အခန်း (၈၃၆)
Vol. 56 Ch. 836
သူမ၏ ဘေးတစ်ဖက်ဆီမှ အသံကို ကြားလိုက်ပြီးသည့်နောက် ရှစ်ကျန်းရွမ်သည် ချက်ချင်းပဲ ဂိုဏ်းချုပ်ကျွင်း ဖြစ်ကြောင်း မှတ်မိလိုက်မိသည်။
သူမသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေသနည်း။ သူမသည် အဆိပ် ချောက်နက်ထဲတွင် ရှိနေသည်မဟုတ်လား။ သူမ သေဆုံးသွားခဲ့ပြီးပြီ မဟုတ်လား။
သူမ၏ စိတ်ထဲတွင်တော့ မျက်နှာတစ်ခု တည်ရှိလို့နေ၏။ ထိုမျက်နှာသည် ဖျောက်ဖျက်၍ မရနိုင်ခဲ့ချေ။ ယခု ထိုမျက်နှာသည် ရှစ်ကျန်းရွမ် စိတ်ကူးပုံဖော်ထားသော မျက်နှာနှင့် အလုံးစုံကွဲပြားနေသည် ဆိုသော်လည်း အကြိမ်ပေါင်းများစွာ ပြန်လည် မှတ်မိနေသည့် မျက်နှာသွင်ပြင်မျိုးပင်ဖြစ်၏။
ရှစ်ကျန်းရွမ် တွေးမိသည်ကိုသာ ဂိုဏ်းချုပ်ကျွင်းသိမည်ဆိုပါက ထောင့်တစ်ဖက်ဆီသို့သွား၍ ကျိန်းသေပေါက် ထိုင်ငိုမိပေလိမ့်မည်။
ကျုပ်က တကယ့်ကို ချောမောလှတဲ့လူပါ၊ ဘယ်လိုဖြစ်ပြီးတော့ ဒီမိန်းကလေးက ဂြိုလ်သားလို တွေးနေရတာလဲ။
အလင်းရောင်နှင့် အသားကျပြီးသည့်နောက် ရှစ်ကျန်းရွမ်သည် သူမ၏ မျက်လုံးကို ဖွင့်လိုက်တော့၏။ သူမ၏ အမြင်အာရုံများသည် ဝေဝါးနေသည်ဆိုသော်လည်း သူမ၏ မှတ်ဉာဏ်ထဲတွင်ရှိနေသော မျက်နှာတစ်ခု၏ ပုံပန်း သွင်ပြင်ကို ခပ်ဝါးဝါးမြင်လိုက်ရတော့သည်။ ဤအရာမှာ ကျွင်းချောင်ရှောင်းဖြစ်ကြောင်း သူမ သေချာသိလိုက်ရ၏။
“ကျွန်မ… ကျွန်မ.... ကျွန်မ”
ရှစ်ကျန်းရွမ်သည် အမှတ်တမဲ့ သူမ၏ လက်ကလေးကို မြှောက်ကာဖြင့် သူမ၏ အမြင် အာရုံထဲတွင် ခပ်ဝါးဝါး မြင်နေရသော မျက်နှာကို ထိတွေ့လိုက်တော့၏။ သူမ၏ လက်ဝါးဆီမှ နွေးထွေးသည့် ခံစားမှုကို ခံစားလိုက်ရပြီးသည့်နောက် တုန်ယင်သည့်အသံဖြင့် ပြောလိုက်တော့သည်။ “ကျွန်မ မြင်ရပြီ၊ ကျွန်မ မြင်ရပြီ”
“မြင်ရပြီ ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲသွားသည်။ ရုတ်တရက်အားဖြင့် ရှစ်ကျန်းရွမ်၏ မျက်လုံးများသည် ခံစားချက် အရိပ်အယောင်များ အသက်ဝင်လာသည်ကို သူတို့ သတိပြုမိလိုက် ကြသည်။ ထို့ကြောင့် သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ခန်းမသခင်ရှစ်... ခင်ဗျားရဲ့ အမြင်အာရုံတွေ ပြန်ပြီး ကောင်းသွားတာလား”
“ဘာ” ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည်လည်း ကြောင်အသွားခဲ့၏။
“မြင်ရပြီ၊ ကျွန်မတကယ်ကို မြင်ရပြီ” ရှစ်ကျန်းရွမ်သည် အော်လျက်ရှိနေသေး၏။ ဖြစ်နိုင်သည်မှာ သူမသည် အလွန်တရာ ပျော်ရွှင်သောကြောင့် ဖြစ်ရပေမည်။ သူ၏ မျက်လုံးများသည် စိုစွတ်လာပြီးသည့်နောက် ပါးပေါ်သို့ မျက်ရည်များ ကျဆင်းလာတော့သည်။
အမှောင်ထဲတွင် နှစ်နှစ်ဆယ်ကျော်ကြာ နေထိုင်ပြီးသည့် နောက် သူမသည် အလင်းရောင်ကို နောက်ဆုံး၌ မြင်ခဲ့ရပြီဖြစ်၏။ ပုံရိပ်များသည် ဝေဝါးလှပြီး အဝေးမှုန် တစ်ယောက်လို ဖြစ်နေသည်ဆိုသော်လည်း သူမ အဘယ်သို့ မပျော်ရွှင်ဘဲ နေမည်နည်း။ ပျော်ရွှင်ရလွန်းသော ကြောင့် မျက်ရည်များပင် ကျဆင်းလာခဲ့ရ၏။
..................
“ဒါဘာလဲ”
“ဒါက ပန်းသီးလေ”
“ဒါကကော”
“ဒါက လိမ္မော်သီး”
ကြီးမားလှသော ကျောက်တုံးကြီးပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်နေပြီး ဘေးတစ်ဖက်ရှိ အသီးတစ်ခုကို လှမ်းယူလိုက်၏။ ပြီးနောက် မေးလိုက်သည်။ “ဒါကကော ဘာလဲ”
“အင်း”
ရှစ်ကျန်းရွမ်သည် မျက်လုံးများကို မှေးစင်းကာဖြင့် အသာစဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ သေချာ အနားသို့ တိုးကပ်ကာဖြင့် ပြုံးကာ ပြောလိုက်တော့သည်။ “ဒါကလည်း ပန်းသီးပဲ”
“အင်း”
ဂျွတ်
ကျွင်းချောင်ရှောင်းသည် ပန်းသီးကို တစ်ကိုက် ကိုက်လိုက်၏။ ပြီးနောက် ဝါးရင်း ပြောလိုက်မိသည်။ “သေချာပြီ၊ ကျုပ်ရဲ့ ကုသပေးမှုအောက်မှာ ခန်းမသခင်ရှစ်က အလင်းရောင်ကို သေချာမြင်ရပြီပဲ”
စနစ် “.....”
ချီးတဲ့မှ... မင်းက ဘယ်တုန်းက ကုသပေးလိုက်တာလဲ။
ရှစ်ကျန်းရွမ်အနေနှင့် အဘယ်ကြောင့် အလင်းကို ထပ်မံ၍ မြင်တွေ့ခဲ့ရသနည်း။ ဤအရာမှာ မေးခွန်းတစ်ခုပင် ဖြစ်တော့၏။ ပထမတုန်းက အဆိပ်များ၏ တိုက်ခိုက်မှုကြောင့် မျက်စိရောဂါသည် ကုသပျောက်ကင်းသွားခဲ့ခြင်း ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ခန့်မှန်းမိခဲ့၏။ သို့ပေမဲ့ ထူးဆန်းသည့်အော်ရာများ စုပ်ယူမိခဲ့သည့်အချိန်ကို သူပြန်လည်စဉ်းစားမိ၏။ ထိုအရာများ မရှိတော့မှသာလျှင် လူသည် ပုံမှန်အတိုင်း ဖြစ်သွားပြီး မျက်လုံးများသည် လည်း ပြန်လည်ကောင်းမွန်လာခြင်းဖြစ်၏။
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့၏ မျက်နှာပေါ်တွင် မျက်ရည်များ ကျဆင်းလျက်ရှိသည်။ ခန်းမသခင်ရှစ်၏ မျက်နှာပေါ်ရှိ တက်တူးကဲ့သို့သော အရေးအကြောင်းသည် ပျောက်ကွယ်သွားရုံမျှမက သူမ၏ မျက်လုံးရောဂါ သည်လည်း ပျောက်ကင်းသွားခဲ့ရပြီဖြစ်၏။ ဤအရာမှာ ကောင်းကင်ကပေးသော ကောင်းချီးတစ်ခုပင် ဖြစ်ပေလိမ့် မည်။
ဟုတ်ပေသည်။ လက်ရှိအခြေအနေမှာတော့ သူတို့၏ ခန်းမသခင်သည် အန္တရာယ်များကြားမှ လွတ်မြောက်ခဲ့သည် သာမက အလင်းရောင်ကိုလည်း ပြန်လည်မြင်တွေ့ရသည်အထိ ပြုလုပ်ပေးနိုင်ခဲ့သည့်သူမှာ ကျွင်းချောင်ရှောင်း ဖြစ်ကြောင်း သူတို့ ယုံကြည်မိနေကြပြီ။ ထို့ကြောင့်ပဲ ၎င်းတို့၏ နှလုံးသားထဲတွင် လှိုက်လှိုက်လှဲလှဲဖြင့် ကျေးဇူး တင်လျက် ရှိနေတော့၏။
“ဒါပေမဲ့ ကျွန်မက မြင်ရတယ်ဆိုပေမဲ့ ကျွန်မရဲ့ အမြင်အာရုံက ပြဿနာရှိနေသေးတယ်”
ဒါက အနည်းငယ်သာဖြစ်သည်။ အဝေးမှုန်ကဲ့သို့ အခြေအနေမျိုး ဖြစ်နေခြင်းသာဖြစ်၏။ သူမ၏ မျက်လုံးရှေ့တွင် တစ်စုံတစ်ခုကို ထားရှိနိုင်မည်ဆိုပါက ကျိန်းသေပေါက် ရှင်းရှင်းလင်းလင်း မြင်ရမည်သာဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွမ်သည် တောက်ပစွာပြုံးလိုက်၏။ “ကျွန်မ အရမ်းကျေနပ်တယ်”
နှစ်နှစ်ဆယ်ကျော်သည်အထိ သူမသည် အမှောင်ထဲတွင် နေထိုင်ခဲ့ရ၏။ သူမသည် မျက်စိဖွင့်ခြင်းနှင့် မျက်စိပိတ်ခြင်းတွင် ဘာမှ ထူးခြားသည့်အရာသာကို ခံစားရသည့်သူ မဟုတ်ပေ။ ဤကဲ့သို့သော အထီးကျန်မှု မျိုးနှင့် ကြောက်ရွံမှုမျိုးကို မည်သူ တစ်ဦးတစ်ယောက်ကမှ နားလည်လိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေ မှာတော့ အလင်းရောင်ကို ထပ်မံမြင်တွေ့ခဲ့ရပြီဖြစ်၏။ ထို့ကြောင့် အမြင်အာရုံသည် ဝေဝါးနေသည်ဆိုလျှင်တောင်မှ သူမသည် အလွန်ကျေနပ်မိ၏။ အထူးသဖြင့် လက်ရှိအချိန်တွင် သူမသည် ထိုလူငယ်လေး၏ မျက်နှာကို မြင်နိုင်စွမ်း ရှိနေပြီဖြစ်၏။
“တကယ်ပဲ၊ ဒါက ပြဿနာကြီး မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ကိုက်ထားပြီးသား ပန်းသီးကို အဝေးသို့ လွှတ်ပစ်ကာ ပြောလိုက်၏။ “မျက်မှန်တစ်ခု ရှိမယ်ဆိုရင် ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်”
“မျက်မှန် ဟုတ်လား”
ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အဝေးမှုန်များ တပ်သည့် မျက်မှန်ဆိုသည်မှာ ကျိန်းသေပေါက် ရှိနေမည့်အရာ မဟုတ်ပေ။ သို့ပေမဲ့ စတိုးထဲတွင်တော့ ရှိနိုင်၏။
ကျွင်းချောင်ရှောင်းသည် ခရီးသွားလာရန်အတွက် အလျင်မလိုချေ။ ထိုအစား သူသည် သူနားနေရာ နေရာမှာပဲ စဦးစတိုးကို ဖွင့်လိုက်တော့သည်။ ခန်းမသခင်ရှစ်၏ မျက်လုံးရောဂါ သည် ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်၏။ သူသည် ကူညီမည့်နေရာတွင် အဆုံးစွန်အထိ ကူညီရန် စဉ်းစားထား၏။ ထို့ကြောင့် သူမအတွက် မျက်မှန်တစ်လက် ရရှိအောင် ကြိုးစားရန် စဉ်းစားလိုက်တော့သည်။
စနစ်က ပြောလိုက်သည်။ “ဒါက မေတ္တာတရားပဲ”
ရှစ်ကျန်းရွမ်သည် မြက်ခင်းပေါ်တွင် ထိုင်လျက်ရှိပြီး သူမ၏ ဘေးတစ်ဖက်တွင်ရှိသော ပန်းများနှင့် ပျော်ရွှင်စွာ ဆော့ကစားလျက်ရှိသည်။ သူမသည် တီးတိုးရေရွတ်လိုက်၏။ “ကြည့်ရတာ လောကကြီးက ရောင်စုံပဲ ဖြစ်နေတာကိုး၊ ပန်းပင်တွေကလည်း လေးထောင့်မဟုတ်ဘူး”
သူမသည် ငယ်ရွယ်စဉ်ကတည်းက မျက်လုံးကန်းခဲ့ရသောလူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူမ၏ လောကကြီး အပေါ် နားလည်ခဲ့ရသောအမြင်သည် တခြားသူများ ပြောပြသည့်အပေါ် အခြေခံခဲ့၏။ ထို့အပြင် သူမ၏ စိတ်ကူးများဖြင့် ကိုယ့်ဘာကိုယ် ပုံဖော်ခဲ့ရခြင်းပင်ဖြစ်၏။ သို့ပေမဲ့ သူမထင်မှတ်ထားခဲ့သော အရာများသည် အလုံးစုံ မြင်တွေ့ရသည့်အချိန်မှာတော့ ကျိန်းသေပေါက် ကွဲလွဲမှုများ တည်ရှိလို့နေ၏။
ဥပမာအားဖြင့် ကျွင်းချောင်ရှောင်းပင်ဖြစ်သည်။ ရှစ်ကျန်းရွမ်၏ အတွေးများအရဆိုရင် ဂိုဏ်းချုပ်ကျွင်း၏ ဦးခေါင်းသည် ပြားချပ်လျက်ရှိပြီး နှာခေါင်းများမှာ ရှည်လျားနေ၏။ မျက်လုံးများမှာ ကြီးမားနေသည်။ သူမ၏ တွေးထင်ထားသည့် ပုံပန်းသွင်ပြင်သည် ဂြိုလ်သားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြစ်၏။ ထို့ကြောင့် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ သူမ စိတ်ဓာတ်ကျဆင်းခဲ့ရခြင်းပင်ဖြစ်သည်။
ဤအရာသည် လုံလောက်အောင် မချောလွန်းသော ကုန်းရှန့်အား အပြစ်တင်ရမည် မဟုတ်ချေ။ ကုန်းရှန့်သည် အမှန်တကယ်မှာတော့ မိန်းကလေးပေါင်း မြောက်များစွာ၏ ချစ်ခင်နှစ်သက်မှုကို ရရှိနိုင်သည့် ရုပ်ရည်ချောမော လှသော လူငယ်လေးတစ်ယောက်ဖြစ်သည်။
ရှစ်ကျန်းရွမ်၏ မျက်လုံးရောဂါသည်ကသာ ပြဿနာတစ်ခု ဖြစ်နေခြင်း ဖြစ်တော့၏။ သူမသည် ဤလောကကြီးနှင့် အသားကျအောင် ကြည့်ရှုပြီးသည့်နောက် လူသားဆိုတာ မည်ကဲ့သို့ အမျိုးအစားဖြစ်ကြောင်း သေချာ ရှင်းရှင်းလင်းလင်း သိရှိလိုက်ရ၏။ ထို့ကြောင့် သူမသည် ဂိုဏ်းချုပ်ကျွင်းအား သေသေချာချာ ကြည့်ရှုလိုက်၏။
“ဒင်.... ဒင်...”
ကျွင်းချောင်ရှောင်းသည် စဦးစတိုးအား ဆက်တိုက်ဆိုသလိုပဲ Refresh လုပ်လျက်ရှိသည်။ သူ၏ ဂိုဏ်းစုဆောင်း မှတ်များသည် တဖြည်းဖြည်းနှင့် ကျဆင်းလာခဲ့၏။ သို့ပေမဲ့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် သောင်းကျော် ရှိနေသည်မို့ လျော့ကျသွားသည်ဟုပင် မခံစားရချေ။ နောက်ဆုံးမှာတော့ ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်ကျော်ကို အသုံးပြုပြီး သည့်နောက်မှာတော့ နတ်ဘုရားအဆင့် အဆင့်မြင့်တင်ထားသော မျက်မှန်တစ်လက်ကို ရရှိခဲ့၏။
မိတ်ဆက်အရ ဆိုလျှင် မည်မျှဝေးကွာလှသည့် အဝေးမှုန်ဖြစ်နေပါစေ ဤအရာကို ဝတ်ဆင်ထားမည်ဆိုပါက သာမန်မြင်ကွင်း ကဲ့သို့ မြင်ရမည်ဖြစ်၏။ အထူးအကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်မည်ဆိုလျှင် မျက်လုံးများကို တစ်နေ့ တစ်ကြိမ် နှိပ်နယ်ပေးမှာဖြစ်ပြီး ရေရှည်တပ်သွားမည်ဆိုလျှင် အဝေးမှုန်ရောဂါကိုပင် ပျောက်ကွယ်သွားစေနိုင်၏။
“ဒါပဲ”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဝယ်ယူရန်အတွက် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်ကို အသုံးပြုလိုက်ရ တော့သည်။ “ဒါက ဒီမိန်းကလေး ဝတ်ဖို့အတွက် တကယ့်ကို သင့်တော်တဲ့အရာပဲ”
သူ၏အရင်ကမ္ဘာကဆိုလျှင် မျက်မှန်များဆိုသည်မှာ အနှိုင်းမဲ့ မရှိမဖြစ်သည့် အရာမျိုးဖြစ်၏။ မိန်းကလေးများသည် အလွန်တရာ လှပလှ၏။ ထိုလှပလှသော မိန်းကလေးများသည် မျက်မှန်တပ်ထားလျှင် ပိုမို၍ ချောမောလွန်းလှလေသည်။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီး ပြောလိုက်သည်။ “ဒါကို စမ်းဝတ်ကြည့်လိုက်”
“ဘယ်လိုဝတ်ရမှာလဲ”
“ထားလိုက်တော့၊ ကျုပ်ကူညီပေးမယ်” ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်း၏ မျက်နှာပေါ်သို့ မျက်နှာအား အသာတပ်ပေးလိုက်၏။
သူမသည် သေချာရှင်းလင်းနေသည့်မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ကျောက်ရုပ်တစ်ခုလိုပဲ မြေပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေတော့သည်။ သူမ၏ ဝေဝါးနေသောအမြင်များအားလုံးသည် ကြည်လင်ရှင်းလင်းသွားခဲ့ တော့၏။ စိတ်လှုပ်ရှားလွန်းသောကြောင့် နှလုံးခုန်သံများပင် တဒုန်းဒုန်း ဖြစ်လျက်ရှိနေတော့သည်။
“ကြည်လင်ရှင်းလင်းလိုက်တာ၊ အဝေးကြီးက အရာကိုတောင် မြင်ရတယ်”
လက်ရှိအချိန်မှာတော့ ရှစ်ကျန်းရွမ် သည် ကလေးတစ်ယောက်ကဲ့သို့ ခုန်ပေါက်နေ၏။ သူမသည် စိမ်းလန်းနေသော တောတောင်များနှင့် ကြည်လင် ရှင်းလင်းနေသော သစ်တောများအား လှမ်း၍ ကြည့်ရှုနေတော့သည်။ ပြီးသည့်နောက်မှာတော့ အဆုံးမဲ့ မိုးကောင်းကင်ကြီးဆီသို့ လှမ်းကြည့်လိုက်တော့သည်။ သူမ၏ မျက်မှန်ထဲမှ မြင်ကွင်းထဲမှာတော့ အလွန်တရာ ကြည့်ရှု၍ကောင်းလှသော ရှုခင်းများကို မြင်လျက်ရှိနေ၏။
ကျုပ်နာမည်က ကျွင်းချောင်ရှောင်း၊ ကျုပ်ကြောင့် မျက်စိရောဂါ ပျောက်ကင်းသွားတဲ့မိန်းကလေးတစ်ယောက် ဒီလို ပျော်ရွှင်နေတာကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်၊ တခြားသူများကို ကူညီရင်း သာယာမှုကို ရရှိခြင်း”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၅၄၃၃၃/ ၅၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်....”
“ဒင်.. လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်၊ လက်ခံသူအနေနှင့် အဆင့်မြင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်တစ်ပုလင်းနှင့် ဂြိုလ်တိုက်ပွဲတည်နေရာတစ်ခုကို ဝယ်ယူရန် အခွင့်အရေး ရရှိခဲ့၏”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ ရှစ်ကျန်းရွမ်သည် မျက်မှန်ကို တပ်ပြီးသည့်နောက် အရာအားလုံးကို ရှင်းလင်းစွာမြင်ခဲ့ရ၏။ ထို့ကြောင့် သူ့တွင် ဖုံးကွယ်ထားသောတာဝန်အား ပြည့်စုံစေခဲ့၏။ ဤအရာမှာ မထင်မှတ် ထားသော ကိစ္စရပ်ပင် ဖြစ်ပေလိမ့်မည်။
နောက်တစ်စက္ကန့်အတွင်းမှာပဲ ကုန်းရှန့်သည် စပ်ဖြီးဖြီးနှင့် ဖြစ်သွားခဲ့၏။ သူသည် ဂိုဏ်းစုဆောင်းမှတ်များ ကို အသုံးပြု၍ မိန်းကလေးအား ကူညီခဲ့၏။ ပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ် အများ အပြားကိုလည်း ရရှိခဲ့သေးသည်။ ထို့ပြင် ဂိုဏ်းစုဆောင်းမှတ်မှာ တစ်သောင်းအထိ ရသည်ဖြစ်သောကြောင့် အလွန် အကျိုးအမြတ်များသော ကိစ္စပင်ဖြစ်တော့၏။
ထို့ပြင် အဆင့်မြင့်အစီအရင်ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်မှာ အလွန်ကောင်းမွန်သော အရာဖြစ်သည်။ ထို့အရာကို သောက်သုံးပြီးသည့်နောက်မှာတော့ သူ၏ အစီအရင်နှင့်ပတ်သက်သည့် အသိပညာများသည် အဆင့်အတန်းတစ်ခုဆီသို့ တိုးတက်ရောက်ရှိသွားပေလိမ့်မည်။
“ဂြိုလ်တိုက်ပွဲတည်နေရာ ဆိုတာက ဘာလဲ”
ကျွင်းချောင်ရှောင်းသည် စတိုးအားဖွင့်၍ ထိုပစ္စည်းရှိသည့်နေရာဆီသို့ သွား၍ ကြည့်လိုက်သည်။ မိတ်ဆက်တွင် ဖော်ပြထားသည်မှာတော့ ..........