အခန်း (၈၅၁)
Vol. 57 Ch. 851
တောတစ်ရာတောင်တန်းသည် ကျယ်ပြောလွန်းလှပြီး များပြားလှသော ပြည်နယ်အသီးသီးနှင့် ချိတ်ဆက်လျက် ရှိနေ၏။ သို့ပေမဲ့ အတွင်းအနက်ဆုံးပိုင်းတွင် ရှိသည့်နေရာများမှာတော့ အလွန်အန္တရာယ်များသည့် တည်နေရာ များဖြစ်သည်။ ဤအရာသည် သားရဲများ၏ နတ်ဘုံနတ်နန်းဟုပင် ဖြစ်တော့သည်။
များပြားလှသော ဆေးပင်များ၊ ကျောက်ရိုင်းတုံးများနှင့် တခြားအရင်းအမြစ်များ ရှိသည်ဆိုသော်လည်း မည်သူမှသည် ထိုအရာများကို သွားရောက် မယူရဲကြချေ။ ထို့အပြင် တောတစ်ရာတောင်တန်းတွင် ထူးဆန်းသည့်အရာများလည်း တည်ရှိနေ၏။
သိုင်းကျင့်ကြံသူတစ်ယောက်သည် ဝင်ရောက်သွားသည်ဆိုသည်နှင့် တစ်စုံတစ်ယောက်၏ အမိန့်ပေးမှုကို ခံလိုက်ရ လို သားရဲများ၏ လာရောက်တိုက်ခိုက်ခြင်းကို ခံရ၏။ ကျွင်းချောင်ရှောင်းသည် ထိုနေရာအကြောင်းကို အစောကြီးကတည်းက ကြားဖူးခဲ့ပြီးသားဖြစ်သည်။
ခရမ်းရောင်ဘုရင်ဆီမှ တောတစ်ရာဘုရင်အကြောင်းကို သိရှိ ပြီးသည့်နောက်မှာတော့ ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှုများ၏ အဓိကလက်သည်သည် ဤဘုရင်ဖြစ်ကြောင်း ကောင်းကောင်းခန့်မှန်းမိပြီး ဖြစ်တော့၏။
တောနက်အတွင်းမှာတော့ သားရဲစီးဟောခန်းမှ တပည့်ပေါင်း ငါးထောင်ကျော်တို့သည် တစ်လှမ်းချင်းစီ လျှောက်လှမ်း၍ ဝင်ရောက်လာကြပြီဖြစ်သည်။ ရွဲရမ်ကွေ့နှင့် တောက်ယွမ်တို့၏ လေ့ကျင့်ပေးမှုအောက်မှာတော့ ၎င်းတို့သည် အထူးတပ်သားများကဲ့သို့ပင် တောနက်ထဲတွင် စီးနင်း၍ နေရာယူထားနိုင်ကြပြီဖြစ်သည်။
“ညီလေး”
ချင်ပုတောင်က ချီးကျူးလိုက်မိ၏။ “မင်းရဲ့ ဒီတပည့်တွေက တကယ့်ကို မရိုးရှင်းဘူးပဲ”
ချင်မိသားစုသည် လက်ရှိတွင် များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများကို ခေါ်ဆောင်လာခဲ့ကြ၏။ သို့ပေမဲ့ သားရဲစီး ဟောခန်းမှ အဖွဲ့ဝင်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ အလွန်ပင် ကွာခြားလို့နေသေး၏။
“အဲလောက်လည်း မဟုတ်ပါဘူး အစ်ကိုကြီး” ကျွင်းချောင်ရှောင်းသည် နှိမ့်ချစွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
“ဂိုဏ်းချုပ်”
ကျန့်ရာက ရပ်တန့်ကာ ပြောလိုက်သည်။ “မိုင်နှစ်ဆယ်လောက်အကွာမှာ ဝံပုလွေသားရဲအုပ်ကြီး တစ်အုပ်ရှိတယ်၊ အနည်းဆုံး ငါးထောင်၊ ခြောက်ထောင်လောက်ရှိမယ်နဲ့တူတယ်”
“ဒါဆိုရင် သတိအပြည့်နဲ့နေ” ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။
ဝှစ် ဝှစ်
သားရဲစီးဟောခန်းမှ တပည့်များသည် ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်လိုက်ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ် တွင် အမဲရောင်ချပ်ဝတ်တစ်ခု ဖြစ်တည်လာခဲ့သည်။
ဤအမြန်နှုန်း၊ ဤလုပ်ဆောင်နိုင်စွမ်းများသည် အလွန် အားကောင်းကြောင်းကို ဖော်ပြနေကြ၏။ ၎င်းတို့သည် ရှည်လျားပြီး တင်းကျပ်လွန်းသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ထားခြင်း မဟုတ်ပါက အချိန်တိုအတွင်း ဤကဲ့သို့ ဖွဲ့စည်းခြင်းကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ဖြောက်
ရှောင်ကျီသည် AWM စနိုက်ပါအား ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ သူ၏ ကျောကုန်းတွင်တော့ မှော်ပညာဖြင့် အဆင့် မြှင့်တင်ထားသော လောင်ချာရှိလို့နေသည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး သတိအပြည့်နှင့် ရှိနေသည်ဆို သော်လည်း ချင်မိသားစုခေါ်ဆောင်လာသော စွမ်းအားမြင့် ကျင့်ကြံသူထဲမှ တစ်ယောက်က ပြောလိုက်၏။ “တောထဲမှာ အထဲကို မမြင်ရနိုင်တဲ့ ကန့်သတ်ချက်တွေရှိနေတယ်လေ၊ ဘယ်လိုဖြစ်ပြီး မိုင်နှစ်ဆယ်အကွာက ဝံပုလွေသားရဲတွေ ရှိတာကို သိနေရတာလဲ”
တခြားသောသူများ ပြုလုပ်နိုင်စွမ်း မရှိသည်ဆိုသော်လည်း ကျန့်ရာမှာတော့ ပြုလုပ်နိုင်စွမ်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်တွင် ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီး သူ၏စိတ်ဝိညာဉ် အာရုံဖြန့်ကျက်မှုသည် ပိုမို အားကောင်းလာတော့သည်။
တောနက်ထဲတွင် များပြားလှသော ကန့်သတ်ချက်များ ရှိနေသည်ဆိုလျှင်တောင်မှ သူသည် တော်တော်ဝေးဝေး တည်နေရာဆီသို့ ဖြန့်ကျက်ကြည့်ရှုနိုင်စွမ်း ရှိနေတော့သည်။ လီချင်းယန်နှင့် တခြားသောသူများသည်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များကို ပိုင်ဆိုင်ပြီးသည့်နောက်မှာတော့ အလွန်တရာ အားကောင်းလှသည့် အခြေအနေ တစ်ခုသို့ ဖြစ်တည်လာခဲ့ကြသည်။ ထိုအရာသည် သေသေချာချာ လေ့ကျင့်ခြင်းမှသည် ဆင့်ကဲတိုးတက်လာတော့ မည်ဖြစ်၏။
ဥပမာအားဖြင့် ရှောင်ကျီဆိုလျှင် ၎င်း၏ဒန်ထျန်ထဲတွင်ရှိသော တောရိုင်းလောကကြီးသည် သေးငယ်လှသည် ဆိုသော်လည်း အားအင်များ စုဖွဲ့နိုင်ခဲ့ပြီဖြစ်သည်။ ၎င်း၏ ခုခံကာကွယ်ခြင်းသည်လည်း ပိုမို၍ အားအင်တိုးတက် လာတော့သည်။ နေ့စဉ်နေ့တိုင်း ၎င်း၏ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်ပြီးသည့်နောက် သူ၏ ကြွက်သား၊ အရိုး၊ အရည် နှင့် ခန္ဓာကိုယ်ရှိ မွေးညှင်းပေါက်များကအစ ပြောင်းလဲလာခဲ့တော့သည်။
တခြားသော ဥပမာအရ ပြောရမည်ဆိုလျှင် ကျိုးဟုန်လည်း ရှိနေသေး၏။ ဓားအသွင်ပြောင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသည့်နောက်မှာတော့ ၎င်း၏ ဓားပညာနှင့်ပတ်သက်သော နားလည်မှုသည် ပိုမို၍ တိုးတက်လာခဲ့သည်။ ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် အသွင်ယူလျက်ရှိနေသော စုရှောင်မိုသည်ပင်လျှင် လေပွေခန္ဓာကိုယ်နှင့်ပတ်သက်၍ ပိုမို နားလည်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထိုသူများအားလုံးထဲတွင် ရီရှင်းချန်မှာတော့ အပျော်ဆုံးလူဟုပင် ဆိုရမည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး သည့်နောက်မှာတော့ သူ၏ ကျင့်ကြံနိုင်စွမ်းသည် ပိုမို၍ အားကောင်းလာခဲ့တော့၏။ အထူးသဖြင့် များပြားလှသော သိုင်းအရင်းအမြစ်၊ အားကောင်းလှသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်တို့၏ အကူအညီဖြင့် သူ၏ ကျင့်ကြံခြင်းသည် တစ်နေ့ထက်တစ်နေ့ ပိုမို၍ တိုးတက်လာခဲ့တော့၏။
ရှေးခေတ်တုန်းကတည်းက ရှိခဲ့သော ခန္ဓာကိုယ်များအားလုံးသည် လောကကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်သွား ရလောက်သည်အထိ အုတ်အော်သောင်းနင်း မဖြစ်စေဘူးဆိုသော်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုမို နားလည်လာသည့်နှင့်အမျှ ၎င်းတို့၏ အဆင့်များသည်လည်း ပိုမို၍ တိုးတက်လာခဲ့တော့သည်။ ကြီးမားသည့် အကျိုးသက်ရောက်မှုကို ရယူနိုင်စွမ်းရှိသည်မှာတော့ သေချာလှသည်။
……………
ဝူး…. ဝူး
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ဝံပုလွေသားရဲများသည် တောနက်ထဲမှ ထွက်ပေါ်လာခဲ့ကြပြီဖြစ်သည်။ လေထုထဲတွင်တော့ သတ်ဖြတ်လိုခြင်း အော်ရာများနှင့် ပြည့်နှက်လာခဲ့သည်။ ချင်မိသားစုမှ ကျွမ်းကျင်သူသည် ချက်ချင်းပဲ ကြောက်လန့်သွား၏။
ရွှီး …။
ထိုအချိန်မှာပဲ ကြီးမားသည့် အညိုရောင်ဝံပုလွေသားရဲတစ်ကောင်သည် မြက်ခင်းစိမ်းများဆီမှ ခုန်ထွက်လာခဲ့၏။ ၎င်း၏ မျက်လုံးများသည် တောက်ပလျက်ရှိပြီး အရောင်ခုနှစ်ရောင် တောက်ပနေသည်။
“အရောင် ခုနှစ်ရောင် ဝံပုလွေပါလား” ချင်မိသားစုထဲမှ ကျွမ်းကျင်သူတစ်ယောက်က ထ၍အော်ဟစ်လိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဝံပုလွေသားရဲက ဟာရီကိန်းဝံပုလွေထက် ပိုပြီးအားကောင်းတာပဲ”
ဖြောက် ဖြောက် ဖြောက်
ခဏလောက်ကြာပြီးနောက် အရောင်ခုနှစ်ရောင်ဝံပုလွေသားရဲများသည် အမှောင်ထဲမှ ထွက်လျှောက်လာခဲ့ကြပြီး ဖြစ်၏။ ၎င်းတို့သည် သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်လို့ရနေကြ၏။ အရေအတွက်မှာ အနည်းဆုံး ခုနှစ်ထောင် ကျော်လောက်ပင်ရှိသည်။ ၎င်းတို့ထဲမှ တစ်ဒါဇင်ကျော်လောက်သည် သိုင်းဘုရင်အဆင့်ထက် အားမနည်းကြချေ။
သာမန်အခြေအနေသာဆိုပါက ဤကဲ့သို့ စိတ်ဝိညာဉ်အမျိုးအစားသားရဲများသည် လွယ်လွယ်ကူကူနှင့် ပေါ်လာ မည် မဟုတ်ချေ။ ယခုအချိန်မှာတော့ အတူတကွ စုဝေး၍ ရောက်ရှိလာခဲ့ကြသည်။ ဤအရာတွင် တစ်ခုခု စီစဉ်ထားသည့် အရာများ ရှိနေနိုင်၏။
“မိသားစုခေါင်းဆောင်”
ချင်မိသားစုထဲမှ ကျွမ်းကျင်သူတစ်ယောက်က တီးတိုးပြောလိုက်၏။ “ဒါက နည်းနည်းတော့ ပြဿနာများတယ်”
သူ၏ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် ဝံပုလွေသားရဲများကို ကြောက်လန့်မှုမရှိချေ။ သို့ပေမဲ့ တောနက်ထဲသို့ ဝင်ရောက်ကတည်းက သူတို့သည် ဤကဲ့သို့ပစ်မှတ်ထားခံရသည်ဆိုမှတော့ အလွန်များပြားလှသော အန္တရာယ်များ ရှေ့တွင် စောင့်မျှော်နေသည်မှာ သေချာလာ၏။
“လူသားတို့”
ရုတ်တရက်ဆိုသလိုပဲ အဝေးတစ်နေရာမှ မှုန်ကုတ်ကုတ်အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒီနေ့ မင်းတို့အားလုံး သေဆုံးရမယ်”
ချင်မိသားစု၏ ခေါင်းဆောင်သည် မော့၍ ကြည့်လိုက်သည်။ ထိုအချိန်မှာတော့ အလွန်တရာကြီးမားပြီး အရောင် ခုနှစ်ရောင် ဝံပုလွေကြီးတစ်ကောင်သည် တောင်၏အထက်တွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ထ၍ အော်လိုက်မိသည်။ “အရောင်ခုနှစ်ရောင် ဝံပုလွေဘုရင်ပါလား”
ဤသတ္တဝါ၏ အားအင်အဆင့်ကို သုံးသပ်ကြည့်မည်ဆိုလျှင် သိုင်းအုပ်စိုးသူအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနေ၏။ ချင်မိသားစုမှ သိုင်းကျင့်ကြံသူများ ကြောက်လန့်သွားခဲ့ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ အားအင်ဖြင့် ဤစိတ်ဝိညာဉ် သားရဲကို အနိုင်ယူနိုင်စွမ်း ရှိနေကြမည် မဟုတ်ချေ။
အရောင်ခုနှစ်ရောင်ဝံပုလွေဘုရင်က အားရပါးရ အော်ဟစ်လိုက်၏။ “ငါက ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို ဒီနေရာကိုရောက်အောင်လို့ မြူစွယ်ထားတာပဲ၊ ဒါပေမဲ့ ဒီလောက်အများကြီး ရောက်လာမယ်လို့ မမျှော်လင့်ထား မိဘူး”
ထိုအချင်းအရာကို ကြားသည့်နောက်မှာတော့ ချင်ပုတောင်၏ မျက်နှာသည် ချက်ချင်းပဲ ပြောင်းလဲသွားတော့သည်။ ၎င်း၏ ရှာဖွေရေးအဖွဲ့သည် တောတစ်ရာတောင်ထဲသို့ ရောက်ပြီးသည့်နောက်မှာတော့ အလွန်အန္တရာယ်များ လှသည်ဆိုသော်လည်း အဘယ်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို ရှာဖွေ၍ ရခဲ့သနည်း။
အရောင်ခုနှစ်ရောင် ဝံပုလွေဘုရင်၏ စကားကို ကြားရပြီး ၎င်းတို့ကို ထောင်ချောက်ဆင်ရန်အတွက် တမင်မြူစွယ်ထားသည့်အရာ ဖြစ်ကြောင်း နားလည်လိုက်မိတော့၏။
ကျွင်းချောင်ရှောင်းသည် ပန်းသီးတစ်လုံးကို ကိုက်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ စိတ်ဝိညာဉ်သားရဲ တွေက နည်းနည်း လှည့်စားတက်တာပဲ”
ခရမ်းရောင်ဘုရင်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ဆရာလို၊ တပည့်လိုပေါ့၊ ဆရာက ဆိုးယုတ် နေမှာတော့ တပည့်တွေက ဆိုးယုတ်ကာ မဆန်းပါဘူး”
“ဟမ်”
အရောင်ခုနှစ်ရောင် ဝံပုလွေဘုရင်သည် အသာခေါင်းလှည့်ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ နှာခေါင်းကို ရှုံ့လိုက်မိသည်။ “ဒီကောင်က အရင်တုန်းက ငါ့ဘုရင်နောက်ကို လိုက်ခဲ့တဲ့ကောင်ပဲ၊ ဘယ်လိုဖြစ်ပြီး ဒီကိုထပ်လာရဲရတာလဲ”
ခရမ်းရောင်ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ တောတစ်ရာဘုရင်နှင့် ရင်ဆိုင်တွေ့သည့် အချိန်၌ သူသည် ယုတ်မာသည့် နည်းလမ်းမျိုးစုံဖြင့် လှည့်စားကာ တိုက်ခိုက်ခံခဲ့ရသည်။ ထို့ကြောင့် သူ့အနေနှင့် ဒေါသတရားများသည် ဟုန်းဟုန်းတောက်လောင်လျက်ရှိသည်။
“ခုနှစ်ရောင်ဝံပုလွေဘုရင်ကို ကြည့်ရတာ အဲတောတစ်ရာဘုရင်ရဲ့ နောက်လိုက်ဖြစ်ပုံရတယ်၊ ရန်သူဖြစ်နေပြီ ဆိုမှတော့ သက်ညှာမှုကို မပြနဲ့တော့”
ကျွင်းချောင်ရှောင်းသည် ပန်းသီးကို နောက်တစ်ကိုက် ကိုက်လိုက်သည်။ ပြီးနောက် လေထဲတွင် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “အားလုံးကို သတ်ပစ်လိုက်တော့”
ဘုန်း ဘုန်း
ပြောပြောပြီးခြင်းမှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ချင်မိသားစုမှ ကျွမ်းကျင်သူများသည် မျက်နှာတွေ ဖြူလျော်သွားသည်အထိ ကြောက်လန့်သွားကြ၏။ ပြီးနောက် ၎င်းတို့ အားလုံး၏ မျက်လုံးသည် အပြူးသား ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဝံပုလွေသားရဲများ စုစည်းရာ နေရာသည် ဖုန်တထောင်းထောင်းနှင့် ဖြစ်ပေါ်နေပြီး ဖုန်များသည် ကောင်းကင်ပေါ်သို့ ဖွားကနဲ တက်နေ၏။
ဘာတွေ ဖြစ်ပျက်သွားသနည်း။
အရာအားလုံး ပြန်လည်တည်ငြိမ်သွားပြီးသည့်နောက်မှာတော့ ကြီးမားသည့် တွင်းကြီးတစ်ခု ပေါ်ပေါက်နေသည်ကို ၎င်းတို့ မြင်လိုက်ကြရ၏။ ဝံပုလွေသားရဲတစ်ထောင်ကျော်တို့သည် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။ ထိုနေရာတွင် သလင်းအမြူတေများ ပြန့်ကျဲလျက်ရှိနေ၏။
ရှောင်ကျီသည် လောင်ချာကြီးကို မြေပေါ်တွင် ချပြီးသည့်နောက် ကျည်ဖြည့်လျက်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းမှ လူအားလုံးတို့သည် တည်ငြိမ်လျက်ရှိနေသည်။
ချင်ပုတောင်နှင့် ချင်မိသားစုမှ ကျွမ်းကျင်သူများသည် ဆွံ့အလျက်ရှိနေကြသည်။ အရောင်ခုနှစ်ရောင်ဝံပုလွေ ဘုရင်သည်လည်း ဆွံ့အနေ၏။ ၎င်း၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူ့အနေနှင့် သူ၏နောက်လိုက်များကို တိုက်ခိုက်ရန် အမိန့်ပေးရန် စီစဉ်ထား၏။ သို့ပေမဲ့ မတိုက်ခိုက်ရသေးခင်မှာပဲ ဝံပုလွေတော်တော်များများသည် သေဆုံးသွားခဲ့ကြပြီဖြစ်၏။
အခြေအနေမှာ တစ်ခုတည်းသာ ရှိတော့သည်။ ထိုအရာမှာ ထွက်ပြေးရန်သာဖြစ်သည်။
ဆွစ်
ဝံပုလွေဘုရင်သည် အချိန်တိုအတွင်း အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်သဖြင့် တောနက်ထဲသို့ ဝင်ရောက်ထွက်ပြေးရန် ပြင်လိုက်တော့သည်။ သို့ပေမဲ့ သူလှည့်လိုက်ချင်းမှာပဲ တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်းဟိုင်တို့ကို မြင်လိုက်ရ၏။ တစ်ယောက်သည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရှိနေပြီး တစ်ယောက်မှာ ကျောက်နံရံကို အသာမှီကာ ပြုံး၍ ကြည့်နေသည်ကို မြင်လိုက်ရ၏။ ဤလူသားနှစ်ယောက်သည် မည်သည့်အချိန်က ရောက်ရှိ နေသနည်း။ သူတစ်ချက်ကလေးမှ သတိမပြုမိခဲ့ချေ။
ဝှစ်
နှောင့်နှေးခြင်းတစ်ချက်မှ မရှိဘဲ သူသည် ဘေးတစ်ဖက်ဆီသို့ ထွက်ပြေးလိုက်၏။ သို့ပေမဲ့ သူလှည့်လိုက်ချင်းမှာပဲ အဘိုးကြီးတင်း၏ လက်ဝါးရိုက်ချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ ပြီးသည့်နောက်မှာတော့ ဤသနားစရာကောင်းလှသော အရောင်ခုနှစ်ရောင် ဝံပုလွေဘုရင်သည် တောင်နံရံတစ်ခုနှင့် ခေါင်းနှင့်ရိုက်မိကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
ချင်ပုတောင် “….”
ချင်မိသားစုမှ ကျွမ်းကျင်သူများ “….”
သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲသည် ဤပိန်လှီနေသော အကြီးအကဲ၏ ရှေ့တွင် အလွန်တရာ အားနည်းနေသည်လား။
ကျွင်းချောင်ရှောင်းမှာတော့ သေမလိုဖြစ်နေသော အရောင်ခုနှစ်ရောင် ဝံပုလွေဘုရင်၏ အရှေ့သို့ ခုန်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ လက်ပိုက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “တောင်တစ်ရာဘုရင်… ကျုပ်ရဲ့ နှုတ်ဆက်လက်ဆောင်ကို ကျေနပ်ရဲ့လား”