်းတော်နဲ့ မြောင်ဟွာခန်းမက ဘာတစ်ခုမှ ရန်ငြိုးရှိတာမဟုတ်ဘူး၊ ဖိတ်ခေါ်တယ်ဆိုတဲ့ အကြောင်းပြချက်ကို ပြပြီးတော့ ခန်းမသခင်ရှစ်ကို ဖမ်းချုပ်ထားတာပဲ"
ဟား ဟား ဟား ဟား
ရယ်သံကြီးတစ်ခုသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာ၏။
"ကျွန်မတို့ နှစ်ဂိုဏ်းကြားမှာ ရန်ငြိုးတွေ ရှိတယ်ဆိုရင်တောင်မှ ပြိုင်စံရှားဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ၊ ဒါမှမဟုတ် ရှင်တို့က တခြားသောဂိုဏ်းတွေကို ရှုပ်လို့ရတဲ့ အနေအထားတစ်ခုလို့ ထင်နေတာလား၊ ဒါက နဂါးကျားပြိုင်ပွဲကို ဗိုလ်စွဲပြီးတဲ့နောက် ဖြစ်လာတဲ့ မောက်မာမှုလို့ထင်တယ်”
“ဟမ့်”
ကျန့်ရာသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က ခင်ဗျားတို့နန်းတော်ကို ခက်ခဲအောင် ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူး၊ ပြိုင်စံရှားဂိုဏ်းက နေရာတကာ ဝင်ပါနေတယ်လို့ ခင်ဗျားက ထင်နေတာလား”
သူသည်သာ အဆိပ်များကို ဖိနှိပ်ထားနိုင်ခြင်း မဟုတ်လျှင် သိုင်းအုပ်စိုးသူအဆင့် အားအင်ကိုထုတ်ဖော်၍ အဆိပ် ကိုးပါးနန်းတော်ကို ဖျက်ဆီးပစ်မှာ သေချာသည်။
“ခန်းမသခင်မြောင်... ကျုပ်တို့ဂိုဏ်းချုပ်က စိတ်ဆိုးလွယ်တယ်၊ ကျုပ်ကို အဆိပ်ဖြေဆေး မြန်မြန်ပေးပါ၊ ပြီးတော့ ခန်းမသခင်ရှစ်ကို လွှတ်ပေးလိုက်၊ မဟုတ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို ခင်ဗျားခံနိုင်မှာ မဟုတ်ဘူး” အကြီးအကဲဝေသည် လေးလေးနက်နက် ပြောလိုက်၏။
ဟား ဟား ဟား ဟား
မြောင်စိုင်းဖန်သည် ရယ်ကာပြောလိုက်၏။ “ဝေရှင်းဖန်... ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား”
အကြီးအကဲဝေ ကြောင်သွားသည်။ “မင်း ကျုပ်ကို သိတာလား”
သူသည် ကျင့်ကြံခြင်းလောက တစ်ခုလုံးကို လှည့်လည်သွားလာစဉ်က အဘိုးကြီးဝေလို့သာ တော်တော်များများ က သိရှိကြ၏။ သူ၏ နာမည်ရင်းကို သိရှိသူဆိုသည်မှာ လူအနည်းငယ်သာရှိ၏။
“ဝေရှင်းဖန်... ရှင်က သတိမေ့သွားပြီးတော့”
မြောင်စိုင်းဖန်သည် အေးစက်စက် ပြောလိုက်၏။ “ချောက်နက်ထဲမှာ တုန်းက မိန်းကလေးတစ်ယောက် လက်ကိုဆွဲပြီးတော့ အတူတူ အိုမင်းကြမယ်ဆိုပြီး ပြောခဲ့တဲ့ ကတိစကားကို တကယ့်မေ့သွားပြီလား”
“.........” ကျန့်ရာ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ဤကဲ့သို့သော ကတိစကားများ ပေးတတ်သည့်အကျင့်သည် အကြီးအကဲဝေ၏ အကျင့်ပင် ဖြစ်တော့၏။ ထိုသို့ဆိုလျှင် ဤအဆိပ်ကိုးပါးနန်းတော်သခင်သည် အကြီးအကဲဝေ၏ ရည်စားဟောင်းများထဲမှ တစ်ယောက်လား။
“ချောက်နက် ဟုတ်လား၊ လက်ကိုကိုင်ဆွဲပြီး အတူတူအိုမင်းကြမယ် ဟုတ်လား”
အကြီးအကဲဝေသည် ခဏလောက် တွေးလိုက်၏။ ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “မင်းက စီစီလား”
ဟား ဟား ဟား
“ရှင်မှတ်မိနေသေးမယ်လို့ မထင်မိဘူး”
“မင်းက စီစီ မဟုတ်ပါဘူး”
“ရှင့်ကို ကြည့်ရတာ သေသေချာချာ မှတ်မိတဲ့ပုံ မပေါ်ပါဘူး၊ ဒါကို အမေက ဘာလို့ အမြဲတမ်း သတိရ လွမ်းဆွတ် နေရာတာလဲ”
“အမေ ဟုတ်လား”
အကြီးအကဲဝေ ဆွံ့အသွား၏။ “ဒါဆို မင်းက သူ့ရဲ့သမီးပေါ့”
ကျန့်ရာ၏ အမူအရာသည် ပိုမို၍ စိတ်ဝင်စားလာ၏။ အဆိပ်ကိုးပါး နန်းတော်သခင်သည် အကြီးအကဲဝေ ချစ်သူဟောင်း၏သမီးတစ်ယောက် ဖြစ်လို့နေသည်။ သူမ၏ စကားအရဆိုလျှင် ချစ်ခင်ရင်းနှီးသည့်ပုံလည်း မပေါ်ချေ။ ထို့ကြောင့် ခန်းမသခင်ရှစ်ကို ကယ်တင်ရန်လည်း အလွန်တရာ ခက်ခဲပေလိမ့်မည်။
“ဝေရှင်းဖန်”
မြောင်စိုင်းဖန်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ရှင့်လို နှလုံးသားမဲ့တဲ့ လူတစ်ယောက်ကို ထပ်မရှာဖို့ အမေက ထပ်ခါတလဲလဲ ပြောခဲ့တာသာ မဟုတ်ရင် ရှင်က အခုချိန်မှာ အကြိမ်ပေါင်းတစ်ရာလောက် သေဆုံးနေပြီ၊ ဘယ်လိုဖြစ်ပြီးတော့ အဆိပ်ကိုးပါးနန်းတော်ဆီကို ရောက်လာရဲရတာလဲ”
“စီစီ... သူမက”
အကြီးအကဲဝေသည် တုန်ယင်သွား၏။ ပြီးနောက် ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်သည်။ “သူမ မရှိတော့ဘူးလား”
သူ၏အမူအရာသည် ပိုမို၍ ပျက်ယွင်းလာခဲ့၏။ ဤအရာသည် အဆိပ်ကြောင့်မဟုတ်ပေ။ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော နာကျင်မှုကြောင့်သာ ဖြစ်တော့သည်။
မြောင်စိုင်းဖန်သည် ဆူငေါက်လိုက်၏။ “ရှင့်လိုမျိုး လှည့်စားတတ်တဲ့ လူယုတ်မာက ကျွန်မအမေနာမည်ကို ခေါ်စရာ အကြောင်းမရှိဘူး”
တပည့်တစ်ထောင်ကျော် တို့သည်လည်း ဆွံ့အသွားခဲ့ကြ၏။ သူတို့၏ နန်းတော်သခင် ဤမျှ ေဘေးတစ်ဖက်တွင် ခြေချိတ်ထိုင်လျက်ရှိသော ကျန့်ရာသည်လည်း စိတ်ဓာတ်ကျသွားမိ၏။ အချစ်ဇာတ်လမ်းများ ပေါကြွယ်လွန်းသော အကြီးအကဲဝေသည် အချစ်ဇာတ်လမ်းများအား ထုတ်ဖော်၍ ရေးသားမည်ဆိုလျှင် စာအုပ် တစ်အုပ်စာလောက် ရှိပေလိမ့်မည်။
“ဝေရှင်းဖန်”
မြောင်စိုင်းဖန်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျွန်မ အမေကို သွားမရှာပါဘူးလို့ ကတိပေး ခဲ့တယ်ဆိုပေမယ့် ရှင်ကိုယ်တိုင်က ဒီကိုရောက်လာပြီဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် သေချင်နေတာပဲဖြစ်မယ်”
“ကလေး”
အကြီးအကဲဝေသည် ခေါင်းကို မနည်းမော့လိုက်၏။ သူ၏ မျက်လုံးများမှာတော့ နီနီရဲလျက်ရှိ၏။ “မင်း အမေ ဘယ်လိုသေသွားလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”
“ရှင့်လို အကြင်နာတရားမဲ့တဲ့ လူကြောင့်ပေါ့”
မြောင်စိုင်းဖန်သည် ပြောရင်းပြောရင်း ဒေါသတွေ ထွက်လာသောကြောင့် အံကို တင်းတင်းကြိတ်မိ၏။
“ဝေါ့”
အကြီးအကဲဝေသည် သွေးတစ်လုတ် အန်ထုတ်လာသည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားခဲ့၏။ ခန္ဓာကိုယ်ထဲတွင်ရှိသော အဆိပ်များသည် သူ၏အကာအကွယ်ကို ချိုးဖြတ်သွားခဲ့၏။ သူ၏ အကာအကွယ် တစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သူ ခေါင်းကို မော့ကာဖြင့် အော်လိုက်မိသည်။ “အား......”
သူ၏ အသံသည် နာကျင်မှုနှင့် နောင်တတရားများ ပြည့်နှက်လျက်ရှိသည်။
“အကြီးအကဲဝေ”
ကျန့်ရာသည် အကြီးအကဲဝေအား အသံပို့လွှတ်လိုက်တော့၏။ “အဆိပ်ကို ထိန်းထား”
သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်၏။ အကြီးအကဲဝေ၏ စိတ်တစ်ခုလုံးသည် စီစီ၏ သေဆုံးခြင်းကြောင့် ရှုပ်ထွေး နောက်ကျိ သွားခဲ့ပြီဖြစ်၏။ အဆိပ်များအားလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ဖြစ်ပေါ်နေသည့် နာကျင်မှုများအားလုံးသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှအောင် ပြည့်နှက်လာခဲ့တော့၏။
“အစ်ကိုရှင်းဖန်... မြောက်ပိုင်းသဲကန္တာရ နယ်မြေထဲကနေ ထွက်သွားခဲ့တယ်၊ ထွက်လာပြီးတဲ့နောက်မှာ ကံကောင်းစွာနဲ့ ရှင်နဲ့တွေ့ခဲ့တာလေ၊ ဒါကြောင့် လူဆိုးတွေရဲ့ အနိုင်ကျင့်ခြင်းကို မခံခဲ့ရတာပေါ့”
“အင်း.... ငါတို့က ရေစက်ပါလို့လေ”
“အစ်ကိုရှင်းဖန်... စီစီ နှလုံးသားထဲမှာ ရှင်တစ်ယောက်ပဲရှိတယ်၊ တခြားယောက်ျားလေးတွေအတွက် နေရာမရှိ ဘူးလေ၊ ကျွန်မကို မထားခဲ့နဲ့နော်”
“အစ်ကိုရှင်းဖန်... အနာဂတ်အတွက် ခရီးထွက်ရတော့မှာပေါ့၊ ရှင့်ကို ကျွန်မ ဘာမှမကူညီနိုင်ဘူးလေ၊ ဒါပေမဲ့ စောင့်နေမယ်၊ ရှင်အောင်မြင်လာတဲ့တစ်နေ့အထိ ရောက်အောင် စောင့်နေမယ်”
“အရာကိစ္စတွေအားလုံး ပြီးသွားတဲ့အချိန်မှာ မင်းရဲ့လက်ကိုဆွဲပြီး အတူတူ အိုမင်းကြတာပေါ့”
ချောက်အနက်ပိုင်းတစ်ခုမှတော့ ရှည်လျားလှသည့် အဖြူရောင်ဝတ်စုံကြီးကို ဝတ်ဆင်ထားသော ဝေရှင်းဖန်သည် အသာလှည့်ကာ ထွက်ခွာသွားတော့၏။ အနောက်တွင် ကျန်ရစ်ခဲ့သော လှပလှသည့် မိန်းကလေး၏ မျက်လုံးထဲမှာတော့ မျက်ရည်များ ရစ်ဝိုင်းလျက်ရှိနေ၏။
ဤလိုက်ဖက်ညီလှသော စုံတွဲသည် နှစ်ပေါင်းတစ်ရာကျော် ကွဲကွာခဲ့ရ၏။ အတိတ်က အကြောင်းအရာများကို ပြန်လည် သတိရမိသည့် အချိန်တွင်တော့ တစ်ယောက်က သေဆုံးနှင့်နေပြီ ဖြစ်တော့သည်။
..................
အကြီးအကဲဝေသည် ရင်ဘတ်ကို ဖိကိုင်ထား၏။ သူ၏ နှလုံးသား၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားနှင့် လှီးဖြတ်ခံထားရသလို နာကျင်နေ၏။
“ဝေရှင်းဖန်... ဟန်ဆောင်နေတာ ရပ်လိုက်တော့”
မြောင်စိုင်းဖန်က အေးစက်စက်နှင့် ပြောလိုက်၏။ “ရှင့်အကြောင်းကို ကျွန်မ အရမ်းသိတယ်၊ ရှင့်လို မိန်းမတွေကို လှည့်စားတတ်ပြီး အကြင်နာတရား ကင်းမဲ့တဲ့လူတွေက နေရာတိုင်းမှာရှိတယ်၊ ရှင့်ကြောင့် ဘဝပျက်ခဲ့ရတဲ့ မိန်းကလေးက အနည်းဆုံး ရှစ်ဆယ်ကျော်လောက် ရှိလိမ့်မယ်”
အကြီးအကဲဝေ၏ မျက်နှာတစ်ခုလုံးသည် နာကျင်နေသည့် ပုံရိပ်များ ဖြစ်ပေါ်နေ၏။ သူသည် တီးတိုးရေရွတ်နေမိသည်။ “ကျုပ်... ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်တောင်းပန်ပါတယ်”
“အဲဒါကို ငရဲမှာပဲ သွားပြောတော့”
ဝှစ် ဝှစ်
ချက်ချင်းဆိုသလိုပဲ အေးစက်သည့် အလင်းတန်းများသည် ထွက်ပေါ်လာသည်။ မူလအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလျက်ရှိနေသော အကြီးအကဲဝေသည် ထိုအရာကို သတိပင် မပြုမိချေ။
ဒင် ဒင် ဒင်
ဒါဇင်ကျော်ရှိသည့် အဆိပ်အပ်များအားလုံးသည် ကျန့်ရာ၏ စိတ်ဝိညာဉ်ချပ်ဝတ်ကို ထိမှန်သွားခဲ့တော့၏။ သူက အော်လိုက်သည်။
“အကြီးအကဲဝေ... ကိုယ့်ကိုယ်ကိုယ် ထိန်းပါအုံး”
သူသည် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် အဆိပ်ငွေ့များအားလုံး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်၍ သူ၏ မရီဒန်များ အားလုံးကို ရူးရူးမူးမူး တိုက်စားတော့၏။ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။
“ဟမ့်”
မြောင်စိုင်းဖန်သည် အေးစက်စက် ပြောလိုက်၏။ “ကျွန်မ အမေအကြောင်းကို ဆက်ပြီး မပြောနဲ့တော့၊ အဆိပ်ကိုးပါးနန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာပြီဆိုမှတော့ ရှင်တို့နှစ်ယောက်စလုံးက ကျိန်းသေပေါက် သေရမယ်လေ၊ တကယ်လို့ ကျွင်းချောင်ရှောင်းကိုယ်တိုင် လာခဲ့မယ်ဆိုရင်တောင်မှ”
“အားနာပါတယ် .. ဘာပြောလိုက်တာလဲ” ရုတ်တရက် သူမ၏ အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်လာသည်။
အဆိပ်များကို အတင်းပြန်လည်ဖိနှိပ်နေသော ကျန့်ရာသည် ထိုအသံကို ကြားရသည့်နောက်မှာတော့ ပျော်ရွှင်သွား၏။ “ဂိုဏ်းချုပ်”
ဘုတ်
လေ့ကျင့်ရေးကွင်းပြင်၏ ကျောက်တုံးပေါ်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်း သည် ကြည့်ကောင်းလှစွာဖြင့် အသာလှမ်းလျှောက်လာသည်။ သူသည် သူ၏ခေါက်ယပ်တောင်အား အသာဖွင့်ကာ ပြောလိုက်သည်။ “ကျုပ် ရောက်လာပါပြီ”