အခန်း (၈၃၃)
Vol. 56 Ch. 833
ကျောက်ပြားချပ်ကြီးသည် ရေတွင်းတစ်ခုလုံးကို အလုံးစုံစည်းခတ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ရေတွင်းထဲ ရုတ်တရက် မှောင်မဲသွားခဲ့တော့သည်။ တခြားလူများ ဆိုပါက ဤကဲ့သို့ မှောင်မဲသွားသည်ကိုမြင်ရပါက ကျိန်းသေပေါက် ထိတ်လန့် ကြောက်ရွံ့သွားပေလိမ့်မည်။ သို့ပေမဲ့ ရှစ်ကျန်းရွမ်မှာတော့ တည်ငြိမ်လျက် ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် သူမသည် မွေးလာကတည်းက အမှောင်ထဲတွင် နေထိုင်ခဲ့ရသောကြောင့်ပင် ဖြစ်၏။
“ငါသေတော့မှာလား” သူမသည် ထောင့်တစ်ခုထဲတွင် အသာသွား၍ ထိုင်ကာဖြင့် ခြေထောက်နှစ်ခုကို အသာ ကွေးညွတ်ကာ ခက်ခက်ခဲခဲဖြင့် နေရာယူလိုက်မိ၏။ ဤအရာမှာ သူမအနေဖြင့် ကြောက်လန့်နေသောကြောင့် မဟုတ်ပေ။ လက်ရှိအခြေအနေတွင် အဆိပ်များကြောင့် အလွန်အားနည်းနေသောကြောင့် ဖြစ်ပေသည်။
ဝှစ် ဝှစ်
အရောင်ငါးရောင်ရှိသော အဆိပ်ငွေ့များသည် ရေတွင်းရှိ အက်ကွဲကြောင်းများမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ရေတွင်းတစ်ခုလုံး စုဝေးလာခဲ့၏။
လက်ရှိအခြေအနေမှာတော့ သူမသည် သေဆုံးတော့မည်ဖြစ်ကြောင်းကို ရှစ်ကျန်းရွမ် နားလည်လိုက်မိ၏။ သို့ပေမဲ့ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု တစိုးတလေမှ မရှိချေ။ ထို့အစား စိတ်သက်သာရာရသည့် အမူအရာများ တည်ရှိလို့နေသည်။ နေ့စဉ်နေ့တိုင်း အမှောင်ထုကို ရင်ဆိုင်ရခြင်းက သူမကို သေမတတ် ကြောက်ရွံ့စေ၏။ သို့ပေမဲ့ အရင်မြောင်ဟွာခန်းမသခင်၏ တာဝန်များကို ပြည့်စုံအောင် မပြုလုပ်သေးသည့်အတွက်ကြောင့် သူမသည် နောင်တ တရားတော့ ရရှိမိနေသေးသည်။
“ပြီးတော့”
ရှစ်ကျန်းရွမ်သည် သူမ၏ ဒူးများကြားထဲသို့ ခေါင်းကိုမြှုပ်ကာ တီးတိုးပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ မျက်နှာကိုလည်း ငါရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသေးဘူး”
သူမ၏ မှောင်မဲနေသောဘဝတွင် အလင်းဆိုသော အရာလေးတစ်ခုကို တွေ့ရှိခဲ့ရ၏။ ဤအခိုက်အတန့်တွင် သူမသည် ခပ်ဝါးဝါး မျက်နှာသွင်ပြင်တစ်ခုကို သတိရလိုက်မိ၏။ သူမ စိတ်ကူးထင်မှတ်ထားခဲ့သော မျက်နှာ သွင်ပြင်နှင့် ခြားနားနေသည်ဆိုလျှင်တောင်မှ သူမသည် ထိုအရာကို မြင်ခဲ့ရသေး၏။
တစ်စုံတစ်ယောက်က မေးစရာရှိသည်မှာ ရှစ်ကျန်းရွမ်သည် အဘယ်ကြောင့် ကျွင်းချောင်ရှောင်းကို ဤမျှ ဂရုစိုက်နေရသနည်း ဆိုသည်ပင်။
အဘယ်ကြောင့်ဆိုသော် အမှောင်ထုထဲတွင် နှစ်နှစ်ဆယ်ကျော်ကြာ နေထိုင်ခဲ့ဖူးသော လူတစ်ယောက်သည် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို မြင်ခဲ့ရ၏။ ခဏတာ ဆိုပေမဲ့ သူမ အတွက် အမှတ်တရဖြစ်လွန်းလှသည်။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွမ်သည် သူမကိုယ်သူမ အပြစ်တင်မိ၏။ “ကျွန်မ ရှင့်ကို ဒုက္ခတွေ ပေးခဲ့မိပြီ”
ထန်ဟွေ့ရင် ပြောသလိုဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အကြီးအကဲနှစ်ယောက်ကို စေလွှတ်ခဲ့သည်ဖြစ်ကြောင်း သူမ ကြားခဲ့ရ၏။
ဝှစ် ဝှစ်
အဆိပ်ချောက်နက်ထဲမှာတော့ များပြားလှသည့် အဆိပ်များသည် တဖြည်းဖြည်း စုဝေးလာခဲ့သည်။ ထိုအဆိပ်ငွေ့ များအားလုံးသည် အညှာတာကင်းမဲ့စွာဖြင့် ဤအားနည်းနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့တော့သည်။
ရှစ်ကျန်းရွမ်သည် ချက်ချင်းဆိုသလိုပဲ ခေါင်းကိုက်သည့် ခံစားမှုကို ရရှိလာ၏။ ထို့အပြင် အလွန်တရာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်စိတ်လည်း ပေါက်လာ၏။ ထို့ကြောင့် ဘေးတစ်ဖက်ဆီသို့ အသာလေးလှဲချလိုက်၏။
...............
ဝှစ် ဝှစ်
ထန်ဟွေ့ရင်သည် သူမ၏ဘေးတွင်ရှိသော ဓားတစ်လက်အား လှမ်း၍ဆွဲလိုက်ပြီးသည့်နောက် ကျန်းစွန်းဖန်းဟွာ နှင့် လန့်ရှင်းရွဲ့တို့ဆီ လျှောက်လှမ်းသွားတော့သည်။
“အဆိပ်ချောက်နက်ထဲမှာရှိတဲ့ အဆိပ်ငါးပါးက လောကကြီးမှာရှိတဲ့ အထူးဆန်းဆုံး အဆိပ်တွေပဲ၊ ဒီအရာနဲ့ ထိတွေ့မိတဲ့လူတွေက မည်သူမဆို သံသယရှိစရာမလိုပဲ သေဆုံးရတော့မှာ”
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။
ဟား ဟား ဟား ဟား
ထန်ဟွေ့ရင်သည် အရူးမကြီးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်တော့သည်။ ပြီးနောက် သူမသည် အရှေ့သို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့၏။ “အရင်တုန်းက ကျွန်မက အားလုံးကို သေသေချာချာနဲ့ ဂရုစိုက်ခဲ့တယ်၊ တန်ဖိုးထားခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဂိုဏ်းက ထုတ်ပယ်ခံခဲ့ရတယ်၊ ဘာကြောင့်လဲ၊ အဲဒါ ဘာကြောင့်လဲ”
“ဘာကြောင့်လဲဆိုတော့ နင်က ခန်းမသခင်ရာထူးကိုပဲ လိုချင်တာကို”
“ကျွန်မဆီမှာ အားအင်နဲ့ ပါရမီရှိတယ်၊ ပြီးတော့ ရှစ်ကျန်းရွမ်ထက် အဆတစ်ရာလောက် ပိုပြီးအားကောင်းသေး တယ်၊ ဘာလို့ ခန်းမသခင် မဖြစ်ရတာလဲ”
“ဘာလို့လဲဆိုတော့ ငါပြောပြမယ်”
ကျန်းစွန်းဖန်းဟွာသည် ခက်ခက်ခဲခဲဖြင့် ခေါင်းကို မော့လိုက်၏။ “အရင် ခန်းမသခင် ထွက်ခွာသွားပြီးတဲ့နောက်မှာ သူမက ရှစ်ကျန်းရွမ်ကို ခန်းမသခင်ရာထူးပေးဖို့ သတ်မှတ်ပေးခဲ့တယ်၊ ဒါဆိုရင် ဂိုဏ်းက ပိုပြီးတော့ အောင်မြင်မှုတွေ ရရှိလာလိမ့်မယ်လို့ သူက ထင်တယ်၊ မင်းသာ မြောင်ဟွာခန်းမသခင် ရာထူးကို ရသွားမယ်ဆိုရင် ဂိုဏ်းက ပျက်စီးခြင်းဆီကို ရောက်ရှိသွားမယ်လို့ တွေးခဲ့ကြတယ်”
ခန်းမသခင်သည် အန္တရာယ်တောအတွင်း ရောက်ရှိနေ၏။ သူမကိုယ်တိုင်လည်း ချုပ်နှောင်ခြင်းကို ခံထားရ၏။ မည်သို့ပင်ဆိုစေကာမူ သေဆုံးရတော့မည်အတူတူ အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့်လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့၍လည်း ဘာတစ်ခုမှ ထူးတော့မည် မဟုတ်ချေ။ ထို့ကြောင့် ပိုးစိုးပက်စက်ပြောရန် စဉ်းစား လိုက်မိ၏။
“ဒါကြောင့် ရှစ်ကျန်းရွမ်က ခန်းမသခင်ရာထူးကို အမွေဆက်ခံခဲ့တာလေ”
“ပြီးတော့ ကျွန်မကို စွန့်ပစ်ခဲ့တယ်ပေါ့”
ဟား ဟား ဟား ဟား
ထန်ဟွေ့ရင်သည် ရယ်မောနေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် သူမ အမူအရာများအားလုံးသည် ပိုမို၍ ဆိုးရွား လာခဲ့သည်။
“ဒါပေမဲ့ ကြည့်ရတာ အရင်တုန်းက ခန်းမသခင်ရဲ့ တွက်ချက်မှုက မှားယွင်းခဲ့တာပဲ၊ မျက်ကန်းတစ်ယောက်ကို မြောင်ဟွာခန်းမသခင်ရာထူး ပေးခဲ့တဲ့အတွက် အလုံးစုံပျက်စီးခြင်းကို ရောက်ရှိခဲ့ပြီမဟုတ်လား”
ရွှီး
သူမသည် ဓားကို ဓားအိမ်ထဲမှ ထုတ်ပြီးနောက် ကျန်းစွန်းဖန်းဟွာအား ခုတ်လိုက်တော့သည်။
ဤအမျိုးသမီးသည် အစောကြီးကတည်းက စိတ်လွတ်နေခဲ့ပြီဖြစ်၏။ သူမသည် ရှစ်ကျန်းရွမ်ကို သတ်ဖြတ်ရုံသာမက မြောင်ဟွာခန်းမ ရှိ အထက်ပိုင်း အကြီးအကဲများအားလုံးကိုလည်း သတ်ဖြတ်ချင်နေမိ၏။ အရင်ခန်းမသခင်၏ ငြင်းပယ်မှုကို သိရှိ ပြီးသည့်နောက် သူမသည် ပိုမိုဆိုးရွားစွာ ခံစားလာမိတော့၏။
ကျန်းစွန်းဖန်းဟွာသည် သူမ၏ မျက်လုံးများကို ပိတ်ထားမိ၏။ ခန်းမသခင်သည် အဆိပ်ချောက်နက်ထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရသည်။ အဆိပ်ငါးမျိုး၏ တိုက်ခိုက်မှုကို ခံနေရ၏။ သူမသည် မြောင်ဟွာခန်းမသခင်ကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့၏။ ထို့ကြောင့် အရင်ခန်းမသခင်ကို မျက်နှာချင်းဆိုင်ရန် မတတ်နိုင်တော့ချေ။ ငရဲပြည်သို့သွား၍ ဘိုးဘေးအကြီးအကဲများကို တောင်းပန်ရန်သာ ကျန်ရှိတော့သည်။
ဒင်
ရုတ်တရက် ရှင်းလင်းပြီး ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းစွန်းဖန်းဟွာသည် သူမ၏ လည်ပင်းဆီသို့ ဖြတ်သန်းလာမည့်ဓား ရောက်ရှိမလာသည်ကို သတိပြုမိလိုက်၏။ အလျင်အမြန်ပဲ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့သည်။ သူမ၏ မျက်လုံးထဲမှာတော့ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ဆင်းသက် လာခဲ့၏။ သူမကို ကျောပေးထားသည်ဖြစ်သော်လည်း ချက်ချင်းပဲ ထိုသူ မည်သူဖြစ်ကြောင်းကို သိရှိလိုက်မိ၏။
အလင်းတန်းတစ်ခုကြောင့် သူမ၏ဓား ကျိုးပြတ်သွားသည်ကို သိရှိပြီးသည့်နောက် ထန်ဟွေ့ရင်သည် အံ့အား တသင့်ဖြင့် ပြောလိုက်သည်။ “ရှင် ဘယ်သူလဲ”
ဂျွတ် …။
ကျွင်းချောင်ရှောင်းသည် သူမ၏လည်ပင်းကို လှမ်းဆွဲကာဖြင့် အပေါ်သို့ မြှောက်တင်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “ခန်းမသခင်ရှစ် ဘယ်မှာလဲ”
စနစ်က အပြစ်တင်လိုက်တော့သည်။ “လက်ခံသူ... မိန်းကလေးတွေကို ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလို့ မဖြစ်ဘူးလေ၊ မင်းနည်းလမ်းကြီးက အရမ်းကြမ်းနေတယ်”
“ဂိုဏ်းချုပ်ကျွင်း”
လန့်ရှင်းရွဲ့သည် ပထမဦးဆုံး သတိဝင်လာ၏။ ထို့ကြောင့် အလျင်အမြန်ပဲ ပြောလိုက်၏။ “ခန်းမသခင်က အရှေ့က ရေတွင်းထဲမှာ ချုပ်နှောင်ခံထားရတာ၊ အထဲမှာ အဆိပ်ဓာတ်ငါးပါးရှိတယ်”
သူမနှင့် ကျန်းစွန်းဖန်းဟွာတို့သည် အစောကြီးကတည်းက အလျော့ပေးခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ပေါ်ပေါက်လာသည်ကို မြင်ပြီးသည့်နောက်မှာတော့ မျှော်လင့်ချက် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားရန် သူမတို့ စဉ်းစားလိုက်ပြီးသား ဖြစ်နေတော့သည်။
ဤလူငယ်လေးသည် အလွန် အားကောင်းလွန်းလှပြီး သာမန်ထက်ပို၍ ခြားနားလွန်းသည်။ ထို့ကြောင့် မြောင်ဟွာခန်းမသခင်အား အန္တရာယ်တောထဲမှ ကယ်တင်နိုင်လိမ့်မည်ဟု သူမတို့ ထင်မှတ်ထားမိ၏။
ရွှိး
ကျွင်းချောင်ရှောင်းသည် စည်းခတ်ထားသော ရေတွင်းကြီးအား ရှာဖွေတွေ့ရှိခဲ့၏။ သူသည် ထန်ဟွေ့ရင်အား အနားသို့ ဆွဲခေါ်လာပြီးသည့်နောက် ပြောလိုက်သည်။ “ဒါကို ဖွင့်စမ်း”
“ကျွန်မ... ကျွန်မ မဖွင့်နိုင်ဘူး”
ထန်ဟွေ့ရင်၏ အသံသည် ခြောက်ကပ်လျက်ရှိ၏။ “အဆိပ်တွေက ပေါ်လာပြီဆိုတာနဲ့ သူ့အလိုလို …”
ဘန်း
သူမ မပြောရသေးခင်မှာပဲ မြေပေါ်သို့ တွန်းချခြင်းခံလိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် အားအတော်အတန်ကို အသုံးပြုထားသည်ဖြစ်သောကြောင့် ထန်ဟွေ့ရင်၏ မရီဒန်များသည် ပျက်စီးသွားခဲ့ကြသည်။ သူမသည် မတ်တပ် ထရပ်နိုင်ရန် စွမ်းရည်ပင် မရှိတော့ချေ။ နာကျင်မှုကို အောင့်အီးသည်းခံနေသည်ဆိုသော်လည်း သူမသည် အဓိက ဟောခန်းထဲတွင်ရှိသော အရာအားလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်သောကြောင့် ဤနေရာဆီသို့ တစိမ်းလူ တစ်ယောက် ရောက်ရှိလာခဲ့သည်ဖြစ်ကြောင်း သိရှိလိုက်မိ၏။
နန်းတော်သခင်နှင့် အကြီးအကဲတွေ ဘယ်ရောက်သွားလေသနည်း။
ဘုန်း
ကျွင်းချောင်ရှောင်းသည် စည်းခတ်ထားသော ရေတွင်းကြီးရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ သူသည် လက်သီး ဆီသို့ စိတ်ဝိညာဉ်စွမ်းရည်များကို ထည့်သွင်းပြီးသည့်နောက် ကျောက်ချပ်ကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့ပေမဲ့ တစ်ချက်ကလေးတောင် မလှုပ်ချေ။
စနစ်ကပြောလိုက်သည်။ “ဒါက တကယ့်ကို အရည်အသွေးမြင့်တဲ့ ကျောက်တုံးနဲ့လုပ်ထားတာ နေလိမ့်မယ်၊ ဒါကို ချိုးဖြတ်ချင်တယ်ဆိုရင်တော့”
ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက်
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို အသာမြှောက်လိုက်၏။ သူ၏ လက်ပေါ်တွင် သံမဏိကဲ့သို့သော လက်အိတ် တစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။
“ကောင်းပြီ၊ ငါဘာမှ မပြောဘူးလို့ ထားလိုက်တော့”
ဟူး
စက်အတောင်ပံကို အသက်သွင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်အတွင်းတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ကျောက်ချပ်ကြီးကို လက်သီးဖြင့် ထိုးလိုက် တော့သည်။ ဤလက်သီးချက်သည် အလွန်ပင် ပေါက်ကွဲမှုအား ပြင်းထန်လွန်းသည်ဟု ဆိုရမည်။ ကျောက်ချပ်ကြီး တစ်ခုလုံးသည် အစိတ်စိတ် အမွှာမွှာ ဖြစ်ရုံမျှမက အမှုန့်များအဖြစ်ပင် ပြောင်းလဲသွားခဲ့တော့သည်။
ဟူး ဟူး
ရေတွင်းကြီး ပွင့်သွားသည့် အခိုက်အတန့်မှာပဲ အဆိပ်ငါးမျိုးတို့သည် ရူးရူးမူးမူး အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ တွန့်ဆုတ်မှုမရှိဘဲ ရေတွင်းထဲသို့ ခုန်ချလိုက်၏။ ရေတွင်း၏ အောက်ခြေဆီသို့ ရောက်ချိန်မှာတော့ အဆိပ်ငွေ့များကြားထဲတွင်ရှိနေသော ရှစ်ကျန်းရွမ်အား အသာကောက်ချီ လိုက်တော့သည်။
ဤဖြစ်စဉ်တစ်ခုလုံးသည် အလွန်တိုတောင်းလှ၏။ ရေတွင်း၏ အပြင်ဘက်ဆီသို့ သူဆင်းသက် လိုက်သည့်အချိန်မှာတော့ အဆိပ်ငါးပါးတို့သည် သူ၏ခန္ဓာကိုယ်ထဲသို့ဝင်ပြီး မရီဒန်များကို ဖျက်ဆီးလျက်ရှိနေ သည်ကို သိရှိလိုက်ရတော့သည်။ ဤအဆိပ်ငါးပါးတို့သည် အရင်ကြုံတွေ့ခဲ့ရသော အဆိပ်သုံးမျိုးထက် ပိုမိုကာ အားကောင်းလို့နေ၏။
ဟူး ဟူး
သူ၏ခန္ဓာကိုယ်ထဲမှာ မီးတောက်များ ထွက်ပေါ်လာပြီးသည့်နောက် အရှိန်တညီးညီးနှင့် ဖြစ်တည်လာခဲ့သည်။ အားကောင်းပြီး ကြမ်းတမ်းလှသော မီးတောက်များအားလုံးတို့သည် အဆိပ်များအား သန့်စင်လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ သူ၏ မျက်မှောင်ကြုတ်ထားခြင်းမှသည် ပြန်လည်၍ ပြေလျော့သွားတော့သည်။
ထန်ဟွေ့ရင်သည် ဘေးတစ်ဖက်ဆီသို့ စောင်းကာ လဲလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းတစ်ယောက် အောက်သို့ ဆင်းသွားပြီး ဘာမှမဖြစ်ဘဲ ပြန်တက်လာနိုင်သည်ကို မြင်ရသည့်အချိန်မှာတော့ သူမ၏ မျက်လုံးအစုံသည် ပြူးထွက်လာခဲ့၏။ အဆိပ်ငါးပါးသည် လက်ရှိအချိန်၌ ရှိနေသည်။ ထို့အပြင် ထိုသူသည် မသေခဲ့ချေ။ အဘယ်ကြောင့် လုံလုံခြုံခြုံဖြင့် အပေါ်သို့ ပြန်လည်တက်လာနိုင်သနည်း။
ရွီး
တွေးတောနေရန် အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော ထန်ဟွေ့ရင်သည် ရုတ်တရက် သူမ၏ခန္ဓာကိုယ် တစ်ခုလုံး လေထဲသို့ လွင့်သွားသလို ခံစားလိုက်ရသည်။ ပြီးသည့်နောက်မှာတော့ သူမသည် ရေတွင်းထဲသို့ ဇောက်ထိုး ကျဆင်းသွားခဲ့သည်။ ခန္ဓာကိုယ်တွင် ဖြစ်တည်နေသော နာကျင်မှုများအားလုံးကို လျစ်လျှူရှုပြီး စိတ်ဓာတ်ကျစွာဖြင့် အော်ဟစ်လိုက်တော့သည်။
“မဟုတ်ဘူး …. အား … အား”
အဆိပ်ချောက်နက်ထဲဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသော အသဲငယ်လောက်သည့် အော်သံမျိုးသည် ထွက်ပေါ်လာခဲ့တော့သည်။ အဆိပ်ငါးပါး၏ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာမှု၏ နာကျင်မှုများသည် ထန်ဟွေ့ရင် တစ်ယောက် ခုခံနိုင်သည့်အရာမျိုးတော့ မဟုတ်ချေ။
ကြိုးချည်ခံထားရသော ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားအောင် ကြောက်လန့်သွားမိ၏။ ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်း၏ လက်ပေါ်တွင် လဲလျက်ရှိနေသော ရှစ်ကျန်းရွမ်ကို လှမ်းကြည့်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ဝမ်းနည်းစွာဖြင့် လှမ်းအော်လိုက်သည်။
“ခန်းမသခင်”
“ကျုပ်တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်သည်။ “ကျုပ် နောက်ကျခဲ့ပြီ”
သူသည် ရှစ်ကျန်းရွမ်ကို ပြောဆိုနေခြင်းမဟုတ်ပေ။ အကြီးအကဲနှစ်ယောက်ကို ပြောဆိုနေခြင်းဖြစ်၏။ သူ၏ လက်ထဲတွင်ရှိသော အမျိုးသမီးသည် အိပ်ပျော်နေပုံပေါ်၏။ သို့ပေမဲ့ အသက်ရှူနှုန်း မရှိတော့ပေ။ နှလုံးခုန်နှုန်း များကလည်း ရပ်တန့်လျက်ရှိနေ၏။ အသက်ဓာတ်များလည်း ကင်းလို့နေတော့၏။
“အင်း”
စနစ်က သက်ပြင်းချလိုက်သည်။ “လှပတဲ့မိန်းကလေးတွေက ကံမကောင်းတတ်ဘူး”