← Chapters

အခန်း (၈၄၆)

Vol. 57 Ch. 846

အခန်း (၈၄၆)

Vol. 57 Ch. 846

“ဂျူနီယာညီလေးရှောင်... ဒါပြီးရင် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ဆီ သွားကြမလား”

“ကောင်းတာပေါ့”

လီချင်းယန်နှင့် ရှောင်ကျီတို့သည် စမ်းသပ်မှုမျှော်စင်ဆီမှ ထွက်၍ အပြင်သို့ လျှောက်လာကြသည်။ သို့ပေမဲ့ ၎င်းတို့ နှစ်ယောက်သည် စကားတပြောပြောဖြင့် လျှောက်လာတုန်းမှာပဲ တည်နေရာအစီအရင်ဂိတ်တံခါးသည် ဖြတ်ကနဲ လင်းသွား၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုဆီမှ အောက်သို့ ပြုတ်ကျလာကာ သတိလစ် မေ့မျောသွားတော့သည်။

“.........” လီချင်းယန်နှင့် ရှောင်ကျီတို့သည် ဆွံ့အသွားမိကြ၏။

“မဟုတ်ဘူး၊ ဂိုဏ်းချုပ်က သတိမေ့သွားပြီ”

“မြန်မြန်... မြန်မြန် ဆေးဟောခန်းမဆောင်ကို ပြေးရအောင်”

“စွန်းပုကုံး ဘယ်မှာလဲ၊ စွန်းပုကုံး ဘယ်မှာလဲ”

ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် ရှုပ်ယှက်ခတ်သွားတော့သည်။ ကျန့်ရာနှင့် တခြားသောအကြီးအကဲများ အားလုံး သည် ဆေးဟောခန်းမဆောင်၏ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ရှေ့သို့လျှောက်လိုက်၊ နောက်သို့ လျှောက်လိုက် လုပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေ၏။

ရှောင်ကျီသည် လှေကားထစ်ရင်းတွင် ထိုင်လျက်ရှိနေသည်။ လုံကျိရန်၊ လီထျန်းထျန်းနှင့် တခြားသောသူများသည် လည်း အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။

လုချင်းချင်းမှာတော့ နံရံတွင်မှီကာ ရပ်လျက်ရှိ၏။ သို့ပေမဲ့ သူမ၏ ကြည်လင်ရှင်းလင်းနေသော မျက်လုံးများသည် အေးစက်နေသည်ဆိုသော်လည်း ထိုမျက်လုံးထဲတွင်ရှိသော စိုးရိမ် ပူပန်နေသည့် အရိပ်အယောင်များကိုတော့ ဖုံးကွယ်မထားနိုင်ချေ။

ကျွီ

ခဏလောက်ကြာပြီးသည့်နောက် တံခါးပွင့်လာခဲ့တော့သည်။ အကြီးအကဲဝေနှင့် စွန်းပုကုံးတို့သည် ခေါင်းကို မော့ကာဖြင့် အသာလျှောက်ထွက်လာကြသည်။

ပြီးနောက် လီချင်းယန်က အရင်ဆုံးမေးလိုက်၏။ “အကြီးအကဲဝေ... ဂိုဏ်းချုပ် အဆင်ပြေရဲ့လား”

“သတိမေ့နေတယ်ဆိုပေမယ့် အဆင်ပြေပါတယ်၊ အရမ်းကြီး ဒဏ်ရာ မပြင်းထန်ဘူး” အကြီးအကဲဝေက ပြောလိုက်သည်။

အားလုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိကြ၏။

“ဒါပေမဲ့”

အကြီးအကဲဝေက ပြောလိုက်သည်။ “အချိန်အတော်ကြာ နားဖို့ လိုအပ်လိမ့်မယ်”

တင်းရှင်းဝမ်က တည်ငြိမ်စွာပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို ဒီလောက် ဒဏ်ရာပြင်းပြင်းနဲ့ ပြန်လာနိုင်အောင် လုပ်ဖို့ဆိုရင် ဒီတိုက်ခိုက်ပွဲတည်နေရာကြီးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ”

…………………..

ကျွင်းချောင်ရှောင်းသည် တစ်ရက်တိတိ သတိမေ့လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ ပြန်လည်၍ နိုးထလာ ခဲ့၏။ ၎င်း၏ ဒဏ်ရာများသည် စွန်းပုကုံး၏ ဆေးအစွမ်းအောက်တွင် ပြန်လည်ကောင်းမွန်လာခဲ့သည် ဆိုသော်လည်း အိပ်ယာထဲမှထ၍ လျှောက်နိုင်သည့် အခြေအနေတစ်ခုသာ ရှိတော့၏။ သူ၏ မရီဒန်များသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေကြ၏။ ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခုတွင် စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ ဤအရာသည် ပြဿနာကြီးတော့ မဟုတ်ပေ။ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေရှိနေသည် ဖြစ်သောကြောင့် သူသည် ထိုအထဲသို့ ဝင်ရောက်ရင်း မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ကောင်းမွန်အောင် ပြုလုပ်၍ ရနိုင်သည်။

သူသည် သုံးနာရီကြာသည်အထိ တိုက်ခိုက်ရေးတည်နေရာထဲသို့ ဝင်ရောက်ခဲ့သည်ဆိုသော်လည်း အလွန်အမင်း အားနည်းနေသည်ဟု ခံစားမိလိုက်၏။

စနစ်က နှစ်သိမ့်လိုက်သည်။ “လက်ခံသူက အားနည်းတာမဟုတ်ဘူး၊ တခြားသူတွေက အရမ်းအားကောင်းနေတာ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်လိုက်၏။ သူသည် သိုင်းအင်ပါယာတစ်ယောက်၏ ထပ်တလဲလဲ လက်ဝါးချက်ဖြင့် ရိုက်နှက်ခြင်းကို ခံနေရသည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် မှာတော့ ဒေါသတွေ ထွက်လျက်ရှိသည်။ “ငါ ပြင်းပြင်းထန်ထန် စော်ကားခံခဲ့ရတာပဲ”

သူသည် အလွန်တရာ ဒေါသထွက်လျက်ရှိ၏။ ထို့ကြောင့် ပြန်လည်၍ ကလဲ့စားချေရပေမည်။

စနစ်က အကြံပြုလိုက်၏။ “ဂိုဏ်းစုဆောင်းမှတ်တွေကို ထုတ်သုံးပြီးတော့ အဆင့်မြင့်အရည်အသွေးရှိတဲ့ ပစ္စည်း တွေ ဝယ်ယူရမယ်၊ ပြီးရင် ဂြိုဟ် တိုက်ပွဲဆီသွားပြီးတော့ အဲဒီခွေးကောင်ကို ပြန်သတ်ပစ်ရမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့အနေနဲ့ အထူးတာဝန်နှစ်ခုကို ပြည့်စုံပြီး သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ကို ချိုးဖြတ်နိုင်ဖို့ စောင့်ရမယ်၊ ပြီးမှ လက်စားချေရမယ်”

စနစ်သည် သူ့အား ဖြစ်နိုင်သမျှ အမြန်ဆန်ဆုံးအနေဖြင့် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုစေချင်နေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း တွေးသလိုဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်များအားလုံးသည် ထိန်းသိမ်းထားရမည်ဖြစ်၏။ လအနည်းငယ်ကြာပြီး ဆုလာဘ်တွေ ရရှိပြီးပါက ပို၍အဆင့်မြင့်သည့် အဆင့်တစ်ခုဆီသို့ တိုးတက်သွားမှာ ဖြစ်သည်။ ထိုမှသာလျှင် ပြန်လည်၍ အသုံးပြုရပေလိမ့်မည်။

“လက်စားချေခြင်းဆိုတာက အေးစက်တဲ့ဟင်းတောင်မှ စားလို့ကောင်းတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြီးတော့ ငါ့နာမည်က ကျွင်းပဲ”

“.........”

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “လက်စားချေတာနဲ့ မင်းနာမည် ကျွင်းနဲ့ ဘာဆိုင်လို့လဲ”

ကျွီ

တံခါးပွင့်လာပြီးသည့်နောက်မှာပဲ နှင်းကဲ့သို့ ဖြူဖွေးလှသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လုချင်းချင်း သည် အသာလျှောက်ဝင်လာခဲ့သည်။ သူမသည် စားပွဲပေါ်သို့ ပန်းကန်လုံးတစ်လုံးကို အသာကောက်တင်ကာ ပြောလိုက်တော့သည်။ “ဆေးသောက်ဖို့ အချိန်ကျပါပြီ”

“.........” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ကံကောင်းစွာဖြင့် သူသည် အိပ်ယာမှထ၍ လျှောက်လာနိုင်သေး၏။ ဤကဲ့သို့ ပြုစုနည်းနှင့်သာဆိုပါက အိပ်ယာထဲ လဲနေသည့်သူသည် ငတ်၍ သေသွားပေလိမ့်မည်။

လုချင်းချင်းက ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲက ဒီလောက် အန္တရာယ်ကြီးတယ်ဆိုမှတော့ ဘာလို့ ဂိုဏ်းချုပ်က ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးတွေကို ပြင်ဆင်မသွားတာလဲ”

“ငါ့ရဲ့ လက်ရှိအဆင့်မှာ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက အကျိုးသက်ရောက်မှု မရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သို့ပေမဲ့ လုချင်းချင်း၏ စကားသည် သူ့အား သတိရသွားစေ၏။ သိုင်းကျင့်ကြံသူ၏ သိုင်းနည်းစနစ်များသည် အမြဲတမ်းပြောင်းလဲနေသည်မို့ အဆင့်များသည်လည်း အမြဲတမ်းပြောင်းလဲနေ၏။ သို့ပေမဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမှာတော့ အလယ်အလတ်အဆင့်မှာပဲ တစ်လျက်ရှိနေသည်။

“ကြည့်ရတာ ….”

ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်မိ၏။ “ငါ့အနေနဲ့ စတိုးထဲကို ဝင်ပြီးတော့ Refresh လုပ်ရမယ့်အချိန်ကျပြီနဲ့တူတယ်”

စနစ်ကပြောလိုက်သည်။ “ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုချင်တာလား”

“.......”

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွားမိ၏။ “မင်းက ငါ့ကို ဂိုဏ်းစုဆောင်းမှတ်တွေ အရမ်းကို သုံးစေချင်နေတာပဲ၊ တဖြည်းဖြည်းနဲ့ ပိုပိုပြီး လောဘကြီးလာတာပဲ”

“အင်း”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက တိုက်ပွဲတည်နေရာကြီးမှာ တခြားသူတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်း ကို ခံခဲ့ရတာလေ၊ ဒီတော့ ငါ့ရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတယ်၊ ဒါကြောင့် လက်ခံသူအနေနဲ့ ဝှက်ဖဲတွေ အများကြီးကို ရယူပြီး ပိုပြီးအားကောင်းတဲ့လူ ဖြစ်လာစေဖို့အတွက် ငါအလျင်လိုနေတယ်လေ”

“ချီးတဲ့မှ... ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းကို အသုံးပြုပြီး ဂြိုလ်တိုက်ပွဲတည်နေရာ ဂိတ်တံခါးကြီးကို ဝယ်ယူ လိုက်တာ အသုံးမဝင်ဖြစ်ပြီးသွားပြီ၊ ဘာလို့ ငါက မင်းပြောတဲ့စကားတွေကို သေသေချာချာ နားထောင်နေရမှာလဲ”

ပထမတုန်းက ဤတည်နေရာရွေ့ပြောင်းခြင်း ဂိတ်တံခါးကြီးသည် တခြားသော လောကများဆီသို့ ဝင်ရောက် နိုင်သည်ဟု သူတွေးထားမိ၏။ သို့ပေမဲ့ ဂြိုဟ် တိုက်ပွဲဆိုသော နေရာဆီသို့သာ ရောက်ရှိသွားခဲ့၏။

“မဖြစ်ဘူး... မဖြစ်ဘူး” ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးတောလိုက်ရုံသာရှိသေးသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး နာကျင်လာသည်ကို ခံစားမိသည်။ စနစ်သည် မည်သည့်စကားမှ မဆိုချေ။

.................

ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေဆီသို့ ဝင်သွားလိုက်၏။ ပြန်လည်ထွက်ခွာလာသည့် နောက်မှာတော့ ဒဏ်ရာများသည် အလုံးစုံပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်း၏တည်ဆောက်မှု ပုံစံကို ပြန်လည်ကာ အာရုံစိုက်ထားတော့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာရွေ့ပြောင်းခြင်း ဂိတ်တံခါးသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဝင်ရောက်နိုင်စွမ်းရှိနေ၏။ ထို့ကြောင့် ကြိုက်တဲ့ အချိန်တွင် သွားရောက်လို့ရသည့်ဆိုသည့်သဘောပင် ဖြစ်သည်။

“နောက်တစ်ကြိမ် ငါဝင်သွားပြီဆိုရင် အဘိုးကြီးတင်းနဲ့ တခြားသူတွေအားလုံးကို ခေါ်သွားရမယ်၊ ဒါမှ တည်နေရာကို ပိုပြီး ချဲ့ထွင်နိုင်မှာ၊ ဒါဆိုရင် သီလစတိုးကိုလည်း အသက်သွင်းနိုင်လိမ့်မယ်”

ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။ ဂြိုဟ်တိုက်ပွဲကို တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူ၏ သီလအမှတ်များသည် တစ်ထောင်ကျော်သို့ပင် ရောက်ရှိသွားပြီဖြစ်၏။ လက်ရှိအချိန်တွင် သူသည်လည်း ပစ္စည်းကောင်းများနှင့် လဲလှယ်လို့ ရနိုင်သည့် သီလစတိုးကို မျှော်လင့်လျက်ရှိနေ၏။

ဟုတ်ပေသည်။ အဘိုးကြီးတင်းနှင့် တခြားသောသူများ အားလုံးသည်လည်း စိတ်ဝင်စားလျက်ရှိ၏။ ဂိုဏ်းချုပ်သည် ဤလျှို့ဝှက်နယ်မြေထဲတွင် မည်သို့သောကိစ္စရပ်များနှင့် တွေ့ကြုံခဲ့ရသနည်း ဆိုသည်နှင့် အဘယ်ကြောင့် ဤမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး သတိလစ်မေ့မျောသည်အထိ ရောက်ရှိသွားရသနည်း ဆိုသည်ကို သူတို့ သိရှိနေချင်မိသည်။

“ဘာ....”

“ကောင်းကင်ဘုံ”

ကျွင်းချောင်ရှောင်းသည် ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်ပြောပြလိုက်၏။ ရုတ်တရက်ပဲ အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော အဘိုးကြီးတင်း၊ ကျန့်ရာနှင့် တခြားသောသူများ အားလုံးတို့သည် ဆွံ့အလျက်ရှိနေကြ တော့သည်။ သိုင်းအုပ်စိုးသူများသည် လမ်းဘေးခွေးများကဲ့သို့ ပေါပေါများများ တည်ရှိနေသည်။ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူများသည် နေရာအနှံ့တွင် ရှိနေ၏။ ဤမြင်ကွင်းသည် မယုံကြည်နိုင်စရာပင် ဖြစ်ပေလိမ့်မည်။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည်။ “ကျုပ်က မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့တာလေ၊ အဲလူက သိုင်းနယ်မြေထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ရတယ်”

“ဂိုဏ်းချုပ်”

အဘိုးကြီးတင်း၏ မျက်လုံးများသည် တောက်လောင်လာ၏။ “ကျုပ်သွားရမယ်”

“အခုမဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခဏနေရင် ခင်ဗျားတို့အကုန်လုံးကို ခေါ်သွားမှာ”

ကျန့်ရာနှင့် နင်ညီအစ်ကိုတို့၏ မျက်လုံးများသည်လည်း တောက်လောင်လာခဲ့သည်။ ဂြိုဟ် တိုက်ပွဲကြီးသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသည်ဆိုသော်လည်း သိုင်းပညာရှင်တစ်ယောက်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသည့် တိုက်ခိုက်ပွဲများကို တမ်းတမက်မောကြသည်ဆိုသည်မှာ သဘာဝ ပင်ဖြစ်၏။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းသည် တည်ကြည်စွာဖြင့် ပြောလိုက်၏။ “ဒီအတောအတွင်း ခင်ဗျားတို့အနေနဲ့ ပိုမို ကြိုးစားပြီး လေ့ကျင့်ကြပါ၊ ဂြိုဟ်တိုက်ပွဲ လျှို့ဝှက်နယ်မြေထဲကို တစ်ကြိမ်ဝင်သွားပြီးပြီဆိုတာနဲ့ သေခြင်းနဲ့ ရှင်ခြင်းတရားက ကံတရားအပေါ် မူတည်သွားပြီးပြီ”

“ကောင်းပါပြီ” ကျန့်ရာနှင့် တခြားသောသူများသည် သံပြိုင်ဆိုသလိုပဲ ပြောဆိုလိုက်ကြ၏။

အစည်းအဝေးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်ဘုရင်ကို လှမ်းခေါ်ကာ ပြောလိုက်၏။ “ခင်ဗျား ပြန်ကောင်းသွားပြီလား”

“အဆင်ပြေပါတယ်”

ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “အနည်းဆုံး ခုနှစ်ဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်း လောက် ပြန်ကောင်းသွားပြီ”

လီလိုရှု၏ အရသာရှိလှသော အစားအစာများအပြင် ဂိုဏ်းထဲတွင်ရှိသော အရင်းအမြစ်များက သူ့ကို ပိုမို၍ ကြံ့ခိုင် စေခဲ့၏။ သူ့အနေနှင့် စည်းခတ်မခံရစဉ်က အားအင်အဆင့်များကို ပြန်လည်ရောက်ရှိရန် နီးကပ်လာခဲ့ပြီဖြစ်သည်။

အရင်တုန်းကဆိုလျှင် များပြားလှသော သိုင်းနယ်မြေကျင့်ကြံသူများ အတင်းပူးပေါင်းပြီး သူ့ကို ဖိနှိပ်အနိုင်ယူခဲ့ရ၏။ ဤခရမ်းရောင်ဘုရင်သည် ကျိန်းသေပေါက် အားကောင်းပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ဂြိုလ်တိုက်ပွဲများ တိုက်ခိုက်ရာတွင် ၎င်းအား ခေါ်ယူသွားချင်မိ၏။ ထိုမှသာလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာသည် ပို၍ ကျယ်ပြန့်လာမှာဖြစ်၏။

“ဂိုဏ်းချုပ်”

ရီရှင်းချန်က ရောက်ရှိလာပြီး ပြောလိုက်သည်။ “ကျွန်တော်လည်း ဝင်လို့ရလား”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “မင်းအနေနဲ့ ဆယ်လအတွင်း သိုင်းအုပ်စိုးသူ အဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်မယ်ဆိုရင် ခေါ်သွားမယ်”

“ဆယ်လ ဟုတ်လား”

ရီရှင်းချန်က ပြောလိုက်သည်။ “ဒါက နည်းနည်းတော့ ခက်တယ်”

သူ့အနေနှင့် လက်ရှိတွင် သိုင်းဘုရင်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဟယ်ဝူတီမှလွဲရင် တပည့်များထဲမှာ အမြန်ဆုံးသောသူဟု ဆိုရမည်။ လုံလောက်သည့် အရင်းအမြစ်နှင့် များပြားလှသည့် လျှို့ဝှက် တည်နေရာများရှိနေသောကြောင့် ဆယ်လအတွင်း သူ့အနေနှင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိရန် ဆိုသည်မှာ ခက်ခဲလှသည်တော့ မဟုတ်ပေ။

သို့ပေမဲ့ သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိဖို့ ဆိုသည်မှာတော့ အချိန်အနည်းငယ် လိုအပ်နေ၏။ လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်သည် ၎င်း၏ ရည်ရွယ်ချက်အား သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိရန်ဟု ပြောင်းလဲလိုက်တော့သည်။

ကျင့်ကြံခြင်းဆိုသည်မှာ တစ်ခါတစ်ရံတွင် နားလည်မှုသည်သာမက အချိန်ကလည်း လိုအပ်နေသေး၏။ သူ့အနေနှင့် အရာအားလုံးကို နားလည်ပြီးသား ဖြစ်သည်ဆိုသော်လည်း အချိန်တော့လိုအပ်လျက်ရှိနေ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း သိုင်းအုပ်စိုးသူအဆင့်သို့ ဝင်ရောက်သွားမည်ဆိုပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ၎င်းတို့အားလုံးအနေဖြင့် ပိုမိုနားလည်နိုင်ရန် အချိန်များ လိုအပ်နေသေး၏။ ထို့ကြောင့် အဆင့်ချိုးဖြတ်နိုင်ဖို့ဆိုသည်မှာ ရီရှင်းချန်ထက်ပင် ပို၍ ခက်ခဲပေလိမ့်မည်။ သို့ပေမဲ့ ဤအရာမှာ ပြဿနာကြီးတော့ မဟုတ်ပေ။ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်နှင့် ဓာတ်ငါးပါးကောင်းကင် နည်းစနစ်တို့ ရှိသည့်အပြင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်နှင့် များပြားလှသော အရင်းအမြစ်များ ရှိသည်ဖြစ်သောကြောင့် အချိန်အတိုင်းအတာတစ်ခုတွင် အဆင့်ချိုးဖြတ်နိုင်ကြမှာ သေချာ၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ “ငါ လူတွေကိုခေါ်ပြီး ပြန်ဝင် လာတဲ့အချိန်ကျရင် ကျိန်းသေပေါက် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်မယ်”

All Chapters