အခန်း (၈၃၂)
Vol. 56 Ch. 832
ကျွင်းချောင်ရှောင်းထုတ်ဖော်လိုက်သော ချီဖိနှိပ်မှုသည် အလွန်အားကောင်းလွန်းလှ၏။ အဆင့်တူ သိုင်းအုပ်စိုးသူ တစ်ယောက်ဖြစ်မည်ဆိုလျှင်ပင် ဤချီဖိနှိပ်မှုမျိုးကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့် မြောင်စိုင်းဖန် သည် သိုင်းစစ်သူကြီး အဆင့်တွင်သာ ရှိသည်ဆိုသော်လည်း သူမအပေါ် ချီဖိနှိပ်မှု သက်ရောက်ခြင်း မရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် သူမတစ်ကိုယ်လုံးအား ဖုံးလွှမ်းထားသော အစီအရင်တစ်ခု ရှိနေသောကြောင့်ပင်ဖြစ်သည်။
အစီအရင်နှင့်ပတ်သက်သောဆေးရည်ကို သောက်သုံးပြီးသားဖြစ်သော ကျွင်းချောင်ရှောင်းသည် အစီအရင်ကို ပထမကတည်းက ရှာဖွေတွေ့ရှိပြီးသားဖြစ်၏။ ထို့ကြောင့် အစီအရင်ကို ချိုးဖြတ်ပစ်ရန် သူဆုံးဖြတ်လိုက်တော့၏။
ဤအမျိုးသမီး၏ သတိအနေအထား ပျက်ယွင်းသွားစေရန်အတွက် အဆိပ်သုံးမျိုးကိုပင် ခန္ဓာကိုယ်ထဲ ရောက်ရှိအောင် ဖန်တီးခဲ့ရသေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏ နတ်မီးခန္ဓာကိုယ်ကို ထုတ်ဖော် ကြွားဝါချင်၍ ဤကဲ့သို့ ပြုမူခဲ့ခြင်းမဟုတ်ပေ။ သူသည် ဤအမျိုးသမီး၏ အစီအရင်ကို ဖျက်ဆီးချင်သောကြောင့် သာ ဖြစ်သည်။
“ရှင်”
မြောင်စိုင်းဖန်၏ မျက်နှာသည် ပိုမို၍ လေးနက်သွားသည်။ သူမ၏ မျက်လုံးထဲမှာတော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ ခန္ဓာကိုယ်ထဲတွင် အဆိပ်သုံးခု စုစည်းလျက်ရှိနေ၏။ သို့ပေမဲ့ ဤလူသည် သေဆုံးခြင်း မဖြစ် သည့်အပြင် အရှေ့ဆီသို့ပါ တက်လှမ်း၍ အစီအရင်ကို ဖျက်ဆီးပစ်နိုင်ခဲ့၏။
မြောင်စိုင်းဖန်သည် ကျွင်းချောင်ရှောင်းနှင့် ရင်ဆိုင်ရန် စဉ်းစားမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် အဆိပ်နှင့် အတားအဆီး အစီအရင်သည် ဂိုဏ်း၏ နေရာတိုင်းတွင် တည်ရှိနေသောကြောင့် ဖြစ်သည်။ ဤနှစ်ခုသည် အလုပ်မဖြစ်ဘူး ဆိုပါက သူမအနေနှင့် တစ်ဖက်လူ၏ရှေ့တွင် ပုရွက်ဆိတ်ကလေးတစ်ကောင်လိုသာ ဖြစ်နေပေလိမ့်မည်။
ဂျွတ်
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် အားကို အနည်းငယ်တိုးလိုက်တော့သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ကျုပ်ဆီမှာ သေဆုံးတာထက်ဆိုးရွားတဲ့ နာကျင်မှုကို ခံစားစေနိုင်တဲ့ နည်းလမ်းပေါင်း မြောက်များစွာ ရှိတယ်”
အဟွတ် အဟွတ်
မြောင်စိုင်းဖန်သည် အသက်ကိုပင် မနည်းရှူနေရ၏။ သူမ၏ မျက်နှာတစ်ခုလုံးသည်လည်း ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ဤအမျိုးသမီးသည် အလွန်တရာ မောက်မာလွန်းလှ၏။ သေခြင်းရှင်ခြင်း ဖြစ်နေသည့် အခြေအနေမျိုး တွင်တောင်မှ အညံ့ခံရန် ရည်ရွယ်ချက် မရှိပေ။
“ပြောစမ်း”
ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ “ခန်းမသခင်ရှစ်ကို ဘယ်နေရာမှာ ထားထား တာလဲ”
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ ရှာဖွေခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ အဆိပ်ကိုးပါးနန်းတော် သည် အဆိပ်မြူများရှိသည့်နေရာသည် များပြားသည့် အစီအရင်များ ရှိနေသောကြောင့် သူသည် အသေးစိတ်ကို ရှာဖွေ၍ မရနိုင်ခဲ့ချေ။
စနစ်သည် ပြိုလဲလုမတတ် ဖြစ်နေ၏။ “လည်ပင်းကိုညှစ်ထားတာ နည်းနည်းလျော့ပေးလိုက်အုံး၊ ဒါမှ ပြောလို့ရ မှာပေါ့”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အားကို အနည်းငယ်လျှော့ပေးလိုက်တော့သည်။ ရလဒ် အနေနှင့် မြောင်စိုင်းဖန်သည် နာကျင်မှု အနည်းငယ် လျော့ကျသွား၏။ သူမသည် ဖြစ်ညှစ်ပြုံးလိုက်သည်။ “ကျွင်းချောင်ရှောင်း... ရှစ်ကျန်းရွမ်ကို ဒီလောက်ကြီး ဂရုစိုက်နေတယ်ဆိုမှတော့ သူမက ရှင့်ရဲ့ရည်းစားပဲ ဖြစ်ရမယ်”
“မင်းဘာကို ဆိုလိုချင်တာလဲ” သူမ၏ စကားထဲတွင် ဖုံးကွယ်ထားသော အရိပ်အယောင်များ ပါဝင်နေသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။
မြောင်စိုင်းဖန်၏ အပြုံးသည် ပို၍ တောက်ပလာသည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာလည်း ကောင်းလာ၏။ “ကျွန်မရဲ့ အဆိပ်ကိုးပါးနန်းတော်ဆီမှာ အဆိပ်ကိုးမျိုး ရှိတယ်လေ၊ လေးခုကို တိုက်ရိုက်အသုံးပြုလို့ရတယ်၊ ဒါပေမဲ့ နောက်ထပ်ငါးခုကတော့ တိုက်ရိုက်အသုံးပြုလို့မရဘူး၊ အဆိပ်ချောက်နက်ထဲမှာ ထားသိုထားတာပဲ”
ဂျွတ်
ကျွင်းချောင်ရှောင်းသည် လက်ကို အားအနည်းငယ်တိုးလိုက်ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်သည်။ “ခန်းမ သခင်ရှစ်ကို အဆိပ်ချောက်ထဲကို တွန်းချထားတာလား”
“အဆိပ်ငါးမျိုးရှိတဲ့နေရာကိုရောက်ရင် ဘယ်သူမှ ကုလို့မရတော့ဘူး”
မြောင်စိုင်းဖန်သည် ခက်ထန်တင်းမာစွာဖြင့် ပြောလိုက်တော့သည်။ “နန်းတော်ရဲ့ အရှေ့ဘက်မှာ တောင်ကြားကြီးတစ်ခုရှိတယ်၊ အဲကို ရှင်သွားမယ်ဆိုရင် ရှင့်ရဲ့ ချစ်သူကို နောက်ဆုံးအကြိမ် တစ်ခါလောက် တွေ့ရနိုင်တယ်”
ဘုန်း
ကျွင်းချောင်ရှောင်းသည် သူမ၏ဦးခေါင်းအား နံရံနှင့်ကောက်ကာ ရိုက်လိုက်တော့သည်။ သူမသည် ချက်ချင်းပဲ နေရာမှာတင် မေ့မျောသွားခဲ့၏။ ပြီးနောက် အဓိကဟောခန်း၏ အရှေ့ဘက်ဆီသို့ မြန်မြန်ဆန်ဆန်ပဲ ပျံသန်းသွား ခဲ့၏။
“ခန်းမသခင်”
ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ချီဖိနှိပ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် အဆိပ်ကိုးပါးနန်းတော်မှ တပည့်များသည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။
ဝုန်း
ကျန့်ရာသည် သူ၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ရင်းနှင့် အော်ဟစ်လိုက်တော့၏။ “ဘယ်သူ လှုပ်ရှားရဲလည်း ကျုပ်ကြည့်မယ်”
ဟူး ဟူး
ချီဖိနှိပ်မှုသည် ပေါက်ကွဲထွက်လာပြီးသည့်နောက်မှာတော့ လေ့ကျင့်ရေးတည်နေရာတစ်ခုလုံးကို ပြည့်နှက်သွားခဲ့ သည်။ အဆိပ်ကိုးပါးနန်းတော်ရှိ တပည့်များအားလုံးသည် ချုပ်နှောင်ခြင်းခံလိုက်ရသလို တည်နေရာထဲတွင် တည်ငြိမ်စွာဖြင့် ရပ်လျက်ရှိနေတော့သည်။
၎င်း၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များ ပျောက်ကွယ်သွားပြီးသည့်နောက် မှာတော့ ကျန့်ရာသည် အလုံးစုံသော အားအင်အဆင့်ကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။
အကြီးအကဲဝေမှာတော့ အဆိပ်များ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သော်လည်း တည်နေရာမှာ တွေတွေဝေဝေကြီးဖြင့် ရပ်လျက်ရှိနေသေး၏။ သူသည် ငယ်ရွယ်စဉ်တုန်းက ညီအစ်ကိုရောင်းရင်းနှင့် ကျင့်ကြံခြင်းကိုသာ အလေးထား ခဲ့၏။ ထို့ကြောင့် ချစ်ချင်းမေတ္တာတရားများကို လက်လွှတ်ခဲ့ရသည်။ အဆုံးသတ်မှာတော့ သူသည် မည်သည့်အရာ ကိုမှ မကာကွယ်နိုင်ခဲ့ချေ။ သူ၏ နှလုံးသားသည် အပ်နှင့်ထိုးခံရသလို နာကျင်လျက်ရှိနေသည်။
“အကြီးအကဲဝေ”
ကျန့်ရာ၏ အတွေးများသည် ပိုမို၍ ဆိုးရွားသွားခဲ့၏။ “ခင်ဗျားရဲ့နာမည်က ဖန်းပါတယ်လေ၊ ဒီကောင်မလေးနာမည်က ဖန်းပါတာပဲ၊ ဒီတော့ သူမက ခင်ဗျားရဲ့သမီး ဖြစ်နိုင်တယ်”
“ပေါက်ကရတွေ မပြောနဲ့”
အကြီးအကဲဝေက ပြောလိုက်သည်။ “စီစီနဲ့ ငါက ချစ်သူတွေ ဖြစ်တယ်ဆိုပေမဲ့ စည်းကို မကျော်ခဲ့ကြဘူး”
သူ့အနေနှင့် ဤအရာများနှင့် ပတ်သက်လျှင် အလွန်ပင် စောင့်ထိမ်းခဲ့သူ ဖြစ်သည်။ သူချစ်တဲ့လူ တစ်ယောက် သူ့အတွက် ဒုက္ခရောက်မည့် ကိစ္စရပ်မျိုးကို မဖန်တီးခဲ့ချင်ပေ။
အလကားနေလျှင် ဘောင်းဘီဇစ်ဖြုတ်ရန် စဉ်းစားနေသော နောက်ပိုင်းလူငယ်များအတွက် အကြီးအကဲဝေသည် နတ်ဘုရားတစ်ပါး လို ကိုးကွယ်သင့်သော လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
......................
အဓိကဟောခန်း၏ အရှေ့ဘက်မှာတော့ များပြားလှသောတောင်ကြားတစ်ဝိုက်တွင် အဆိပ်ငွေ့များနှင့် ဖုံးလွှမ်း လျက်ရှိနေတော့သည်။ ဤနေရာသည် အဆိပ်ကိုးပါးနန်းတော်၏ တားမြစ်တည်နေရာတစ်ခု ဖြစ်နေ၏။ ထို့ကြောင့် အကြီးအကဲ များ၏ ခွင့်ပြုချက်မရှိလျှင် မည်သူမှ ဤနေရာထဲသို့ ဝင်ရောက်ခွင့်မရကြချေ။
လက်ရှိအခြေအနေမှာတော့ တောင်ကြား၏ အလယ်တည်နေရာတွင် ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် တိုင်ကြီးတစ်ခုတွင် ချည်နှောင် ခြင်းကို ခံနေရ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် အဆုံးအစမဲ့သော ဒေါသတရားများ တည်ရှိနေသည်ဆိုသော်လည်း ၎င်းတို့၏ မျက်နှာများမှာတော့ အလွန်တရာ အားနည်းလျက်ရှိနေ၏။ သူတို့နှစ်ယောက်သည် အဆိပ်မိနေကြ၏။
“အကြီးအကဲတို့”
အသက်နှစ်ဆယ်ကျော်လောက်ရှိသော လှပသည့် မိန်းကလေး တစ်ယောက်က ပြောလိုက်၏။ “ကျွန်မကိုသာ မြောင်ဟွာခန်းမသခင်အဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင် ဒီလိုမျိုးဘဝကြီးက အဆုံးသတ်မှာ မဟုတ်ဘူး”
“ထန်ဟွေ့ရင်”
လန့်ရှင်းရွဲ့က ပြောလိုက်၏။ “မင်းဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာကို ငါတို့က အစောကြီးကတည်းက သိပြီးသားလေ၊ ဒီလိုလူမျိုးကို ဘာလို့ မြောင်ဟွာခန်းမသခင်အဖြစ် ရာထူးပေးရမှာလဲ”
ထန်ဟွေ့ရင်သည် အံကိုကြိတ်ကာ ပြောလိုက်၏။ “ရှစ်ကျန်းရွမ်က သူရဲ့ အဖေနဲ့အမေကို ပြန်သတ်ခဲ့တာ မဟုတ်လား၊ ဒီလိုလူမျိုးကို ကောင်းကင်က ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလေ၊ သူမဆီမှာ မိစ္ဆာလိုစိတ်ထားတွေ ရှိနေမယ်လို့ ရှင်မထင်ဘူးလား”
“ဒါက အကြောင်းအရင်းရှိလို့လေ”
“မပြောနဲ့တော့”
ထန်ဟွေ့ရင်သည် အေးစက်စက် ပြောလိုက်၏။ “ဒီနေ့မှာ ရှင်တို့သေသေချာချာ ရွေးချယ်ခဲ့တဲ့ မျက်ကန်းကောင်မကို အဆိပ်ချောက်နက်ထဲ ပို့ပစ်မယ်”
ကျန်းစွန်းဖန်းဟွာသည် ဒေါသတကြီးဖြင့် အော်လိုက်၏။ “ထန်ဟွေ့ရင်... ခန်းမသခင်ကို ထိခိုက်အောင် လုပ်ရဲတယ်ဆိုရင် ဘိုးဘေးအကြီးအကဲကြီးက ကျိန်းသေပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ဘိုးဘေးအကြီးအကဲကြီး ဟုတ်လား”
ထန်ဟွေ့ရင်သည် သဘောမတွေ့စွာဖြင့် နှာခေါင်းရှုံလိုက်သည်။ “သူမက သိုင်းအုပ်စိုးသူအဆင့်ဆီ ချိုးဖြတ်ရောက်ရှိသွားပြီဆိုတာ ကျွန်မ သိပြီးသား၊ ဒါပေမဲ့ အဆိပ်ကိုးပါး နန်းတော်ဆီကို လာမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲလေ”
“.......” ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ အမူအရာများသည် ပျက်ယွင်းသွားကြ၏။
အဆင့်ငါး ဂိုဏ်းတစ်ခုသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ သူတို့သည် အထဲသို့ ဝင်ဝင်ချင်းမှာပဲ အဆိပ်မိ ခဲ့ကြရ၏။ ဤကဲ့သို့ ဖြစ်လာမည်မှန်း သိမည်ဆိုပါက ကျိန်းသေပေါက် ခန်းမသခင်အား ဤနေရာသို့ လာရန် ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။
“အင်း... ဟုတ်ပြီ”
ထန်ဟွေ့ရင်သည် အလွန်ကျေနပ်စွာဖြင့် ပြုံးလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကလည်း အကြီးအကဲ နှစ်ယောက်ကို စေလွှတ်လိုက်တယ်၊ ဒါပေမဲ့ သူတို့က အခု အဖမ်းခံထားရတယ်၊ သူတို့ရဲ့ ကျင့်ကြံခြင်းတွေကလည်း သိုင်းအုပ်စိုးသူ အဆင့်တွေပဲလေ၊ ဘိုးဘေးအကြီးအကဲကြီးက ကျွန်မကို တစ်ခုခု လုပ်နိုင်မယ်လို့ ထင်နေတုန်း ပဲလား”
“ပြိုင်စံရှားဂိုဏ်းကလည်း လူတွေ စေလွှတ်လိုက်တယ် ဟုတ်လား”
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ပျော်ရွှင်သွားမိ၏။ သူတို့သည် ကျွင်းချောင်ရှောင်းပေါ်တွင် အကောင်းမြင်စိတ် မရှိဘဲ ခန်းမသခင်နှင့် နီးစပ်သွား မည်ကို မလိုလားကြဘူးဆိုသော်လည်း ဤလူငယ်လေးသည် အလွန်တရာ အားကောင်းလှသည်ဆိုသည်ကိုတော့ ဝန်ခံမိ၏။ လက်ရှိအချိန်တွင် သူ၏လူများကိုပင် စေလွှတ်၍ ကူညီခိုင်းနေသည်။ ဤအရာမှာ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်တော့၏။
“ထန်ဟွေ့ရင်”
လန့်ရှင်းရွဲ့က အေးစက်စက်ပြောလိုက်သည်။ “နင်... ပြိုင်စံရှားဂိုဏ်းက လူတွေကို ရန်ပြုရဲတယ် ဟုတ်လား၊ မင်းတို့ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရဖို့ စောင့်နေလိုက်”
“ဖျက်ဆီးခံရမယ် ဟုတ်လား”
ထန်ဟွေ့ရင်သည် နှာခေါင်းရှုံလိုက်၏။ “သိုင်းနယ်မြေကျင့်ကြံသူမှ ဒါကို လုပ်နိုင်လိမ့် မယ်ထင်တယ်”
ပြောပြီးသည့်နောက်မှာတော့ သူမသည် ရေတွင်းတစ်ခု၏ အစပ်ဆီသို့ သွား၍ ပြောလိုက်သည်။ “ရှစ်ကျန်းရွမ်... နင်က ငါရမယ့် ရာထူးကို ခိုးသွားခဲ့တယ်၊ ဒီနေ့မှာတော့ သေဆုံးခြင်းထက် ဆိုးရွားတဲ့ကံတရားက ဘာလဲ ဆိုတာကို နင်ခံစားရမယ်”
သူမသည် ဘေးနားရှိ တုတ်ချောင်းတစ်ခုကို လှမ်းဆွဲလိုက်၏။ ဤရေတွင်းသည် အဆိပ်ချောက်နက်တစ်ခုဖြစ်၏။ ထို့အတူ သူမကိုင်ဆောင်ထားသည့် တုတ်ချောင်းမှာတော့ အသက်သွင်းသည့် ပစ္စည်းပင်ဖြစ်တော့၏။ ဤအရာကို ဆွဲလိုက်မည်ဆိုလျှင် အဆိပ်ငါးပါးသည် ထွက်ပေါ်လာခဲ့မည်ဖြစ်၏။ ထိုသို့ဆိုလျှင် အထဲသို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် များပြားလှသည့်အဆိပ်များ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ နာကျင်စွာဖြင့် သေဆုံးရပေလိမ့်မည်။
“စီနီယာအစ်မထန်”
အဆိပ်ချောက်နက်ထဲတွင်ရှိနေသော ရှစ်ကျန်းရွမ်သည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ရှင့်ရဲ့ မျက်လုံးထဲမှာ ခန်းမသခင်ရာထူးဆိုတာက အဲလောက်အထိ အရေးကြီးနေတာလား”
သူမအနေဖြင့် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် မိန်းမငယ်လေးတစ်ယောက်လို ပြုမူနေထိုင်တတ်သည်ဆိုသော် လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ အလွန်ပင် တည်ငြိမ်လျက်ရှိနေ၏။ သူမသည် ကြီးမား လှသော စိတ်နှလုံးကို ပိုင်ဆိုင်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်တော့သည်။
“ငါ တခြားဂိုဏ်းသားတွေဆီမှာ ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင်မှ ဂရုစိုက်မှာ မဟုတ်ဘူး”
ထန်ဟွေ့ရင်သည် အံကို ကြတ်ကာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ နင့်လို မျက်ကန်းတစ်ယောက်ကို ရှုံးနိမ့်ခဲ့တာကိုတော့ လုံးဝ လက်မခံနိုင်ဘူး”
ရှစ်ကျန်းရွမ်က ပြောလိုက်၏။ “ဒါက ဘိုးဘေးအကြီးအကဲကြီးနဲ့ အကြီးအကဲတွေရဲ့ ဆန္ဒပဲလေ၊ ကျွန်မက လိုက်နာရမှာ၊ စီနီယာအစ်မရဲ့ ရာထူးကို ခိုးယူဖို့ရည်ရွယ်ချက် လုံးဝမရှိခဲ့ဘူး”
“သနားစရာကောင်းအောင် သရုပ်ဆောင်နေတာ ရပ်လိုက်တော့” ထန်ဟွေ့ရင်သည် ဒေါသတကြီးဖြင့် အော်လိုက်၏။
ဖြောင်း
သူမသည် လက်ထဲတွင်ရှိသော တုတ်ချောင်းကို အသာဆွဲလိုက်တော့သည်။ ရေတွင်း၏နှုတ်ခမ်းပေါ်တွင် ချက်ချင်းပဲ စည်းတစ်ခု ဖြစ်တည်သွားပြီး ထူးခြားလှသည့် ကျောက်ပြားချပ်ကြီးက ပိတ်ပင်သွားတော့သည်။