ဝါ့ဇ် အသက်ပျောက်သွားပြီ
Vol. 12 Ch. 20
ဖရာလီတာက သူ့မျက်လုံးထဲ ကြယ်တွေလတွေမြင်သလို ခံစားလိုက်ရပြီးနောက်မှာ ခန္ဓာကိုယ်က ပျော့အိတဲ့ အရာတစ်ခုပေါ်ကို ကျဆင်းသွားမှန်း ခံစားလိုက်ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ့နေပြီးတော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူတွေအများကြီးက သူတို့တွေကို ဝိုင်းပြီး ကြည့်နေတာ သတိထားမိလိုက်တယ်။
သူတို့က ကျယ်ပြန့်တဲ့ အဖြူရောင်ကြွေပြားခင်း စင်္ကြံလမ်း အကြီးကြီးပေါ်မှာ ရောက်နေတာဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်စီမှာ အဝတ်အထည်ဆိုင်တွေ ရှိနေတာ မြင်နိုင်တယ်။
“ငါတို့ ဘယ်ရောက်နေတာပါလိမ့်။” ကုန်တိုက်တစ်မျိုးဆိုတာ သတိထားမိတယ်ဆိုပေမဲ့ ဖရာလီတာက သူမြင်ဖူးတဲ့ နေရာ တစ်ခုမဟုတ်တာတော့ သတိထားမိတယ်။
အဲဒီနောက် သူ့လက်က နွေးထွေးလုံးကျစ်ပြီး နူးညံ့တဲ့ အရာတစ်ခုကို ကိုင်ထားမိမှန်း သတိထားမိတဲ့အတွက် ငုံကြည့်လိုက်တယ်။ ပြီးတဲ့နောက် တစ်ခါတည်းဆိုသလို ရှက်လွန်းလို့ နားတွေပါ နီရဲလာတယ်။ သူ့ခန္ဓာကိုယ်က ပက်လက်လဲကျနေတဲ့ ဆေလာမက်ဒါနာပေါ်မှာ ခွထိုင်နေတဲ့ အနေအထားအတိုင်း ရှိနေပြီး လက်နှစ်ဖက်ကတော့ ဆေလာမက်ဒါနာရဲ့ဘွင်ဘွင် အစုံကို ဆုပ်ကိုင်မိလျက်သား။
“စိတ်... စိတ်မရှိပါနဲ့။ ကျွန်မ မရည်ရွယ်ပါဘူး။” ဖရာလီတာက ပြောလိုက်ပေမဲ့ သူ့လက်တွေကို ဖြူဖွေးနေတဲ့ မက်မွန်သီးလေးတွေပေါ်ကနေ မဖယ်ရှားနိုင် ဖြစ်နေတယ်။ ဆေလာမက်ဒါနာကတော့ မျက်ရည်တွေဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ ဖရာလီတာကို ကြည့်လိုက်ရင်း...
“ဖ... ဖရာလီတာ... နင်ငါ့ပေါ်ကနေ ဖယ်ပေးလို့မရဘူးလား။”
ဖရာလီတာက လက်ကလေးတစ်ဖက်ကို ဆေလာမက်ဒါနာရဲ့ ဘွင်ဘွင်တစ်လုံးပေါ်ကနေ ဖယ်လိုက်ပြီး သူ့ပါးစပ်ကို လက်နဲ့အုပ်ထားလိုက်တယ်။ တခြားတစ်ဖက်ကတော့ မက်မွန်သီးလေးပေါ်မှာ ဆက်ရှိနေဆဲဖြစ်ပြီး တမင် အသားယူနေတယ်ဆိုတာ အသိသာချည်းရယ်။
“လနတ်သမီးလေး မက်ဒါနာက တအားချစ်ဖို့ကောင်းနေလို့ ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်နိုင်ဖြစ်နေလို့ပါ။”
ဖျောက်...
ရုတ်တရက် ဆေလာမက်ဒါနာကို ငွေရောင်အလင်းတစ်ခုက ဖုံးလွှမ်းသွားပြီး ဖရာလီတာကိုင်ထားတဲ့ ဘွင်ဘွင်လေးက ပြားကပ်သွားတယ်။ မျက်စိရှေ့မှာတင်ပဲ ဆေလာကျောင်းသူ ဝတ်စုံဝတ်ထားတဲ့ မက်ဒါနာက ပျောက်သွားပြီး သာမန် လန်ဒန်တက္ကသိုလ်ကျောင်းဝတ်စုံဝတ်ထားတဲ့ ဝါ့ဇ်က အစားဝင်လာတယ်။ ပြီးတော့ ဖရာလီတာရဲ့လက်က ဝါ့ဇ်ရဲ့ရင်ဘတ်ပေါ်မှာ။
“အား... ဝါ့ဇ်၊ ဘယ်လိုလုပ်ပြီး နင်ဖြစ်နေရတာလဲ။”
ဖရာလီတာက အလန့်တကြားခုန်ထလိုက်တယ်။ ပိုးကောင် တစ်ကောင်ကို တက်နင်းခဲ့မိတဲ့အတိုင်းပဲ။ ဝါ့ဇ်ကတော့ ဖရာလီတာကို ငါးဆားနယ်တစ်ကောင်ရဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲ ထရပ်လိုက်တယ်။ အဲဒီနောက်တော့ ဖရာလီတာကြောင့် တွန့်ကြေသွားတဲ့ သူ့ရဲ့ကျောင်းသားဝတ်စုံကို လက်နဲ့ဖုန်ခါလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။
“ကြည့်ရတာတော့ နေရာမှန်ကို ရောက်လာတဲ့ပုံပဲ။ မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ပါလာတယ် ဆိုပေမဲ့ပေါ့။”
သူ့ပုံစံက သူတို့ကိုဝိုင်းကြည့်နေတဲ့ လူတွေကို မကြောက်တဲ့ အလားပါပဲ။ သူက လက်ကိုတောင်ယမ်းပြီး အဲဒီလူတွေကို ယင်ကောင်မောင်းသလို မောင်းထုတ်နေသေးတယ်။
“ဘာလဲ၊ ရုပ်ဖျက်နိုင်တဲ့ အသွင်ပြောင်းမြူတန့်ကို မမြင်ဖူးဘူးလား။ ရှူး... ရှူး...”
ဒီတော့မှ ကုန်တိုက်ထဲက လူတွေလည်း သူတို့နှစ်ယောက်ကို လစ်လျူရှုလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်ကြပါတယ်။ ဝါ့ဇ်က ဖရာလီတာကို လှည့်ကြည့်လိုက်တော့ အသေးမလေးက ခါးကိုထောက်ပြီး သူ့ကိုဆူပုပ်ကာ ကြည့်နေတာ မြင်လိုက်ရတယ်။
“ဝါ့ဇ်၊ ဆေလာမက်ဒါနာ ဘယ်ရောက်သွားတာလဲ။ ငါသေချာပေါက် သူအဲဒီလမ်းကြားထဲကို နေရာခုန်ကူးသွားတာ ငါမြင်လိုက်တာနော်။”
ဝါ့ဇ်က ခါးကိုကိုင်း စိတ်ဆိုးနေတဲ့ ဖရာလီတာရဲ့နဖူးလေးကို လက်နဲ့ တောက်လိုက်ရင်း... “အရူးမလေး၊ အမှန်တရားကို လက်မခံဘဲ ကိုယ့်ကိုယ်ကိုယ်လှည့်စားနေတာ တော်လိုက်တော့။ ငါမာရာဒင် ဝါ့ဇ်က မက်ဒါနာပဲလေ။ ခုနက နင့်ရှေ့မှာတင် အသွင်ပြောင်းထားတာ ပျောက်သွားတာ မြင်လိုက်တယ်ဟုတ်။ အဲဒါ ငါအသွင်ပြောင်းနိုင်တဲ့အချိန် ပြည့်သွားလို့ ဖြစ်တာ။”
ဖရာလီတာကတော့ ဒေါသထွက်လွန်အားကြီးလို့ တစ်ကိုယ်လုံးတုန်တက်လာပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်တယ်။ နောက်တော့ ခါးကိုင်းပြီး သူ့ကို ပြုံးစိစိနဲ့ ကြည့်နေတဲ့ အမြင်ကပ်စရာဝါ့ဇ်နှာခေါင်းကို လက်သီးနဲ့ ထိုးချလိုက်ပါလေရော။
ခွက်....
“သေပါပြီဗျ။” ဝါ့ဇ်က နီရဲသွားတဲ့ သူ့နှာခေါင်းကို လက်နဲ့ ဖိကိုင်ထားလိုက်မိတယ်။ နာတာသက်သာသွားလို့ ဖရာလီတာကို ကြည့်လိုက်တော့ နေရာမှာ ရှိမနေတော့ဘူး။
“စိတ်ဆိုးဆိုးနဲ့ ခြေဦးတည့်ရာ ထွက်သွားပြန်ပြီနဲ့တူတယ်။ ပြဿနာပဲ၊ သူဒီကမ္ဘာကို ရောက်ဖူးတာလဲ မဟုတ်ဘဲနဲ့။”
ဝါ့ဇ်က စိုးရိမ်သွားပြီးတော့ ဖရာလီတာကို လိုက်ရှာတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း တွေ့မယ့်ပုံတော့ မပေါ်ပါဘူး။
...
ဖရာလီတာက နယ်ဆင်သင်္ဘောပျံကြီးပေါ်က စားပွဲမှာထိုင် အလုပ်ရှုပ်နေရင်းနဲ့ သက်ပြင်းချလိုက်ပါတယ်။ မက်ဒါနာကို ကူညီပြီး ကမ္ဘာကူးပြောင်းစက် တီထွင်ဖို့ ကြိုးစားနေတာ တစ်ပတ်လောက်ရှိသွားပြီ။
“မက်ဒါနာတော့ အဲဒီဘက်မှာ စွမ်းအင်ဗဟိုချက်အသစ် တီထွင်နေတာ အခြေအနေဘယ်လိုရှိလဲမသိဘူး။ ဒီမှာတော့ ပေါ်တယ်ဝင်ပေါက်ကို ဖန်တီးလိုက်နိုင်ပြီ။”
ဖရာလီတာက ခါးကိုထောက်လိုက်ရင်း သူ့ရှေ့မှာရှိနေတဲ့ လူတစ်ကိုယ်ဝင်စာ စက်ဝိုင်းပုံသတ္တုစက်ကွင်းလေးကို ဂုဏ်ယူစွာနဲ့ ကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်က မတူညီတဲ့ပစ္စည်းအစိတ်အပိုင်းတွေကို တီထွင်ဖန်တီးဖို့အတွက် တာဝန်ခွဲယူထားကြတာဖြစ်ပြီး မက်ဒါနာက ဟီးရိုးကျောင်းမှာ ပစ္စည်းတစ်ခုထွင်နေချိန် ဖရာလီတာက နယ်ဆင်သင်္ဘောပျံပေါ်မှာ နောက်ထပ် ပစ္စည်းတစ်ခုကို ထွင်နေတာပါ။
ဂွီ...
ဖရာလီတာက ဗိုက်ဆာလို့ သံစုံမြည်လာတဲ့ သူ့ဝမ်းဗိုက်ကို လက်နဲ့ကိုင်လိုက်မိတယ်။ “နေ့လယ်စာ စားချိန်တောင် ရောက်နေပြီပဲ။ ကျောင်းပြန်ပြီး စားရင်ကောင်းမလား။”
ဖရာလီတာက တစ်ခဏလောက် အဲဒီလိုတွေးလိုက်ပေမဲ့ ခေါင်းကို အလိုလိုခါလိုက်မိတယ်။ “မဖြစ်သေးဘူး၊ အဲဒီမှာ မက်ဒါနာက အလုပ်ဂျပိုးရောဂါဝင်နေတာ။ စားစရာရှိတာ စားတာတောင်မှ အလုပ်လုပ်ရင်းနဲ့ စားနေတာ။ အဲဒီမှာ သွားစားလည်း တစ်ယောက်တည်းစားရတော့မယ့် အတူတူတော့ မသွားတော့ဘူး။”
ဖရာလီတာက တကယ်ပဲ မက်ဒါနာနဲ့ ထမင်းလက်ဆုံ စားဖို့ အာသီသရှိတဲ့သူပါ။ ဒါပေမဲ့ မက်ဒါနာက အလုပ်ရှုပ်နေတဲ့ အတွက်ကြောင့် အတူလာပြီးမစားပေးနိုင်တာနဲ့ အထီးကျန် နေသလိုခံစားရပြီး စိတ်ကောက်နေမိတာ။
နောက်တော့ သူက ယာဥ်ပျံရဲ့ပြတင်းပေါက်ကနေတစ်ဆင့် နယူးယောက်မြို့ကြီးကို ငုံကြည့်မိပါတယ်။ မြို့ထဲမှာ ရှိနေတဲ့ အဆောက်အဦတွေကို သေးငယ်တဲ့ ပုံစံငယ်လေးတွေ အဖြစ် သူမြင်နေရပြီး တစ်နေရာမှာရှိနေတဲ့ ကုန်တိုက် အဆောက်အဦကို မြင်ရတဲ့အချိန်မှာတော့ သူအလိုလို ပြုံးလိုက်မိပါတယ်။
“ငါတို့ စတွေ့ခဲ့တဲ့နေရာပဲ။” ဒီကုန်တိုက်က မက်ဒါနာနဲ့ ဖရာလီတာအတွက် အတော်လေးကြီးမားတဲ့ အမှတ်တရ တစ်ခုကို မျှဝေခဲ့တဲ့နေရာပါ။
တစ်ချိန်က နယူးယောက်မြို့လေးရဲ့သူရဲကောင်း ငွေရောင် စစ်သည်က လမ်းပျောက်နေတဲ့ သခင်မလေး ဖရာလီတာကို အဲဒီနေရာဝန်းကျင်မှာ တွေ့ခဲ့ပြီး အိမ်အထိ လိုက်ပို့ပေးခဲ့ဖူးတယ်။
ဖရာလီတာက သူတို့နှစ်ယောက်ရဲ့ချစ်သက်သေအဖြစ် ဝတ်ထားတဲ့ သတ္တုလက်အိတ်ကို လက်မှာပြန်ဝတ်ရင်း အဲဒီလက်နဲ့ပဲ မေးကိုထောက်ကာ စဥ်းစားလိုက်တယ်။ “အဲဒီကုန်တိုက်ထဲမှာ စားစရာကောင်းကောင်းရတယ် ပြောသံကြားတယ်။ ပြန်သွားလည်ရင်းနဲ့ စားကြည့်ရင် ကောင်းမလား။”
ဒီလိုတွေးလိုက်ပြီးတဲ့ နောက်မှာတော့ ဖရာလီတာက ယာဥ်ပျံပေါ်ကနေ ဆင်းဖို့အတွက် ဆုံးဖြတ်လိုက်တယ်။
...
ဝါ့ဇ်ကတော့ ကုန်တိုက်ထဲမှာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့ ချစ်ရသူအသေးလေးကို လိုက်လံရှာဖွေနေဆဲပါ။
“ဖရာလီတာရေ၊ ဖရာလီတာ... အရမ်းလျှောက်မသွားနဲ့နော်။ တော်ကြာ လူဆိုးတွေဖမ်းတာခံလိုက်ရရင် ငါမင်းကို ဘယ်လို လိုက်ရှာရမလဲ။”
ဝါ့ဇ်တစ်ယောက် တဖြည်းဖြည်းနဲ့ စိတ်ပူလာပါတယ်။ ကုန်တိုက်တစ်ခုလုံးကို ပျာယာခတ်အောင် ရှာပြီးနောက် ကုန်တိုက်မြေညီထပ်မှာရှိတဲ့ စုံစမ်းရန်ဌာနကို ရှာတွေ့ သွားပါတယ်။ သူက အဲဒီနားကို လျှောက်သွားလိုက်ပြီး အဲဒီမှာရှိနေတဲ့ အိပ်ငိုက်နေတဲ့ စာရေးမ ဝဝကြီးကို နှိုးလိုက်တယ်။
“အ... အစ်မကြီး။ ကျွန်တော့်ကို ကူညီပါဦး။ ကျွန်တော့် ကောင်မလေးပျောက်သွားလို့ပါ။ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနဲ့ အနီရောင်ဂါဝန်လေး ဝတ်ထားတယ်ဗျ။ အရပ်က ကျွန်တော့် ရင်ခွင်ကို မီရုံလေးပဲရှိတာ။ စကားပြောရင်လည်း ဘုကန့်လန့်နဲ့ဗျာ။ ဗြိတိသျှလေသံနဲ့ မာမာထန်ထန်ပြောတတ်တယ်။ အသက်က ၁၄နှစ် ၁၅နှစ်ဝန်းကျင်လို့ ထင်ရတယ်ဗျ။”
လန့်နိုးလာတဲ့ အန်တီဝဝကြီးက ဝါ့ဇ်ပြောနေတဲ့စကားတွေကို နားထောင်ရင်းနဲ့ ရဲစခန်းကိုဖုန်းခေါ်ပြီး အနှီကိုယ်တော်ကို ဖမ်းခိုင်းချင်စိတ်တောင် ပေါက်လာတယ်။
‘ဒီ... ဒီကောင်လေးက မှတ်တမ်းရုပ်ရှင်တွေထဲကလိုမျိုး လိုလီလေးကို မြေအောက်ခန်းထဲထည့်ပြီး ဖမ်းထားရာက လွတ်သွားလို့ လိုက်ရှာနေတဲ့ တဏှာရူးများဖြစ်နေမလား။’ ယောက်ျားလေး တစ်ယောက်က ကောင်မလေးပျောက် သွားတယ်ဆိုပြီး အသက်မပြည့်သေးတဲ့ ကလေးမလေးရဲ့ ပုံစံကိုပြောပြနေတဲ့အတွက်ကြောင့် ဘယ်သူမဆို အထင်လွဲ မိမှာအမှန်ပါပဲ။
ဒါပေမဲ့ အန်တီကြီးက မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို မချမိခင် ကောင်လေးကို သေချာထပ်ကြည့်လိုက်တယ်။ အဝတ်အစား သန့်သန့်ပြန့်ပြန့်ဝတ်ထားပြီး ကျောင်းသားတစ်ယောက် ဖြစ်တဲ့ပုံပါပဲ။
“အခုခေတ်ကလေးတွေကတော့လေ...” အန်တီကြီးက ဝါ့ဇ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတဲ့နေတဲ့ ကျောင်းသားလေးလို့ ထင်သွားပြီး စာရွက်စာတမ်း တစ်ခုကို ထုတ်လိုက်တယ်။
“ ပျောက်သွားတဲ့သူ နာမည်က...”
“ဖရာလီတာ ပန်ဒရာဂွန်ပါ။”
“ဟုတ်ပြီ၊ တယ်လီကွန်းကနေ အော်ပေးမယ်နော်။”
“ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်လည်း လိုက်ရှာလိုက်ပါဦးမယ်။”
ဝါ့ဇ်က ဖောင်ပြည့်ပြီးတဲ့နောက်တော့ စိုးရိမ်နေတဲ့ ပုံစံနဲ့ ကုန်တိုက်တစ်ဖက်ဆီကို ပြေးထွက်သွားပြန်တယ်။
...
ဖရာလီတာက ကုန်တိုက်ထဲကို ခြေချလိုက်တာနဲ့ အင်တာကွန်းက လူပျောက်ကြေညာနေတဲ့ အသံကို ကြားပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် သာမန်လူတွေလုပ်နေကျ အတိုင်းလိုပဲ အဲဒီအင်တာကွန်းကြေညာချက်ကို အလိုလို လစ်လျူရှုပြီးသွားတယ်။ ပြောရမယ်ဆိုရင် ဖရာလီတာက ဗိုက်အတော်ဆာနေပြီဖြစ်ပြီးတော့ ဆာလောင်နေတဲ့စိတ်က သူ့ရဲ့တခြားစိတ်တွေအားလုံးကို ဖိနှိပ်ပြီးသား ဖြစ်သွား တော့တာပဲ။
“ထားလိုက်တော့... ငါစားလို့ပြီးတဲ့အထိ ပျောက်နေတဲ့ ကလေးကို ပြန်မတွေ့သေးရင် ကူပြီးရှာပေးလိုက်မယ်။ သာမန် လူချင်းကွဲသွားတာပဲ နေမှာပါ။”
အဲဒီနောက်တော့ ဖရာလီတာက ဘာစားရမလဲ တွေးရင်းနဲ့ မြေညီထပ်မှာ လမ်းလျှောက်ပြီး စားသောက်ဆိုင်တွေကို တစ်ခုချင်းစီ လိုက်လံလေ့လာပါတယ်။ နောက်တော့ ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာရေးထားတဲ့ မီနျူးကို ကြည့်မိပြီး အတော်လေး မျက်စိကျသွားတယ်။
“တော်ဝင်ဆောလမွန်ငါးအသားကပ်ကြော် ဆိုပါလား။ ဗြိတိသျှဟင်းပဲ။ ဗြိတိသျှဟင်းဆိုရင် နှာခေါင်းရှုံချင်တဲ့ အမေရိကမှာ ဒါမျိုးရောင်းတဲ့ဆိုင်ရှိတာ ရှားသားပဲ။ စမ်းကြည့်ရမလား။”
ဖရာလီတာတစ်ယောက် ဆိုင်ရှေ့မှာရပ်ပြီး တွေးခေါ်နေတဲ့ အချိန်မှာပဲ နောက်ကနေ တစ်စုံတစ်ယောက်က ပြေးလာတဲ့ ခြေသံကို ကြားလိုက်ရတဲ့အတွက် အလိုလိုပဲ လှည့်ကြည့် လိုက်မိတယ်။
“ဘယ်သူလဲဟဲ့၊ မကြီးမငယ်နဲ့ စင်္ကြံလမ်းပေါ်မှာ ပြေးနေတာ။ လူအများသွားလာနေတဲ့ လမ်းပေါ်မှာ မပြေးရဘူးဆိုတာ မသိဘူးလား။ နိုင်ငံကြီးသား မပီသလိုက်တာ ဟွန့်...”
ဖရာလီတာက ခါးကိုထောက်လိုက်ပြီး မကျေမနပ်နဲ့ အမည်မသိလူကို ဆူလိုက်တယ်။ ပုံမှန်အမေရိကန် တစ်ယောက်ဆိုရင်တော့ မဆိုင်တာဝင်ပါလို့ဆိုပြီး စိတ်ဆိုးသွားမှာဆိုပေမဲ့...
“ရှာလိုက်ရတာ ဖရာလီတာရယ်... လက်စသတ်တော့ မင်းက ဒီရောက်နေတာကိုး... ဗိုက်ဆာနေပြီလား။”
ရုတ်တရက်ကြီး နာမည်ခေါ်ခံလိုက်ရတဲ့အတွက် ဖရာလီတာ အံ့ဩသွားပြီး မော့ကြည့်လိုက်တယ်။ ဆံပင် အနက်ရောင်ရှိတဲ့ အာရှဥရောပ ကပြားကောင်လေးက သူ့ရှေ့မှာ ရပ်နေတယ်။ ရုပ်ရည်က ချောမောပြေပျစ်ပြီး အရပ်က မရှည်လွန်းမပုလွန်း။ အဝတ်အစားကတော့ ကျောင်းဝတ်စုံလို့ ထင်ရတဲ့ဝတ်စုံမျိုးကို ဝတ်ထားတယ်။
“ရှင်က... ဘယ်သူလဲ။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိကြလို့လား။”
“....” ဝါ့ဇ်က ခေါင်းကုပ်လိုက်တယ်။ အဲဒီနောက်မှာတော့ ပြုံးလိုက်ပြီး...
“နားလည်ပြီ။ မင်းက ငါ့ကို အခုထိ စိတ်ကောက်နေတုန်းလား။ တစ်ခုခုဝယ်ကျွေးမယ်လေ။”
ဝါ့ဇ်က ချက်ချင်းပဲ သူ့ရှေ့ကနေ ပျောက်သွားတယ်။ ခဏနေတော့ ဝေဖာကန်တော့ထဲ ထည့်ထားတဲ့ ရေခဲမုန့် ခွက်လေးတစ်ခွက်နဲ့ ပြန်ရောက်လာတယ်။
“ဖရာလီတာက... ဗင်နီလာအရသာကြိုက်တာမဟုတ်လား။”
သူ့ရှေ့ကလူက အခုထိလက်မလျှော့သေးတဲ့အတွက် ဖရာလီတာ စိတ်တိုလာတယ်။ ဒါကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။ ဒါပေမဲ့ မယဥ်ကျေးတဲ့ ပုံစံမပေါက်အောင်လို့ ဗြိတိသျှလေသံနဲ့ ပြန်မေးတယ်။
“လူကြီးမင်း၊ ရှင်ကျွန်မကို တစ်ယောက်ယောက်နဲ့ လူမှားနေတယ်လို့ မထင်ဘူးလား။”
ဝါ့ဇ်က ဖရာလီတာကို နောက်တစ်ခါ ကြည့်လိုက်တယ်။ “အဲဒီထူးဆန်းတဲ့ လက်အိတ်ကြီးစွပ်ထားရုံကလွဲလို့ မင်းက ကိုယ်သိတဲ့ ဖရာလီတာပါပဲ။ အား... သိပြီ။ ငါက ဆေလာ မက်ဒါနာဆိုတဲ့အကြောင်း မင်းကိုသေချာရှင်းမပြလို့ စိတ်ဆိုးနေတာမဟုတ်လား။”
“ဆေလာမက်ဒါနာ... ဘာတွေလျှောက်ပြောနေတာလဲ။ ရှင်ကျွန်မနာမည်ကို သိတယ်ဆိုရုံနဲ့ အရူးလုပ်လို့ရမယ် ထင်နေတာလား။ ဗစ်ကောင့် ဖရာလီတာ ပန်ဒရာဂွန်ကို လာရှုပ်ရင် ဘာဖြစ်တတ်တယ်ဆိုတာ ရှင်မသိဘူးလား။”
မက်ဒါနာရဲ့နာမည်ပါလာတဲ့အတွက် ဖရာလီတာက ပိုပြီး ဒေါသထွက်လာတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ သတိပေးလိုက်ပေမဲ့ ဝါ့ဇ်က သတိထားမိဖို့ ကျရှုံးသွားပြီး..
“နားလည်ပြီ... နားလည်ပြီ... မင်းက ဒီဆိုင်က ကြေညာထားတဲ့ ဆော်လမွန်အသားကပ်ကြော် စားချင်တာပေါ့။ မပူပါနဲ့၊ ကိုယ့်မှာ ဒီကမ္ဘာကပိုက်ဆံတွေ ပါတယ်လေ။ လာ... အတူသွားစားရအောင်...”
ဝါ့ဇ်က ကလေးတစ်ယောက်ကို ချော့တဲ့ပုံစံမျိုးနဲ့ ဖရာလီတာရဲ့ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်။ စိတ်ထဲမှာတော့... ‘ဒီနေ့ဖရာလီတာက ငါ့ကိုနေ့လယ်စာ ကျွေးထားတာဆိုတော့ ညနေစာလိုက်ကျွေးလိုက်ရင် ကျေလောက်ပြီမဟုတ်လား။' လို့တွေးတယ်။ ဒါပေမဲ့ ထင်မထားခဲ့တာက...
ဘုန်း...
ဖရာလီတာရဲ့သတ္တုလက်အိတ်ဝတ်ထားတဲ့ လက်သီးက သူ့ဝမ်းဗိုက်ကို လာရောက်ထိမှန်မယ်ဆိုတာပါပဲ။
“ဂါး....” ဝါ့ဇ် သူ့ဗိုက်ကိုယ်သူ နာကျင်စွာနဲ့ဆုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်ကို ဒူးထောက်ကျသွားတယ်။ သူ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ စွမ်းအားတွေအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်ပြီးတော့ မြင်ကွင်းက တဖြည်းဖြည်းချင်း မှောင်ကျ သွားပါတော့တယ်။
“ဘာလို့လဲ... ရက်စက်လိုက်တာ...” သူနောက်ဆုံး မြင်ခဲ့ရတဲ့ မြင်ကွင်းကတော့ ဖရာလီတာရဲ့မတူသလိုမတန်သလို အကြည့်တွေပါပဲ။