အခန်း (၈၃၉)
Vol. 57 Ch. 839
ကျွင်းချောင်ရှောင်းသည် တောင်၏ အနောက်ဘက်ဆီသို့ ရောက်ရှိလာပြီး ဂြိုဟ်တိုက်ပွဲ တည်နေရာအား စတင် ထားရှိတော့၏။
လက်ရှိအခြေအနေမှာတော့ အဝင်ဝတွင် လေဝဲပုံစံတစ်ခုဖြစ်တည်လျက်ရှိနေသည်။ ထိုတည်နေရာထဲမှာတော့ သေခြင်း၊ ရှင်ခြင်းလျှို့ဝှက်နယ်မြေ၊ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေနှင့် ယခုဂြိုဟ်တိုက်ပွဲတည်နေရာဆိုပြီး သုံးခု တည်ရှိလို့နေခဲ့သည်။
ထို့ပြင် အနီးတဝိုက်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်သော စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင် ရှိနေ၏။ ထို့ပြင် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ အလုံးစုံဖွံ့ဖြိုးတိုးတက်နိုင်စေသော စမ်းသပ်မှုမျှော်စင်ကလည်း တည်ရှိလို့ နေသေးသည်။ ထို့ကြောင့် ပြည့်စုံသည့် တည်နေရာကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့တော့၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသာလျှောက်လာပြီး မေးလိုက်၏ “ဒါဘာကြီးလဲ”
သူသည် စမ်းသပ်မှုမျှော်စင်မှ ပြန်ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏နဖူးပေါ်တွင် ချွေးစေးများ ပြန်လျက်ရှိနေသည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခဏလောက်တွေးကာဖြင့် ပြောလိုက်၏။ “ဒါကို တိုက်ပွဲလျှို့ဝှက်နယ်မြေလို့ခေါ်တယ်။”
“ဒါက သိုင်းပညာတွေကို ပိုပြီးတိုးတက်စေတာလား။”
လီချင်းယန်၏ မျက်လုံးများသည် လေးနက်သွားသည်။ လျှို့ဝှက်နယ်မြေအသစ်ပေါ်လာသည်နှင့်တပြိုင်နက် ကျင့်ကြံ ခြင်းအဆင့်များကို ပိုမိုကောင်းမွန်စေရန် ကူညီပေးနိုင်သည့်အရာပင်ဖြစ်ပေလိမ့်မည်။
“ဒါကလေ့ကျင့်ဖို့အတွက် အသုံးပြုတာ။ မင်းအနေနဲ့ အရင်းအမြစ်တွေ အများကြီး ရနိုင်လိမ့်မယ်။”
“ဒီထဲကို ဝင်လို့ရလား။”
“မရဘူး” ကျွင်းချောင်ရှောင်းသည် ချက်ချင်း ငြင်းပယ်လိုက်၏။
တိုက်ပွဲလျှို့ဝှက်နယ်မြေသည် သေခြင်း၊ ရှင်ခြင်းလျှို့ဝှက်နယ်မြေနှင့် ခြားနားနေ၏။ သေဆုံးပြီးသည့်နောက်မှာတော့ ပြန်လည်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်အထဲတွင် မည်မျှအားကောင်းလှသည့် အန္တရာယ်များရှိနေမည် ဆိုသည်ကို သူကိုယ်တိုင်သွား၍ လေ့လာမှ ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ”
လီချင်းယန်က ပြောလိုက်သည် “ဒါဆိုလည်း သွားပြီး လုပ်စရာရှိတာတွေလုပ်တော့မယ်။”
“သွား… သွား”
ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏ “ငါအထဲကိုဝင်ပြီးကြည့်ရင်ကောင်းမလား။”
စနစ်ကပြောလိုက်၏ “ဝယ်ပြီးပြီဆိုမှတော့ ဝင်ပြီးကြည့်ရတော့မှာပေါ့။”
“တိုက်ပွဲလျှို့ဝှက်နယ်မြေထဲမှာ ကျွမ်းကျင်သူတွေအများကြီးရှိနေတယ်။ တကယ်လို့ ငါမနိုင်ရင် ဘယ်လိုလုပ် မလဲ။”
ကျွင်းချောင်ရှောင်းအနေနှင့် ထူးခြားသည့်နည်းလမ်းများနှင့် သေလမ်းရှာရသည်ကို နှစ်သက်သည်ဆိုသော်လည်း ထိုကဲ့သို့ သေလမ်းရှာရသည့်အခြေအနေမျိုးတွင် သူသည် ဝှက်ဖဲများကို ကိုင်ဆောင်ထားသည်ဆိုသောကြောင့် အလုံးစုံ ယုံကြည်ချက်ရှိနေ၏။
သို့ပေမဲ့ ဤတိုက်ပွဲလျှို့ဝှက်နယ်မြေသည် မည်သို့သောနေရာမျိုးဖြစ်သည်ကို သူသေချာမသိချေ။ ထို့ကြောင့် အထဲတွင် ဘာတွေရှိပြီး မည်သို့ရင်ဆိုင်ရမည်ဆိုသည်ကိုလည်း ကောင်းကောင်းမသိပေ။
“နှောင့်နှေးတယ်ဆိုတာက လက်ခံသူရဲ့ အမူအကျင့်မျိုး မဟုတ်ပါဘူး။”
စနစ်ကပြောလိုက်၏။ “ပြီးတော့ လက်နက်ပစ္စည်းအစုံရှိသလို စည်းဓားမော့လည်းရှိနေသေးတယ်လေ။ ဘာကို ကြောက်နေတာလဲ။”
“မင်းငါ့ကို တိုက်ပွဲလျှို့ဝှက်နယ်မြေထဲမှာ ရှုံးနိမ့်စေချင်တာလား။ ဒါမှ ဂိုဏ်းစုဆောင်းမှတ်တွေကို ငါသုံးမှာလေ။”
“မင်းကသိလွန်းနေပြီ လက်ခံသူ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိသည်။ “မင်းဘယ်အချိန်တုန်းက ဒီလောက်အရှက်မဲ့သွားတာလဲ။”
“လက်ခံသူဆီက သင်ယူထားလို့ပါ။”
……..
သေသေချာချာလေးလေးနက်နက်တွေးတောပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိုက်ပွဲတည်နေရာ ဂိတ်တံခါးဆီသို့ အသာလျှောက်ဝင်သွားခဲ့တော့သည်။
သူ့အနေနှင့် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ဆီမှ များပြားလှသော ပစ္စည်းများကိုလည်း ရရှိခဲ့လေသည်။ ထို့အပြင် သူ၏အားအင်အဆင့်သည် ဓားနှင့်သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်လည်းဖြစ်နေ၏။ ထို့ပြင်မက စည်းဓားမော့နှင့် စက်အတောင်ပံတို့ကလည်း ရှိနေသေး၏ ထို့ကြောင့် မည်သည့်အရာကို ကြောက်ရွံ့နေရမည်နည်း။
ပို၍အရေးကြီးသည်မှာ သူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ ကို အသုံးပြု၍ ဝယ်ယူလိုက်သည့်အရာမှာ သူ့အတွက် အမြတ်အစွန်းများရရှိနေသည့် အရာလား။ ဆုံးရှုံးမှုများဖြစ်ပေါ်စေသည့်အရာလားဆိုသည်ကို သေသေချာချာ သိရှိချင် နေမိခြင်းပင်ဖြစ်၏။
“ဒီး”
သူ့အနေနှင့် လေပွေဂိတ်တံခါးထဲသို့ ဝင်ရောက်လိုက်သည့်အချိန်တွင် အလင်းတန်းများ ဖြစ်တည်သွားသည်။
သူ၏နားထဲ တွင် အသံတစ်ခုဖြစ်တည်လာခဲ့သည်။ “သိုင်းအုပ်စိုးသူအဆင့် လူတစ်ယောက်ဝင်ရောက်လာသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အနည်းဆုံးသော လိုအပ်ချက်သည် သိုင်းအုပ်စိုးသူကျင့်ကြံသူဖြစ်မှ ဖြစ်ပေလိမ့်မည်။ တည်နေရာရွှေ့ပြောင်းခြင်း …. ၁၀ ရာခိုင်နှုန်း ….၂၀ ရာခိုင်နှုန်း”
“ချီးတဲ့မှ …. ဒီတိုက်ပွဲတည်နေရာထဲကို ဝင်ရောက်ခွင့်ရဖို့အတွက်ကို အနည်းဆုံးအားဖြင့် သိုင်းအုပ်စိုးသူ ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ လိုနေတာကိုး။”
ဆိုလိုသည်မှာ ဤထဲတွင်ရှိနေသော ကျွမ်းကျင်သူများအားလုံးသည် သိုင်းအုပ်စိုးသူအဆင့် (သို့မဟုတ်) သိုင်းနယ်မြေ အဆင့် ကျင့်ကြံသူများပင်ဖြစ်ပေလိမ့်မည်။ ထို့ထက်မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်များလည်း ရှိနေနိုင်သေး၏။
“၃၀ ရာခိုင်နှုန်း”
“မဖြစ်ဘူး။ ငါ အထူးတာဝန်ကို ပြည့်စုံအောင်လုပ်ပြီးတော့ သိုင်းနယ်မြေတပိုင်း ကျင့်ကြံသူအဆင့်ဆီကို ချိုးဖြတ် ရောက်ရှိမှ ပြန်လာတာပဲကောင်းတယ်။”
ဂိုဏ်းချုပ်ကျွင်းသည် အားနည်းသလို ခံစားလိုက်မိ၏။
“၁၀၀ ရာခိုင်နှုန်း ….. ပြည့်စုံပြီ … တည်နေရာရွှေ့ပြောင်းပြီ”
သူထွက်ရန်ပြင်လိုက်သည့်အချိန်မှာပဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ တော့သည်။ သူသည် အားရပါးရအော်ဟစ်လိုက်မိသည် “ချီးတဲ့မှ … ၃၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကို ဘယ်လိုလုပ် ခုန်ကျော်သွားတာလဲ။ ငါ့ကို လာနောက်နေတာလား။”
အလယ်ပိုင်းကုန်းမြေဒေသ ……..
ရှေးစောင့်ကြည့်ရေးမျှော်စင်ကြီးတစ်ခုထဲတွင်တော့ များပြားလှသည့် အဖြူရောင်ဆံပင်နှင့်အဘိုးအိုများ သည် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။
“အင်း”
ရုတ်တရက်ဆိုသလိုဘဲ မြေစိတ်ဝိညာဉ်ပစ္စည်းတစ်ခုသည် ရုတ်တရက်တုန်ခါသွား၏။ ပြီးသည့်နောက် အသံတစ်ခု ထွက်လာခဲ့တော့၏။ “အထက်နယ်မြေက ဆုံးဖြတ်ချက်ချလိုက်တယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေနှင့် ငါးနှစ်အတွင်း ဂြိုလ်တိုက်ပွဲဆီကို သိုင်းကျင့်ကြံသူတွေကို လွှတ်ပေးရမယ်။”
“ဘာ”
ဦးဆောင်အဖိုးအိုသည် ရုတ်တရက် မျက်လုံးအပြူးသားနှင့်ဖြစ်သွားမိ၏။ သူသည်ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဆရာတို့ …”
“ဒါကို အထက်နယ်မြေက ဆုံးဖြတ်လိုက်ပြီးပြီ။ မင်းတို့အနေနဲ့ လိုက်နာဖို့ပဲ ရှိတော့တယ်။”
“ကောင်းပါပြီ”
“ဝှစ်”
မြေစိတ်ဝိညာဉ်ပစ္စည်းတစ်ခုသည် ရုတ်တရက် တုန်ခါနေရာမှ ရပ်တန့်သွားပြီးနောက် အရာအားလုံးပုံမှန်အတိုင်း ဖြစ်တည်သွားခဲ့တော့သည်။
သို့ပေမဲ့ ဆံပင်အဖြူရောင်နှင့်အဘိုးကြီးငါးဦးတို့သည် မျက်မှောင်ကုတ်လျက်ရှိနေ၏။ သူတို့၏ မျက်လုံးထဲတွင်တော့ စိတ်ပျက်ဝမ်းနည်းမှုများ တည်ရှိနေသည်။
ခေါင်းဆောင်သည် နာကျင်စွာဖြင့် ပြောလိုက်၏။ “အဆုံးသတ်မှာတော့ ဒါကို ရှောင်လို့မရဘူးပဲ။”
“ကျုပ်တို့ကြယ်ကြွေကုန်းမြေတိုက်ကြီးက စကြဝဠာကြီးတစ်ခုလုံးထဲမှာ ဆိုးဝါးတဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်နေရတဲ့ ဂြိုလ်ကြီးတစ်ခုပဲ။ ဒါကို ဘာလို့ဂြိုလ်တိုက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ကြတာလဲ။”
“ရှေးတုန်းကဆိုရင် ကျုပ်တို့အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အရည်အချင်းရှိချင်ရှိလိမ့်မည်။ ဒါပေမဲ့ အခုကုန်းမြေ တိုက်ကြီးတစ်ခုလုံးမှာ စိတ်ဝိညာဉ်ချီတွေ ခမ်းခြောက်နေပြီ။ ကျုပ်တို့ရဲ့အားအင်အဆင့်က အရင်တုန်းကထက် ပိုပြီးတော့ အားနည်းလာခဲ့တယ်။ ဒီတော့ ကျွမ်းကျင်သူတွေကို စေလွှတ်တယ်ဆိုတာက သေတွင်းထဲကို ပို့လွှတ် လိုက်တာနဲ့ အတူတူပဲ။”
အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် အလွန်စိတ်မချမ်းသာဖြစ်နေမိ၏။ သူသည် စောဒကတက်ချင်သေး၏။ သို့ပေမဲ့ အထက်နယ်မြေဆီမှ အမိန့်ကိုတော့ သူကျိန်းသေပေါက်လိုက်နာရပေလိမ့်မည်။
ဦးဆောင်အဘိုးအိုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏ “ဒီကိစ္စကို ကုန်းမြေတိုက်ကြီးကို သတင်းပို့လိုက်။ ပြီးတော့ သိုင်းအုပ်စိုးသူအဆင့်နှင့် သိုင်းနယ်မြေအဆင့်ကျင့်ကြံသူတွေ နောင်ငါးနှစ်အတွင်း ကျင်းပမယ့် ဂြိုလ်တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ သတင်းပေးလိုက်ကြ။”
“ကောင်းပါပြီ။”
အားလုံးထွက်ခွာသွားပြီးသည့်နောက်မှာတော့ ခေါင်းဆောင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သက်ပြင်းချလိုက်မိ၏။ “ဂြိုဟ်တိုက်ပွဲကို စေလွှတ်ဖို့အတွက် အနည်းဆုံးအဆင့်က သိုင်းအင်ပါယာ ပဲဖြစ်လိမ့်မယ်။ ပြီးတော့ လူအရေအတွက်အရ ၂၀၀၀ လောက် ပို့မှဖြစ်မယ်။ ဒါပေမဲ့ သိုင်းအုပ်စိုးသူ စေလွှတ်လိုက်တယ်။ ထားပါတော့။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းအုပ်စိုးသူတွေအကုန်လုံး သေဆုံးသွားမယ်ဆိုရင် ကြီးမားတဲ့ပေးဆပ်မှုကို ပေးဆပ်ရတာနဲ့အတူတူပဲ။ ကျုပ်တို့ရဲ့ အလုံးစုံအားအင်တွေက ထပ်ပြီး လျော့ကျသွားအုံးမှာလား။”
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲဆိုသည့် အကြောင်းကို မသိကြချေ။ သို့ပေမဲ့ ဤစောင့်ကြည့်ရေးမျှော်စင်တွင်ရှိသော ခေါင်းဆောင်များမှာတော့ အခြားသူများထက် ပိုမို၍ သိရှိနေ၏။
အထဲတွင် များပြားလှသည့်အရင်းအမြစ်နှင့် အခွင့်အရေးများရှိသည်ဆိုသော်လည်း ထိုနေရာသည် ငရဲခန်း သက်သက် သာ ဖြစ်သည်။
“ဟင်း”
သူသည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “ကျုပ်တို့အနေနဲ့ ဒီရာထူးတွေကနေ နှုတ်ထွက်ပြီး ထွက်ခွာသွားတာက ပိုကောင်းမယ်လို့ထင်တယ်။”
…….
ကျွင်းချောင်ရှောင်းသည် မူးနောက်နောက်ခံစားနေမိ၏။ သို့ပေမဲ့ သူသည် ပြန်လည်၍ ခေါင်းတွေကြည်သွားသည့် အချိန်မှာတော့ ကြက်သွေးရောင်ကုန်းမြေကြီးတစ်ခုတွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
“ဒါက”
သူသည် ကောင်းကင်ယံဆီသို့ မော့ကြည့်ကာ ပြောလိုက်သည်။ “ဒါက ဂြိုလ်တိုက်ပွဲလား။”
ထိုအချိန်မှာတော့သူသည် အပြင်ဘက်အာကာသတည်နေရာတစ်ခုဆီသို့ ရောက်ရှိနေသလို ခံစားနေမိရတော့၏။ သူသည် ကြယ်တွေနှင့် အဝေးတစ်နေရာရှိ ဂြိုလ်များအားလုံးကို မြင်နေရတော့၏။
ရုတ်တရက် သတ်ဖြတ်လိုခြင်းအော်ရာများသည် ပျံ့နှံသွား၏။
ကျွင်းချောင်ရှောင်းသည် တကိုယ်လုံးပင် တုန်သွားမိ တော့၏။ သူသည် ထိုကဲ့သို့သော အော်ရာများကို အရင်တုန်းက ခံစားမိ၏။ သို့ပေမဲ့ ဤမျှလောက် အားမကောင်းခဲ့ချေ။
ထို့ကြောင့် ဤနေရာသည် လူအများသေဆုံးခဲ့သည့် တည်နေရာဖြစ်ကြောင်းကို သူသုံးသပ်လိုက်မိကြ၏။ မဟုတ်ပါက ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာမျိုး ဖြစ်တည်လာစေရန် မဖြစ်နိုင်ချေ။
“ဂြိုလ်တိုက်ပွဲကို ဝင်ရောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာစက်ဝိုင်းထဲကို ရောက်နေပါပြီ။”
မိန်းကလေးအသံတစ်ခုသည် သူ၏ နားထဲသို့ ပေါ်လာသည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည် “အသံပါ ပြောင်းသွားပြီလား။”
စနစ်က ပြောလိုက်သည်။ “ဒီအသံက ပြိုင်စံရှားဂိုဏ်းရဲ့ စနစ်အသံမဟုတ်ဘူး။ ဂြိုဟ်တိုက်ပွဲ တည်နေရာ ရွှေ့လျားခြင်း ဂိတ်တံခါးဆီကနေ ထွက်လာတဲ့အသံတွေ။”
“ငါသိပြီ”
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။ “ဒါက အဆင့်မြင့်နည်းစနစ်တွေနဲ့ ဖန်တီးထားတာဘဲ။ ဒါပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့စက်ဝိုင်းတည်နေရာ ဆိုတာက ဘာကိုပြောတာလဲ။”
သူသည် အလျင်အမြန်နှင့် အောက်ကို ငုံ့ကြည့်လိုက်မိသည့်နောက်မှာတော့ သူသည် (၂)မီတာမှ (၃)မီတာလောက် နီးပါးရှိသော စက်ဝိုင်းတစ်ခု၏ အလယ်တွင် ရောက်ရှိနေကြောင်းကို သိလိုက်ရ၏။
သူ၏ဘေးနားတွင်တော့ တည်နေရာဂိတ်တံခါးတစ်ခု တည်ရှိလို့နေသည်။ ဤနေရာတွင် အလံတစ်ခုရှိနေပြီး အလံပေါ်ရှိ စာသားမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ဟု ရေးသားထားလျက်ရှိသည်။
“မဖြစ်နိုင်ဘူး။”
သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒီတည်နေရာက သေးလိုက်တာ။”
အမျိုးသမီးအသံတစ်ခုသည် ပေါ်လာခဲ့၏။ “ဂြိုဟ်တိုက်ပွဲကို ဝင်လာတဲ့နေရာမှာ မင်းတို့ရဲ့ဂြိုဟ်က ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ ဒါကြောင့် ရရှိတဲ့ တည်နေရာက သေးငယ်နေတာ။ ဒီထက်ပိုပြီး ချဲ့ထွင်ချင်တယ်ဆိုရင် အထဲကိုဝင်ပြီးတော့ တိုက်ခိုက်ဖို့လိုလိမ့်မယ်။ အောင်ပွဲတွေရယူပြီး ရန်သူတွေကို သတ်ဖြတ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့တည်နေရာကြီးက ပိုပြီးတော့ ချဲ့ထွင်လာလိမ့်မယ်။”
“နည်းနည်းလေးပဲ ကြီးလာမှာလား။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ရွာ (သို့မဟုတ်) မြို့ တစ်ခု အရွယ်အစားထိကို ရောက်ရှိဖို့ဆိုရင် လူဘယ်လောက်ကို အနိုင်ယူ သတ်ဖြတ်ဖို့လိုလဲ။”
ချိုမြနေသော မိန်းကလေးအသံသည် လေထုထဲတွင် ပေါ်ပေါက်လာတော့သည်။ “တည်နေရာကို ချဲ့ထွင်ဖို့ဆိုတာ တခြားသောဂြိုဟ်တွေက စွမ်းအားမြင့်ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့လိုအပ်တယ်။ ဒါကြောင့် ယှဉ်ပြိုင်သူအနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာထဲမှာ လုံလုံခြုံခြုံနေနေမယ်ဆိုရင်တော့ တခြားသူတွေက ဝင်လာပြီး တိုက်ခိုက်လို့မရဘူး။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ရရှိဖို့ဆိုရင် အပြင်ဘက်ကို ထွက်ပြီး စိတ်လိုလက်ရ တိုက်ခိုက်ဖို့သင့်တယ်။ ဒီတော့တိုက်ခိုက်ရန် ပြင်ထားပါ။ မွ .. မွ”
“သောက်ကျိုးနည်း”
ကျွင်းချောင်ရှောင်းသည် ၎င်း၏လုံခြုံရေးတည်နေရာထဲမှ ထွက်ခွာသွားရန် ပြင်လိုက်၏။ သူ၏ နားထဲတွင် အသံတစ်ခု ပေါ်လာ၏။ “ပြိုင်ပွဲဝင်သူ .. ဒီကနေထွက်သွားမယ်ဆိုရင် အကာအကွယ်မှန်သမျှ ဆုံးရှုံးသွားလိမ့်မယ်။ သတိထားအုံး။ မသေစေနဲ့။”
“……..…” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ ဤအမျိုးသမီးအသံပိုင်ရှင်သည် မူရင်းခန္ဓာကိုယ်သာ တည်ရှိနေသည်ဆိုပါက သူသည် မည်မျှလှပသည်ဆိုဆို ကျိန်းသေပေါက်သွား၍ လက်သီးဖြင့်ထိုးနှက်ပေလိမ့်မည်။