← Chapters

မိစ္ဆာနဂါး ဓားမနှစ်လက်

Vol. 109 Ch. 1424

မိစ္ဆာနဂါး ဓားမနှစ်လက်

Vol. 109 Ch. 1424

ကျဲ့ဟွလီက‌ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ မော့ကြည့်လိုက်သည်။ မိစ္ဆာချီမျှင်နှစ်မျှင်မှ ခရမ်းရောင်မီးခိုးငွေ့များသည် ချီနှင့်သွေးတို့ကို ဝါးမြိုပြီးနောက် မိစ္ဆာအရှိန်အဝါမှာ ပို၍ပင် အားကောင်းလာသည်။ သူက ပြောလိုက်သည်။ “ငါ့တာအိုနှလုံးသားကိုက ကာကွယ်လို့ရတယ်… ဒါပေမဲ့ ငါ့သိုင်းအခြေခံက မလုံလောက်ဘူး… နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှာ ပထမ‌ဆုံး ဒဏ်ရာရမယ့်သူက ငါပဲ…. ငါ့သိုင်းအဆင့်နဲ့ဆို လျှပ်တစ်ပျက်အတွင်း နတ်ဘုရားစီရင်ရာစင်မြင့် ငါ့ရဲ့ ချီနဲ့သွေးကို ဝါးမြိုသွားနိုင်တယ်… ငါ့ မူလဝိညာဉ်လည်း ပျက်စီးပြီး ခန္ဓာကိုယ်နဲ့ တာအိုလည်း ဖျက်ဆီးခံရလိမ့်မယ်… ဒါပေမဲ့ ဓားမတာအိုရဲ့ မိစ္ဆာဆန္ဒမှာဆိုရင်တော့ နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ နတ်ဓားမက ငါ့အောက် အများကြီးနိမ့်ကျတယ်”

သားသတ်သမားကလည်း ကောက်ချက်ချနေသည်။ “ငါ့ဓားမတာအို အောင်မြင်မှုအရဆိုရင် ငါ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ် တက်လိုက်တာနဲ့ ဓားမချီကြောင့် ဒဏ်ရာတော့ မရဘူး …. ဒါပေမဲ့ စင်မြင့်ပေါ် ရောက်ပြီး ဓားမနှစ်လက် လှုပ်ရှားလိုက်ရင်တော့ ငါ ခေါင်းဖြတ်ကွပ်မျက်ခံရလိမ့်မယ်… ငါ့ခွန်အားက မလုံလောက်ဘူး… ငါ့မှာ ခွန်အားအလုံအလောက် ရှိရင် တိုက်ခိုက်နိုင်တယ်…”

လော့ဝူရွှမ်က ခပ်ဩဩ လေသံဖြင့် ပြောသည်။ “ငါ့မှာက လက်တစ်ဖက်ပဲ ရှိတယ်.. ဆိုတော့ ခံစစ်မှာ အားနည်းချက် များတယ်…. နတ်ဘုရားစီရင်ရာစင်မြင့်ကို တက်ရင် ရုပ်ခန္ဓာက ထိခိုက်မှုများလိမ့်မယ်…. တာအိုနှလုံးသားကို ထိန်းထားနိုင်ပေမယ့် ငါ့ခွန်အားက အလျင်အမြန် လျော့ကျသွားမှာ… ဒါပေမဲ့ စင်ပေါ်ရောက်ရင် ဓားမတစ်လက်ကိုတော့ ခုခံကောင်း ခုခံနိုင်လိမ့်မယ်”

တျန်းရှုက ပြောသည်။ “ဖန်းကျစ်ယန်ရဲ့ အရှိန်အဝါ အားနည်းသွားတဲ့ အမြန်နှုန်းကို ကြည့်မယ်ဆိုရင် ငါလည်း နတ်ဓားမနှစ်လက်ကို ရင်ဆိုင်တဲ့အခါကျ ထိခိုက်ဒဏ်ရာရလိမ့်မယ်…. စင်ပေါ်မှာ အသက်တစ်ရှိုက်စာအတွင်း သေသွားမှာပဲ… ဒါပေမဲ့ ငါ ဓားမနှစ်လက်ကို ကာထားနိုင်သရွေ့တော့ စင်ပေါ်မှာ မြဲမြဲမြံမြံ ရပ်နိုင်လိမ့်မယ်….”

သူတို့ငါးယောက်လုံးသည် အတွေ့အကြုံရင့်သန်နေကြသူများ ဖြစ်ကြ၏။ တျန်းရှုက အရက်မူးဟန်ဆောင်ကာ ဖန်းကျစ်ယန်ကို စနောက်ခဲ့သည့်အချိန်မှစ၍ ကျန်လေးယောက်လည်း သူ့ရည်ရွယ်ချက်ကို နားလည်ခဲ့ကြ၏။ သူတို့က တျန်းရှု ဖန်းကျစ်ယန်အား စနောက်ရန် တမင်လွှတ်ပေးထားခဲ့ခြင်းပင်။

ဖန်းကျစ်ယန်၏ တာအိုနှလုံးသားမှာ သူတို့လောက် မခိုင်မာပေ။ နတ်အရှင်မချန်း ပေးခဲ့သည့် အဆောင်လည်ဆွဲ ထုတ်သုံးအောင် လှည့်စားခံလိုက်ရပြီး နတ်ဘုရားစီရင်ရာစင်မြင့်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့်အချိန်တွင် သူတို့ငါးယောက်က အခွင့်ကောင်းယူကာ နတ်ဘုရားစီရင်ရာစင်မြင့်၏ အတိုက်အခိုက်စွမ်းရည်နှင့် နည်းလမ်းတို့အား ခန့်မှန်းခဲ့ကြသည်။ မိမိ၏ အားနည်းချက်၊ အားသာချက်တို့ကိုလည်း တွက်ချက်ခဲ့ကြသည်။

မိမိကိုယ်ကိုယ်နှင့် ရန်သူအကြောင်းကို ဂဃနဏ သိထားမှသာလျှင် တိုက်ပွဲပေါင်းတစ်ရာကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်လော။

နတ်ဘုရားစီရင်ရာစင်မြင့်အကြောင်းကို ပိုမိုသိရှိထားသည်နှင့်အမျှ နတ်ဘုရားစီရင်ရာစင်မြင့်အား အနိုင်ယူနိုင်ချေ မြင့်မားလေလေ ဖြစ်၏။

ဖန်းကျစ်ယန်သည် ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်‌သည့်တိုင် နတ်အရှင်မချန်း၏ တပည့်ဖြစ်သဖြင့် သိုင်းလောကတွင် အတွေ့အကြုံ များများစားစား မရှိချေ။ ရွှံ့နွံထဲတွင် လူးလိမ့်ခဲ့ရသော သူတို့လို ပုဂ္ဂိုလ်များနှင့် ယှဉ်ပါက သူမမှာ များစွာနိမ့်ကျသည်။ အထူးသဖြင့် သူမ၏ တာအိုနှလုံးသား နတ်ဘုရားစီရင်ရာစင်မြင့်၏ ဖိနှိပ်ခြင်းခံရ၍ တျန်းရှူ၏ လှည့်ကွက်များအား ယုံကြည်ခဲ့မိသည့်အချိန်တွင် ဖြစ်သည်။

သူတို့လေးယောက်က မိမိ၏ အားနည်းအားသာချက်များကို တွက်ချက်ပြီးနောက် ချင်မူ့ဆီ ကြည့်လိုက်ကြသည်။

ချင်မူ့အကြည့်က ဖျတ်ခနဲ လက်သွား၏။ “ခင်ဗျားတို့လေးယောက် အကူအညီနဲ့ဆိုရင် ကျွန်တော်တို့ နတ်ဘုရားစီရင်ရာစင်မြင့်ကို ကျော်ဖြတ်ပြီး မဟာတာအို ရနိုင်ပါလိမ့်မယ်… အခု တည်ငြိမ်နေပြီ”

ဝုန်း….

သူ၏ ကောင်းကင်ရတနာနယ်ပယ်သည် ချက်ချင်း ပြန့်ကားထွက်လာပြီး ကျန်လေး‌ယောက်လည်း ၎င်းအထဲတွင် ရပ်လိုက်ကြသည်။ ချက်ချင်းဆိုသလို သူတို့အားလုံး အပေါ်၊ အောက်၊ ဘယ်၊ ညာတို့သာမက သူတို့၏ အရှေ့နှင့်အနောက်ကိုပါ တစ်ပြိုင်နက်တည်း မြင်တွေ့နေရသည်ကို တွေ့လိုက်ရ၏။

တစ်ချိန်တည်းမှာပင် ချင်မူက ဓားမလမ်းစဉ် ကောင်းကင်နန်းဆောင်ကို ပင်မကောင်းကင်နန်းဆောင်အဖြစ် အသုံးပြုကာ ကျန်ကောင်းကင်နန်းဆောင်များဖြင့် အားဖြည့်ပေးထား၏။ သူ၏ ချီကို စုစည်းလျက် ဓားမတစ်လက် ဖွဲ့တည်လိုက်ပြီး သူ့တာအိုနှလုံးသားသည်လည်း မြဲမြံခိုင်မာနေသည်။ သူက အကာအကွယ်ဓားမကို အသက်သွင်းလျက် အားလုံး၏စိတ်ဆန္ဒနှင့်အတူ မြို့တစ်မြို့ ဖော်ဆောင်ဖန်ဆင်းလိုက်သည်။ သူတို့၏ အသက်ရှူသံများက ချိတ်ဆက်၍ မှော်စွမ်းအင်တို့လည်း ဆက်နွယ်သွားကြလေသည်။

ကျဲ့ဟွလီ၊ သားသတ်သမားနှင့် လော့ဝူရွှမ်တို့က ချက်ချင်း မှော်စွမ်းအင် အဆပေါင်းများစွာ တိုးတက်သွားကြောင်း ခံစားလိုက်ကြရ၏။ ချက်ချင်းဆိုသလို ဧကရာပလ္လင်အဆင့်ပုဂ္ဂိုလ်တစ်ဦး၏ မှော်စွမ်းအင်ကို ရရှိလိုက်သကဲ့သို့ပင်။

ကောင်းကင်နတ်မင်းတျန်းရှုမှာမူ သူ၏မှော်စွမ်းအင် အနည်းငယ် လျော့ကျသွားမှန်း ခံစားလိုက်ရသော်လည်း များများစားစားတော့ မဟုတ်ပေ။ သူ၏ ဧကရာဇ်ပလ္လင်အဆင့်ကို ဆက်လက်ထိန်းထားနိုင်သေး၏။

သူတို့လေးယောက်မှာ အံ့ဩမှင်သက်နေကြသည်။ ဤမှော်စွမ်းအင်က ကောင်းကင်နတ်ဘုရင်တျန်းရှု၏ မှော်စွမ်းအင်ချည်းသက်သက် မဟုတ်ဘဲ ချင်မူ့မှော်စွမ်းအင်ပါ ပါနေသည်။

ချင်မူ့မှော်စွမ်းအင်သည် ဤမျှသိပ်သည်းအားကောင်းလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

အရှိုက်ထိဆုံးကတော့ ကျဲ့ဟွလီပင်။ သူသည် အစက ချင်မူ့သိုင်းအဆင့်နှင့် မှော်စွမ်းအင်တို့သည် သူနှင့် သိပ်မကွာခြားလှဟု ထင်ထားခဲ့သော်လည်း ဤမျှ ဝေးကွာနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဝေးကွာလွန်းသဖြင့် လိုက်မှီရန်ပင် ခက်ခဲနေချေပြီ။

မှန်ပါသည်။ ဤတွင် ထည့်သွင်းစဉ်းစားရမည့်အရာလည်း ရှိပေသည်။ သူ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်မှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ သာမန်ကျင့်ကြံခြင်းလမ်းစဉ် ဖြစ်သည်။ ကောင်းကင်ရတနာခုနစ်ခုသည် တစ်ခုအဖြစ် ပေါင်းစည်း၍ ကောင်းကင်နတ်မြစ်အား ဖွဲ့တည်ထားသော်လည်း ချင်မူကမူ အများနှင့် ကွဲထွက်နေကာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာတစ်ခုသာ ရှိခဲ့၏။ ၎င်းတွင် ဘိုးဘေးနန်းတော်၊ ရွှမ်တု၊ ယွမ်တု၊ ယိုတု၊ ၀င်ရိုးစွန်းလေးခုနှင့် ကမ္ဘာလောကတစ်သောင်းပင် ကိန်းဝပ်နေသည်။

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ပါရှိသည့် မှော်စွမ်းအင်ကပင် သူ့ထက် မရေမတွက်နိုင်အောင် မြင့်မားနေသည်။ ချင်မူသည် ကောင်းကင်နန်းဆောင် ၁၉ ဆောင်ကို ပိုင်ဆိုင်ထားသည့်အပြင် ကောင်းကင်နန်းဆောင်တစ်ဆောင်ချင်းစီတိုင်း၏ ကောင်းကင်မုခ်၀မှန်သမျှကလည်း ဘိုးဘေးနန်းတော်၏ မဟာတာအိုအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ နဂါးသွဲ့ရေကန် ၊ နဂါးသွဲ့စင်မြင့်တို့မှာလည်း အလားတူဖြစ်သည့်အပြင် အဆင့်အသစ် အကျဥ်းထောင်ကိုးထပ်အဆင့်ကိုပါ ဖန်တီးခဲ့သေးသည်မဟုတ်လော။

ထိုမျှသာမက ‌ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိတို့လည်း ကိန်းဝပ်နေသေးသည်။ မဟာတာအိုလေးခုသည် ကျောက်တုံးတွင်းလေးတွင်းအဖြစ် ဖန်ဆင်းခံထားရပြီး သူတို့၏မှော်စွမ်းအင်တို့မှာ ပြင်းထန်များပြားလွန်းသည့်အတွက် လန်ယွီတျန်းပင်လျှင် သူနှင့်အဆင့်တူတွင် နိမ့်ကျသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးကတော့ ပို၍ပင်‌ ဝေးကွာသေးသည်။

မှော်စွမ်းအင်ကိုသာ အခြေခံ၍ တိုင်းတာရမည်ဆိုပါက ချင်မူသည် ဧကရာဇ်ပလ္လင်အဆင့်ထက် များစွာကျော်လွန်သော သိုင်းပညာရှင်တစ်ဦး ဖြစ်နေချေပြီ။

“ကံကောင်းလို့... ဒီကောင်စုတ်က ဓားမတာအိုမှာ ငါ့အောက် နည်းနည်း အားနည်းနေသေးတာ” ကျဲ့ဟွလီမှာ စိတ်ကျေနပ်နေသည်။

“တည်ငြိမ်တယ်” လော့ဝူရွှမ်က ဩရှရှ ပြောသည်။

သားသတ်သမားက ခေါင်းညိတ်၏။ “တည်ငြိမ်တယ်”

ကျဲ့ဟွလီက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။ “ငါတို့ နတ်ဘုရားစီရင်စင်မြင့်ကို သေချာပေါက် ဖြတ်သွားနိုင်တယ်”

တျန်းရှု၏ မျက်လုံးများက တောက်ပနေ၏။ “ငါတို့ တိုက်ခိုက်နိုင်တယ်”

သူတို့ငါးယောက်က မှော်စွမ်းအင်တို့ ထုတ်လွှတ်လျက် တာအိုနှလုံးသားများကို မြှင့်တင်ကာ ‌ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “တာအိုအဆင့် ကောင်းကင်ဘုံ၂၅ ဘုံ”

အသံငါးသံက ထပ်သွားပြီး ကျယ်လောင်မြည်ဟည်းလာသည်။ သူတို့ ဓားမတာအိုများ၏ ကောင်းကင်ဘုံ ၂၅ ဘုံက ပေါက်ကွဲလာပြီး အတူတကွ ထပ်လျက် ‌ဧရာမဓားတာအိုနယ်ပယ်ငါးခုကို ဖော်ဆောင်လိုက်၏။ ၎င်းတို့အားလုံးက ကွဲပြားနေပြီး သူတို့၏ အားနည်းချက်အသီးသီးကို ဖြည့်တင်းပေးထားကာ ချင်မူ့ကောင်းကင်ရတနာနယ်ပယ်ကို အတူတကွ ဖုံးအုပ်လိုက်ကြသည်။

ချင်မူက ရှေ့သို့ ခြေတစ်လှမ်းတက်၍ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ လျှောက်သွားသည်။

သူ ပထမဆုံးလှေကားထစ်သို့ ရောက်ချိန်တွင် ဖိအားပြင်းထန်လာကြောင်း သူတို့ငါးယောက်လုံး ခံစားလိုက်ကြရသည်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ ဖိအားက ကျဆင်းလာပြီး သူတို့၏ တာအိုအဆင့် ကောင်းကင်ဘုံ ၂၅ ဘုံနှင့် ၀င်တိုက်သွား၏။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင်သို့ ရောက်ရှိသွားသည့်အလား ဓားမများက အရပ်လေးမျက်နှာမှ ၀င်ရောက်တိုက်ခိုက်လာကြပြီး သူတို့၏ ဓားမတာအိုနယ်ပယ်နှင့် ထိပ်တိုက်တွေ့သွားကြတော့သည်။

ကောင်းကင်ဘုံ ၂၅ ဘုံ၏ ထောင့်စွန်းတွင် နတ်ဓားမများ ပေါ်လာကြ၏။ ချင်မူ၊ သားသတ်သမားနှင့် ကျန်သူတို့၏ ဓားမတာအိုတို့ကား နတ်ဘုရားစီရင်ရာစင်မြင့်၏ ဘေးအန္တရာယ်ချီနှင့် ထိပ်တိုက်တွေ့နေကြချေပြီ။ ဓားမရောင်များက အလွန်အမင်း သိပ်သည်းကာ အဆက်မပြတ် ဖြာတက်နေသည်။

သို့ထိတိုင် သားသတ်သမား၊ ကျဲ့ဟွလီ၊ တျန်းရှုနှင့် လော့ဝူရွှမ်တို့က ဓားမများကို ကိုင်ထားသေးပြီး မလှုပ်ရှားကြပေ။ သူတို့က စိတ်ဆန္ဒကို သုံးလျက် နတ်ဘုရားစီရင်ရာစင်မြင့်၏ ဘေးအန္တရာယ်ချီကို ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ချင်မူက ဒုတိယလှေကားထစ်သို့ တက်လိုက်သည့်အခါ ဖိအားက တစ်ဆင့်တိုးလာပြန်၏။ သူတို့ငါးယောက်က ဓားမများကို ကိုင်ထားကာ မလှုပ်ရှားကြပေ။

ချင်မူက တစ်ထစ်ပြီး တစ်ထစ် တက်လှမ်းနေသည်။ သူတို့ န၀မမြောက်အထစ်သို့ ရောက်သည့်အချိန်တွင် နတ်ဘုရားစီရင်ရာစင်မြင့်မှ ဘေးအန္တ‌ရာယ်အရှိန်အဝါသည် တာအိုအဆင့်၏ န၀မမြောက် ကောင်းကင်ဘုံသို့ ကျူးကျော်စပြုလာပြီး ၎င်း၏စွမ်းအားမှာ အံ့ဩချီးကျူးဖွယ် ကောင်းလှသည်။ နတ်ဘုရားစီရင်ရာစင်မြင့်တွင် လှေကားထစ် စုစုပေါင်း ၂၅ ထစ် ရှိ၏။ ချင်မူ နောက်ဆုံးအထစ်သို့ ရောက်ရှိသည့်အချိန်တွင် နတ်ဘုရားစီရင်ရာစင်မြင့်၏ ဘေးအန္တရာယ်အရှိန်အဝါကား သူတို့၏ ၂၅ ခုမြောက် ကောင်းကင်ဘုံ၊ ဓားမတာအိုနယ်ပယ်သို့ ကျူးကျော်ကြပြီးဖြစ်ကာ ဘေးအန္တရာယ်အရှိန်အဝါကလည်း သူတို့၏ခန္ဓာကိုယ်ထဲသို့ ရောက်ပေတော့မည်။

သူတို့ငါးယောက်က ရုတ်တရက် ဓားမများကို ထုတ်လိုက်ကြပြီး ခန္ဓာကိုယ်များက ကြတ်ခြေခတ် လှုပ်ရှားသွားကြသည်။ ဓားမရောင်များကလည်း တစ်ခုနှင့်တစ်ခု ကြက်ခြေခတ် ဖြတ်သန်းသွားကြရင်း သူတို့အား တိုက်ခိုက်နေသည့် ကောင်ကင်ပေါ်မှ ဓားမနှစ်လက်၏ ဘေးအန္တရာယ်အရှိန်အဝါတို့ကို ခုခံကာကွယ်လိုက်၏။

ဒုန်း…. ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…

‌ကျယ်လောင်လှသော အသံကြီးငါးသံ ပြိုင်တူထွက်ပေါ်လာကြသည်။ သူတို့ငါးယောက်၏ ခန္ဓာကိုယ်များမှာ ပြင်းပြင်းထန်ထန် တုန်ရီနေကြပြီး ခြေလှမ်းများက မရွေ့လျားပဲ မနေနိုင်ကြချေ။ သူတို့က မတူညီသော နေရာများသို့ ပြန်ဆုတ်ကြသည်။

သူတို့ခန္ဓာကိုယ်ထဲရှိ ဘေးအန္တရာယ်အရှိန်အဝါများကြောင့် ဖြစ်ပေါ်လာသော ဓားမချီတို့က ဟုန်းဟုန်းထနေကြ၏။ နတ်ဓားမနှစ်လက်၏ ဘေးအန္တရာယ်အရှိန်အဝါက အားကောင်းပြင်းထန်လွန်းသည့်အတွက် သူတို့၏ ဓားမများနှင့် ဝင်တိုက်သွားသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်ထဲသို့ ကျူးကျော်၀င်ရောက်လာကြသည်။

မရေမတွက်နိုင်သော ဓားမရောင်တို့က သူတို့၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး မူလဝိညာဉ်၊ တာအိုနှလုံးသားနှင့် ရုပ်ခန္ဓာတို့ကို သတ်ဖြတ်လိုက်ကြ၏။

နတ်ဘုရားစီရင်စင်မြင့်ပေါ်ရှိ နတ်ဓားမနှစ်လက်၏ စွမ်းအားမှာ သူတို့ထင်ထားသည်ထက် ကျော်လွန်နေခဲ့လေသည်။

ရွှစ် ရွှစ် ရွှစ်

ချင်မူ၊ သားသတ်သမား၊ တျန်းရှု၊ လော့ဝူရွှမ်နှင့် ကျဲ့ဟွလီတို့၏ ခြေလှမ်းများ ဖရိုဖရဲဖြစ်သွားကြသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော ဒဏ်ရာများက ပေါက်ကွဲသွားကြပြီး သွေးတို့က အရပ်လေးမျက်နှာသို့ ပန်းထွက်ကုန်သည်။

ချင်မူ့အရှေ့တွင် သွေးတစ်စက်က သူ့မျက်ခုံးနှစ်ဖက်ကြားရှိ‌ ဒေါင်လိုက်မျက်လုံးကို ဖြတ်သွား၏။ ထိုသွေးစက်မှ သွေးနီရောင် ဓားမရောင်တို့ ထောင်သောင်းများစွာ ပျံထွက်လာသည်။ ၎င်းတို့က အဆက်မပြတ် လှည့်ပတ်ပြန့်ကားနေသော ပုံဆောင်ခဲတစ်ခုကဲ့သို့ အတောမသတ်နိုင်‌‌အောင် ပြောင်းလဲနေကြသည်။

“မပြောင်းလဲသော ကောင်းကင်နတ်သိုင်း”

ချင်မူက ‌အော်ဟစ်လိုက်သည့်အခါ သူတို့ခန္ဓာကိုယ်ထဲမှ ပန်းထွက်သွားသည့် သွေးအားလုံး ခန္ဓာကိုယ်ထဲ ချက်ချင်း ပြန်ဝင်လာသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း ပျောက်ကွယ်သွားပြီး ချင်မူက အော်လိုက်၏။ “ခန္ဓာကိုယ်ထဲက ဘေးအန္တရာယ်အရှိန်အဝါတွေကို သန့်စင်ကြပါ…. အဲ့ဒီနတ်ဓားမနှစ်လက်က ရုပ်သွင်မဖွဲ့တည်ရသေးဘူးဆိုတော့ ကျွန်တော်တို့ သူတို့ရဲ့ဘေးအန္တရာယ်ချီကို သုံးပြီး ဓားမလမ်းစဉ်ကို ကျင့်ကြံလို့ရတယ်”

သူတို့ငါး‌ယောက် ခန္ဓာကိုယ်များကို လှုပ်ရှားလျက် နောက်တဖန် နေရာပြန်ယူလိုက်ကြသည်။ တစ်ယောက်ချင်းစီတိုင်းက မှော်စွမ်းအင်ကို အသက်သွင်းကာ ခန္ဓာကိုယ်ထဲရှိ ဘေးအန္တရာယ်ချီတို့ကို သန့်စင်နေကြ၏။

နှိုင်းယှဉ်မရလောက်အောင် သိပ်သည်းသည့် ကောင်းကင်ထက်မှ အရှိန်အဝါနှစ်ခုသည် မဆိုစ‌လောက် ပြန့်ကျဲသွားသည်အထိ တုန်ခါလာ၏။ ဘေးအန္တရာယ်အရှိန်အဝါများထဲတွင် ကိန်းအောင်းနေသည့် သွေးနီရောင် ဓားမရောင်နှစ်ခုကား မိစ္ဆာနဂါးများအလားပင်။ ဓားမရောင်များကဲ့သို့ အကြေးခွံတို့က ၎င်းတို့၏ခန္ဓာကိုယ်များအား ဖုံးလွှမ်းထားကာ ကြောက်မက်ဖွယ် တာအိုအင်အားတို့ ပြည့်နှက်နေသည်။

မိစ္ဆာနဂါး ဓားမနှစ်လက်က ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး အောက်သို့ ပြေးဆင်းလာကြချေပြီ။ အပြင်ဘက်သို့ ပြန့်ကားထွက်သွားသော နဂါးအကြွေးခွံတို့ကား မရေမတွက်နိုင်သော နတ်‌ဓားမများက ချင်မူတို့အား စုပြုံတိုက်ခိုက်နေကြသည့်အလား ထင်ရတော့သည်။

All Chapters