← Chapters

အခန်း (၈၄၀)

Vol. 57 Ch. 840

အခန်း (၈၄၀)

Vol. 57 Ch. 840

တိုက်ခိုက်ရေးတည်နေရာတွင် များပြားလှသော ဂြိုဟ်များတည်ရှိနေ၏။ ဂြိုဟ် တစ်ခုချင်းစီတိုင်းသည် ၎င်းတို့၏ လွတ်လပ်သော နယ်မြေတစ်ခု တည်ရှိနေ၏။

တစ်စုံတစ်ယောက်သည် ထိုနယ်မြေအား ပိုမိုချဲ့ထွင်ချင်သည် ဆိုပါက သတ်ဖြတ်ခြင်းကို ပြုမူရပေလိမ့်မည်။ တည်နေရာဂိတ်တံခါးဆီမှတဆင့် ရောက်ရှိလာခဲ့သော ကျွင်းချောင်ရှောင်း မှာတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာကို အောင်အောင်မြင်မြင်နှင့် အသက်သွင်းနိုင်ခဲ့၏။ သို့ပေမဲ့ သူသည် မီတာ အနည်းငယ်သာရှိသော တည်နေရာကို ပိုင်ဆိုင်နေ၏။ အချက်အလက်အားဖြင့်ဆိုလျှင် လူအနည်း ငယ်သာ ဝင်ရောက်နိုင်၏။ တည်နေရာသို့ လူများပိုမို၍ ဝင်ရောက်လာလေ တည်နေရာသည် ပိုမို၍ ကြီးမားလာလေ ဖြစ်ပေလိမ့်မည်။ ထို့အတူ ရွာ သို့မဟုတ် မြို့အဆင့် တည်နေရာကြီး အဖြစ်သို့ ကျယ်ပြန့်လာချင်သည် ဆိုပါက တခြားသောဂြိုဟ်များဆီမှ လူများကို သတ်ဖြတ်ရပေမည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ဒီကိုရောက်နေပြီဆိုမှတော့ အေးအေးသက်သာ လုပ်ရမယ်”

သူ့အနေနှင့် တိုက်ခိုက်ရန် လာခဲ့ခြင်း မဟုတ်ချေ။ ထို့ကြောင့် နယ်မြေကိစ္စများနှင့်ပတ်သက်၍ သူသည် ဂရုမစိုက် လှပေ။ သူ့အနေနှင့် ချောချောမွေ့မွေ့ တခြားသောဂြိုလ်များဆီသို့ သွားရောက်နိုင်မည်ဆိုပါက အဆင်ပြေမည် ဖြစ်သည်။

“မဟုတ်သေးဘူး”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသည်။ ပြီးနောက် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာကို ဘယ်သူကမှ ဝင်မလာနိုင်ဘူး၊ ဒါဆိုရင် တခြားဂြိုလ်ရဲ့ တည်နေရာထဲကိုလည်း ဘယ်သူကမှ ဝင်နိုင်မှာမဟုတ်ဘူး၊ ငါ ဘယ်လိုလုပ် သူတို့နေရာကို သွားရမလဲ”

တိုက်ခိုက်ရေးတည်နေရာ၏ အပြင်အဆင်အရဆိုလျှင် ဂြိုဟ်တိုင်းဂြိုဟ်တိုင်းသည် လုံခြုံမှုရှိသော တည်နေရာ တစ်ခုကို ပိုင်ဆိုင်ကြ၏။ ထို့ကြောင့် တခြားသောသူများ၏တည်နေရာထဲသို့ ချိုးဖြတ်ဝင်ရောက်ရန် မျှော်လင့်ချက် မရှိကြပေ။

"စနစ်... ဒီကနေ ထွက်ရအောင်"

တခြားသောနည်းလမ်း မရှိချေ။ သူ့အနေနှင့် သေဆုံးရမည့်အခြေအနေတစ်ခုကို ရောက်ရှိနေသောကြောင့် အလျင်အမြန် ပြန်၍ ထွက်ခွာရပေလိမ့်မည်။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကို အုပ်ကိုင်၍ စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ငါ ဆုံးရှုံး သွားပြီလို့ ခံစားရတယ်"

ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ လေးနက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။ "ကြယ်ကြွေကုန်းမြေတိုက် ကြီးရဲ့ သိုင်းကျင့်ကြံသူတစ်ယောက်က တိုက်ခိုက်ရေးတည်နေရာထဲကို ဝင်ရောက်လာခဲ့တယ်၊ သူက ပြိုင်ပွဲဝင် တစ်ယောက်အနေနဲ့ပဲ။ ဒီကြေညာမှုကို ကြားနေရတယ်"

“.........” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ယခုကဲ့သို့ ကျယ်ကျယ်လောင်လောင် ပြောဆိုနေမည် ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူတစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာသည်ဖြစ်ကြောင်း လူပေါင်းများစွာတို့ သိရှိမသွားပေဘူးလား။

ဟူး ဟူး

ထိုအချိန်မှာပဲ အားကောင်းလှသော အော်ရာများသည် ကောင်းကင်ယံထက်၌ ဖြစ်တည်လာ၏။ အဝေးတစ်နေရာရှိ ကောင်းကင်ယံထက်မှာတော့ အလင်းတန်းတစ်ထောင်တို့သည် အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းရောက်ရှိလာခဲ့၏။

ထိုအထဲတွင်တော့ မတူညီသည့်ဝတ်စုံများ၊ ထူးဆန်းသည့် ဝတ်စုံများနှင့် ကိုယ်တစ်ပိုင်း ဗလာကျင်း ဖြစ်နေသည့် ကျင့်ကြံသူများလည်း ပါရှိလျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများဖြစ်သည်။ မဟုတ်သေးပေ။ အရှေ့တွင်ရောက်ရှိနေကြသော ကျင့်ကြံသူ တစ်ချို့ဆိုလျှင် အော်ရာများကို သုံးသပ်ကြည့်မည်ဆိုပါက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဖြစ်နေသည်မှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်အကြောင်းကို သေသေချာချာ ကြားခဲ့ဖူး၏။ သို့ပေမဲ့ ၎င်း၏ ကိုယ်ပိုင်မျက်စိဖြင့် များပြားလှသော သိုင်းအုပ်စိုးသူများအား လမ်းဘေးခွေးများကဲ့သို့ ပေါပေါများများ မြင်တွေ့လိုက်ရချိန်မှာတော့ သက်ပြင်းရှည်ကြီးပင် ချလိုက်မိသည်။

"ဒီဂြိုဟ်တိုက်ပွဲက ကြောက်ဖို့ကောင်းတာပဲ၊ နေအုံး"

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပိုမို၍ စိတ်ဝင်စားလာခဲ့သည်။ ကျွမ်းကျင်သူတစ်ထောင်ကျော်တို့သည် သူ၏ရှေ့သို့ အဘယ့်ကြောင့် ရောက်ရှိလာရသနည်း။

"ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူအသစ်တစ်ယောက် ရောက်နေတယ်”

"သေစမ်း၊ ဒီဟာက ငါ့အတွက်ပဲ၊ ငါ့ဆီကနေ လာမလုကြနဲ့"

"ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်နိုင်တဲ့ မည်သူမဆိုက သီလမှတ်တွေ အများကြီး ရမှာသေချာတယ်"

"ဘယ်သူက ကြောက်နေမှာလဲ"

ဟူး ဟူး ဟူး ဟူး

သတ်ဖြတ်လိုသော ဆန္ဒများ ဖြစ်တည်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ မြို့တော်ဝန်ဟန်ကဲ့သို့ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ပင်လျှင် ယခုရှိနေသော သိုင်းနယ်မြေကျင့်ကြံသူ နှင့်ရင်ဆိုင်ရမည်ဆိုပါက ကြာကြာပင် ရပ်တန့်နေနိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ပိုမို၍ ဉာဏ်ကောင်း၏။

လူပေါင်းတစ်ထောင်ကျော်တို့သည် သူ့ဆီသို့ ပြေးလွှားရောက်ရှိလာသည်ကို မြင်နေရသည့်အချိန်မှာတော့ သူသည် နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ပြီးသည့်နောက် သူပိုင်ဆိုင်ရာ မီတာအနည်းငယ်ရှိ စက်ဝိုင်းထဲတွင် ကျုံ့ကျုံ့လေးရပ်လိုက်သည်။

များပြားလှသော ကျွမ်းကျင်သူများအားလုံးသည် မျက်စိတစ်မှိတ် အတွင်း ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် လေထဲတွင် လွင့်မြောလျက်ရှိပြီး လှမ်းကာ ပြောလိုက်တော့သည်။ "အသစ်ရောက်လာတဲ့လူလေး၊ မြန်မြန် ထွက်ခဲ့စမ်း"

၎င်းတို့သည် စက်ဝိုင်းထဲသို့ ဝင်မလာနိုင်သည်ကို သိရှိပြီး သည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ထူးမခြားနားသလို ပြောလိုက်၏။ "သတ္တိရှိရင် ဝင်လာခဲ့ကြလေ"

"မင်း သတ္တိရှိရင် ထွက်ခဲ့လိုက်"

"သတ္တိရှိရင် လာခဲ့စမ်းပါ"

"သတ္တိရှိတယ်ဆိုရင် …."

ဆယ်မိနစ်လောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် ခြောက်ကပ်လျက်ရှိနေတော့ သည်။ သူ၏အသံတစ်ခုလုံးသည်လည်း ကွဲအက် ခြောက်ကပ်လျက်ရှိသည်။ "တကယ်လို့ သတ္တိရှိတယ်ဆိုရင် …."

ဤနေရာတွင် သိုင်းအုပ်စိုးသူ ကျင့်ကြံသူ တစ်ဒါဇင် သို့မဟုတ် အနည်းငယ်လောက်သာ ရှိသည်ဆိုပါက သူသည် ကျိန်းသေပေါက် အပြင်ဘက်သို့ ထွက်ခွာသွားပေလိမ့်မည်။ သို့ပေမဲ့ သူ့အား ဝိုင်းရံလျက် ရှိနေကြသည်မှာ လူတစ်ထောင်ကျော်လောက်ရှိ၏။ ထို့ကြောင့် သူ့အနေနှင့် လုံခြုံသည့် တည်နေရာနယ်မြေအတွင်း၌နေ၍ တစ်ဖက်လူများအား စကားနှင့် တိုက်ခိုက်နေခြင်းသာ ဖြစ်တော့၏။

"သတ္တိကြောင်တဲ့ကောင်"

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။ "မင်းနဲ့ ငါ့ရဲ့အချိန်တွေကို မဖြုန်းတော့ဘူး၊ သွားကြစို့"

ဝှစ် ဝှစ်

စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးတို့သည် နောက်ဘက်သို့လှည့်ကာ ပျံသန်းထွက်ခွာသွားကြတော့သည်။ တခြားသောဂြိုဟ်မှ သိုင်းကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။

မကြာခင် မှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လုံခြုံသည့် တည်နေရာဇုန်၏ အပြင်ဘက်မှာ လူနှစ်ဆယ်၊ သုံးဆယ်ကျော် လောက်သာ ကျန်ရှိတော့သည်။ ၎င်းတို့အားလုံးသည် အရှုံးမပေးကြချေ။ စောင့်နေရန် စီစဉ်ထားခဲ့ကြတော့၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုကို ဆင့်ခေါ်ကာ ထိုင်လိုက်၏။ သူသည် ဘယ်ဘက်ခြေထောက်ပေါ်သို့ ညာဘက်ခြေထောက်ကိုတင်ကာ ပြောလိုက်တော့သည်။ "ခင်ဗျားတို့တွေ ဒီနေရာမှာ စိတ်ရှည်လက်ရှည်နဲ့ အကြာကြီးစောင့်နိုင်တယ်ဆိုတာ ဘယ်လိုမှ မယုံနိုင်ဘူး။ စောင့်နိုင်တယ် ဆိုလည်း စောင့်ပေါ့"

စနစ်က ပြောလိုက်သည်။ "ငကြောက်လို လုပ်မနေနဲ့ သွားတော့"

"ချီးတဲ့မှ … ဘာလို့သွားရမှာတုန်း" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

"ဟိုလူတွေက တကယ် ထွက်ခွာသွား တယ်လို့ ထင်လို့လား"

"ခင်မင်ရပါသော ပြိုင်ပွဲဝင် …. ဂြိုဟ်တိုက်ခိုက်ရေးတည်နေရာဆီသို့ တရားမဝင် ဝင်ရောက်လာသည်ကို ရှာဖွေ တွေ့ရှိခဲ့သည်၊ ထို့ကြောင့် သာမန်နည်းလမ်းများဖြင့် ကျော်ဖြတ်ရောက်ရှိလာသူ မဟုတ်သောကြောင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာထဲတွင် နေထိုင်ရန်ဆိုသည်မှာ အချိန်အကန့်အသတ်ဖြင့် သတ်မှတ်ထားခြင်း ခံရတော့သည်။ ထို့ကြောင့် လုံခြုံရေးဇုန်ထဲတွင် နေထိုင်နိုင်သည့် အချိန်ကာလသည် နှစ်နာရီသာ ကြာမြင့်ခဲ့၏။ လက်ရှိအချိန်တွင် အချိန်ကာလသည် စတင်၍ ရေတွက်ပါပြီ ….."

အမျိုးသမီးကဲ့သို့သော အသံသည် ဆက်လက်ကာ ပြောလိုက်သည်။ "ပြိုင်ပွဲဝင်အနေနဲ့ အပြင်မှာ တစ်နာရီကြာ နေထိုင်ပြီးလို့ရှိရင် အထဲကိုပြန်ပြီး နှစ်နာရီကြာ နေထိုင်လို့ရတယ်၊ ဒီတော့ ကံကောင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ၊ မွ မွ"

"ချီးတဲ့မှ... ဘာကို မွမွလဲ"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြသည်။ အထဲတွင် နှစ်နာရီကျော်ကြာ နေထိုင်ပြီး အပြင်ဘက်တွင် တစ်နာရီကျော်ကြာ လှည့်လည်လျှောက်သွားရပေလိမ့်မည်။ ဤအရာသည် သူ့ကို လုံခြုံသည့်တည်နေရာထဲတွင် တောက်လျှောက်မနေနိုင်စေရန် အတင်းပဲ ဖိအားပေးနေ ခြင်းပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူ့အနေနှင့် စဦးသွား၍ တိုက်ခိုက်မည်လား၊ တခြားသူများ၏ အမဲလိုက်ခြင်း ကို ခံရမည်လား ဆိုသည်ကို ကွဲပြားခြားနားစွာ ဆုံးဖြတ်ရန် လိုနေတော့သည်။

"ငကြောက်လို လုပ်မနေနဲ့"

စနစ်က ပြောလိုက်သည်။ "ဒီကောင်တွေ အားလုံးကို သတ်ပစ်"

"ကောင်းပြီ" ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူ၏ပခုံးကို လှုပ်ခါကာ ပြောလိုက်၏။ "အချိန်က အခုမှစတာလေ၊ အချိန်ကုန်မှပဲ သွားတိုက်ကြတာပေါ့"

“.......” စနစ်သည် ပြိုလဲသွားတော့သည်။ အချိန်ကုန်ခံပြီးမှ အပြင်ဘက်သို့ ထွက်၍ တိုက်ခိုက်တော့မည်။ လက်ခံသူသည် မည်သည့်အချိန်တုန်းက ဤမျှကြောက်လန့်သွားတတ်ရသနည်း။

ဤအရာသည် ကြောက်လန့်ခြင်း မဟုတ်ပေ။ သူ့အနေနှင့် စိတ်ရှည်လက်ရှည် စောင့်မျှော်ခြင်းသာ ဖြစ်ပေတော့သည်။

"ငါပြောမယ်၊ အားလုံးပဲ"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက် တော့သည်။ "ခင်ဗျားတို့က ဘယ်ဂြိုဟ် ကလဲ"

"လင်းယန်ဂြိုဟ် ကလေ"

"ကောင်းကင်နီပင်လယ်ဂြိုဟ်"

"ရှန့်ယွမ်ဂြိုဟ်က"

မထွက်ခွာသွားကြတော့ ကျင့်ကြံသူများသည် ၎င်းတို့၏ မူရင်းဂြိုဟ်များကို ပြောဆိုလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားတို့ပြောတဲ့ သီလအမှတ်ဆိုတာ ဘာကိုဆိုလိုတာလဲ"

"ဟမ့်"

လင်းယန်ကုန်းမြေတိုက်ကြီးမှ ကျွမ်းကျင်သူက အေးစက်စက် ရယ်မောလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "ဒီတိုက်ခိုက်ရေး တည်နေရာထဲကို ရောက်လာပြီးတဲ့နောက် သီလအမှတ်ဆိုတာ ဘာလဲ မသိဘူး ဆိုတာ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ"

"ဒါက"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်က အလျင်စလိုနဲ့ ရောက်လာတာလေ၊ ကိစ္စတော်တော် များများကို မသိဘူး"

အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြသည်။ တိုက်ခိုက်ရေးတည်နေရာထဲသို့ ရောက်ရှိလာရန် အချိန်အတော်ကြာ အတည်ပြုဆုံးဖြတ် သတ်မှတ်ခြင်းကို ရရှိမှသာ ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလျင်စလိုနှင့် ရောက်ရှိလာသည်ဆိုသည်မှာ မရှိချေ။

"ကောင်လေး"

ကောင်းကင်နီပင်လယ်ဂြိုဟ်၏ ကျွမ်းကျင်သူတစ်ယောက်က ထူးမခြားနားသလို ပြောလိုက်၏။ "မင်းရဲ့ တည်နေရာကို ချဲ့ထွင်နိုင်မယ်ဆိုရင် သီလအမှတ်တွေကလည်း ပိုပြီးတော့ ရနိုင်လိမ့်မယ်၊ ဒါဆိုရင် သဘာဝ ရတနာတွေနဲ့ လက်နက်တွေကို အထက်နယ်မြေဆီကနေပြီးတော့ ဝယ်လို့ရနိုင်တယ်"

"အထက်နယ်မြေ ဟုတ်လား" ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။

အမျိုးသမီးကဲ့သို့သော အသံသည် ပေါ်လာခဲ့သည်။ "ခင်မင်ရပါသော ပြိုင်ပွဲဝင်အပေါင်းတို့... ဒီတည်နေရာကြီးကို အထက်နယ်မြေက စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ဖွင့်လှစ်ထားခဲ့တာ ဖြစ်တယ်၊ ငါးနှစ်တိုင်းမှာ တခြားဂြိုဟ်ပေါင်းများစွာရဲ့ လူတွေက ဝင်ရောက်လာနိုင်တယ်လေ"

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ "တိုက်ပွဲတည်နေရာကို တည်ဆောက်တယ် ဆိုတာ အဓိက ကတော့ သတ်ဖြတ်တဲ့အရာကို အာရုံစိုက်ထားတာပဲ၊ အထက်နယ်မြေက လူတွေက တကယ်ဆိုး တာပဲ"

ကျွင်းချောင်ရှောင်း သည် ထိုအချက်ကို နားလည်မိ၏။ ထို့ကြောင့် များပြားလှသည့်လူများကို လူဦးရေလျော့ချသည့် ရည်ရွယ်ချက်ဖြင့် ဤနေရာသို ပို့လွှတ်နေသည်မှာ ကြမ်းတမ်းပြီး ဆိုးရွားလှသော အရာပင် ဖြစ်နေ၏။ အောက်နယ်မြေမှ လူများ အားလုံးကို အထက်နယ်မြေမှ လူများသည် ပုရွက်ဆိတ်လေးများကဲ့သို့ သဘောထား ဆက်ဆံနေခြင်းလည်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့ အနေနှင့် အောက်နယ်မြေတွင်ရှိနေသောလူများသည် မည်မျှသေဆုံးပါလေ့စေ ဂရုစိုက် လိမ့်မည် မဟုတ်ချေ။

"ကျုပ်က အထက်နယ်မြေကို သာမန်ထက်ပိုတဲ့ နတ်ဘုံနတ်နန်းလို့ ထင်မှတ်ထားခဲ့တာလေ၊ ဒါပေမဲ့ ကြည့်ရ တာတော့ တောဥပဒေအတိုင်း လှုပ်ရှားသွားလာနေတာပဲ ဖြစ်ရမယ်" ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်း လိုက်၏။

"ဟုတ်တာပေါ့"

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ ကျွမ်းကျင်သူသည် အေးစက်စက်နှင့် ပြောလိုက်သည်။ "မင်းအနေနဲ့ မင်းရဲ့တည်နေရာကို ချဲ့ထွင်ချင်တယ်ဆိုရင် အခွင့်အရေး ရမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မင်း ဒီနေရာက ထွက်ထွက်ခြင်းမှာပဲ သီလအမှတ်တွေ ရရှိဖို့အတွက် မင်းက ငါတို့ရဲ့ သားကောင် ဖြစ်လာလိမ့်မယ်"

"သားကောင် ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် လက်သီးကို အသာဆုပ်ကာဖြင့် နောက်ဘက်သို့ အသာမှီလိုက်သည်။ ပြီးသည့်နောက်မှာတော့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ဖြည်းညှင်းစွာဖြင့် ပြုံးလိုက်တော့သည်။ သူ၏ အပြုံးသည် U ပုံသဏ္ဍာန်မျိုး ဖြစ်လို့နေသည်။ ကျွင်းချောင်ရှောင်းသည် ငရဲပြည်မှ နတ်ဆိုးဘုရင်လိုပင် "ခင်ဗျား တကယ်ပြောတာလား"

All Chapters