အခန်း (၈၅၂)
Vol. 57 Ch. 852
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းနှင့် တခြားသူများအားလုံးသည် အထဲသို့ ဝင်ရောက်ကတည်းက ပစ်မှတ်ထားခံနေရပြီးဖြစ်သည်။ ထို့ကြောင့် အတွင်းဘက်တွင် များပြားလှသော သားရဲရိုင်းများအားလုံးသည် အမိန့်ကို စောင့်၍ လှုပ်ရှားရန် ပြင်ဆင်နေကြပြီးသားဖြစ်သည်။ လက်ရှိရောက်ရှိနေကြသော ဝံပုလွေ ခုနှစ်ထောင်ကျော်တို့သည် ပထမဦးဆုံး တိုက်ခိုက်သူများသာ ဖြစ်တော့သည်။ နောက်ဘက်တွင် များပြားပြီး စွမ်းအားမြင့်လှသော သားရဲရိုင်းများသည် စောင့်မျှော်နေကြပြီးဖြစ်သည်။
တစ်ဖက်သူများသည် သူတို့အား ဤကဲ့သို့ ဖော်ရွေစွာဖြင့် စောင့်မျှော်နေသည်ကို သိရှိရပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် မျက်နှာသာ ပြန်၍ ပေးစွမ်းရမည်ဖြစ်၏။ ထို့ကြောင့်ပဲ ရှောင်ကျီအား လောင်ချာနှင့် ပစ်ခတ်ကာ ရှင်းလင်းပစ်ရန် အမိန့်ပေးခဲ့ခြင်းပင် ဖြစ်တော့သည်။ တစ်ဖက်မှ ဖော်ရွေနေသည်ဖြစ်သောကြောင့် သူတို့အနေနှင့် အလွန်တရာ ဖျက်ဆီးအားကောင်းသော လက်နက်ကိုအသုံးပြုကာ ပြန်လည်၍ ဧည့်ခံရပေ လိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော ကိစ္စမျိုးတွင် အလွန်တရာ ကျွမ်းကျင်လှသော လူတစ်ယောက်ပင်ဖြစ်၏။
ချင်ပုတောင်နှင့် ချင်မိသားစုမှ ကျွမ်းကျင်သူများမှာတော့ မျက်လုံးအပြူးသား ဖြစ်လို့နေကြတော့သည်။ ၎င်းတို့သည် ဝံပုလွေသားရဲများကို ဝင်ရောက်တိုက်ခိုက်မည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးသည့်နောက် အားလုံးကို သတ်ဖြတ်ပစ်မည်ဟု စဉ်းစားထားခဲ့ကြသည်။
သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော အရောင် ခုနှစ်ရောင်ဝံပုလွေဘုရင်နှင့် ပတ်သက်၍တော့ မည်သို့ ရင်ဆိုင်ရမည်ကို မစဉ်းစားခဲ့ချေ။ သို့ပေမဲ့ ၎င်းတို့သည် ဘာမှမပြုလုပ်လိုက်ရချေ။ ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်သည် ရှေ့သို့ ထွက်သွားပြီးသည့်နောက် ထိုအထဲမှ တစ်ယောက်သည် လက်ဝါးရိုက်ချက်တစ်ချက် တည်းဖြင့် ဝံပုလွေဘုရင်အား အနိုင်ယူ တိုက်ခိုက်ခဲ့တော့သည်။ ထိတ်လန့် တုန်လှုပ်စရာပင် ဖြစ်တော့သည်။ ချင်မိသားစုမှ ကျွမ်းကျင်သူများအား၏ နှလုံးသားထဲမှာတော့ ခံစားချက်ပေါင်းများစွာတို့ တိုးဝင် ဝင်ရောက် လျက်ပင် ရှိနေကြ၏။
“ကောင်လေးတို့”
တော၏ အနောက်ပိုင်းဆီမှ အလွန်တရာ လေးလံပြီး ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။ “ငါ မင်းတို့နဲ့ ပြဿနာ မဖြစ်ချင်ဘူး၊ တောင်တစ်ရာတောထဲကနေ မြန်မြန်ထွက်ခွာ သွားကြ”
“တောင်တစ်ရာကောင်လေး”
ခရမ်းရောင်ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ထွက်ခဲ့စမ်း”
“ဟမ့်”
အသံက ပြန်လည်ထွက်ပေါ်လာတော့သည်။ “အရှုံးသမား.. ဘယ်လိုဖြစ်ပြီးတော့ မောက်မာနေရတာလဲ”
ခရမ်းရောင်ဘုရင်သည် ဒေါသများ ထွက်လာသောကြောင့် အံကို တင်းတင်းကြိတ်ထားမိသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ပြောသည့်စကားကို ကြားလိုက်ရ၏။ “ခင်ဗျား က ဒီတည်နေရာကြီးရဲ့ခေါင်းဆောင် တောင်တစ်ရာ ဘုရင်လား”
“အမှန်ပဲ” ကျယ်လောင်လှသောအသံသည် ဂုဏ်ယူစွာဖြင့် ထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို အသုံးပြုပြီးတော့ လူတွေကို ဒီနေရာထိရောက်အောင် မြူစွယ်ထားရတာလေ၊ ပြီးတော့ ဒီလိုပဲ ထွက်သွားခိုင်းမလို့လား”
“ဟမ့်”
တောင်တစ်ရာဘုရင်သည် အေးစက်စက် ပြောလိုက်၏။ “ဒီလိုမျိုး ထွက်ခွာခိုင်းတာကိုက ကြင်နာနေပြီးသား လေ၊ ဘာက ကောင်းမလဲ သေချာမသိဘူးဆိုရင် မင်းတို့ရဲ့အသက်တွေကို ဒီမှာ ထားခဲ့ရလိမ့်မယ်”
ဝေါင်း ဝေါင်း
ပြောပြောပြီးချင်းမှာပဲ နေရာအနှံဆီမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ပြီးသည့်နောက်မှာတော့ များပြားလှသော သားရဲရိုင်းများသည် တဖြည်းဖြည်းလျှောက်လှမ်းလာသည်ကို သူတို့ ခပ်ရေးရေး မြင်လိုက်ရ၏။ ၎င်းတို့၏ လှုပ်ရှားမှုကြောင့် မြေပြင်တစ်ခုလုံးပင်လျှင် တုန်ခါလျက် ရှိနေကြ၏။
ချင်မိသားစုမှ ကျွမ်းကျင်သူများသည် အသက်ရှူရပ်မတတ် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြတော့၏။ ဤအရာမှာ နည်းနည်းနောနော သားရဲများ မဟုတ်ပေ။ သားရဲပေါင်း တစ်သိန်းနီးပါးခန့်ပင်ရှိ၏။ ထို့အပြင် ထွက်ပေါ်လာသော အော်ရာများကို ကြည့်မည်ဆိုလျှင် သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ရသော သားရဲများ သို့မဟုတ် သိုင်းအုပ်စိုးသူ အဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော သားရဲများ အလွန်အမင်း ပါဝင်လျက်ရှိနေသည်။
ချင်ပုတောင်၏ မျက်နှာ အမူအရာသည်လည်း ပိုမို၍ ပျက်ယွင်းလာခဲ့သည်။ သူသည် ဤနေရာကို မိုင်းတွင်းတူးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ဤမျှကြီးမားလှသော တိုက်ပွဲကြီးတစ်ခုနှင့် ရင်ဆိုင်တွေ့နေရ သနည်း။
“ညီလေး”
သူက တီးတိုးပြောလိုက်သည်။ “နောက်ပြန်ဆုတ်ကြရအောင်”
စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဆိုသည်မှာ တန်ဖိုးကြီးမားလှ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏ အသက်နှင့် နှိုင်းယှဉ်လျှင်တော့ ဘာမှမဟုတ်ချေ။ လက်ရှိအချိန်မှာတော့ သူသည် မြန်မြန်ထွက်ပြေးနိုင်ရန်အတွက် ခြေထောက်များပင် အပို လိုချင်နေမိသေး၏။ သူ့အနေနှင့် ချင်မိသားစုဆီသို့ပြန်၍ ပျော်ပျော်ရွှင်ရွှင်နှင့် ဘဝကြီးကို ဖြတ်သန်းချင်နေမိ၏။
“အစ်ကိုကြီး… အရင်ဆုံးသွားနှင့်လိုက်”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “နောက်မှ လိုက်ခဲ့မယ်”
“ဒါက”
ချင်ပုတောင်သည် စိတ်ထဲမှာ ထိခိုက်သွားမိ၏။ “မင်းနဲ့ကျုပ်က ညီအစ်ကိုတွေလေ၊ ဒီလိုမျိုးထားပြီး ထွက်သွားမယ်ဆိုရင် ဘယ်ဖြစ်မလဲ၊ သွားမယ့်သွား တူတူသွားကြမှာပေါ့”
“………” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
အဘယ်ကြောင့်ဆိုသော် ချင်ပုတောင် သည် လေးစားဖွယ်ရာ ကောင်းလွန်းလှသော ညီအစ်ကို စိတ်ဓာတ်ကို ပြသပြောဆိုနေသည် ဆိုသော်လည်း လူမှာတော့ ဆယ်ပေအကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်၏။ တဖြည်းဖြည်းနှင့် ဆုတ်ခွာသွားသည်မှာ ဤကဲ့သို့သော အကွာအဝေးသို့ပင် ရောက်ရှိနေ၏။ သူ့အနေနှင့် ဖြစ်နိုင်မည်ဆိုလျှင် ချက်ချင်းလိုပင် ထွက်ပြေးချင်စိတ် ပေါက်နေသည်မှာ သေချာလှသည်။
“အစ်ကိုကြီး…. အခုချိန် ထွက်သွားဖို့ နောက်မကျသေးဘူး၊ တကယ်လို့ သားရဲတွေသာ ဝိုင်းခံလိုက်ရမယ်ဆိုရင် ပြဿနာများလိမ့်မယ်”
“ဒီလိုဆိုမှတော့ ကျုပ်အရင်ထွက်သွားတော့မယ်”
ချင်ပုတောင်သည် နှောင့်နှေးတတ်သည့် လူတစ်ယောက် မဟုတ်ပေ။ ချက်ချင်းပဲ ပြောလိုက်သည်။ “နောက်ကို ဆုတ်ကြစို့”
ဝှစ် ဝှစ်
ဘာအသံမှ မထွက်လိုက်ဘဲနှင့် ချင်မိသားစုမှ ကျွမ်းကျင်သူများသည် အမြန်ဆန်ဆုံးနှုန်းဖြင့် လှည့်ကာ ပြေးတော့ သည်။ အားလုံးသည် တစ်ယောက်ထက်တစ်ယောက် ပိုမိုမြန်ဆန်စွာ ပြေးလျက်ရှိ၏။ ၎င်းတို့၏ အားအင်အဆင့် များသည် သိုင်းစစ်သူကြီးအဆင့်၊ သိုင်းဘုရင်အဆင့်များသာ ဖြစ်ကြသည်။ ထို့ကြောင့် အဆင့်မြင့် စိတ်ဝိညာဉ် သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ၎င်းတို့၌ ကျိန်းသေပေါက် ပြန်လည်တိုက်ခိုက်ရန် သတ္တိမရှိချေ။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ပြောလိုက်သည်။ “သူတို့ ခပ်ဝေးဝေးကို ရောက်သွားကြပြီ”
ကျွင်းချောင်ရှောင်းသည် လက်ကို အသာ ကောင်းကင်ပေါ်သို့ မြှောက်လိုက်သည်။ လက်ထဲတွင်တော့ ကောင်းကင်နဂါးဓားပေါ်လာသည်။ သူသည် အရောင်ခုနှစ်ရောင်ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။ ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် နတ်ဆိုးဆန်ဆန် အပြုံးတစ်ခု ဖြစ်တည်လာသည်။
“လာချင်ရင် လာလို့ ရပြီလေ”
ဝှစ် ဝှစ် …..။
ပြောပြီးပြီးချင်းမှာပဲ သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်း အဆင့်များအား ထုတ်ဖော်လိုက်ကြတော့သည်။ ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် ကြမ်းရမ်းသည့် အရှိန်အဟုန်များ ဖြစ်တည်လာခဲ့၏။
ဖြောက် ဖြောက် ဖြောက်
လီချင်းယန်၊ ရှောင်ကျီ၊ လီဖေး၊ ထျန်းချီ၊ စုန့်ရွှမ်ကျူး၊ ကျိုးဟုန်နှင့် တခြားသောသူများ အားလုံးသည်လည်း ရှေ့သို့ လှမ်းတက်လိုက်ကြ၏။ ၎င်းတို့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ခန့်မှန်း၍ မရအောင် အားကောင်းလွန်းသော တိုက်ခိုက်လိုခြင်း ဆန္ဒများ ဖြစ်တည်နေသည်။
၎င်းတို့သည် သေခြင်း၊ ရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင် ရံဖန်ရံခါဆိုသလို သွားရောက် လေ့ကျင့်ကြသည်ဆိုသော်လည်း ထိုအရာများမှာ ပုံရိပ်ယောင်များသာလျှင် ဖြစ်၏။ လက်ရှိအချိန်မှာတော့ ကြမ်းတမ်းလှသော သားရဲများနှင့် အင်ပြည့်အားပြည့် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည့် စိတ်လှုပ်ရှားလျက် ရှိနေကြ၏။
ဘုတ်
ရီရှင်းချန်သည် အားလုံး၏ရှေ့သို့ လှမ်းတက်လိုက်သည်။ ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒီအမှိုက် တွေ ကျုပ်တာဝန်ထားလိုက်”
ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ လူများသည် ချက်ချင်းဆိုသလိုပဲ ငရဲပြည်မှ ဆင်းသက်လာခဲ့သော နတ်ဆိုးများကဲ့သို့ ပြောင်းလဲသွားတော့သည်။
လူသားများသည် သူတို့ထက်ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းလှသောလူများ ဖြစ်ကြောင်းကို သိရှိလိုက်ရပြီဖြစ်သောကြောင့် စိတ်ဝိညာဉ်သားရဲများသည် စိုးရွံ့သွားကြ၏။
“သွားကြ” ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။
ဘုန်း ဘုန်း
ပြောပြီးပြီးချင်းမှာပဲ ဘေးတစ်ဖက်ဆီမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနေသော စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် အဝေးဆီသို့ လွင့်စင်သွားပြီးနောက် တောင်၏ နံရံတစ်ခုနှင့် တိုက်မိ သွားသည်။ သူ၏ရင်ဘတ်မှာ ဖောက်ထွင်းခံရပြီး တစ်ခါတည်း သေဆုံးလျက်ရှိသည်။
ဟယ်ဝူတီသည် တည်နေရာတစ်ခုတွင် မတ်တပ်ရပ်လျက်ရှိသည်။ သူ၏လက်ထဲတွင်တော့ သလင်းအမြူတေ တစ်ခု ရှိလို့နေသည်။ သူသည် တိုက်ခိုက်သည့်နေရာတွင် လက်သီးအား လက်ချောင်းများအဖြစ်သို့ ပုံစံပြောင်း ကာဖြင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ထွင်းဖောက်ပြီး သလင်းအမြူတေအား နှိုက်ယူခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ တိုက်ခိုက်ခြင်းသည် လျှပ်စီးလက်သကဲ့သို့ အလွန်တရာမြန်ဆန်လွန်းလှ၏။ ဤတိုက်ခိုက်ချက်တစ်ချက်ကို ကြည့်ရှုသည်နှင့် ဟယ်ဝူတီသည် ယခုမှ အဆင့်ချိုးဖြတ်ထားသည်ဆိုသော်လည်း သာမန်သိုင်းအုပ်စိုးသူ များထက် ပိုမို၍ အားကောင်းလှသည်မှာ ထင်ရှားလှ၏။
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ လီချင်းယန်နှင့် တခြားသူများအားလုံးသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော်နေ ကြပြီဖြစ်၏။ စွမ်းအင်လှိုင်းမျိုးစုံတို့သည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လျက်ရှိနေသည်။
ဝေါင်း …။
စိတ်ဝိညာဉ်သားရဲများသည်လည်း အမိန့်ကိုလက်ခံရရှိပြီးသည့်နောက် လူသားများအား ရူးရူးမူးမူး တိုက်ခိုက်ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည် အလွန်တရာကြီးမားသည် ဆိုသော်လည်း ၎င်းတို့၏ အော်ရာများမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ အားလုံးသည် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ခြင်းကို ခံနေရ၏။
ဟုတ်ပေသည်၊ အစစ်အမှန်တရားမှာတော့ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲများသည်ပင်လျှင် မြေပေါ်သို့ တဘုန်းဘုန်းနှင့် လဲကျလျက်ရှိနေသည်။
ရွှီး …..။
ကောင်းကင်ယံထက်မှ စူးရှလှသော အသံတစ်ခု ထွက်ပေါ်လာသည်။ များပြားလှသော လင်းယုန်ငှက် သားရဲများ သည် ဆင်းသက်လာခဲ့ကြသည်။ ၎င်းတို့၏ ပစ်မှတ်သည် ကျွင်းချောင်ရှောင်းပင် ဖြစ်၏။ ဓားပြများကို ဖမ်းဆီးရန် အတွက် ဓားပြအေရောင်ခုနှစ်ရောင်ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ ခပ်တည်တည်နှင့်ပင်။ လင်းယုန်သားရဲ တစ်ဒါဇင်ကျော်တို့ ချဉ်းကပ်လာသည်ကို မြင်ရသည့်အချိန် မှာတော့ ရှောင်မိုရှန်းသည် လေပေါ်သို့ ခုန်တက်လာ၏။ သူမ၏ ကြည်လင်ရှင်းလင်းနေသော မျက်လုံးများသည် စူးရှထက်မြက်လာ၏။
“ဘုရင်မ၏ တိုက်ခိုက်မှု”
ထိုအချင်းအရာကို မြင်ရသည့်အချိန်မှာတော့ လင်းယုန်သားရဲများသည် တောင်ပံများ ခတ်နေခြင်းကို ရပ်တန့်ကာ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြ၏။
ဟူး ဟူး
ထိုအချိန်မှာပဲ ဘေးတစ်ဖက်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသော မီးအပူရှိန်များ ဖြစ်တည်လာပြီး မီးများဖြင့် ဖန်တီးထားသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုသည် ၎င်းတို့အား ဆုပ်ကိုင်သွားခဲ့သည်။
ဘန်း ဘန်း
မီးလက်ချောင်းကြီး ငါးချောင်းတို့သည် အတူတကွ စုစည်းပြီးသွားသည့်နောက်မှာတော့ လက်ထဲတွင်ရှိနေသော လင်းယုန်သားရဲများ အားလုံးကို ချိုးချေဖျက်ဆီးပစ်လိုက်တော့၏။ တည်နေရာအနှံ့သည် သလင်းအမြူတေများ ပြန့်ကျဲသွားတော့၏။
“ကျုပ်သခင်ကို နာကျင်အောင် လုပ်ချင်တာလား၊ ဟုတ်လား”
ဒုတိယ တိုက်ခိုက်မှုပုံစံကို အသက်သွင်းထားပြီ ဖြစ်သော နဂါးလေးသည် မီးတောက်များ၏ရှေ့တွင် မတ်မတ်ရပ်ကာဖြင့် အေးစက်စက်ပြောလိုက်သည်။ “အသက်ရှင်ရတာ ပျင်းနေလို့ပဲဖြစ်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နောက်တစ်ကြိမ်ကျရင် အပူချိန်ကို သတိထား၊ သလင်းအမြူတေတွေကို မပျက်စီးစေနဲ့”
“ကောင်းပါပြီ”
ဘုန်း ဘုန်း
ဘေးတစ်ဖက်မှာတော့ ရှောင်ကျီသည် ကြီးမားလှသည့် လူဝံသားရဲကြီး၏ လက်သီးချက်ကို ဖမ်းယူကာဖြင့် လေထဲသို့ ပစ်လွှတ်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် သိုလှောင်လက်စွပ်ထဲမှ AWM စနိုက်ပါအား ထုတ်ယူ၍ အချက်ပေါင်းများစွာ ပစ်ခတ်လိုက်တော့သည်။ ကျည်ဆံများသည် လူဝံသားရဲကြီး၏ နဖူးတည့်တည့်ကို ထိမှန်ပြီး ဖောက်ထွက်သွားခဲ့တော့၏။ ဤကဲ့သို့ တိုက်ခိုက်ရေးနည်းစနစ်နှင့် ခေတ်မီလက်နက်များကို ပူးပေါင်း၍ တိုက်ခိုက်ခြင်းသည် ကြည်ရှု့နေရသူများကို အလွန်ပင် မျက်စိပဒေသာ ဖြစ်စေတော့၏။
ရီရှင်းချန်မှာတော့ တခြားသူများနှင့် မတူချေ။ များပြားလှသော စိတ်ဝိညာဉ်သားရဲများဆီသို့ တိုးဝင်ကာ ဓားအလင်းတန်းများကို ထုတ်ဖော်၍ အားလုံးကို သတ်ဖြတ်လျက်ရှိနေတော့သည်။ ညအင်ပါယာတွင် သတ်ဖြတ်ခြင်း နည်းလမ်းပေါင်း မြောက်များစွာ ရှိနေ၏။ သို့ပေမဲ့ သူ၏အနှစ်သက်ဆုံး သော တိုက်ခိုက်ရေးနည်းစနစ်သည် ရိုးရှင်းပြီး ကြမ်းတမ်းမှုကို ဦးစားပေးခြင်းဖြစ်သည်။