← Chapters

အခန်း (၈၅၀)

Vol. 57 Ch. 850

အခန်း (၈၅၀)

Vol. 57 Ch. 850

ချင်ပုတောင် မည့်သည့်အရာကြောင့် လာသည်ဖြစ်စေ ကျွင်းချောင်ရှောင်းသည် လူများကို စေလွှတ်ကာ ကျိန်းသေပေါက် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအတွက် ကူညီရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ့အပေါ် အလွန်တရာ ရက်ရောခဲ့၏။ ထို့ကြောင့် ကျိန်းသေပေါက် အကူအညီ ပြန်ပေးရပေမည်။

“ညီလေး”

တောင်၏ ဂိတ်တံခါးအရှေ့မှာတော့ ချင်ပုတောင်သည် မတ်တပ်ရပ်ကာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်သားကို ညီလေးဆီမှာ ထားခဲ့တော့မယ်”

“အစ်ကိုကြီး စိတ်ချပါ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က ကျိန်းသေပေါက် သူ့ကို လူမှုအသိုင်း အဝိုင်းမှာ အသုံးတည့်တဲ့ ဒေါက်တိုင်ကြီးတစ်ခုဖြစ်အောင် ပြုစုပျိုးထောင်ပေးပါ့မယ်”

“နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်” ချင်ပုတောင်သည် ရောက်ရှိလာပြီးသည့်နောက်မှာတော့ လျင်လျင်မြန်မြန်ပဲ ပြန်လည်ထွက်ခွာသွားသည်။

ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ချင်စုန့်ပေါင်၏ ဝင်ခွင့်ကိစ္စများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြုလုပ်ခိုင်းပြီး လျှိုဝမ်ရှစ်ဆီ လွှဲအပ်ပေးလိုက် တော့၏။

ဤမိန်းကလေး သည် တကယ့်ဆရာသမားကဲ့သို့ ပြုမူဆက်ဆံလျက် ရှိနေတော့၏။ “ဒီနေ့ကစပြီး မင်းက စားသောက်ခန်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီလေ၊ ဒီတော့ နေ့စဉ်နေ့တိုင်း စောစောထပြီး ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးရမယ်”

“ဒါက …”

ချင်စုန့်ပေါင်သည် ပြိုလဲလုမတတ် ဖြစ်နေသည်။ “ကျုပ်က အရမ်းကို ပျင်းတယ်လေ”

“တကယ်လို့ ပျင်းတယ်ဆိုရင်တောင်မှ လုပ်ရမှာပဲ၊ မဟုတ်ရင် ဒီမှာ ဘာမှ စားလို့ရမှာ မဟုတ်ဘူး” လျှိုဝမ်ရှစ်က ပြောလိုက်သည်။

“........” ချင်စုန့်ပေါင်သည် ငိုချင်သွားမိ၏။ သို့ပေမဲ့ လျှိုဝမ်ရှစ်၏ အစားအသောက်များကို မစားရလျှင် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်လာသည့် ရည်ရွယ်ချက် ပျောက်ကွယ်သွားမည် မဟုတ်ပါလား။

“ကောင်းပြီ”

သူသည် လိုက်လျောကာ ပူးပေါင်းလိုက်ရတော့၏။ “ကျုပ် ကြိုးစားပါ့မယ်”

နောက်တစ်ရက်မှာတော့ အိပ်ပျော်နေသော ချင်စုန့်ပေါင်သည် ရုတ်တရက် ပြတင်းပေါက်ဆီမှ ပျံသန်းလွှင့်စင် သွားပြီးသည့်နောက် မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွား၏။

ခြေဗလာနှင့် ရှောင်မိုရှန်းသည် အနောက်သို့ ရောက်ရှိလာပြီးသည့်နောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ပြောလိုက်သည်။ “နေကဖင်ကိုထိုးနေပြီ၊ ခုချိန်ထိ အိပ်နေတုန်းပဲ၊ မြန်မြန် ထပြီးတော့ စားသောက်ခန်းကိုသွား”

ချင်စုန့်ပေါင်သည် ၎င်း၏ အရိုးများ ကျိုးကြေသွားမတတ် ခံစားလိုက်ရ၏။ ပြီးနောက် မနည်းအားတင်းကာ ထရပ်လိုက်၏။ ကောင်းကင်ပေါ်တွင် ဖြစ်တည်နေသော စူးရှသည့်အလင်းတန်းများကို မြင်ရပြီးသည့်နောက်မှာ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “အစောကြီးရှိသေးတယ်၊ နေကထွက်နေပြီဟုတ်လား”

“အိုက်ယား”

ရှောင်မိုရှန်းသည် ချင်စုန့်ပေါင်၏ အင်္ကျီအား အသာဆွဲကိုင်ကာ အေးစက်စက်နှင့် ပြောလိုက်၏။ “ဒီဘုရင်မရဲ့ စကားလုံးတွေ မေးခွန်းပြန်ထုတ်နေတာလား”

ဘုန်း ဘုန်း

မကြာခင်မှာပဲ ချင်စုန့်ပေါင်သည် ဖူးရောင်လျက်ရှိနေသော မျက်နှာနှင့်အတူ စားသောက်ခန်းဆီသို့ ရောက်ရှိလာ ခဲ့တော့၏။ ပြိုင်စံရှားဂိုဏ်းတွင် အသားကျလျက်ရှိနေပြီဖြစ်သော လင်းရိုသည် များပြားလှသည့် ခြင်းကြီးများကို လက်ညှိုးထိုးပြကာ ပြောလိုက်တော့သည်။ “ဒီအရာတွေကို သွားဆေးလိုက်တော့”

“ဒါက မများလွန်းဘူးလား”

ဖောင်း

သူပြောပြီးပြီးချင်းမှာပဲ ရှောင်မိုရှန်းသည် သူ၏အနောက်တွင် ပေါ်လာပြီးနောက် ခေါင်းကို လက်သီးဖြင့် ထိုးလိုက်၏။ “ထပ်ပြီး ပြောနေမယ်ဆိုရင် ထပ်ပြီး ရိုက်ရမှာပဲ၊ လုပ်စရာရှိတာလုပ် … အပိုတွေ မပြောနဲ့”

“ကောင်းပါပြီ၊ ကောင်းပါပြီ”

ချင်စုန့်ပေါင်သည် လျင်လျင်မြန်မြန်ပဲ ပါဝင်ပစ္စည်းများဆီသို့ သွားရောက်ကာ ဆေးကြောခဲ့တော့သည်။ သူ့အနေနှင့် ပထမဦးဆုံးရက်တွင် ဘာမှသိပ်မလုပ်လိုက်ရပေ။ ဟင်းသီးဟင်းရွက်များကို ဆေးကြောသည့်အလုပ်ကိုသာ တာဝန်ယူခဲ့ရ၏။ သို့ပေမဲ့ အရာအားလုံး ပြုလုပ်ပြီးသည့်နောက်မှာ သူသည် အိပ်ယာထဲတွင်လှဲ၍ ငိုယိုလျက်ရှိနေတော့သည်။ “အဖေ... ကျုပ် အိမ်ပြန်ချင်တယ်”

လူပေါ်ကြော့တစ်ယောက်ကဲ့သို့ နေထိုင်ခဲ့သော ချင်စုန့်ပေါင်သည် ပြိုင်စံရှားဂိုဏ်းထဲတွင် အသားကျရန်အတွက် ရင်ဆိုင်နေရတော့၏။

ကံကောင်းစွာဖြင့် ရှောင်မိုရှန်းသည် သူ့အား ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ယူထားခဲ့သည်။ ရက်အနည်းငယ်ကြာ အနိုင်ကျင့်နှိပ်စက်ပြီးသည့်နောက်မှာတော့ ချင်စုန့်ပေါင်သည် မနက်စောစောစီးစီး အိပ်ယာမှ နိုးထလာပြီးနောက် စားသောက်ခန်းထဲတွင် လာရောက်ကူညီလျက် ရှိနေတော့သည်။

ဤကောင်လေးသည် အလုပ် လုပ်သည့်အချိန်တွင်တော့ ကောင်းမွန်စွာ ပြုလုပ်လျက်ရှိပြီး သူ၏ အမူအရာများသည်လည်း လေးနက်နေတတ်၏။ အစားအသောက်များကို စားသောက်သည့်အချိန်မှာတော့ အလွန် စိတ်ချမ်းသာ ဝမ်းမြောက်နေသည့် အမူအရာမျိုးဖြင့် စားသောက်တတ်၏။

လက်ရှိအချိန်မှာတော့ စားသောက်ခန်းသည်လည်း ပိုမို၍ တိုးတက်လာခဲ့ပြီး ဖြစ်သည်။ လျှိုဝမ်ရှစ်နှင့် အိုးရန်ကျွင်း တို့သည် ချက်ပြုတ်ရာတွင် တာဝန်ယူလျက်ရှိပြီး မာယုံနင်နှင့် လင်းရိုတို့သည် ဟင်းသီးဟင်းရွက်များကို လှီးသည့် တာဝန်များကို ယူထားကြ၏။ အားဟိုင်နှင့် ရိဟိုင်တို့နှင့် တခြားသောအဖွဲ့ဝင်များ အားလုံးသည် လိုအပ်သည့် အရာများအားလုံးကို ပြုလုပ်ပေးကြ၏။ ချင်စုန့်ပေါင်မှာတော့ အသီးအရွက်များကို ဆေးကြောသည့်တာဝန်ကို ပထမဦးဆုံး ယူထားကြ၏။ ၎င်းသည် ဇွဲရှိရှိ၏ လုပ်ကိုင်မည်ဆိုပါက ချက်ပြုတ်ရန် အခွင့်အရေးကို ရပေလိမ့်မည်။

..................

ဆေးပင်ဟောခန်းတွင်ရှိနေသော လူများသည်လည်း ငြိမ်ငြိမ်မနေကြပေ။ ၎င်းတို့အားလုံးသည် ဆာလောင်မြက်အား စိုက်ပျိုးလျက်ရှိနေ၏။

တောဝက်ရိုင်းလေးသည်လည်း ကြိုးကြိုးစားစားနှင့် မြေဓာတ်များ ပိုမို အားကောင်းအောင် ပြုမူဆောင်ရွက်လျက် ရှိနေသည်။

ဤအရာသည် ကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုရန် မလိုခဲ့ချေ။ ဆေးပင်ဟောခန်းရှိ တပည့်များသည် အပင်များကို စိုက်ပျိုးပြီးသည့်နောက်မှာ နေ့စဉ်နေ့တိုင်း သေသေချာချာ စောင့်ကြ ပ်ကြည့်ရှုရန်သာ လိုအပ်၏။ တစ်ခါတစ်ရံ ၎င်းတို့အနေနှင့် ပေါင်းသင်ခြင်း လုပ်ငန်းများကိုလည်း လုပ်ကိုင်ရ၏။

အကြီးအကဲဝေနှင့် ၎င်း၏အဓိကတပည့်များအားလုံးမှာတော့ ကျွင်းချောင်ရှောင်းပေးခဲ့သော ဆေးပင်များကို စိုက်ပျိုးသည့်အလုပ်ဖြင့် ပိုမိုကာ အာရုံစိုက်ထားကြသည်။ ထို့ကြောင့် ဆေးပင်ဟောခန်းသည် အချိန်ပြည့် အလုပ် လုပ်လျက်ရှိသည်ဟု ဆိုရမည်။

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် လုံလောက်သည့် သလင်းအမြူတေများကို ယူကာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်သားရဲခန်းမဆောင်ကို ဖွင့်ပြီးသည့် နောက် အဆင့်မြင့် နဂါးမီးတောက် နည်းစနစ်ကို နှိပ်ကြည့်လိုက်၏။ ဘေးတွင် တက်မြောက်မည် ဟူသော စာတမ်း ပေါ်လျက်ရှိသည်ကို မြင်လိုက်ရတော့သည်။

“တော်စမ်း၊ တော်လိုက်တော့”

အတွင်းခြံဝန်း၏ အပြင်ဘက်မှာတော့ နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည် ရန်ဖြစ်လျက် ရှိနေကြတော့၏။ ဤအရာမှာ နေ့စဉ်နေ့တိုင်း ဖြစ်နေသည့်အရာဟုလည်းဆိုရမည်။

အခြေအနေမှာ သာမန်ပင် ဖြစ်တော့၏။ ထို့ကြောင့် အနီးအနားတွင် ရှိနေသော တပည့်များ အားလုံးသည် ၎င်းတို့ဆီသို့ ရောက်ရှိ လာပြီး တားဆီးခြင်းကိုပင် မပြုလုပ်ကြပေ။ ၎င်းတို့၏ နေ့တဓူဝ ပြုလုပ်စရာရှိသည့် ကိစ္စများကိုသာ ပြုလုပ်နေကြ၏။ ဂိုဏ်းချုပ်၏ သတ္တဝါနှစ်ကောင်အား မျက်စိထဲပင် သူတို့ မထည့်ကြတော့ချေ။

“ငါ နင့်ကို မရိုက်နိုင်ဘူးလို့ ထင်လို့လား” နဂါးလေးသည် အေးစက်စက်ပြောလိုက်၏။

“ရိုက်မယ် ဟုတ်လား”

ရှောင်မိုရှန်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “နင့်ဆီမှာ အရည်အချင်း ရှိလို့လား”

“နင်”

နဂါးလေးသည် ၎င်း၏ ဒေါသကို ဖိနှိပ်ကာဖြင့် ပြောလိုက်၏။ “ယောက်ျားကောင်းတွေက မိန်းမတစ်ယောက်နဲ့ ရန်မဖြစ်တတ်ကြဘူးတဲ့၊ ဒါကြောင့် နင်နဲ့ အဖက်လုပ်ပြီး စကားပြောရတာ ပျင်းရိလာပြီ”

ပြောပြီးသည့်နောက်မှာတော့ သူသည် အသာလှည့်ကာဖြင့် အပြင်ခြံဝန်းဆီသို့ လျှောက်သွားလိုက်၏။ သို့ပေမဲ့ ခြေလမ်းနှစ်လမ်းပဲ လှမ်းရသေးသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွား၏။ ထူးဆန်းသည့် အသိပညာများသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။ သူသည် ဤခံစားမှုကို အရင်တုန်းက တွေ့ကြုံခံစားရဖူးသည်။ ထို့ကြောင့် သူ့၏ အသိစိတ်များ ပြန်လည်ရရှိပြီးသည့်နောက်မှာ တွေဝေစွာဖြင့် ပြောလိုက်သည်။ “နောက်ထပ် စွမ်းရည်တစ်ခုကို တက်ကျွမ်းသွားခဲ့ပြီလား”

ဟူး ဟူး

မီးတောက်များသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် သူ၏ ဒုတိယတိုက်ခိုက်ရေးပုံစံလည်း အသက်ဝင်သွားခဲ့၏။

ရှောင်မိုရှန်းသည် သူ့အား တိုက်ခိုက်တော့မည်ဟု ထင်မှတ်လိုက်၏။ ထို့ကြောင့် လေထဲသို့ ပျံတက်ပြီးသည့်နောက် အတောင်ပံများနှင့် သူမကိုယ်သူမ ဖုံးကာကာ ကောင်းကင်ငှက်မွှေး နည်းစနစ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

ရွီး ….

ရုတ်တရက်ဆိုသလိုပဲ နဂါးလေးသည် အပေါ်သို့ ပျံတက်လိုက်၏။ သူ၏လက်ကို ဖြန့်ကျက်လိုက်ပြီးသည့်နောက် မီးတောက်များ ထွက်ပေါ်လာသည်။ သူသည် အောက်ဘက်ဆီသို့ ချိန်ရွယ်ကာ အော်လိုက်၏။ “နဂါးမီးတောက် မုန်တိုင်း”

ဟူး ဟူး

အောက်ဘက်တွင်ရှိသော သိုင်းလေ့ကျင့်ရေးစင်မြင့်ကြီးသည် တစ်စစီဖြစ်သွားတော့၏။ မီးဓာတ်သဘာဝစွမ်းအင် များသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးသည့်နောက် ဆက်တိုက်ဆိုသလိုပဲ ကျွမ်းလောင်တော့သည်။ မီးမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင် အရာအားလုံးသည် မီးများဖြစ်တည်နေ၏။

ဖြောက် ဖြောက် ဖြောက်

မီးတောက်များ တိုးပွားလာခဲ့သလို မီးတောက်များ ရောက်ရှိလာသည့် အမြန်နှုန်းမှာလည်း တိုးပွားလာလျက် ရှိ၏။ သိုင်းလေ့ကျင့်ရေးစင်မြင့်ကြီးတစ်ခုလုံးသည် မီးကင်ခံလိုက်ရသလို နီနီရဲလျက်ရှိနေ၏။ အောက်တွင်ရှိသော ခင်းကျင်းထားသည့် ကျောက်ပြားများသည် အရေပျော်ကာ အငွေ့ပျံလျက် ရှိနေတော့သည်။

ယခုမှ တက်ကျွမ်းမည် ဟူသော ခလုတ်ကို နှိပ်ခဲ့သော ကျွင်းချောင်ရှောင်းသည် အတွင်းခြံဝန်းထဲမှ မီးတောက်များ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်မိသည့်အချိန်မှာတော့ အလျင်အမြန်ပဲ ရှေ့ကိုပြေးထွက်လာခဲ့၏။ ထိုအချိန်မှာတော့ တိုက်ခိုက်ရေး စင်မြင့်ကြီးတစ်ခုလုံး မိးလောင်ကျွမ်းလျက်ရှိသည်ကို မြင်လိုက်ရ၏။ စိတ်ဓာတ်တကျဖြင့် အော်လိုက်မိ၏။ “ရပ်တော့၊ ရပ်တော့၊ ရပ် ရပ်”

မီးတောက်များသည် ရုတ်တရက် အားနည်းသွားတော့သည်။ နဂါးလေးသည် ခြစ်ခြစ်တောက် ပူလောင်နေသော မြေပေါ်သို့ ဆင်းသက်လာသည်။ သူသည် သူ၏လက်များကို မယုံကြည်နိုင်စွာကြည့်၍ ပြောလိုက်တော့သည်။ “ဒီစွမ်းရည်က ကြောက်မက်ဖွယ် အရမ်းကောင်းတာပဲ”

သူ့အနေနှင့် မီးတောက်၏ စွမ်းအားများကို နှစ်ဆယ် သို့မဟုတ် သုံးဆယ်ရာခိုင်နှုန်းသာ ထုတ်ဖော် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အလုံးစုံ၊ အပြည့်အဝသာ ထုတ်ဖော်အသုံးပြုလိုက်မည်ဆိုလျှင် သိုင်းလေ့ကျင့်ရေးစင်မြင့် မပြောနှင့် အတွင်းခြံဝန်းတစ်ခုလုံးပင် ပြာကျသွားနိုင်စွမ်း ရှိ၏။ စမ်းသပ်ပြီးသည့်နောက်မှာတော့ အဆင့်မြင့်နဂါးမီးတောက် သည် ကြောက်မက်ဖွယ်ကောင်းရုံသာမက တိုက်ခိုက်နိုင်စွမ်း အကွာအဝေးကလည်း အလွန်တရာ ကျယ်ဝန်းလှသည်ကို သိရှိလိုက်ရ၏။

ဂြိုဟ်တိုက်ပွဲတွင် တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် အဝါရောင်အဆင့် တိုက်ခိုက်သူများ မည်မျှ များများ ဂရုစိုက်နေစရာမလိုချေ။ ဤတိုက်ခိုက်ရေးနည်းစနစ်ကို ထုတ်ဖော်လိုက်သည်နှင့်အမျှ အားလုံးသေဆုံးသွားမှာ သေချာသည်။

“ငါ မစောင့်နိုင်တော့ဘူး”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလျက်ရှိ၏။ လက်ရှိအချိန်မှာတော့ သူသည် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူသည် တင်းရှင်းဝမ်ကို ခေါ်သွားရန် မျှော်လင့်ခဲ့မိ၏။ ထို့ပြင် ခရမ်းရောင်ဘုရင်၊ ပဋိညာဉ်သားရဲနှစ်ကောင်၊ ကျန့်ရာ တို့အားလည်း ခေါ်ဆောင်သွားရပေမည်။ ထိုမှသာလျှင် သူ့အား ပြဿနာရှာခဲ့သော သူများအားလုံးကို သေချင်စိတ် ပေါက်သည်အထိ နှိပ်စက်ရိုက်နှက်နိုင်မည် မဟုတ်လား။

မီးလောင်ကျွမ်းသွားသည့် တည်နေရာမှာတော့ ဂိုဏ်း၏ စီမံခန့်ခွဲရေးမှူး လီချင်းယန်သည် ဆုံးရှုံးသွားသည့်အရာ များ အားလုံးအတွက် ငွေကြေးများကို ပြန်လည်တွက်ချက်လျက် ရှိနေသည်။ သူသည် ရင်ထဲမှာတော့ နာကျင်လျက် ရှိနေ၏။

နဂါးလေးသည် နဂါးမီးတောက် နည်းစနစ်ကို ရရှိသွားခဲ့၏။ တကယ့်တိုက်ခိုက်ပွဲတွင် မည်မျှ တိုက်ခိုက် နိုင်သည်ဆိုသည်ကို ကြည့်ရှုရတော့မည်ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် အထူးတာဝန်ပြည့်စုံသည့်အချိန်ဆီသို့ ရောက်ရှိရန် စောင့်စားနေမိ၏။ ထိုမှသာလျှင် သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ရန် စဉ်းစားနေသည်။

“ဟောခန်းသခင်ကျိ”

တစ်နေ့မှာတော့ သူသည် အမိန့်ပေးလိုက်၏။ “မိသားစုခေါင်းဆောင်ချင်က တောတစ်ရာ တောင်တန်းထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိသွားတယ်၊ ဒီတော့ ညိုကြီးနဲ့ တခြားသူ တွေကို ခေါ်ပြီး သွားကူညီလိုက်အုံး”

“တောတစ်ရာတောင်တန်း ဟုတ်လား” ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။

“ဘာဖြစ်လို့လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ခရမ်းရောင်ဘုရင်က တီးတိုးပြောလိုက်၏။ “အဲတောတစ်ရာတောင်တန်းထဲမှာ သိုင်းနယ်မြေကျင့်ကြံသူနဲ့ နှိုင်းယှဉ်လို့ရတဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင်ရှိတယ်၊ သူ့ကိုသူ တောတစ်ရာဘုရင်လို့ ခေါ်တယ်လေ၊ အရင်တုန်းက ကျုပ်က သူ့ကို စည်းရုံးဖို့ သွားခေါ်ခဲ့တယ်ဆိုပေမယ့် ငြင်းပယ်ခံခဲ့ရတယ်”

“ဒီလိုလား” ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိသွားသည်။ သူ့အနေနှင့် ချင်ပုတောင်ကို ကူညီ၍ မိုင်းတွင်းကို တူးပေးမည်ဟု ကတိပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျိရှုကို သွားရောက်ကူညီစေခြင်းပင်ဖြစ်သည်။ ၎င်းသည် သားရဲဘုရင်တစ်ယောက်ဖြစ်သည်မို့ စွမ်းအားမြင့် စိတ်ဝိညာဉ်သားရဲများသည် သူ၏စကားကို နားထောင်ရပေ လိမ့်မည်။ လက်ရှိအခြေအနေမှာတော့ သူ့စကားကို နားမထောင်သော အားကောင်းလှသည့် စိတ်ဝိညာဉ်သားရဲများ တည်ရှိနေသည်ဆိုသည်မှာ နည်းနည်းတော့ ပြဿနာရှိသည်။

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဲကောင့်ကို အမှောက်ရိုက်ကြတာပေါ့”

ခရမ်းရောင်ဘုရင်သည် လေးနက်စွာဖြင့်ပြောလိုက်သည်။ “တောတစ်ရာဘုရင်က အရမ်းကို အားကောင်းတယ်လေ၊ ပြီးတော့ လှည့်စားယုတ်မာတတ်တယ်၊ သူ့ကို အနိုင်ယူဖို့ဆိုတာ အရမ်းခက်ခဲတယ်လေ”

“ကြည့်ရတာ ခင်ဗျား သူ့ကိုသွားပြီးတော့ စည်းရုံးသိမ်းသွင်းတုန်းက ရှုံးနိမ့်ခဲ့ပုံပေါ်တယ်၊ ဟုတ်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဟမ့်”

ခရမ်းရောင်ဘုရင်က အေးစက်စက်နှင့် ပြောလိုက်၏။ “အဲတုန်းက ကျုပ်က အထက်နယ်မြေက ဆင်းသက် လာတာလေ၊ ကျင့်ကြံခြင်းအဆင့်နဲ့ အားအင်က ကြီးကြီးမားမား လျော့ကျနေတယ်၊ မဟုတ်ရင် ဒီကောင့်ကို လက်တစ်ချောင်းထဲနဲ့တင် ဖိနှိပ်လိုက်လို့ရတယ်”

ကျွင်းချောင်ရှောင်း ခန့်မှန်းခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ကျိရှုသည် တောတစ်ရာဘုရင်အား မခေါ်ယူနိုင်ခဲ့ရုံသာ မက ကြီးကြီးမားမားပင် ဆုံးရှုံးခဲ့ပုံပေါ်သည်။

“ဟောခန်းသခင်ကျိတောင်မှ ဘာမှမလုပ်နိုင်ဘူးဆိုရင်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ ဒီတောတစ်ရာဘုရင်ကို အနိုင်ယူမှ ဖြစ်လိမ့်မယ်”

........................

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ တောတစ်ရာတောင်၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်း သည် အသာလျှောက်လှမ်းလာခဲ့သည်။ သူ၏နောက်မှာတော့ ပဋိညာဉ်သားရဲနှစ်ကောင်၊ အဘိုးကြီးတင်း၊ ကုန်းစွန်းဟောင်ဟိုင်နှင့် ကျန့်ရာတို့လည်း ပါဝင်လျက်ရှိသည်။

၎င်းတို့အားလုံးအပြင် ရွှဲရမ်ကွေ့နှင့် တောက်ယွမ် တို့ ဦးဆောင်လာသည့် သားရဲစီးတပ်သား ငါးထောင်ကျော်ကလည်း လိုက်ပါလာခဲ့ကြသည်။ ထို့ပြင် လီချင်းယန်နှင့် ရှောင်ကျီတို့ကဲ့သို့သော အတွင်းစည်း တပည့်များလည်း ပါဝင်သေး၏။

ချင်ပုတောင်နှင့် ချင်မိသားစုမှ ကျွမ်းကျင်သူများသည် ထိုနေရာတွင် ရှိနေကြ၏။ ၎င်းတို့သည် အလွန်များပြား လှသော လူစာရင်းကို မြင်လိုက်သည့်အချိန်မှာတော့ အံ့အားတသင့်ဖြင့် တွေးမိလိုက်ကြသည်။ “ဒါက မိုင်းတွင်း လာတူးတာလား၊ စစ်လာတိုက်ကြတာလား”

All Chapters