← Chapters

အခန်း (၈၃၅)

Vol. 56 Ch. 835

အခန်း (၈၃၅)

Vol. 56 Ch. 835

ဤနေရာတွင် ရှောင်မိုရှန်းနှင့် အဘိုးကြီးတင်းသာရှိပါက ကျိန်းသေပေါက် တစ်ယောက်နှင့်တစ်ယောက်ဖက်၍ ငိုမိလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် ဖုန်စုပ်စက်ကို ဖွင့်၍ အသုံးပြုသည့်အချိန်တွင် ၎င်းတို့၏ ဦးခေါင်းများကို တေ့၍ စွမ်းအင်များကိုစုပ်ယူခဲ့၏။

ယခု ခန်းမသခင်ရှစ် အလှည့်ရောက်ရှိချိန်မှာတော့ ဂိုဏ်းချုပ်သည် အဘယ်ကြောင့် ဦးခေါင်းကိုတည်၍ မစုပ်ယူဘဲနှင့် လက်ကိုတည်ကာ စုပ်ယူလျက်ရှိနေသည်။

အဘယ်ကြောင့် ဆိုသော် ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်အား ချုပ်နှောင်ရသည့် အခြေအနေတစ်ခုကို ရင်ဆိုင်နေရသည် ဖြစ်သောကြောင့် မိန်းကလေး၏ ဦးခေါင်းတည့်တည့်ကို တည်၍ ဖုန်စုပ်စက်ကို ဖွင့်ရန် အချိန်မရှိခဲ့ချေ။ ဤအရာမှာ ကံတရားဟုကြောင့်သာ ဆိုရမည်။

ဝှစ်

အထူးအသက်သွင်းမှု ပြည့်စုံသွားပြီးသည့်နောက် ဖုန်စုပ်စက်ဆီမှ ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူခြင်း စွမ်းအင်များသည် ဖြစ်တည်လာခဲ့သည်။ ရှစ်ကျန်းရွမ် ခန္ဓာကိုယ်ထဲတွင်ရှိနေသော ထူးဆန်းသည့်စွမ်းအင်များ အားလုံးသည် ငြင်းဆန်ခုခံခြင်းကို မပြုလုပ်နိုင်တော့ချေ။ မျက်စိတစ်မှိတ်အတွင်း စုပ်ယူခြင်းကို ခံခဲ့ရတော့သည်။

ကျွင်းချောင်ရှောင်းသည် စွမ်းအင်ကို မလွှတ်ခဲ့ချေ။ သူသည် ဤဓာတ်သဘာဝများကို ပြန်လည်ကာ လွှတ်ပေးလိုက် မည်ဆိုပါက ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပေလိမ့်မည်။ ဤစုပ်ယူခဲ့သော အရာများသည် ဝိညာဉ် မျိုးနွယ်များဖြစ်ဖြစ်၊ တခြားသောစွမ်းအင်များဖြစ်ဖြစ် သူဂရုမစိုက်ခဲ့ချေ။ ခန်းမသခင်ရှစ် အနေနှင့် သူမ၏စိတ်ကို သူမ ထိန်းချုပ်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုစွမ်းအင်များကို ဖျက်ဆီး ပစ်ရန် စဉ်းစားထားခဲ့၏။

ဝှစ် ဝှစ်

များပြားလှသော စွမ်းအင်များသည် တဖြည်းဖြည်းနှင့် စုပ်ယူခြင်းကို ခံနေရတော့သည်။ နံရံတွင်ကပ်၍ ဖိနှိပ်ခြင်းကို ခံနေရသော ရှစ်ကျန်းရွမ်၏ ဆံပင်ရှည်များသည် လေထဲတွင် လွှင့်စင်လျက်ရှိသည်။ သူမ၏ အေးစက်နေသော မျက်လုံးများသည် တဖြည်းဖြည်း ကြည်လင်လာခဲ့၏။ ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ဘယ်ဘက် မျက်လုံး အောက်နားတွင်ရှိနေသော တက်တူးကဲ့သို့ မျဉ်းကြောင်းများသည် တဖြည်းဖြည်း မှေးမှိန်သွား၏။ ပြီးသည့်နောက်မှာတော့ ပျောက်ကွယ်သွားခဲ့တော့သည်။

“ဒါက”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ကြောင်အသွားခဲ့ကြ၏။ အရင်ခန်းမသခင်က ပြောဆိုခဲ့သည့် စကားများသည် သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့တော့သည်။ “ဒီမိန်းကလေးရဲ့ မျက်နှာပေါ်မှာရှိတဲ့ တက်တူး တွေ ပျောက်ကွယ်သွားမှ သူမက ရူးသွပ်တဲ့ အခြေအနေတစ်ခုကို မရောက်တော့မှာ”

လက်ရှိအခြေအနေမှာတော့ ယခု ဤတတ်တူးကဲ့သို့သော အရာများသည် ပျောက်ကွယ်သွားနေသည်လား။ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် ပျော်ရွှင်သွားမိ၏။

ခန်းမသခင်သည် အဆိပ်ချောက်နက်အတွင်းတွင် မသေခဲ့ပေ။ ထို့အပြင် ထူးဆန်းသည့်ရောဂါကိုပင် ကုသခြင်း ခံခဲ့ရသည်။ ကျိန်းသေပေါက် ကောင်းကင်မှပေးသည့် ကောင်းချီးကို ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ မြောင်ဟွာခန်းမ၏ အကြီးအကဲ နှစ်ယောက် တို့သည် ကျွင်းချောင်ရှောင်းအပေါ်တွင် ကောင်းမွန်သည့် စိတ်ဓာတ်များ တိုးပွားလာခဲ့တော့၏။

အလွန်ကောင်းမွန်သည့် စုပ်ယူခြင်းစွမ်းအင်များမှာတော့ အသက်ဝင်လျက်ရှိနေသေး၏။ ရှစ်ကျန်းရွှမ်၏ စိတ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သော ဤဓာတ်သဘာဝများသည် ဖုန်စုပ်စက်၏ စုပ်ယူခြင်းကို ခံနေရ၏။ ထိုစွမ်းအင်များအားလုံးသည် ဖုန်စုပ်စက်ထဲသို့ ရောက်ရှိနေကြ၏။ သူမသည် ရုန်းကန်ရန် ကြိုးစားနေသည် ဆိုသော်လည်း တစ်ချက်ကလေးမှ ရုန်းကန်၍ မရချေ။ တစ်မိနစ်လောက် ကြာပြီးသည့်နောက် ရှစ်ကျန်းရွမ်၏ ဘယ်ဘက် မျက်လုံးအောက်တွင်ရှိသော ပုံရိပ်ယောင်များသည် ပျောက်ကွယ်သွားခဲ့တော့၏။ သူမ၏ခေါင်းသည် ဘေးတစ်ဖက်ဆီသို့ လန်ကျသွားပြီးသည့်နောက် သတိလစ်မေ့မျောသွားခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်အား အသာပိတ်ပြီးသည့်နောက် သူ၏ နဖူးစက်ရှိ ချွေးများကို သုတ်လိုက် တော့သည်။ ပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် ပြောလိုက်၏။ “ပြီးသွားပြီပဲ၊ နောက်ဆုံးတော့ လုံခြုံသွားပြီ”

ဘုတ်

သူ၏ စိတ်ဝိညာဉ်လက်ကြီး၏ ထောက်ပံ့မှု ပျောက်ကွယ်သွားပြီးသည့်နောက် ရှစ်ကျန်းရွမ်သည် ဟန်ချက်မဲ့စွာဖြင့် မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားခဲ့၏။

ကျွင်းချောင်ရှောင်း “......”

ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့ “....”

စနစ်သည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ “ဒီအချိန်မှာ ချွေးသုတ်တဲ့ကိစ္စက ဒီလောက် အရေးကြီးနေတာ လား၊ မိန်းကလေးက အရေးကြီးလား၊ မင်းနဖူးပေါ်က ချွေးက အရေးကြီးလား မသိဘူးလား”

.........................

“ငြိမ်ငြိမ်ထိုင်ကြ”

သိုင်းလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်မှာတော့ အဆိပ်ငွေ့များအားလုံးသည် ဖုန်စုပ်စက်ဖြင့် စုပ်ယူခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ ကျန့်ရာသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် အားရပါးရ လှမ်းအော်လိုက်တော့သည်။

လက်ရှိအခြေအနေမှာတော့ အဆိပ်ကိုးပါး နန်းတော်၏ အကြီးအကဲနှင့် တပည့်များအားလုံးသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိနေကြ၏။ ဤဂိုဏ်းသည် အဆိပ်အသုံးပြုရာတွင် အလွန်အမင်း ကောင်းမွန်လှ၏။ သို့ပေမဲ့ သူတို့၏ အဆိပ်ဓာတ်များကို အသုံးပြုနိုင်ခြင်းမရှိတော့သည့်အချိန်တွင် ပြိုင်စံရှားဂိုဏ်း၏ အပြင်စည်း တပည့်များကိုပင် အနိုင်ယူနိုင်စွမ်းရှိနေသည့်လူများ မဟုတ်တော့ပေ။

“ပြီးသွားပြီ၊ ပြီးသွားပြီ”

အကြီးအကဲများထဲမှ တစ်ဦးသည် စိတ်ဓာတ်ကျစွာဖြင့် တွေးတောလိုက်မိ၏။ သူမသည် နန်းတော်သခင်အား ထန်ဟွေ့ရင်ကို ကူညီခြင်းမပြုလုပ်ရန် တောင်းဆိုခဲ့သေး၏။ သို့ပေမဲ့ နန်းတော်သခင်သည် သူမ၏ စကားကို နားမထောင်ခဲ့ချေ။ မြောင်ဟွာခန်းမသည် အဆင့်လေးဂိုဏ်းတစ်ခုသာဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် ပါဝင်ပတ်သက်လာလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။

သူတို့ ရရှိခဲ့သော သတင်းများအရဆိုလျှင် ဤအသစ်ဖြစ်တည်လာသော ဂိုဏ်းသည် များပြားလှသော မိစ္ဆာဂိုဏ်း များကို ဖျက်ဆီးခဲ့ပြီး အဆင့်သုံး မိစ္ဆာဂိုဏ်း နှစ်ဂိုဏ်းကိုပင် တိုက်ခိုက် အနိုင်ယူခဲ့သည့် ဂိုဏ်းဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ ထိန်းချုပ်မှုကို ခံခဲ့ရ၏။

ဟူး ဟူး

ရုတ်တရက် အလွန်တရာ လေးလံလှသော ဖိအားတစ်ခုသည် ဖြစ်တည်လာခဲ့သည်။ အားလုံးသည် အသာလှည့်၍ ကြည့်လိုက်သည့်နောက်မှာတော့ ၎င်းတို့၏ မျက်လုံးများသည် မျက်လုံးအိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်သွားရ၏။ အဓိကဟောခန်းထဲတွင် နဂါးလို၊ ဆင်လို သတ္တဝါကြီးနှစ်ကောင် ပေါ်ပေါက်လာတော့သည်။ ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသော ဖိအားများ ဖြစ်တည်လာခဲ့သည်။

“ချီးတဲ့မှ...”

ကျန့်ရာက ထအော်လိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲ”

ဂျိန်း

နဂါးနှင့်ဆင်၏ စွမ်းအားများ အားလုံးသည် အညှာတာကင်းမဲ့စွာဖြင့် ကျဆင်းလာခဲ့တော့သည်။ လွန်ခဲ့သည် နှစ်ပေါင်းရာချီကတည်းက တည်ရှိခဲ့သော အဆိပ်ကိုးပါး နန်းတော်သည် မည်သည့်အချိန်တုန်းကမှ မရှိခဲ့သလို တစစီပျောက်ကွယ်သွားခဲ့၏။ အဓိကဟောခန်း၏ တည်နေရာထဲတွင်တော့ ကြီးမားလှသည့် တွင်းနက်ကြီး တစ်ခုသာ တည်ရှိလို့နေသည်။

ဖုန်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ် အားချီ၍ အသာလျှောက်ထွက်လာ၏။

နဂါးနှင့်ဆင်လက်ဝါးနည်းစနစ်ကို အသုံးပြု၍ အဆောက်အဦ ဖြိုဖျက်သည့်နေရာတွင် သုံးခဲ့သည်။

ဂိုဏ်းချုပ်ကျွင်း သည် တစ်ခါတစ်ရံ ပြုလုပ်လိုက်သည့် လုပ်ဆောင်ချက်များမှာ သောက်ကျိုးနည်းလှချေသည်။ ထန်ဟွေ့ရင်သည် အဆိပ်ချောက်နက်ထဲတွင် ပိုးဆိုးပက်စက် သေဆုံးသွားခဲ့ရသည် ဆိုသော်လည်း ရှစ်ကျန်းရွမ်မှာတော့ သေမလိုသာ ဖြစ်ခဲ့ရ၏။ ထိုကဲ့သို့သော အခိုက်အတန့်အားဖြင့် အဆိပ်ကိုးပါး နန်းတော်မှာ လောကကြီးတွင် တည်ရှိသင့်သည့် အရာမျိုး မဟုတ်တော့ချေ။ အချက်အလက်အားဖြင့် အကြီးအကဲဝေနှင့် ကျန့်ရာတို့အား အဆိပ်များဖြင့် ချုပ်နှောင် ထားသည့် အချက်အလက်တစ်ခုတည်းနှင့်ပင် သူသည် ဤတည်နေရာကြီးတစ်ခုလုံးအား ဖျက်ဆီးပစ်ရန် လုံလောက်နေပြီ ဖြစ်၏။

အနောက်မှာရှိသော ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက် လျက်ရှိသည်။ ဤလူငယ်လေးသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအင်များကို ဖွဲ့စည်းကာ တိုက်ခိုက်ခဲ့သည် ဖြစ်ကြောင်း သူတို့၏ မျက်လုံးများဖြင့် ကိုယ်တိုင် မြင်ခဲ့ရသည်။ သူတို့သည် ဤအရာနှင့်ပတ်သက်၍ မယုံကြည်နိုင်သလို ဖြစ်မိနေသည်။ သူတို့သည် ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံသည့်အချိန်တိုင်း ယခင်ကထက် ပိုမို၍ အားကောင်းသည့် ကျွင်းချောင်ရှောင်းကို တွေ့ဆုံနေရသည်ဟု အမြဲတမ်း မြင်ခဲ့ရတော့သည်။

ကျန့်ရာသည် မြောင်ဟွာခန်းမမှ အကြီးအကဲနှစ်ယောက်၏ မျက်နှာများကို ကြည့်လိုက်၏။

၎င်းတို့၏ မျက်နှာ ထက်တွင် နီရဲနေသည့် အမှတ်ကလေးများ ရှိနေသည်ကို မြင်ရပြီးသည့်နောက်မှာတော့ အကြီးအကဲဝေသည် သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ ဤအကြီးအကဲနှစ်ယောက်၏ မျက်နှာကိုလည်း ဖုန်စုပ်စက် ဖြင့်ကပ်ကာ အဆိပ်များ စုပ်ယူခဲ့ပုံပေါ်သည်။ သောက်ကျိုးနည်း ဂိုဏ်းချုပ်ပါတကား။

အစ်ကိုကြီး… တခြားနေရာက စုပ်ရင်လည်းရတယ်လေ၊ ဘာလို့ တခြားသူရဲ့မျက်နှာကို ဖုန်စုပ်စက်နဲ့ စုပ်ထုတ်ရ တာလဲ။

“ဂိုဏ်းချုပ်”

ကျန့်ရာက မေးလိုက်သည်။ “ဒီ အထက်ပိုင်း အကြီးအကဲတွေနဲ့ တပည့်တွေကို ဘာဆက်လုပ်ရမလဲ”

“သူတို့ရဲ့ စိတ်ဝိညာဉ်အမြူတေတွေ၊ မရီဒန်တွေ အားလုံးကို ဖျက်ဆီးပစ်လိုက်”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးသတ်ဖြတ်ရခြင်းကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း အဓိပ္ပာယ်မဲ့ ပြုမူခြင်းကိုတော့ မလုပ်ချင်ပေ။ တပည့်များအားလုံးသည် အကြီးအကဲများနှင့် ဂိုဏ်းချုပ်၏ ခိုင်းစေခြင်းကိုသာ လိုက်နာနေရသူများဖြစ်သည်။ ထို့ကြောင့် ရက်စက်စွာဖြင့် သတ်ဖြတ်ခြင်းကို မပြုလုပ်ဘဲ မရီဒန်များကို ဖျက်ဆီးခြင်းအလုပ်ကိုသာ ပြုလုပ်ရန် စေခိုင်းလိုက်တော့၏။

“ကောင်းပါပြီ” ကျန့်ရာသည် တစ်ခါတည်း လှုပ်ရှားလိုက်တော့သည်။ ကျန့်ရာသည် မိစ္ဆာဂိုဏ်းထဲတွင် နေထိုင်ခဲ့ သည့်လူတစ်ယောက် ဖြစ်သောကြောင့် တခြားသောသူများ၏ မရီဒန်နှင့် စိတ်ဝိညာဉ်အမြူတေများကို ဖျက်ဆီး ရခြင်းကို တစ်ချက်ကလေးမှ နှောင့်နှေးခြင်း မရှိခဲ့ပေ။ အလွန်ပြတ်သားစွာဖြင့် ပြုလုပ်တတ်သည်။

လက်ရှိ အခြေအနေမှာတော့ အဆိပ်ကိုးပါးနန်းတော်၏ အထက်အကြီးအကဲများနှင့် တပည့်များ အားလုံးတို့သည် မြေပေါ်တွင် အားပြတ်စွာဖြင့် လဲလျောင်းလျက်ရှိနေတော့၏။ အဆင့်မြင့်သောသူများအားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စိတ်ဝိညာဉ်အမြူတေများ ဖျက်ဆီးခံခဲ့ရ၏။ အဆင့်နိမ့်သောသူများမှာတော့ မရီဒန်များ ချိုးဖြတ်ခြင်းကို ခံခဲ့ရ၏။ ၎င်းတို့၏ ဘဝတစ်သက်တာတွင် သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ထပ်မံ၍ လေ့ကျင့်ချင် သည်ဆိုပါက ကောင်းကင်မှ ငြင်းပယ်ရလောက်မည့် ရတနာမျိုးကို တွေ့ကြုံသုံးစွဲရမှသာ ဖြစ်ပေလိမ့်မည်။ တခြားသော မျှော်လင့်ချက်ဟူ၍ မရှိတော့ချေ။

“သွားပြီ၊ ငါ့ရဲ့ ကျင့်ကြံခြင်းတွေ သွားပြီပဲ” အဆိပ်ကိုးပါးနန်းတော်မှ တပည့်တစ်ယောက်သည် အကူအညီမဲ့စွာဖြင့် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေတော့သည်။ ၎င်းတို့သည် အဆိပ်လမ်းစဉ်ကိုသာ အဓိကထား၍ ကျင့်ကြံကြသည် ဆိုသော်လည်း ထိုအဆိပ်လမ်းစဉ်၏ ကျင့်ကြံခြင်းနည်းစနစ်များ အားလုံးသည် သိုင်းကျင့်ကြံခြင်းအဆင့်ပေါ်တွင် မူတည်လျက်ရှိနေသည်။

လက်ရှိအခြေအနေတွင် ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းအဆင့်များသည် အလုံးစုံ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းတို့၏ အဆိပ်နည်းစနစ်များသည်လည်း ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြု၍ မရတော့ချေ။

“ဂိုဏ်းချုပ်”

ကျန့်ရာက ပြောလိုက်သည်။ “ဒီအမျိုးသမီးကို ဘယ်လိုလုပ်မလဲ”

ကျွင်းချောင်ရှောင်းသည် သတိလစ်မေ့မျော လျက်ရှိနေသော မြောင်စိုင်းဖန်အား လှမ်းကြည့်လိုက်၏။ ပြီးသည့် နောက်မှာတော့ တွေဝေလျက်ရှိနေသော အကြီးအကဲဝေအား လှမ်းကြည့်လိုက်မိသည်။ သူသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကို ခေါ်ခဲ့တာပေါ့”

အဆိပ်ကိုးပါး နန်းတော်ထဲကို ဝင်ရောက်သည့်အချိန်တွင် ၎င်းတို့နှစ်ယောက်ကြား ပြောဆိုခဲ့သည့် စကားများကို သူကြားသိပြီးဖြစ်၏။ ထို့ကြောင့် အဆိပ်ကိုးပါး နန်းတော်သခင်သည် အကြီးအကဲဝေ ရည်စားဟောင်း၏ သမီး တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် သတ်ဖြတ်ခြင်းအလုပ်ကို မလုပ်ချင်ပေ။ သတ်ဖြတ်ခြင်း ကိစ္စကို မပြုလုပ်ချင်ဘူးဆိုပေမဲ့ သူသည် အပြစ်ပေးမှုကိုတော့ ရှောင်တိမ်း၍ မရချေ။

လက်ရှိအခြေအနေမှာတော့ သူမအား ပြိုင်စံရှားဂိုဏ်း၏ထောင်ထဲတွင် တစ်သက်စာနေထိုင်ရန် စီစဉ်ထားခဲ့ တော့၏။

ဤကိစ္စကို ကျိုးတူတူသာ သိမည်ဆိုပါက ကျိန်းသေပေါက် ပျော်ရွှင်နေပေလိမ့်မည်။ ၎င်း၏ အခန်းဖော် များသည် ထပ်တလဲလဲ ပြောင်းလဲနေခဲ့၏။ နောက်ဆုံးမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် သားရဲဘုရင် လည်း မဟုတ်သလို၊ သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်တော့ချေ။ အလွန်တရာလှပလှသည့် အမျိုးသမီးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ ကျိုးတူတူမှာ ပျော်ရွှင်ရလွန်းလို့ မျက်ရည်များပင် ကျပေ လိမ့်မည်။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေမှာ ခက်ခဲစွာဖြင့် မတ်တပ်ထရပ်ပြီး ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”

ဂိုဏ်းချုပ်သည် အဘယ်ကြောင့် မြောင်စိုင်းဖန်အား မသတ်ရခြင်းဆိုသည်ကို သူကောင်းကောင်းသိ၏။ အဘယ်ကြောင့်ဆိုသော် သူ့ကြောင့်ပင် ဖြစ်တော့သည်။

.....................

အဆိပ်တစ်သောင်းတော၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများသည် လျှောက်ထွက် လာခဲ့ကြသည်။ သူတို့ ထွက်ပြီးမကြာခင်မှာပဲ အရှိန်တငြီးငြီးဖြင့် တောက်ပလျက်ရှိသော မီးတောက် များ ဖြစ်တည်လာခဲ့တော့သည်။ ထိုမီးတောက်များအားလုံးသည် တည်နေရာထဲတွင်ရှိနေသော အဆိပ်သတ္တဝါများ အားလုံးကို ပြာအဖြစ်သို့ မီးလောင်တိုက်သွင်းတော့သည်။

လက်ရှိအခြေအနေမှာတော့ အဆိပ်ကိုးပါး နန်းတော် ဆိုသည်မှာ တည်ရှိခြင်း မရှိခဲ့တော့ချေ။ တပည့်များသည် သတ်ဖြတ်ခြင်း မခံရဘူးဆိုသော်လည်း အနာဂတ်တွင် ဂိုဏ်းတစ်ခုကို ပြန်လည်တည်ထောင်ချင်သည်ဆိုလျှင် အဆိပ်တစ်သောင်း တောအုပ်သည် အသုံးပြု၍ ရတော့မည် မဟုတ်ချေ။ အဆိပ်သားကောင်များနှင့် ပြည့်နှက် နေသည့် တည်နေရာကြီး မရှိတော့မှတော့ ၎င်းတို့၏ ပြန်လည်တည်ဆောက်နိုင်မည့် မျှော်လင့်ချက်များ အားလုံး သည်လည်း ပျောက်ကွယ်သွားကြရပြီဖြစ်သည်။

အဟွတ် အဟွတ်

လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်အား အသာချီကာ လျှောက်လာခဲ့တော့သည်။ ရှစ်ကျန်းရွမ်၏ မျက်တောင်လေးသည် အသာလှုပ်ခတ်လာ၏။ ပြီးသည့်နောက်မှာတော့ ဖြည်းညှင်းစွာဖြင့် ပွင့်လာ တော့သည်။ သူမ၏ ခေါင်းတစ်ခုလုံးသည် ပေါက်ကွဲလုမတတ် ရှုပ်ထွေးလျက်ရှိနေ၏။ မှတ်ဉာဏ်များသည်လည်း အလွန်တရာ ရှုပ်ယှက်ခတ်နေသည်။ သေသေချာချာ စဉ်းစားပြီးသည့်နောက်သူမသည် အဆိပ်ချောက်နက်ထဲသို့ ပစ်လွှတ်ခြင်းခံခဲ့ရကြောင်းကို မှတ်မိလိုက်၏။

“နေအုံး …”

ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်လေးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့၏။ ရုတ်တရက် သူမ၏ မှောင်မဲနေသော အမြင်အာရုံထဲတွင် အလင်းစက်လေးများ မြင်လာရတော့သည်။ ဖြည်းဖြည်းချင်း အသာဖွင့်ကြည့်လိုက်သည့် နောက်မှာတော့ တောက်ပပြီး စူးရှလှသည့် အလင်းတန်းများကို မြင်လိုက်ရ၏။ ဤအရာကို သူမ အသားမကျချေ။ ထို့ကြောင့် မျက်လုံးကို ထပ်ကာ မှိတ်လိုက်မိသည်။

“ခန်းမသခင်ရှစ်”

အသံတစ်ခုသည် သူ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ “အဆင်ပြေရဲ့လား”

All Chapters