← Chapters

အခန်း (၈၄၇)

Vol. 57 Ch. 847

အခန်း (၈၄၇)

Vol. 57 Ch. 847

ဤဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ သွားရောက်လိုက်ရသည့်ခရီးတွင် ကျွင်းချောင်ရှောင်း နားလည်လိုက်သည်မှာ လူတစ်ယောက်သည် လုံလောက်သည့်အားအင်မရှိဘဲ ဝင်ရောက်သွားနိုင်သည့်နေရာမဟုတ်ကြောင်း နားလည် လိုက်ခြင်းပင်ဖြစ်တော့သည်။ ပြဿနာမရှိပေ။ နောက်တစ်ကြိမ်တွင် သူသည် လူပေါင်းများစွာကို ခေါ်ဆောင်သွားရပေလိမ့်မည်။ ထို့အပြင် လူများများခေါ်လာလေလေ တည်နေရာကြီး ကျယ်ပြန့်မှု ပိုမို၍ မြန်ဆန်လာလေ ဖြစ်သည်ဟု စနစ်၏ အမျိုးသမီးအသံက ပြောခဲ့သည်။

ဟုတ်ပေသည်။ တိုက်ပွဲတည်နေရာကြီးမှ ပြန်လာပြီးသည့် နောက် သူသည် အတွေ့အကြုံများကို ရရှိခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် များပြားပြီး ခက်ခဲလှသော အခြေအနေများကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်တော့၏။

ပထမဆုံးအနေဖြင့် သူသည် လူပေါင်းများစွာကို ခေါ်ဆောင်သွားပေလိမ့်မည်။ သို့ပေမဲ့ သူ့အနေနှင့် ထိုသူများအားလုံး၏ လုံခြုံရေးအခြေအနေကို ပိုမိုစိတ်ချရသည့် အခြေအနေတွင် ရှိစေချင်မိ၏။ ၎င်းတို့ အားလုံးအား လွယ်လွယ်ကူကူနှင့် သေဆုံးမသွားချင်ပေ။

စနစ်က ပြောလိုက်သည်။ “လက်ခံသူဆီမှ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနဲ့ အဆင့်မြင့်အဆောင် တွေ၊ အဆင့်မြင့်ပစ္စည်းတွေ၊ လက်နက်တွေ လိုအပ်နေသေးတယ်”

“........”

စနစ်သည် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုရန် ကြော်ငြာနေခြင်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ သို့ပေမဲ့ သေချာစဉ်းစားကြည့်မည်ဆိုလျှင် သူသည်လည်း ဤပစ္စည်းများကို အမှန်တကယ် လိုအပ်နေ၏။

သို့ပေမဲ့ ထိုအရာများအားလုံးကို လိုအပ်နေသည်ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်များကို မည်မျှ များပြား အောင် အသုံးပြုရမည်နည်း။ ထို့အပြင် ဤတိုက်ခိုက်ရေးတည်နေရာကြီးကို အသုံးပြု၍ တခြားသောလောကများ ဆီသို့ သွားရောက်ခြင်းလည်း မပြုလုပ်နိုင်ပေ။ တည်နေရာကြီးကို ချဲ့ထွင်ပြီး သီလစတိုးကို ဖွင့်နိုင်မှသာလျှင် အထဲတွင် ဘာတွေရှိသည်ဆိုခြင်းကို ကောင်းကောင်းမြင်ရပေလိမ့်မည်။

“ကဲ... အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို အရင်ဆုံးရအောင် လုပ်ကြတာပေါ့” ကျွင်းချောင်ရှောင်း သည် ဆုံးဖြတ်ချက် ချလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် စဦးစတိုးကို ဖွင့်လိုက်မိသည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အဆင့်မြင့်ပစ္စည်းတွေ ရဖို့အတွက် စဦးစတိုးဆီသွားတာ ဘယ်လိုမှ ဖြစ်နိုင်တဲ့အရာမဟုတ်ဘူး”

“ဒါဆိုရင် ဘယ်မှာ ရမှာလဲ”

“အဆင့်မြင့်စတိုးပေါ့”

“.........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးတွင် ဝယ်ယူခွင့် ရသည်ဆိုသော်လည်း refresh လုပ်ခြင်းကို မပြုလုပ်ချင်ပေ။ အဓိကအားဖြင့် ထိုနေရာတွင် refresh လုပ်ရန် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း လိုအပ်နေခဲ့သည်။

စနစ်က ပြောလိုက်သည်။ “အဆင့်မြင့်စတိုးမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးက ကောင်းတယ်လေ၊ ပြီးတော့ အကူအညီ မဖြစ်စေတဲ့ပစ္စည်းဆိုတာကို မရှိဘူး၊ ဒီတော့ အဆင့်မြင့်စတိုးထဲကိုသွားပြီး refresh လုပ်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်”

စနစ်သည် ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရန် မြူစွယ်နေခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ သို့ပေမဲ့ စနစ်ပြောသည်ကလည်း အဓိပ္ပာယ်ရှိလှသည်။ လက်ရှိအချိန်တွင် ပစ္စည်းအနည်းငယ်မှလွဲ၍ အဆင့်မြင့်စတိုးထဲရှိ ပစ္စည်းတော်တော်များများသည် အသုံးမဝင်သည့်အရာဟူ၍ မရှိချေ။

“ဒါဆိုရင် ဂိုဏ်းစုဆောင်းမှတ် ဘယ်လောက်တောင် အသုံးပြုရမှာလဲ”

စနစ်က ပြောလိုက်သည်။ “လက်ရှိ အခြေအနေမှာ လက်ခံသူ အသုံးပြုနိုင်ဖို့ ဂိုဏ်းစုဆောင်းမှတ် ခုနှစ်သောင်းကို ကူညီပေးထားမယ်”

“နည်းနည်းလေးပဲလား”

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွား၏။ တပည့်များသည် သေခြင်းရှင်ခြင်း လျှို့ဝှက် နယ်မြေတွင် ဝင်ရောက်စိန်ခေါ်သည့်အချိန်မှာ ဂိုဏ်းစုဆောင်းမှတ် တစ်ခုသာရ၏။ လက်ရှိအခြေအနေမှာတော့ အချိန်တွေ အများကြီးကုန်ခမ်းသွားခဲ့ပြီး တပည့်ပေါင်း တစ်သောင်းကျော်တို့သည် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ သူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား ရပေလိမ့်မည်။

စနစ်က ပြောလိုက်သည်။ “တပည့်တွေ အဆင့်မြင့်မားလာတာနဲ့အမျှ စိန်ခေါ်မှုရဲ့ ခက်ခဲမှုကလည်း နိမ့်ကျလာ တယ်၊ ဒီတော့ အတွင်းစည်းတပည့်တွေကို အဖွဲ့ကြီးအဖြစ် ဖွဲ့ပြီးတော့ လွယ်ကူတဲ့ပုံစံကနေ ကျော်ဖြတ်ပြီး အလယ်အလတ်အဆင့် ခက်ခဲမှုပုံစံကို ပြိုင်ဆိုင်ခိုင်းတာက ဂိုဏ်းစုဆောင်းမှတ်တွေ ပိုပြီးရမယ်လို့ ထင်တယ်”

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် ပြိုင်စံရှားဂိုဏ်းတပည့်များ ကောင်းကောင်းတိုးတက်လာစေရန်အတွက် နေရာကောင်းတစ်ခုပင်ဖြစ်သည်။ သို့ပေမဲ့ အချိန်အတော်ကြာ တစ်နေရာတည်းတွင် ကျော်ဖြတ်နေခြင်းအားဖြင့် အတွေ့အကြုံမှတ်များလည်း ပိုမို၍ တိုးပွားမလာခဲ့ချေ။ ထို့ပြင် ဂိုဏ်းစုဆောင်းမှတ်မှာလည်း မရရှိတော့။

ဥပမာ အားဖြင့် လီချင်းယန်နှင့် ရှောင်ကျီတို့ပင်ဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းဘုရင်အဆင့်ခုနှစ် နှင့် အဆင့်ရှစ် ကျင့်ကြံခြင်းများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လွယ်ကူသည့်ပုံစံတွင် ဝင်ရောက်ယှဉ်ပြိုင် နေပါက အတွေ့အကြုံမှတ်များ မရရှိရုံမက ဂိုဏ်းစုဆောင်းမှတ် များလည်း ရရှိမည် မဟုတ်ချေ။ သာမန်ခက်ခဲသည့်ပုံစံတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက အတွေ့အကြုံမှတ် အနည်းအကျဉ်းကို ရပေလိမ့်မည်။

ထိုသို့ရသည် ဆိုလျှင်တောင် အကြိမ်ပေါင်းများစွာ ဤနေရာတွင် ကျော်ဖြတ်မည်ဆိုပါက မည်သည့် အတွေ့အကြုံမှတ်မှ ရရှိလိမ့်မည် မဟုတ်ချေ။ ခက်ခဲမှုပုံစံတွေကို ၎င်းတို့သည် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီးသား ဖြစ်သည်။ များပြားလှသည့် အတွေ့အကြုံမှတ်များနှင့် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိမည့် နည်းလမ်းကိုလည်း သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ အနေဖြင့် မည်သည့်ထိခိုက်မှုမှ မရှိဘဲ ထိုနေရာကို ကျော်ဖြတ်နိုင်ဖို့ ဆိုသည်မှာ မလွယ်ကူပေ။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါဆိုရင် ငါ့ကို ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းလောက် အရင်ပေးထား"

"ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၅၄၄၈၀ /၅၀၀၀၀"

"ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေပြီဖြစ်သောကြောင့် ....."

ရွှီး

သူသည် အဆင့်မြင့်စတိုးအား ဖွင့်လှစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သေသေချာချာ ကြည့်ရှုလိုက်တော့သည်။ ဝယ်ယူစရာ အသုံးဝင်သည့်ပစ္စည်းမျိုး မရှိသည်မို့ အတည်ပြုပြီးသည့်နောက်မှာတော့ သူသည် အံကိုကြိတ်ကာဖြင့် refresh ပြုလုပ်လိုက်တော့သည်။ သို့ပေမဲ့ သူ၏လက်များသည် တုန်ယင်လျက်ရှိသည်။

"ဒင်.... ဂိုဏ်းစုဆောင်းမှတ် - ၄၄၄၈၀ /၅၀၀၀၀"

ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြုပြီးသည့်နောက်မှာတော့ အဆင့်မြင့်စတိုးထဲရှိ ပစ္စည်းများသည် ပြောင်းလဲသွားခဲ့တော့သည်။ ပေါ်လာသည့်ပစ္စည်းများမှာ မူလကျောက်တုံး၊ အဆင့်မြင့် နဂါးမီးတောက် နည်းစနစ်၊ ကောင်းကင်ရှစ်ပိုင်းခွဲပုဆိန်........

ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ဖတ်ရှုပြီးသည့်နောက်မှာတော့ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ဖော်မြူလာဆိုသည့်အရာကို မြင်လိုက်ရတော့၏။ သူ၏မျက်လုံးများသည် ချက်ချင်းပဲ လင်းလက်သွား တော့၏။

"ကြည့်စမ်း"

စနစ်က ပြောလိုက်သည်။ "ငါပြောတာ မှန်တယ်မဟုတ်လား"

ကျွင်းချောင်းသည် မိတ်ဆက်ကို သေချာ နှိပ်ကြည့်လိုက်တော့၏။

"ပစ္စည်း - အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ဖော်မြူလာ။

မိတ်ဆက် - ထိုအရာကို ဝယ်ယူပြီးသည်နှင့်တပြိုင်နက် ဆေးလုံးခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီ သွားမည်ဖြစ်သည်၊ ပြီးသည့်နောက်မှာတော့ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သန့်စင်နိုင်ရန် အတွက် နည်းလမ်းကို ရရှိပေလိမ့်မည်။

အကျိုးသက်ရောက်မှု - သိုင်းကျင့်ကြံသူတစ်ယောက်အနေနှင့် အသက်ရှူနေသေးသည်ဆိုလျှင် မည်မျှ ပြင်းထန် လှသည့်ဒဏ်ရာဖြစ်ပစေ ပြန်လည်ကာ ကောင်းမွန်သွားပေလိမ့်မည်။

အထူးအကျိုးသက်ရောက်မှု - ဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေသည်သာမက ကုန်ခမ်းသွားသော စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း မြန်မြန်ဆန်ဆန် ပြန်လည်ပြည့်လာစေလိမ့်မည်

အကျိုးမသက်ရောက်မှု - သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေကျင့်ကြံသူများအတွက် ကန့်သတ်ထားသည်မှာ တစ်နေ့လျှင် တစ်လုံးသာသောက်၍ရ၏။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း"

"စိတ်ဝိညာဉ်စွမ်းအင်တွေကိုတောင် ပြန်ပြီး အားကောင်းစေတယ် ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒါက တကယ့်ကို ပစ္စည်းကောင်းတစ်ခုပဲ"

အဆင့်နိမ့်ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများသည် ဒဏ်ရာများကိုသာ ကုသနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိပြီး မောပန်းနေသူတစ်ယောက်အနေနှင့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဒဏ်ရာများ ပျောက်ကင်းသက်သာရုံဖြင့် မလုံလောက်သေးချေ။ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမှာတော့ ဒဏ်ရာ များ ပြန်လည်ကောင်းမွန်ရုံသာမက စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ပြန်လည်ကောင်းမွန်စေလိမ့်မည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားမည်ဆိုပါက ခန္ဓာကိုယ်ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန်သာမက ရန်သူနှင့် တိုက်ခိုက်ရန် စိတ်ဝိညာဉ်စွမ်းအင်များကလည်း အဆင်သင့် ဖြစ်နေပေ လိမ့်မည်။

"ငါ ဒါကိုဝယ်ရမယ်"

ကျွင်းချောင်ရှောင်းသည် အများကြီး စဉ်းစားမနေတော့ချေ။ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း အား အသုံးပြု၍ ဝယ်ယူလိုက်တော့သည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ တိုက်ခိုက်မှုပုံစံများသည်လည်း ပိုမို၍ ကြမ်းတမ်းလာခဲ့၏။ ထို့ကြောင့် သိုင်းပညာရှင်တစ်ယောက်သည် ဒဏ်ရာ ရရှိမည်ဆိုပါက ၎င်း၏ မရီဒန်များလည်း ထိခိုက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်အမြူတေကိုလည်း သက်ရောက်ပေလိမ့်မည်။ အခု စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ကောင်းမွန်စေသည့် ဆေးလုံးဆိုသည်မှာ ပြင်ပ လောကထဲ၌ တိုက်ခိုက်ရာတွင် အလွန်အသုံးတည့်သည့် ပစ္စည်း ဖြစ်ပေလိမ့်မည်။

"ဒင်... အဆင့်မြင့်ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ဖော်မြူလာသည် ဆေးလုံးခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွားခဲ့၏"

၎င်းအနေဖြင့် သန့်စင်နိုင်သော ဆေးပစ္စည်းများကို နှိပ်၍ ဝင်ကြည့်လိုက်သည့်နောက်မှာတော့ ပစ္စည်းအမျိုးအစား ငါးဆယ်ပေါ်လာတော့၏။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါက များလွန်းတယ်"

"ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက ပိုပြီးကောင်းလာလေ၊ ပါဝင်တဲ့ပစ္စည်းတွေက ပိုပြီးကုန်လာလေပဲလေ၊ ဒါက အခြေခံဗဟုသုတပဲ မဟုတ်လား" စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။ "ဆာလောင်မြက်နဲ့အသား နှစ်ကီလိုဂရမ်လောက် တိုးသွားတာနဲ့ စဦး သားရဲ ဆေးလုံးကနေ အလယ်အလတ်အဆင့် သားရဲဆေးလုံးဖြစ်သွားတဲ့ အခြေအနေကကော ရှင်းပြပေးပါအုံး"

"ဒါက" စနစ်က ဆွံအသွားမိသည်။

"ဂိုဏ်းချုပ်"

လီလိုရှုက လျှောက်ဝင်လာပြီး ပြောလိုက်သည်။ "ဆာလောင်မြက်တွေက လိုက်ဝယ်လို့ မနိုင်တော့ဘူး၊ မကြာခင် ပစ္စည်းပြတ်သွားမှာ စိုးရိမ်ရတယ်"

ကျွင်းချောင်ရှောင်း "...."

သူသည် ယခုလေးတင် သားရဲဆေးလုံးအကြောင်းကို အသုံးပြု၍ စနစ်ကို ပါးပိတ်ရိုက်ခဲ့သေး၏။ လက်ရှိအခြေ အနေမှာတော့ သူ့အား ပါးပြန်ရိုက်ခဲ့ပြီဖြစ်သည်။

အဝယ်တော်ဟောခန်းသည် ဆာလောင်မြက် အများအပြားကို ဝယ်ယူခဲ့၏။ သို့ပေမဲ့ ဤနေရာအနီးတစ်ဝိုက်တွင်ရှိသော ဆာလောင်မြက်များသည် ပြန်လည် ကြီးထွားရန် အချိန်လိုအပ်နေပြီဖြစ်သည်။ ပြန်လည်ကြီးထွားလာမှသာလျှင် ထိုဆာလောင်မြက်များကို ပြန်လည်ရရှိမည် ဖြစ်သည်။ ထို့ပြင် ချင်းယန်နိုင်ငံမှ ကုန်သည်များအားလုံးသည် ပြိုင်စံရှားဂိုဏ်းမှာ ဤဆာလောင်မြက်များကို ဝယ်ယူသည်ဖြစ်ကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ နေ့စဉ်နေ့တိုင်း ထူးထုတ်နှုတ်လျက် ရှိနေကြ၏။ ထို့ကြောင့် တောင်များသည် တောင်ကတုံးပင် ဖြစ်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။ "ငါ့အနေနဲ့ အချိန်အတော်ကြာတဲ့အထိ ထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းကို စဉ်းစားရမယ်"

သံမဏိအရိုးတောင်ထဲတွင် သားရဲပေါင်း တစ်သိန်းကျော်တို့ ရှိလို့နေ၏။ ထိုတိရစ္ဆာန် များအားလုံးသည် ပိုမို၍ အဆင့်မြင့်တက်လာရန် လိုအပ်နေ၏။ ထို့ကြောင့် အလယ်အလတ်အဆင့် သားရဲဆေးလုံး သည် ပစ္စည်းပြတ်သွား၍ မဖြစ်ချေ။ ထို့ကြောင့် အကြီးအကဲဝေဆီသို့ သွား၍ တိုင်ပင်မှ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းကို သွားရောက်ပြီးသည့်နောက်မှာတော့ အဆင့်မြင့် ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးကို သန့်စင်နိုင်မည့် ဆေးပင်များစာရင်းကို ပေးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ဒီဆေးပင်တွေ ကြီးထွားပြီးတော့ ဆေးဖော်စပ်ဖို့ ရနိုင်ဖို့အတွက် အချိန် ဘယ်လောက်လောက် ကြာနိုင်မလဲ"

သူ့တွင် ဆေးပင်မရှိချေ။ သို့ပေမဲ့ ဆေးမျိုးစေ့များတော့ ရှိသည်။ ထို့အပြင် အဝယ်တော်ဟောခန်းသည် ပစ္စည်း များကို ဆက်တိုက်ဝယ်ယူလျက်ရှိနေ၏။ ထို့ကြောင့် အရည်အသွေးမြင့် မျိုးစေ့များကိုလည်း ရရှိလျက်ရှိသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ရှိရှိသမျှသော မျိုးစေ့အားလုံးကို စိုက်ပျိုးချင်စိတ်ရှိနေသည်။ သို့ပေမဲ့ ဤလုပ်ငန်းစဉ် ကြီးသည် အလွန်တရာ ကြီးမားနေသည်။ ထို့ကြောင့် မဖြစ်နိုင်ချေ။ လက်ရှိအချိန်တွင် သူလိုအပ်သော ဆေးပင် များကို အရင်ဆုံးစိုက်ပျိုးခြင်းကသာ ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။

အကြီးအကဲဝေက သေချာကြည့်ရှုပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ "ပစ္စည်းအမျိုးအစားတွေက နည်းနည်းများတယ်ဆိုပေမယ့် အရည်အသွေးကလည်း သိပ်ပြီးတော့ မမြင့်မားဘူးလေ၊ ဒီတော့ သုံးလကနေ လေးလလောက်ပဲ ကြာလိမ့်မယ်"

"ဒါဆိုရင် ပထမဦးဆုံး အသုတ်ကို စိုက်ပျိုးကြည့်တာပေါ့" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဂြိုဟ်တိုက်ပွဲသည် အဆင့်အတန်းတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် များပြားလှသောသူများကို အထဲသို့ ခေါ်ဆောင်သွား၍တော့ မဖြစ်ချေ။ သို့ပေမဲ့ ခေါ်ဆောင်သွားမည့်သူများအားလုံးသည် ထိုကဲ့သို့ အဆင့်မြင့် ဆေးလုံးမျိုးကို ပိုင်ဆိုင်နေမှသာ ဖြစ်ပေလိမ့်မည်။

"ဟုတ်ပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဆေးဟောခန်းဆီက တပည့်အချို့ကို လွှတ်ပြီးတော့ သံမဏိ အရိုးတောင်ပေါ်မှာ ဆာလောင်မြက်တွေ စိုက်ဖို့ကိစ္စကိုလုပ်"

အကြီးအကဲဝေသည် ချက်ချင်းပဲ ဆွံ့အသွား၏။ ပြောရမည်ဆိုလျှင် ဆာလောင်မြက်ဆိုသည်မှာ သာမန်အလေ့ အထဖြင့် ပေါက်ရောက်သည့်အရာပင်ဖြစ်သည်။ ၎င်းတို့ ဆေးပင်ဟောခန်းဆောင်ဆီမှ တပည့်များအနေဖြင့် ဤသို့သောဆေးပင်များကို စိုက်ပျိုးရန် မလိုအပ်ချေ။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဆာလောင်မြက်တွေကို မြန်မြန်ဆန်ဆန် စိုက်ပျိုးနိုင်ရန် အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ပစ္စည်းက ပြတ်တော့မယ်"

“.........” အကြီးအကဲဝေ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။ အလွန်ကျွမ်းကျင်လှသော ဆေးပင်ကျွမ်းကျင်သူများ ဆာလောင်မြက်စိုက်ပျိုးနေသည့်မြင်ကွင်းသည် သူ၏မျက်လုံးထဲတွင် ပေါ်လာတော့၏။

All Chapters