← Chapters

အခန်း (၈၄၁)

Vol. 57 Ch. 841

အခန်း (၈၄၁)

Vol. 57 Ch. 841

သူ့အား သားကောင်တစ်ကောင်ကဲ့သို့ ဆက်ဆံနေသည်လား။ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့တော့သည်။ သူ၏ နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့သော အပြုံးသည် ကလေးတစ်ယောက်ကိုပင် မျက်ရည်ပေါက်ပေါက် ကျစေသည့် အပြုံးတစ်ခုပင် ဖြစ်တော့သည်။

သူ၏ အမူအရာကို မြင်သည့်နောက်မှာတော့ တခြားသောဂြိုလ်များအားလုံးရှိ ကျင့်ကြ့သူများ အားလုံးသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်ကြသည်။ “ဒီကောင်က အရိုက်အနှက်ခံချင်နေတာပဲ”

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် အရိုက်အနှက်ခံရရန် တောင်းဆိုနေခြင်းပင် ဖြစ်တော့သည်။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ မည်သူကမှ သူ့ကို လာရောက်မရိုက်နှက်ရဲချေ။ ဒီဂြိုဟ် တိုက်ပွဲအတွင်းရှိ ကျွမ်းကျင်သူများ အားလုံးမှာတော့ ခြားနားနေသည်။ ကျွင်းချောင်ရှောင်းအား မည်သူမှ အထင် မသေးကြချေ။

“ကောင်လေး”

ကောင်းကင်နီပင်လယ်ကုန်းမြေတိုက်ကြီးတွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူက လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ဒီလုံခြုံတဲ့တည်နေရာထဲမှာပဲ ပုန်းမနေနဲ့၊ အပြင်ကို ထွက်လာပြီး ငါနဲ့ တိုက်ကွက်သုံးရာလောက် တိုက်ခိုက်စမ်း”

“တိုက်ကွက်သုံးရာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို မှီကာဖြင့် သူ၏လက်ညှိုး တစ်ချောင်းကို ထောင်လိုက်သည်။ ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်တော့သည်။ “တိုက်ကွက်တစ်ကွက်လောက်ဆို ခင်ဗျားလို အမှိုက်မျိုးကို ရင်ဆိုင်ဖို့ လုံလောက်နေပြီ”

“တိုက်ကွက် တစ်ကွက် ဟုတ်လား”

ကောင်းကင်နီပင်လယ် ကုန်းမြေတိုက်ကြီးရှိ ကျွမ်းကျင်သူသည် နှာခေါင်းကို ရှုံ့လိုက်သည်။ “ဒီကြယ်ကြွေကုန်းမြေတိုက်လေးက သိုင်းကျင့်ကြံသူက တကယ့်ကို မောက်မာလွန်းတာပဲ”

“စိတ်ကို အေးအေးထား၊ စိတ်ကို အေးအေးထား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မကြာခင်မှာ သိရလိမ့်မယ်”

သူ့အနေနှင့် နှစ်နာရီကုန်ဆုံးမည်ကို စောင့်မျှော်နေခြင်းပင်ဖြစ်သည်။ ဤတစ်ကြိမ် ထွက်ခွာသွားပြီးသည့် နောက်မှာတော့ သူသည် တစ်နာရီကျော်ကြာ အပြင်ဘက်သို့ လှည့်လည်သွားလာရန် တာဝန်ရှိနေ၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် သူသည် အေးအေးသက်သာဖြင့် စဉ်းစားနေခြင်းသာ ဖြစ်တော့၏။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာဂိတ်တံခါးဆီမှ ဝင်ရောက်ပြီး ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်သွားနိုင်၏။ သို့ပေမဲ့ ဤနေရာသို့ ရောက်လာပြီး များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများ ရှိနေသည် ဆိုမှတော့ သူသည် အကောင်းမွန်ဆုံး တိုက်ခိုက်ရမည်မှာ သဘာဝပင် ဖြစ်တော့သည်။

သူသည် တိုက်ပွဲ ဆာလောင် လွန်းသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲနေရသည် ဖြစ်သောကြောင့် သူသည် ပြဿနာများပြီး အလွန်အားကောင်းလှသော ရန်သူများနှင့် ထိပ်တိုက် မတွေ့လျှင် တပည့်များကိုသာ တိုက်ခိုက်ခွင့်ပြုပေးရသည်။ ယနေ့မှာတော့ တိုက်ခိုက်ရေးတည်နေရာတွင် သူသည် စိတ်လိုလက်ရဖြင့် အားရပါးရ တိုက်ခိုက်ရပေတော့မည်။

“ကောင်လေး”

ကောင်းကင်နီပင်လယ်မှ စွမ်းအားမြင့် ကျင့်ကြံသူက အော်ဟစ်လိုက်၏။ “မြန်မြန် ထွက်လာ ပြီးတော့ ငါနဲ့တိုက်ကွက်တစ်ကွက်လောက် ပြီးဆုံးအောင် လာတိုက်ပါအုံး”

သူသည် အလျင်လိုလျက် ရှိနေသည်။ သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူကို ပထမဦးဆုံး သတ်ဖြတ်ချင်နေမိ၏။ ထိုသို့ဆိုလျှင် သီလစတိုးတွင် သူလိုအပ်သော အရင်းအမြစ်များဖြင့် လဲလှယ်ရန် သီလအမှတ်များ အများအပြားကို ရယူနိုင်မှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် သူ့အား လျစ်လျှူရှုထားသည်။ သူသည် တိတ်တဆိတ်ဖြင့် တခြားသောသိုင်းကျင့်ကြံသူ နှစ်ဆယ်အား လေ့လာကြည့်ရှုလိုက်တော့၏။ “ဆယ်ယောက်က အဆင့်ရှစ်သိုင်းအုပ်စိုးသူနဲ့ နှိုင်းယှဉ်လို့ရတယ်၊ ခြောက်ယောက်က အဆင့်ကိုးသိုင်းအုပ်စိုးသူနဲ့ နှိုင်းယှဉ်လို့ရတယ်၊ သုံးယောက်ကတော့ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်၊ တစ်ယောက် ကတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနဲ့ နှိုင်းယှဉ်လို့ရတယ်”

သူ အဘယ်ကြောင့် နှိုင်းယှဉ်လို့ရတယ်ဆိုသော စကားကို ပြောဆိုနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တိုင်း ဂြိုဟ်တိုင်းတွင် မတူညီသည့် ကျင့်ကြံခြင်းစနစ်နှင့် မတူညီသော အဆင့်များ တည်ရှိလို့နေသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းဆရာ၊ သိုင်းအုပ်စိုးသူဟူ၍ ရှိသော်လည်း တခြားသော ဂြိုဟ်တွင်တော့ ချီပင်လယ်၊ ချီအသွင်ပြောင်းအဆင့် စသဖြင့် အမျိုးမျိုး ပြောင်းလဲနေပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် များကို အဆင့်တစ်မှ အဆင့် ကိုးရာကိုးဆယ့်ကိုးဟု ခွဲခြားထားမည်ဆိုလျှင် ကောင်းကင်နီပင်လယ်ကုန်းမြေတိုက် ကြီး၏ ကျွမ်းကျင်သူသည် အဆင့်ခုနှစ်ရာလောက်တွင်ရှိသော ကျွမ်းကျင်သူ ဖြစ်ပေလိမ့်မည်။ ဂြိုဟ်တိုင်း ဂြိုဟ်တိုင်း၏ အဆင့်သတ်မှတ်ပုံသည် ကွဲပြားခြားနားလျက်ရှိ၏။ သို့ပေမဲ့ အနည်းနှင့်အများ ဆိုသလိုတော့ တူညီမှုလေး ရှိနေသေးသည်။

“ဒါက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူရဲ့ အဆင့်ပဲရှိတာပေါ့”

ကျွင်းချောင်ရှောင်းသည် တွေးလိုက်သည်။ “ရင်ဆိုင်ဖို့ ပြဿနာမဟုတ်ဘူး”

ချလွမ်

သူ၏လက်ထဲမှာတော့ ကောင်းကင်နဂါးဓား ပေါ်ပေါက်လာတော့သည်။ သူသည် ထိုဓားအား မြေပြင်ပေါ်သို့ ထိုးစိုက်ပြီးသည့်နောက် ခြေထောက်ကို အသာတင်ကာဖြင့် ပြောလိုက်သည်။ “ဒီကလူတွေအားလုံးကို မြန်မြန် ထွက်ခွာသွားဖို့ ကျုပ်အကြံပြုချင်တယ်၊ မဟုတ်ရင် ဒီဓားရဲ့အောက်မှာ ခင်ဗျားတို့ရဲ့အသက်တွေ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်”

ထိုအချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် လောကကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိနေသော ဘုရင်တစ်ပါး ကဲ့သို့ပင် ဖြစ်နေ၏။ သို့ပေမဲ့ တခြားများပြားလှသောဂြိုဟ်မှ စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ ဂရုမစိုက် ကြချေ။ ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ လက်ထဲတွင်ရှိနေသော ကောင်းကင်နဂါးဓားအား တောက်ပသည့် မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်ရှုလျက်ရှိသည်။ ၎င်းတို့သည့် ကြိုက်နှစ်သက်လှသော ဤဓားအား လုယူသိမ်းပိုက် သွားရန် စီစဉ်လျက် ရှိနေကြတော့သည်။ ဤဂြိုဟ် တိုက်ပွဲတွင် သေခြင်းနှင့်ရှင်ခြင်းဆိုသည်မှာ ကံတရားပေါ်တွင် မူတည်၍ ချမ်းသာခြင်းနှင့် ဆုတ်ယုတ်ခြင်းဆိုသည်မှာ ကောင်းကင်၏ အလိုတော်အတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် စည်းမျဉ်းတစ်ခုသာရှိ၏။ မင်းသေမလား၊ ဒါမှမဟုတ် ငါသေမလား ဆိုတာပင်ဖြစ်သည်။

သိုင်းကျင့်ကြံသူများ၏ လက်နက်နှင့် အရင်းအမြစ်များသည် အောင်နိုင်သူ၏လက်ထဲသို့ သက်ဆင်းရောက်ရှိ သွားသည်မှာ သဘာဝပင်ဖြစ်တော့သည်။ သူ၏ဓားကို အားလုံးက ကြည့်ရှုလျက်ရှိသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် ဤလူများမှာ ထွက်ခွာသွားမည်မဟုတ်ကြောင်း သိရှိလိုက်ရ၏။

“အဆင်ပြေတယ်” သူသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “သေချင်တယ်ဆိုတော့လည်း စောင့်နေကြအုံးပေါ့”

ကျွတ်

အားလုံးသည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းများ ရှုံ့လိုက်ကြတော့သည်။ ၎င်းတို့အားလုံးသည် ဂြိုဟ်တိုက်ပွဲ များကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြသော ဝါရင့်သဘာရင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြ၏။ ထို့ကြောင့် ဤလူငယ် လေးအား စိတ်ထဲတွင် မထားသည်မှာ သဘာဝပင်ဖြစ်၏။

သို့ပေမဲ့ သူတို့အနေဖြင့် ဇဝေဇဝါဖြစ်နေသည့် အကြောင်းအရာတစ်ခု ရှိလို့နေသေးသည်။ ဂြိုဟ်တိုက်ပွဲကိုဝင်ရောက်ရန်အတွက် ဂြိုလ်အသစ်သည် နောက်ထပ် ငါးနှစ်စောင့်ရမှာ ဖြစ်၏။ အဘယ်ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူတစ်ယောက်သည် စောစောစီးစီးဖြင့် ရောက်ရှိလာရသနည်း။

“အင်း”

အထက်နယ်မြေမှ စီစဉ်သူများသည် ခန့်မှန်း၍မရအောင် ရှုပ်ထွေးလွန်းလှ၏။ လက်ရှိအခြေအနေမှာတော့ အထက်နယ်မြေတစ်ခုလုံးသည် အကူအညီမဲ့သလို ဖြစ်နေကြသည်။ ဤလူသည် ရုတ်တရက်ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။ သူတို့စီစဉ်ထားခဲ့သည့် စည်းမျဉ်းစည်းကမ်းဘောင်ထဲတွင် သက်ရောက်ခြင်းမရှိခဲ့ချေ။ အချိန်များသည် တစ်မိနစ်ချင်းပင် ကုန်ဆုံးသွားခဲ့၏။ သိုင်းကျင့်ကြံသူနှစ်ဆယ်ကျော်တို့သည် ကြယ်ကြေကုန်းမြေတိုက်ကြီး၏ လုံခြုံရေးတည်နေရာအပြင်ဘက်တွင် စုစည်းလျက် ရှိနေကြသည်။ ၎င်းတို့သည် ထွက်ခွာသွားရန် ရည်မှန်းချက် ရှိပုံမပေါ်ချေ။

စနစ်၏ မိန်းကလေးကဲ့သို့သောအသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ “ပါဝင်ယှဉ်ပြိုင်သူ... တစ်မိနစ်အတွင်း အပြင်ဘက်ကို ထွက်ခွာသွားရပါလိမ့်မယ်၊ မဟုတ်ရင် အတင်းတွန်းလွှတ်ခြင်းကို ခံရမယ်၊ ချစ်တယ်နော် မွ မွ”

“..........” သူ၏ စနစ်သည် အလွန်တရာ စိတ်တိုစရာကောင်းကြောင်း သူထင်မှတ်ခဲ့မိသည်။ သို့ပေမဲ့ ဤအမျိုးသမီးအသံ ကဲ့သို့သော စနစ်ပိုင်ရှင်သည် ပိုမို၍ ဆိုးရွားနေသေး၏။

စနစ်က ပြောလိုက်သည်။ “ငါဘယ်လောက်တော်ကြောင်း၊ ကောင်းကြောင်း မင်းအခုတော့ ကောင်းကောင်းသိပြီ မဟုတ်လား”

ရွီး …။

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ သူ၏နောက်မှာတော့ အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး စက်အတောင်ပံတစ်ခု ပေါ်ပေါက်လာတော့သည်။ သူသည် ကောင်းကင်နဂါးဓားကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင် ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်သည်။ “သတ်ဖြတ်ပွဲကြီးက စတင်ပြီ”

ဝှစ် ဝှစ်

မီးတောက်များ ထွက်ပေါ်လာပြီးသည့်နောက် အရှိန်အဟုန်နှင့် တည်နေရာတစ်ခုလုံးမှာတော့ သက်တန့်ရောင် ကဲ့သို့ပင် ဖြစ်တည်လာတော့သည်။

“အမ်”

ကောင်းကင်နီပင်လယ်ကုန်းမြေတိုက်ကြီး၏ ကျွမ်းကျင်သူတစ်ယောက်သည် အံ့အားသင့်မိသွား၏။ “ဒါက မီးဓာတ်သဘာဝ ကျင့်ကြံသူတစ်ယောက်”

ဝှစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လာတော့သည်။ နှိုင်းယှဉ်၍ မရလောက်အောင် အေးစက်လှသော ဓားအလင်းတန်းများသည် တောက်ပလှသော မီးတောက်များကြားတွင် ဖြစ်တည်လာခဲ့တော့၏။

“မကောင်းတော့ဘူး” ကောင်းကင်နီပင်လယ်ကုန်းမြေတိုက်ကြီးမှ ကျွမ်းကျင်သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု များ ပြည့်နှက်သွားတော့သည်။ သူသည် ရှောင်တိမ်းချင်၏။ သို့ပေမဲ့ သူ၏စိတ်ထဲတွင် ဤကဲ့သို့သော အတွေးသာ ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာတော့ မလှုပ်ရှားနိုင်ခဲ့ချေ။

ဓားအလင်းတန်းသည် သူ၏ဘေးတစ်ဖက်ဆီမှ ဖြတ်သန်းသွားကြောင်းကို မြင်လိုက်ရပြီးသည့်နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင် တန့်ကနဲ့ ဖြစ်မိ နေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာပြီး ဘုရင်တစ်ပါးကဲ့သို့ ငုံ့ကာ ကြည့်လိုက်၏။ “ခင်ဗျားလို အမှိုက်မျိုးက သိုင်းတစ်ကွက်တည်းနဲ့တင်မဟုတ်ဘူး၊ တစ်ဝက်တည်းနဲ့ သတ်ပစ်လိုက်လို့ရတယ်”

အလွန်တရာ အားကောင်းလွန်းလှ၏။

အံ့အားသင့်စရာလည်း ကောင်းလွန်းနေသည်။

ဇွိ

ထိုသူ၏လည်ပင်းဆီမှ သွေးများ ပန်းထွက်လာပြီးသည့်နောက် ဦးခေါင်းသည် အောက်သို့ ပြုတ်ကျသွားတော့၏။ ၎င်း၏ ပြူးကျယ်နေသော မျက်လုံးများကို ကြည့်ရမည်ဆိုလျှင် သူ၏သားကောင်ဟု သတ်မှတ်ထားသောလူသည် သူ့အား လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်မည်ဟု မည်သို့မှ မထင်ခဲ့ကြောင်း သိသာလွန်းလှ၏။

ဘုတ်

ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက် ဖုန်များ တစ်လိပ်လိပ် တက်လာတော့သည်။

“ကောင်းကင်နီပင်လယ်ကုန်းမြေတိုက်ကလူကို ပထမဦးဆုံးသတ်ဖြတ်နိုင်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြု ပါတယ်၊ သီလအမှတ် တစ်ရာ ရရှိသည်”

အမျိုးသမီးကဲ့သို့သောအသံသည် သူ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

“ပထမဦးဆုံး သတ်ဖြတ်မှု ဟုတ်လား” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ်ကော့တက်သွား၏။ နတ်ဆိုးဘုရင်၏အပြုံးတစ်ခု ထပ်မံ၍ ပေါ်လာပြန်သည်။ ပြီးသည့်နောက်မှာတော့ တခြားသောဂြိုဟ်များ၏ သိုင်းကျင့်ကြံသူများဆီသို့ လှမ်း၍ ကြည့်ကာ အေးစက်စက်ပြောလိုက်၏။ “ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ သားကောင်ပဲ”

အားလုံးသည် ရုတ်တရက်ဆိုသလိုပဲ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားသည်အထိ ခြောက်ခြားသွားခဲ့ကြသည်။ ကောင်းကင်နီပင်လယ်ကုန်းမြေတိုက်ကြီး၏ အဆင့်ခုနှစ်ရာလောက်ရှိသော ကျွမ်းကျင်သူတစ်ယောက်သည် ဤလူငယ်လေး၏ တစ်ဝက်တည်းသော တိုက်ကွက်အောက်မှာပင် သေဆုံးခဲ့ရသည်။ ဤလူငယ်လေးသည် ကျိန်းသေပေါက် အားကောင်းပေလိမ့်မည်။

“အားလုံးပဲ”

ကျွမ်းကျင်သူတစ်ယောက်သည် အေးစက်စက် အော်ဟစ်လိုက်၏။ “အားလုံးပဲ တူတူ တိုက်ခိုက်ကြ ရအောင်”

ဝှစ် …. ဝှစ် ….။

မတူညီသည့် ဂြိုဟ်များအသီးသီးမှ ကျွမ်းကျင်သူ ဆယ်ယောက်ကျော်တို့သည် မတူညီသည့် စွမ်းအင်အမျိုးအစား အသီးသီးကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ရှေ့သို့လှမ်းတက်လာခဲ့၏။ ချက်ချင်းပဲ တည်နေရာတစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းဆန္ဒများသည် အားကောင်းစွာဖြစ်တည်လာခဲ့တော့၏။ ကြက်သွေးရောင်တောက်နေသော မြေပြင်တစ်ခုလုံးသည်လည်း ပိုမို၍ တုန်ခါလာခဲ့သည်။

“သေစမ်း”

ကျွင်းချောင်ရှောင်း၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လျက်ရှိသည်။ သူ၏ ရှည်လျားပြီး ကျဉ်းမြောင်းလွန်းသော မျက်ဝန်းများတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေ၏။ သူသည် ကောင်းကင် နဂါးဓားအား လက်ထဲတွင် ကိုင်ဆွဲရင်း အကြောက်အလန့်ကင်းစွာဖြင့် ရှေ့သို့လှမ်းတက်လိုက်၏။

ဝှစ် ဝှစ်

မီးတောက်များ ထပ်မံထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ဓားအော်ရာများသည်လည်း ဖြစ်တည်လာ၏။ ဤအချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ကြောက်မက်ဖွယ်ရာကောင်းလှသော တိုက်ခိုက်ရေးအားအင်ကို ထုတ်ဖော်လျက်ရှိနေသည်။

ဆွစ် ဆွစ်

လင်းယန်ကုန်းမြေတိုက်ကြီး၏ ကျွမ်းကျင်သူသည် မည်သို့မှ မရှောင်ရှားနိုင်ခဲ့တော့ချေ။ ညှာတာမှုကင်းစွာဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတော့သည်။ သူ၏ဘေးတွင်ရှိနေသော သူ၏အဖော်သည်လည်း တစ်ခါတည်း သေဆုံးသွားခဲ့၏။

“လင်းယန်ကုန်းမြေတိုက်ကြီး၏ ကျွမ်းကျင်သူကို ပထမဦးဆုံးသတ်ဖြတ်နိုင်သည့်အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်၊ သီလအမှတ်တစ်ရာ ရရှိသည်”

“ထပ်မံသတ်ဖြတ်နိုင်သည့်အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါသည်၊ သီလအမှတ် ဆယ်မှတ်ရရှိသည်”

သတိပေးသံများကို သေသေချာချာ နားထောင်မည်ဆိုပါက ကုန်းမြေတိုက်ကြီးရှိ ပထမဦးဆုံးလူကို သတ်ဖြတ် နိုင်မည်ဆိုလျှင် သီလအမှတ်တစ်ရာ ရရှိမည်ဖြစ်ပြီး ဒုတိယမြောက်လူကို သတ်ဖြတ်မည်ဆိုပါက ဆယ်မှတ်သာ ရရှိပေလိမ့်မည်။

အမဲရောင်ကောင်းကင်နီတိမ်မုန်တိုင်း ကုန်းမြေတိုက်

ဝှစ် ဝှစ်

အခြားတစ်ဖက်မှာတော့ မတူညီသည့်ဂြိုဟ်များမှ ကျွမ်းကျင်သူများအားလုံးသည် ၎င်းတို့၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ တလက်လက်တောက်ပနေသော စွမ်းအင်လှိုင်းများနှင့်အတူ ကျွင်းချောင်ရှောင်းအား ပူးပေါင်း တိုက်ခိုက်လိုက်တော့သည်။ ဤအရာသည် ဂြိုဟ် တိုက်ခိုက်ရေး တည်နေရာကြီး ဖြစ်၏။ စွမ်းအားများသည် အလွန်အားကောင်းလွန်းသည်ဆိုလျှင်တောင်မှ တည်နေရာကြီးတစ်ခုလုံးကို လှုပ်ခါ တုန်ခါသွားစေလောက်သည့်အထိတော့ မဖြစ်ခဲ့ချေ။

ဘုန်း ဘုန်း

မတူညီသည့် အားအင်များသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်တည် လာခဲ့၏။ သို့ပေမဲ့ ဤတည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကိုးပါးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မတ်မတ်ရပ်လျက် ရှိနေ၏။

ထိုအချင်းအရာသည် အားလုံးသောလူများကို ထိတ်လန့်တုန်လှုပ်စေ၏။ ဤလူငယ်လေး၏ အကာအကွယ်ပစ္စည်းသည် အလွန်အားကောင်းလွန်းနေ၏။ အားလုံးပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် တောင်မှ တစ်ချက်ကလေးမှ နာကျင်မှုကို မဖြစ်ပေါ်စေခဲ့ချေ။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ပျံသန်းလာပြီးသည့်နောက်မှာတော့ သူ၏လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်၏။ သူသည် ချက်ချင်းပဲ လင်းကျန့်ဓားသိုင်းကို ထုတ်ဖော်လိုက်ခြင်းပင်ဖြစ်သည်။ ဓားအလင်းများသည် ပန်းများ ပွင့်နေသကဲ့သို့ ဖြစ်တည်လာခဲ့တော့သည်။

“မကောင်းတော့ဘူး၊ မြန်မြန် ရှောင်ကြတော့”

မတူညီသည့်ဂြိုဟ်များရှိ ကျွမ်းကျင်သူများသည် အလျင်အမြန်ပင် ရှောင်တိမ်းလိုက်ကြ၏။ သို့ပေမဲ့ ကံဆိုးစွာပဲ မြန်ဆန်လွန်းသော ဓားချက်အောက်မှာတော့ ကျွမ်းကျင်သူများသည် ပစ်မှတ်ထားခြင်းခံလိုက်ရပြီး မည်သို့မှ မရှောင်ရှားနိုင်ခဲ့ကြတော့ချေ။

ဆွစ် ဆွစ်

ဓားအလင်းတန်းများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ကြက်သွေးရောင်ကုန်းမြေ တိုက်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

ဝှစ်

ဇွိ ဇွိ

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သွေးများပေကျံလျက်ရှိနေသော ကောင်းကင်နဂါးဓားကို ကိုင်ဆောင်ထားပြီး လေထဲတွင် မတ်မတ်ရပ်နေသည်။ သူသည် ဒဏ္ဍာရီထဲမှ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် ဖြစ်တည်လျက်ရှိနေ၏။

ကြက်သွေးရောင်ကုန်းမြေတိုက်ကြီးထဲမှာတော့ အလောင်းဆယ်ကိုးလောင်းတို့၏ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်များသည် တည်နေရာတစ်ခုလုံး ပြန့်ကျဲ့နေတော့၏။ အသက်ရှင်သန်နေသောလူဟူ၍ တစ်ဦးတစ်ယောက်မှ မကျန်ရစ်ခဲ့တော့ချေ။

All Chapters