အခန်း (၈၄၅)
Vol. 57 Ch. 845
လက်ဝါးကြီးအား ကောင်းကင်နဂါးဓားဖြင့် ထိုးစိုက်ခြင်းခံထားရသော လူရိုင်းဘုရင်အသွင်ပြောင်းမှု ပုံရိပ်ယောင်နှင့် လူသည် အလွန်တရာ နာကျင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
ဝှစ် ဝှစ်
တခြားသော လက်ဝါးချက်သည် ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာ၏။ ထိုလက်ဝါးချက်တွင် ပြင်းထန်သော စွမ်းအင် များလည်း ပါဝင်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းမှာတော့ သူ၏ဓားကို ပြန်လည်လှည့်ယူရန်ပင် အချိန်မရှိတော့ချေ။ ထို့ကြောင့် အသာလှည့်ပြီးနောက် စတီးများ ဖုံးလွှမ်းလျက်ရှိသည့် သူ၏ ညာဘက်လက်သီးနှင့် သူ့ဆီသို့ ရောက်ရှိလာသော လက်ဝါးချက်ကြီးအား ထိုးနှက်လိုက်၏။
ဘုန်း
စွမ်းအင်များ ပေါက်ကွဲထွက်သွားပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင် လှိုင်းလုံးများ ဖြစ်တည်လာခဲ့၏။ တခြားသော ဂြိုဟ်အသီးသီးမှ ကျွမ်းကျင်သူများသည် မျက်လုံးအပြူးသားဖြင့် ကြည့်ရှုလျက်ရှိနေကြ၏။ အဘယ် ကြောင့်ဆိုသော် ၎င်းတို့၏ မြင်ကွင်းထဲမှာတော့ လူရိုင်းဘုရင်အသွင်ပြောင်းမှု ကျွမ်းကျင်သူသည် နောက်ဆီသို့ လွှင့်စင်သွားပြီးနောက် မြေပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားခဲ့၏။
အား
တခြားသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည်လည်း အော်ဟစ်လျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ပျံသန်းသွားပြီးသည့်နောက် ကောင်းကင်နဂါးဓားအား ဆွဲထုတ်ကာ လေထဲသို့ လှမ်း၍ခုန်ကာ ခုတ်ပိုင်းလိုက်တော့သည်။
ဇွိ
ကြီးမားလှသော လက်ကြီးတစ်ဖက်သည် ဓား၏အော်ရာများနှင့် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
လူရိုင်းဘုရင် အသွင်ပြောင်းမှုကို အသက်သွင်းထားခဲ့သော စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် သူတော်စင် အဆင့်နှင့်နီးကပ်လှသော ကျွမ်းကျင်သူများ ဖြစ်နေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် တစ်ယောက်ကို လွင့်စင်သွားအောင်လုပ်ခဲ့ပြီး တစ်ယောက်ကို ဒဏ်ရာ ရရှိအောင် လုပ်ခဲ့သည်။ အလွန်ကြောက်မက်ဖွယ်ရာကောင်းလှ၏။
သာမန်အချိန်တွင်ဆို ဤအခွင့်အရေးကို အသုံးချ၍ တစ်ဖက်လူများအား သတ်ဖြတ်ပစ်မည်ဖြစ်၏။ သို့ပေမဲ့ သူသည် သူ၏ တည်နေရာစက်ဝိုင်းထဲသို့ ပြန်လာရန် အလျင်လိုနေသည်ဖြစ်သောကြောင့် နောက်ဆီသို့ အသာ လှည့်၍ ဓားကိုသိမ်းကာဖြင့် တည်နေရာစက်ဝန်းထဲသို့ ပြေးဝင်လိုက်တော့သည်။
ယခုဖြစ်ပျက်ခဲ့သော တိုက်ခိုက်ပွဲသည် ဂြိုဟ် အသီးသီးတွင်ရှိနေသော စွမ်းအားမြင့်ကျင့်ကြံသူများကို တုန်လှုပ်မိစေ၏။ ၎င်းတို့အားလုံးသည် အလွန်အားကောင်းလှသော တိုက်ခိုက်ချက်နှင့်အတူ နောက်ဘက်ထိ ဆုတ်ခွာလာခဲ့သော ကျွင်းချောင်ရှောင်းကို မြင်လိုက်ရချိန်မှာတော့ အနောက်ဘက်သို့ ဆုတ်လိုက်မိကြ၏။
“အားလုံးပဲ”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ “သူတစ်ယောက်တည်းလေ၊ တူတူ တိုက်ခိုက်ကြရအောင်၊ ဒီလို ရှုပ်ထွေးတဲ့ တိုက်ခိုက်ပွဲတွေမှာ သူ့ကို ဘယ်သူသတ်နိုင်မလဲဆိုတာတော့ ကံတရားအပေါ် မူတည်မှာပေါ့”
“ကောင်းပြီ” ဂြိုလ်အသီးသီးတွင်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူအားလုံးက တုန့်ပြန်လိုက်ကြသည်။
ဝှစ် ဝှစ်
သို့ပေမဲ့ သူတို့သည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်မှာပဲ တလက်လက် တောက်ပနေသော အလင်းတန်းတစ်ခု သည် ကောင်းကင်ယံတွင် ပျံသန်းသွားသည်။ ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုသည် တိမ်များ အလိပ်လိုက် အလိပ်လိုက် ကျဆင်းလာသလို ဆင်းသက်လာတော့သည်။ အလွန်အားကောင်းလှသော အော်ရာ များသည် အားလုံး၏နှလုံးသားများကို ပြင်းပြင်းထန်ထန်ပင် ထိတ်လန့်တုန်လှုပ်စေ၏။
“ဒါ.. ဒါက”
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ထအော်လိုက်သည်။ “ဒါ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူပဲ”
နောက်ဘက်ဆီသို့ ပြေးလာနေသော ကျွင်းချောင်ရှောင်းမှာတော့ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအား များကို ခံစားလိုက်ရသည်။ သူသည် ခေါင်းကိုမော့ကာဖြင့် လှမ်း၍ ကြည့်လိုက်ချိန်မှာတော့ သူ့ဆီသို့ ဆင်းသက်လာသည့် ကြီးမားသည့်လက်ဝါးရိုက်ချက်ကြီးကို မြင်လိုက်ရ၏။ စိတ်ထဲမှာ ကျိတ်ကာ ကျိန်ဆဲမိသည်။ “ချီးတဲ့မှ”
ဘုန်း
ကြက်သွေးရောင်ကုန်းမြေကြီးတစ်ခုလုံးသည် တုန်ခါသွားပြီး ဖုန်များ အလိပ်လိပ်တက်လာတော့၏။
ကောင်းကင်ယံမှာတော့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်သည် ပေါ်လာ၏။ ထိုသူသည် ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။ ဂြိုလ်အသီးသီးတွင် ရှိသော စွမ်းအားမြင့် ကျင့်ကြံသူများကိုပင် ဖိအားသက်ရောက်စေခဲ့၏။ ၎င်းသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စံသတ်မှတ်ချက်အရဆိုလျှင် ထိုသူသည် သိုင်းအင်ပါယာနေရာနီးနီးကို ကပ်လျက်ရှိသူပင်ဖြစ်၏။
ထို့ကြောင့် သိုင်းနယ်မြေကျင့်ကြံသူဖြစ်သော မြို့တော်ဝန်ဟန်ထက်ပင် ပို၍ အားကောင်းသေး၏။ ကျွင်းချောင်ရှောင်းအနေနှင့် ဖိအားဒဏ်ကို ခံစားလိုက်ရသည် ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ပေ။ တစ်ဖက်လူမှာ အလွန်တရာ အားကောင်းနေသည်။
...............
လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာပြီးသည့်နောက် ကောင်းကင်တစ်ခုလုံးတွင် ဖုန်များ အလိပ်လိပ် ဖုံးလွှမ်းသွား တော့သည်။
“ပြီးသွားပြီပဲ”
“မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတောင် ရောက်လာပြီးတော့ တိုက်ခိုက်လိုက်တယ်ဆိုမှတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူကတော့ သနားစရာပဲ”
“မယုံကြည်နိုင်စရာပဲလေ”
အဆင့်သုံးဝရမ်းထုတ်ပြန်ခြင်းခံထားရသောသူသည် များပြားလှသောဂြိုဟ် အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူ များကြောင့် မသေဘဲနှင့် လက်ရှိအချိန်မှာတော့ မြေအဆင့်ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာကာ သတ်ဖြတ် ခြင်းကို ခံခဲ့၏။
သို့ပေမဲ့ အဘယ်ကြောင့် သတိပေးသံကို မကြားရသေးသနည်း။ ပုံမှန်အရဆိုလျှင် ဂြိုဟ်တိုက်ပွဲများ၏ စည်းမျဉ်းစည်းကမ်းအရ သတ်ဖြတ်မှုခံရပြီဆိုသည်နှင့် သီလအမှတ်ရရှိသည်ဖြစ်ကြောင်းကို သတိပေးသံ ထွက်ပေါ် လာရမည်ဖြစ်သည်။ လက်ရှိအချိန်မှာတော့ ကောင်းကင်ပေါ်မှ အသံများ ဘာတစ်ခုမှ မထွက်လာခဲ့ချေ။
ဝှစ်
ရုတ်တရက်ဆိုသလိုပဲ အမဲရောင်အရိပ်များ ဖြစ်တည်လာပြီးသည့်နောက် အလွန်တရာမြန်ဆန်သည့်နှုန်းဖြင့် ဖုန်လုံးများ တလိပ်လိပ် တက်လာပြန်သည်။ တခြားသော ဂြိုလ်များမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှလူသည် လက်ဝါးရိုက်ချက်ကြောင့် သေဆုံးသွားခြင်းမရှိကြောင်း နားလည်လိုက်မိကြ၏။
“အမ်”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူက ရေရွတ်လိုက်မိသည်။ တဖက်လူသည် သူနှင့် အဆင့်တူ ကျင့်ကြံသူ တစ်ယောက်ဖြစ်မည်ဆိုလျှင်တောင်မှာ ဤလက်ဝါးရိုက်ချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပေလိမ့်မည်။
ဤကလေးသည် အဘယ်ကြောင့် ခုခံနိုင်နေသနည်း။ သူ့အနေနှင့် များများစားစား တွေးတောရန် အချိန်မရှိချေ။ ထို့ကြောင့် သူ၏လက်ဝါးရိုက်ချက်အား ထပ်မံထုတ်ဖော်ရန်အတွက် အားအင်များကို စုစည်းလိုက်၏။ ပြီးနောက် ထပ်မံရိုက်ချလိုက်တော့သည်။
ဒုန်း
မြေပြင်ကြီးတစ်ခုလုံး တုန်ခါသွားပြီးသည့်နောက် ဖုန်များတလိပ်လိပ် တက်လာတော့သည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ဖုန်များထဲမှ အပေါ်သို့ ခုန်တက်လာ၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော အပေါ်ဘက်ရှိ စိတ်ဝိညာဉ်ချပ်ဝတ်မှာတော့ ဆိုးဆိုးရွားရွားပျက်စီးလျက်ရှိသည်။ သူ၏ပုံပန်းသွင်ပြင်မှာလည်း ရှုံ့မဲ့လျက်ရှိ၏။
“ဘာကိုစောင့်နေတာလဲ”
စနစ်က အော်ဟစ်လိုက်သည်။ “မြန်မြန်... စတိုးကိုဖွင့်ပြီးတော့ လိုအပ်တဲ့ပစ္စည်းတချို့ ကို ဝယ်ပြီး သူ့ကို ပြန်ရိုက်တော့လေ”
ကျွင်းချောင်ရှောင်းသည် မကြားသလို ဟန်ဆောင်ထား၏။ ပြီးနောက် အပေါ်သို့ ပျံတက်လိုက်သည်။
“သူမသေဘူးလား” ဂြိုလ်အသီးသီးတွင်ရှိသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ဆွံ့အသွား၏။
“ကောင်လေး”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူက အေးစက်စက်ပြောလိုက်သည်။ “ထွက်ပြေးလွတ်မြောက်နိုင်ဖို့ စဉ်းတောင် မစဉ်းစားနဲ့”
ဝှစ် ဝှစ်
ပြောပြီးပြီးချင်းမှာပဲ ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးသည့် အောက်ဘက်သို့ ကျဆင်းလာ၏။
ဂျိန်း
ဝှစ်
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ထွက်ပေါ်လာ၏။ သူ၏စိတ်ဝိညာဉ်ချပ်ဝတ်သည် အလုံးစုံဖျက်ဆီးခံလိုက် ရတော့၏။ အောက်ဘက်တွင်တော့ ဝိညာဉ်ကိုးပါး ချပ်ဝတ်သာ ကျန်ရှိတော့သည်။
“မင်း ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုပြီးတော့ မဝယ်ချင်လို့ရှိရင် စည်းဓားမော့ကို အသုံးပြုပါလား”
စနစ်က ပြောလိုက်သည်။ လက်ရှိအချိန်မှာတော့ သူသည် စိုးရွံ့ထိတ်လန့်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းသာ သေဆုံး သွားပါက သူလည်း လိုက်လံသေဆုံးသွားမှာဖြစ်၏။
ဂြိုဟ်အသီးသီးရှိ စွမ်းအားမြင့်ကျင့်ကြံသူများသည် ဤကောင်လေးမှာ မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူ၏ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်မှုကို ခံယူနိုင်သေးသည်ကိုမြင်တော့ ထိတ်လန့် တုန်လှုပ်လျက်ရှိနေသည်။
ဟုတ်ပေသည်။ လက်ရှိအချိန်မှာ သူတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်စရာ အချိန်တော့ မရှိသေးချေ။ ရှိရှိသမျှသော လှုပ်ရှားမှုနည်းစနစ်များကို အသုံးပြု၍ ခပ်ဝေးဝေးဆီသို့ ဆုတ်ခွာသွားကြ၏။
အဘယ်ကြောင့် ဆိုသော် စတုတ္ထမြောက် လက်ဝါးရိုက်ချက်ကြီးသည် ဆင်းသက်လာသောကြောင့် ဖြစ်သည်။ သူတို့သာ ရှောင်တိမ်း ခြင်းကို မပြုလုပ်ပါက ကြီးမားသော အကျိုးသက်ရောက်မှုကို ခံစားရတော့မှာ သေချာသည်။
ဂျိန်း
ဝှစ်
ကျွင်းချောင်ရှောင်းသည် လေထဲသို့ ထပ်မံခုန်တက်လိုက်ပြန်သည်။ စနစ်သည် ငိုချင်သလိုပင် ဖြစ်မိနေတော့သည်။ “မင်းသေချင်တယ်ဆိုရင်လည်း ငါ့ကို ဘာလို့ ဆွဲခေါ်သွားတာလဲ”
ဂျိန်း
ဝှစ်
ဤသို့နှင့်ပဲ လက်ဝါးရိုက်ချက်ကြီးသည် ဆက်တိုက်ဆိုသလိုပဲ ကျဆင်းလာ၏။ ကျွင်းချောင်ရှောင်းမှာတော့ ဟိုဘက် ဒီဘက် ခုန်ကာဖြင့် ရှောင်ရှားလျက်ရှိနေတော့၏။ တိုက်ခိုက်ချက်အနည်းငယ်ကို တိုက်ခိုက်ပြီးသည့်နောက် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် လေထုထဲတွင် ရပ်တန့်လိုက်၏။ သူ၏ ပစ်မှတ်သည် ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ တည်နေရာစက်ဝိုင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။
ဘုတ်
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ သူသည် ခေါင်းကိုမော့ကာဖြင့် အသက်ကို မနည်းရှူနေရတော့သည်။ သူဝတ်ဆင်ထားသော ဝိညာဉ်ကိုးပါးချပ်ဝတ်တွင်တော့ ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိနေတော့သည်။ သူ့အနေနှင့် တိုက်ခိုက်ချက်များကို အကြိမ်တော်တော်များများ ခုခံ နိုင်ခဲ့သည်ဆိုသည်မှာ ဤခုခံခြင်း အကာအကွယ်ကြောင့်သာဖြစ်၏။ မဟုတ်ပါက သေဆုံးသွားတာ ကြာပြီဖြစ်သည်။
“အဘိုးကြီး”
ခဏလောက်ကြာတော့ ကျွင်းချောင်ရှောင်းသည် ခက်ခက်ခဲခဲဖြင့် မော့ကြည့်လိုက်၏။ သူသည် အံကို ကြိတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ် ဒါကို မှတ်ထားမယ်၊ အနာဂတ်မှာ အဆတစ်ရာ ပြန်ပြီးတော့ ပေးဆပ် ရမယ်”
ဝေါ့
ပြောပြီးပြီးချင်းမှာပဲ သူသည် ဒဏ်ရာများကို မည်သို့မှ မဖိနှိပ်နိုင်ဟန်ဖြင့် သွေးတစ်လုတ် အန်ထုတ်လိုက်တော့ သည်။ သူသည် များပြားလှသော တိုက်ခိုက်ချက်များကို ခံယူရ၏။ သို့ပေမဲ့ သူ၏ အကာအကွယ်ပစ္စည်းများ၏ အကူအညီဖြင့် ကြံ့ကြံ့ခံနိုင်ခဲ့သေးသည်။
ထိုသို့ဆိုလျှင်တောင်မှ သူ၏ခန္ဓာကိုယ် အတွင်းကလီစာများကို ထိခိုက် သွားခဲ့သေးသည်။ ကျွင်းချောင်ရှောင်း၏ မရီဒန်များအားလုံးသည်လည်း ထိခိုက်သွား၏။ ပြောရမည်ဆိုလျှင် ပြင်းထန်သည့်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုရမည်။ ဤလောကကြီးထဲသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာကတည်းက သူသည် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိခဲ့၏။ သူ၏ နှလုံးသားထဲတွင် ဖြစ်လျက်ရှိသော ဒေါသတရားများသည် တလှိုက်လှိုက်နှင့် တက်လျက်ရှိသည်။ သူ၏ မျက်လုံး များသည်လည်း နီရဲလျက်ရှိ၏။
“ဟမ့်”
မြေကြီးအဆင့် စွမ်းအားမြင့်ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်သည်။ “ငါရဲ့ တိုက်ခိုက်ချက်တွေကို ခံယူပြီးတဲ့ နောက်မှာ အသက်ရှင်တာကတောင် ကံကောင်းနေပြီ၊ နောက်တစ်ခါ မတွေ့ရင် မင်းပိုကံကောင်းမှာပေါ့” ၎င်း၏အသံသည် တဖြည်းဖြည်းနှင့် ဝေးကွာသွား၏။ ပြီးသည့်နောက်မှာတော့ တည်နေရာထဲတွင် ပျောက်ကွယ် သွားတော့သည်။
ဂျွတ်
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် ဤကျွမ်းကျင်သူကို မှတ်သား ထားခဲ့၏။ သူ၏စိတ်ထဲမှာတော့ မုန်းတီးစွာဖြင့် တွေးတောလျက်ရှိသည်။ “ငါ အားကောင်းလာတဲ့တစ်နေ့ကျရင် ခင်ဗျားရဲ့ခေါင်းကို မြေပေါ်မှာ ဆောင့်နင်းပစ်မယ်”
“ဒီကောင်လေးက တကယ့်ကို မာတာပဲ၊ ဒီလောက် အကြိမ်အများကြီး တိုက်ခိုက်ခံရတာတောင် မသေဘူး”
“သွားကြစို့၊ သွားကြစို့”
ကျွင်းချောင်ရှောင်းအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းထဲသို့ ပြန်လည်ဝင်ရောက် သွားသည်ဖြစ်သောကြောင့် စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် အနားတွင်မနေကြချေ။ ထွက်ခွာသွားခဲ့ ကြတော့သည်။
ဝေါ့
ကျွင်းချောင်ရှောင်းသည် သွေးတစ်လုတ်အန်ထုတ်လိုက်၏။ ပြီးသည့်နောက် ခက်ခက်ခဲခဲ မတ်တပ်ရပ်ကာဖြင့် တည်နေရာရွေ့ပြောင်းခြင်း ဂိတ်တံခါးဆီသို့ တစ်လှမ်းခြင်းလျှောက်ဝင်သွားတော့၏။
“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... ဒီတည်နေရာမှ တစ်ကြိမ်ထွက်ခွာသွာစရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တစ်နှစ်အတွင်း ပြန်မလာဘူးဆိုလျှင် တည်နေရာ အကျယ်အဝန် တည်ရှိနေမှုက ကျိန်းသေပေါက် ဖျက်ဆီးခံရလိမ့်မယ်” အမျိုးသမီးတစ်ယောက်၏ အသံသည် ထွက်ပေါ်လာပြန်သည်။
ကျွင်းချောင်ရှောင်းသည် တည်နေရာဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်နေသည်။ ပြီးသည့်နောက်မှာတော့ နောက်ပြန် လှည့်ကြည့်ကာ ပြောလိုက်၏။ “ကျုပ် ပြန်လာမယ်”
ဝှစ်
ပြီးသည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်း အကျယ်အဝန်းသည် မီတာတစ်ရာလောက်အထိ ကျယ်ဝန်းလာပြီဖြစ်သည်။
ထိုတည်နေရာကြီး၏ အလံတိုင်ပေါ်တွင်တော့ ကြယ်ကြွေကုန်းမြေတိုက် ဟူသော စာတမ်းအား ရေးထိုးထားပြီး ထိုအလံတိုင်သည် လေထုထဲတွင် လွင့်မျောလျက် ရှိနေတော့၏။