အခန်း (၈၃၄)
Vol. 56 Ch. 834
ကျွင်းချောင်ရှောင်းသည် မြောင်စိုင်းဖန်နှင့် ပြောဆိုနေတုန်းအချိန်မှာပဲ ထန်ဟွေ့ရင်သည် ရေတွင်း၏ တုတ်ချောင်း ကို ဆွဲယူခဲ့ပြီးဖြစ်၏။
ထို့ကြောင့် များပြားလှသော အစီအရင်များကို ချိုးဖြတ်ပြီး အမြန်ဆန်ဆုံး ရောက်ရှိလာခဲ့သည် ဆိုသော်လည်း သူသည် ခြေတစ်လှမ်း နောက်ကျခဲ့ပြီးဖြစ်သည်။ ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် နေသော အဆိပ်များက များပြားလွန်းနေပြီး သူမတွင် အသက်ဓာတ်ဟူ၍ မရှိတော့ချေ။ လက်ရှိတွင် အဆိပ်ငါးပါး သင့်ခဲ့သောကြောင့် သူမသည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။ ထိုကဲ့သို့သော အဆိပ်များသည် ကျင့်ကြံသူ တစ်ယောက်ယောက်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားမည်ဆိုပါက အင်မော်တယ်တစ်ယောက် ဖြစ်သည်ဆိုလျှင် တောင်မှ ကယ်တင်နိုင်ရန် အခွင့်အလမ်းမရှိတော့ချေ။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ခန်းမသခင်၏လက်များ တွဲလောင်းကျနေသည်ကို မြင်ရသည့်အချိန်မှာ တော့ အလွန်အမင်းဝမ်းနည်းသွားခဲ့ကြပြီး မျက်လုံးအိမ်ထဲတွင် မျက်ရည်စများနှင့် ပြည့်နှက်လာခဲ့၏။
ဂိုဏ်းချုပ်ကျွင်း ရောက်လာပြီးသည့်နောက် သူတို့သည် ခန်းမသခင် ကပ်ဘေးကြီးမှ လွတ်မြောက်သွားပြီဟု ထင်ခဲ့ကြသည်။ သို့ပေမဲ့ နောက်ဆုံးဖြစ်ပျက်လာသည့် ရလဒ်ကိုတော့ ရှောင်ရှား၍ မရနိုင်ခဲ့ချေ။
“ကျုပ်တောင်းပန်ပါတယ်” ကျွင်းချောင်ရှောင်းသည် ခန်းမသခင်ရှစ်အား လက်ပေါ်တွင် အသာချီ၍ မတ်တပ် ထရပ်လိုက်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးသည့်နောက်မှာတော့ သိစိတ်ပင်လယ်ထဲတွင် နာကျင်မှုများပင် ခံစားလာမိတော့သည်။ သူသည် အဆိပ်ကိုးပါးနန်းတော်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး သူမကိုသာ ကယ်တင်ခဲ့မည်ဆိုလျှင် သူမသေဆုံးခဲ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လျှာရှည်၍ အကြီးအကဲ နှစ်ယောက်ကိုသာ စေလွှတ်ခဲ့မိသည်။
“ဒါတွေအားလုံးက ကျုပ်ရဲ့အပြစ်ပဲ”
ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျန်းရွမ်တို့သည် မြောင်စိုင်းဖန် တွေးသလို မဟုတ်ချေ။ သို့ပေမဲ့ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အချိန်အတော်ကြာ ခင်မင်ရင်းနှီးခဲ့သူများဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေကောင်းများဖြစ်သည်ဟု သတ်မှတ်၍ ရပေလိမ့်မည်။ ယခု သူမ သေဆုံးသွားပြီဆိုသည်နှင့် သူ့အနေနှင့် ဤကဲ့သို့ မခံစားဘဲ နေနိုင်မည်လား။
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ အလွန်အမင်း အားကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကျွင်းချောင်ရှောင်း၏ အနီးပတ်ဝန်းကျင်တွင် ဖြစ်တည်လာခဲ့သည်။ လက်ရှိအခြေအနေ၌ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေ တော့သည်။ အဆိပ်ကိုးပါးနန်းတော်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်နှင့် ဤနေရာတွင်ရှိနေသော အဆိပ်ဓာတ်များ အားလုံးကို ကျွမ်းလောင်ပစ်စေရန်ပင် ဖြစ်တော့သည်။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့ အားလုံးသည် မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ အပြည့်နှင့် ဖြစ်နေသော လူငယ်ကိုကြည့်၍ ထိတ်လန့်သွားမိကြခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူတို့သည် လူသားတစ်ယောက်ကို ကြည့်ရှုနေရသည်နှင့် မတူတော့ချေ။ ငရဲပြည်မှ နတ်ဆိုးတစ်ယောက်ကို ကြည့်ရှုနေရသကဲ့သို့ပင်။
အဟွတ် အဟွတ်
ရုတ်တရက်ဆိုသလိုပဲ ချောင်းဟန့်သံလေး ထွက်ပေါ်လာ၏။ တည်နေရာတစ်ခုလုံးကို မီးလောင်တိုက်သွင်းရန် ပြင်ဆင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆွံ့အသွားသည်။ ချက်ချင်းပဲ အောက်ကို ငုံ့ကြည့် လိုက်သည့်အချိန်မှာတော့ ပါးစပ်လေးကို အသာဟကာ မနည်း အသက်ရှူနေရသည့် ရှစ်ကျန်းရွမ်ကို မြင်လိုက် ရတော့သည်။
သူမသည် အချိန်အတော်ကြာ အသက်ရှူခြင်းကို ရပ်တန့်ခဲ့ရပုံပေါ်သည်။ သူမ၏ ဖြူလျော်နေသော မျက်နှာတစ်ခုလုံးသည် အရောင်များ ပြန်လည်ဖြစ်တည်လာခဲ့၏။ သူမသည် မသေဆုံးခဲ့ချေ။ အသက်ရှင်လျက် ရှိနေသေး၏။
ဟူ ဟူး
ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်ဆီမှ အားကောင်းလှသော လေလှိုင်းဓာတ်များ ဖြစ်တည်လာခဲ့၏။ သူမ၏ ဆံနွယ်များ သည် လေထဲတွင် လွှင့်စင်လာခဲ့၏။ မျက်နှာ၏ ဘယ်ဘက်ခြမ်းတွင် အနီရောင်မျဉ်းကြောင်းများသည် ဖြစ်တည် လာခဲ့၏။ ဤအရာသည် ထူးဆန်းလှသည့်တတ်တူးတစ်မျိုး ပုံစံမျိုးပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူသည် ရှစ်ကျန်းရွမ်နှင့် ဆုံသည့်အချိန်တိုင်း ဤအမျိုးသမီးသည် မျက်နှာ၏တစ်ဖက်ခြမ်းကို ဖုံးအုပ်ထားသည်ကို မြင်ခဲ့ရပြီးပြီဖြစ်၏။ ပထမတုန်းက ဤအရာသည် အလှအပ အတွက် ပြင်ဆင်ထားခြင်းဖြစ်မည်ဟု ထင်ထားခဲ့၏။ တကယ့် တကယ်တမ်းမှာတော့ သူမ၏ မျက်နှာပေါ်တွင် တက်တူးကဲ့သို့ ပုံစံမျိုး တည်ရှိလို့နေ၏။ ဤအရာကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း သည် တွေးတောနေရန် အချိန်မရှိချေ။ ရှစ်ကျန်းရွမ်၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်နှင့် လှမ်း၍ ဆွဲလိုက်၏။ သွေးခုန်နှုန်း အနည်းငယ် ရှိနေသည်ကို ခံစားလိုက်မိပြီးသည့်နောက်မှာတော့ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်ဓာတ်ငါးပါးအပြင် ထူးဆန်းလှသည့် အော်ရာတစ်ခု တည်ရှိနေပြီး အဆိပ်ဓာတ်ငါးပါးနှင့် တိုက်ခိုက်နေသည်ကို သိရှိလိုက်ရသည်။ အခြေအနေကို ကြည့်ရသည်မှာ အလွန်အမင်း အန္တရာယ်များလှသည့် အခြေအနေမျိုးတွင် ရောက်ရှိလို့နေ၏။
“ဒင်.... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်တစ်ထောင်အား အသုံးပြု၍ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဘက်စုံအသုံးပြုသည့် ဖုန်စုပ်စက်ကို ဝယ်ယူခဲ့၏၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ”
“ဒင်..”
သတိပေးသံမဆုံးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်အား မြေပြင်ပေါ်သို့ ချလိုက်၏။ ပြီးသည့်နောက် မှာတော့ ယခုမှဝယ်ယူထားသော ဖုန်စုပ်စက်ကို ထုတ်ယူပြီးသည့်နောက် ဖုန်စုပ်စက်၏ ပြောင်းဝအား သူမ၏ လက်နှင့်တေ့လိုက်၏။ ပြီးသည့်နောက်မှာတော့ တတိယမြောက်အဆင့်ကိုထား၍ အသက်သွင်း လိုက်တော့သည်။
စနစ် “……….”
လက်ခံသူတစ်ယောက် ဤမျှ မြန်ဆန်လှသောနှုန်းဖြင့် ကုန်ပစ္စည်း ဝယ်ယူသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ပစ္စည်းဝယ်ယူမည့်အချိန်တိုင်း ဤကဲ့သို့ မြန်ဆန်နေမည်ဆိုလျှင် မည်မှကောင်းလိုက်မည်နည်း။
လက်ရှိအခြေ အနေတွင်တော့ သေခြင်းရှင်ခြင်း အခြေအနေမျိုး ဖြစ်တည်နေခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အနည်းငယ်မျှ နှောင့်နှေးခြင်းကို မဖြစ်စေချင်ခဲ့ပေ။
ဟူး ဟူး
အဆင့်သုံးအသက်ဝင်မှုပြီးသည့်နောက်မှာတော့ စုပ်ယူမှုစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ထိုစုပ်ယူမှုစွမ်းအင်သည် ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အဆိပ်ဓာတ်ငါးပါးနှင့်အတူ ထိုငါးပါးနှင့်အတူ တိုက်ခိုက်လျက်ရှိနေသော ထူးဆန်းသည့်အော်ရာများကိုပါ စုပ်ထုတ်နေတော့၏။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
သို့ပေမဲ့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ကြောင်အ သွား၏။ တစ်ဖက်လူသည် မြောင်ဟွာ ခန်းမသခင်အား မည်သည့်အရာမျိုး ပြုလုပ်နေသနည်း။ လက်ထဲတွင်လည်း တံမြက်စည်းကဲ့သို့သော အရာမျိုးကို ကိုင်ဆောင်ထားသေး၏။
အဆိပ်များကို ဖြေရှင်းရန်အတွက် နည်းလမ်းပေါင်း မြောက်များစွာရှိ၏။ အသုံးအပြုဆုံးနည်းလမ်းများ အဆိပ်မိထားသော လူတစ်ယောက်၏ နောက်ဘက်တွင် ခြေချိတ်ထိုင်၍ လက်နှစ်ဖက်ဖြင့် ထိုသူ၏ကျောကုန်းကို ပွတ်သပ်ကာ ခန္ဓာကိုယ်ထဲတွင်ရှိသော အဆိပ်များကို အတွင်းအားများဖြင့် ထုတ်သည့် နည်းလမ်းရှိသည်။
ဤအရာထက် ပို၍ကောင်းမွန်သည့်နည်းလမ်းမှာ ယင်ယန် ဓာတ်သဘာဝဖြင့် အဆိပ်ဓာတ်များကို ထုတ်ခြင်းနည်းဖြစ်၏။ ထိုအရာမှာ အဆိပ်မိနေသောလူနှင့် အဆိပ်ဖြေပေးမည့်လူသည် ယောကျ်ားနှင့်မိန်းမ ဖြစ်မှရနိုင်မည်။
ကျွင်းချောင်ရှောင်းမှာတော့ သာမန်နည်းလမ်းများကို အသုံးမပြုခဲ့ချေ။ အဆိပ်များကို သန့်စင်ရန် အတွက် သူသည် ဖုန်စုပ်စက်ကို အသုံးပြုခဲ့၏။ အစွမ်းသက်ရောက်မှုမှာတော့ အလွန်တရာ ကောင်းမွန်လှသည်။ အချိန်တိုအတွင်း မှာပဲ အဆိပ်ဓာတ်ငါးပါးတို့သည် စုပ်ယူခြင်းကို ခံခဲ့ရသည်။ သို့ပေမဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိနေသော တခြားသောအော်ရာများကိုလည်း စုပ်ယူလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်း ကြောင်အသွား၏။ များပြားလှသော စမ်းသပ်မှုများတွင် ဤဖုန်စုပ်စက်သည် စွမ်းအင်များကို စုပ်ယူနိုင်ကြောင်း သိရှိခဲ့ရသည်။ သို့ပေမဲ့ သာမန်စွမ်းအင်များကို စုပ်ယူ၍မရနိုင်ပေ။ မိစ္ဆာအော်ရာ၊ နတ်ဆိုး အော်ရာနှင့် အဆိပ်ငွေ့များကိုသာ စုပ်ယူနိုင်ခဲ့၏။ အဆိပ်ဓာတ်ငါးပါးကို စုပ်ယူနိုင်သည်ဆိုသည်မှာ နားလည်ဖွယ်ရာ ကောင်းသေး၏။ သို့ပေမဲ့ ထိုအဆိပ်ဓာတ်များနှင့် တိုက်ခိုက်နေသည့် ထူးဆန်းသော အော်ရာများကို စုပ်ယူ နိုင်သည်ဆိုခြင်းမှာ ထိုအထဲတွင်ရှိနေသော စွမ်းအင်များမှာ မသန့်ရှင်းသောကြောင့် ဖြစ်ပေလိမ့်မည်။
“ဘာပဲဖြစ်ဖြစ် ရှိနေတော့ တစ်ခါတည်း စုပ်ယူလိုက်မယ်”
ထူးဆန်းခြင်းစွမ်းအင်များ စုပ်ယူခြင်းခံရသည်ဆိုသော် လည်း ထိုအရာများသည် ခေါင်းမာမာနှင့် ခုခံလျက်ရှိနေ၏။ “ဟမ့်... တော်တော် ဇွဲကောင်းနေတာပဲ”
ဘမ်း
ရုတ်တရက်ပဲ ရှစ်ကျန်းရွမ်သည် သူမ၏ ကျောက်စိမ်းကဲ့သို့ သန့်ရှင်းလှသော လက်ကလေးများကို ဝှေ့ယမ်း လိုက်၏။ ပြီးသည့်နောက်မှာတော့ ဖုန်စုပ်စက်သည် အနောက်ဘက်သို့ လွှင့်စင်သွားသည်။ သူမ၏ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ခန္ဓာကိုယ်ဆီမှ အားကောင်းလွန်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီး သူမ၏ ဆံပင် များသည် လေထဲသို့ လွှင့်လျက်ရှိသည်။ သူမ၏ မျက်နှာဘယ်ဘက်ခြမ်းတွင်တော့ တက်တူးကဲ့သို့ ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများ ဖြစ်တည်လာခဲ့ပြီး ထိုတက်တူးဆီမှ အလင်းတန်းများ ဖြစ်တည်လာ၏။
“သွေးချကရာ” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိသွားသည်။
ခန်းမသခင် ရုတ်တရက် မတ်တပ်ထရပ်လာသည်ကို မြင်တော့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ပျော်ရွှင် သွားမိကြသည်။ သို့ပေမဲ့ ဆံပင်ရှည်များ လေထဲတွင်လွှင့်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်ကို မြင်ရသည့်နောက် ထိတ်လန့် တုန်လှုပ်သွားကြ၏။ “ခန်းမသခင်ရှစ်က စိတ်လွတ်သွားပြန်ပြီ”
ရှစ်ကျန်းရွမ်သည် စိတ်ဓာတ်ကျဆင်းသွားသည့်အချိန်တိုင်း ရူးသွပ်သူတစ်ယောက်လို ဖြစ်ပျက်သွားခဲ့သည်။ သူတို့ နှစ်ယောက်သည် ထိုအချင်းအရာကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့၏။ သို့ပေမဲ့ လက်ရှိကြုံနေရသော အော်ရာ များသည် အလွန် အားကောင်းလွန်းလှပြီး အရင်တုန်းကထက် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။
ဤရူးသွပ်ခြင်းအခြေအနေသည် အဆင့်ကို တစ်၊ နှစ်၊ သုံးအဖြစ် ခွဲခြားမည်ဆိုလျှင် လက်ရှိ ဤမိန်းကလေး ဖြစ်တည်နေသည့်အခြေအနေသည် အဆင့်တစ်ဆယ် အလုံးစုံရူးသွပ်ခြင်း အဆင့်သာ ဖြစ်ပေလိမ့်မည်။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းသည် ပါးစပ်ကိုဟ၍ တစ်စုံတစ်ခုပြောရန် ပြင်ဆင်လိုက်သည့်အချိန်တွင် ရှစ်ကျန်းရွမ်က ရုတ်တရက် ခေါင်းကိုလှည့်ကာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေသည်။ သူမသည် ကျောက်စိမ်းကဲ့သို့ လက်ကလေးကို အသာမြှောက်လိုက်ချိန်မှာတော့ ဘာမှန်း မသိသည့် ဓာတ်သဘာဝများရှိနေသည့် စွမ်းအင်များကို ထုတ်ဖော်တော့သည်။
ဘုန်း
လေလှိုင်းများ ရုတ်တရက်တိုက်ခတ်လာပြီးသည့်နောက် အထဲတွင်ရှိနေသော ဖုန်မှုန်များသည် တဟူးဟူးနှင့် လွင့်စင်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် လက်ဖက်နှစ်ကို ကြက်ခြေခတ်ပုံစံခတ်ကာ သူ့ဆီရောက်ရှိလာသည့် စွမ်းအင်များကို ခံယူလိုက်သည်။ ပြီးနောက် သူသည် တုန်လှုပ်စွာပြောလိုက်သည်။ “ဒီအားအင်က တော်တော် အားကောင်းတာပဲ”
ရှစ်ကျန်းရွမ်သည် ရှေ့သို့လှမ်းတက်လာ၏။ သူမ၏ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှပြီး ထူးဆန်းလှ သည့် ဓာတ်သဘာဝများ ထွက်ပေါ်လာပြီးသည့်နောက် ကြီးမားသည့် ပိုက်ကွန်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ သည်။ ဤနေရာတွင် တခြားသူတစ်ယောက်ယောက်သာ ဖြစ်မည်ဆိုပါက ဂိုဏ်းချုပ်ကျွင်းသည် မည်သည့်စကား ကိုမှ မဆိုဘဲ လူအား ဖမ်းချုပ်ကာ တဘုန်းဘုန်းနှင့် ထိုးနှက်မှာသေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ခန်းမသခင်ရှစ် ဖြစ်နေသည့်အတွက် သူသည် ထိုသို့ ပြုလုပ်၍ မရချေ။
ဆွစ် ဆွစ်
ကြီးမားလှသည့် ပိုက်ကွန်ကြီးသည် ချက်ချင်းဆိုသလိုပဲ တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးသည့်နောက် ကြီးမားသည့် လက်သီးချက်ကြီးများ ဖြစ်တည်ကာ ရူးရူးမူးမူး ထိုးနှက်လေ၏။
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်လိုက်ပြီးသည့်နောက် လက်သီးထိုးချက်များအားလုံးကို လက်ခံလိုက် သည်။ ပြီးသည့်နောက်မှာတော့ ကြိတ်ကာ တွက်ချက်လိုက်တော့သည်။ “သူမရဲ့ လက်ရှိအဆင့်က သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်နဲ့ နှိုင်းယှဉ်လို့ ရနေတာပဲ”
“ခန်းမသခင်ရှစ်... စိတ်အေးအေးထား”
အလုံးစုံ ရူးသွပ်လျက်ရှိနေပြီဖြစ်သော ခန်းမသခင်ရှစ်သည် သူမ၏လက်ကို မြှောက်ကာဖြင့် အကြိမ်ကြိမ် ထိုးနှက်လျက်ရှိသည်။ သူမ၏ ဘယ်ဘက်မျက်လုံးတွင်ရှိနေသော ကြက်သွေးရောင် တက်တူး ကဲ့သို့သော အရာသည် ပိုမို၍ တောက်ပလာ၏။
ကျွင်းချောင်ရှောင်းသည် ဆက်တိုက် တိုက်ခိုက်မှုများကို ရှောင်ရှားပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ပြီးနောက် တွေးလိုက်သည်။ “ခန်းမသခင်ရှစ် ရူးသွပ်တဲ့ပုံစံက သူမရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဓာတ်သဘာဝတွေနဲ့ သက်ဆိုင်လိမ့်မယ်၊ ပြီးတော့ အဲဒီဘယ်ဘက်မျက်လုံးက အဓိက ကျမယ် ထင်တယ်”
“ဒါက အမှန်ပဲ”
စနစ်က ပြောလိုက်သည်။ “ငါ သုံးသပ်ခဲ့ပြီးပြီ၊ ဒီစွမ်းအင်တစ်မျိုးက သူ့ရဲ့စိတ်ကို ထိန်းချုပ်ထားတာ၊ ဒါက ဝိညာဉ်မျိုးနွယ်တွေ ဖြစ်နိုင်တယ်”
“ဝိညာဉ်မျိုးနွယ် ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ချက်ချင်းဆိုသလိုပဲ တင်းမာသွား၏။ လက်ရှိ အချိန်တွင်တော့ သူသည် ဝိညာဉ်မျိုးနွယ်များ အပိုင်စီးထားသည့် လူတစ်ယောက်ကို တွေ့ဆုံခွင့်ရရန် မျှော်လင့် နေမိသည့် လူတစ်ယောက်ဖြစ်သည်။
သူ မထင်မှတ်ထားသော လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကပ်ညှိနေခဲ့ လိမ့်မည်ဟု မည်သူက ထင်မိနေမည်နည်း။ ဂိုဏ်းချုပ်ကျွင်းသည် ထိုကဲ့သို့ အပိုင်စီးခံထားရသည့်လူများထဲတွင် မြို့တော်ဝန်ရှဲ့၊ မာယွင်တန်၊ အစ်ကိုကြီး အစိမ်းရောင်မာဖလာတို့ကိုပင် စဉ်းစားခဲ့သေး၏။ သို့ပေမဲ့ ရှစ်ကျန်းရွမ်အား ဝိညာဉ်မျိုးနွယ်များ အပိုင်သိမ်းထားလိမ့်မည်ဟု သူတစ်ခါမှ မထင်မှတ်ထားခဲ့ချေ။
“ဖုန်စုပ်စက်က ထူးဆန်းတဲ့စွမ်းအင်တွေကို စုပ်ယူနိုင်တယ်၊ ဒီတော့ ခန်းမသခင်ရှစ် ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်မျိုးနွယ် သာဖြစ်မယ်ဆိုရင် ကျိန်းသေပေါက် အကျိုးသက်ရောက်မှု ရှိမှာပဲ”
ရှစ်ကျန်းရွမ်သည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ သူမ၏ အားအင်အဆင့်သည် ချက်ချင်းဆိုသလို တိုးတက်လာခဲ့ သည်ဆိုသော်လည်း ဓားနှင့် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတော့ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ သွားရောက်ပြီးနောက် လက်ကိုမြှောက်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဖုန်စုပ်စက်... လာစမ်း”
မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်သည် အဝေးတစ်နေရာဆီမှ ပျံ့သန်းလာပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူသည် သန့်ရှင်းရေးလုပ်ငန်းများကို စတင်ကာ လုပ်တော့၏။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကို ကိုင်ကာ ပြောလိုက်၏။ “တောင်းပန်ပါတယ်”
ဝှစ်
သူသည် သူ၏လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ ဘယ်ဘက်လက်သည် ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်သွားပြီးသည့်နောက် ကြီးမားလှသည့်လက်ကြီးအဖြစ် ပြောင်းလဲ ကာ ရှစ်ကျန်းရွမ်အား ချုပ်နှောင်လိုက်တော့သည်။
ပြီးသည့်နောက်မှာတော့ သူသည် ရှစ်ကျန်းရွမ်အား နံရံဆီသို့ တွန်းလွတ်ကာ ချုပ်နှောင်ထားလိုက်၏။
စနစ် “......”
အမျိုးသမီးတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် လက်ခံသူသည် အဘယ်ကြောင့် ဤမျှ ကြမ်းတမ်းလွန်းသည့် အားအင် များကို ထုတ်ဖော်အသုံးပြုနေရသနည်း။
ကျွင်းချောင်ရှောင်းကိုလည်း အပြစ်တင်၍ မဖြစ်ပေ။ သူသည် အလွန် အားကောင်းလှသော တိုက်ခိုက်မှုကို အသုံးပြု၍ ထိန်းချုပ်မှသာလျှင် ရူးသွပ်နေသည့် ခန်းမသခင်ရှစ်ကို ထိန်းချုပ် နိုင်မှာဖြစ်၏။
ပြီးသည့်နောက်မှာတော့ သူသည် ဖုန်စုပ်စက်၏ အနီရောင်ခလုတ်ကို နှိပ်လိုက်တော့၏။ ဤအရာ သည် အထူးအသက်သွင်းမှုပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကို အသာမြှောက်ပြီးနောက် ရှစ်ကျန်းရွမ်၏လက်ကို တည်ကာဖြင့် အထဲတွင်ရှိနေသော စွမ်းအင်တစ်မျိုးကို စုပ်ယူနေတော့သည်။
“ညစ်ပတ်တဲ့ကောင်.... ထွက်လာခဲ့စမ်း”