သွေးရန်သူ
Vol. 109 Ch. 1425
ချင်မူတို့ငါးယောက်သည် မျက်စိကျိန်းမတတ် တောက်ပနေသော သွေးနီရောင်အလင်းတန်းများကို နေရာတိုင်းတွင် မြင်တွေ့နေကြရ၏။ ဘိုးဘေးနန်းတော်မှ နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအားကား အပြည့်အ၀ ထွက်ပေါ်လာသည့်အပြင် ကျယ်လောင်ဆူညံသော တိုက်ပွဲသံများကို ကြားနေရသည်။ ကုဋေပေါင်းများစွာသော လူများ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည့်အလားပင်။
မကြာခင် သူတို့အရှေ့ရှိ သွေးနီရောင်တို့က အရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ဖန်ဆင်းရှင်များ၊ ရှေးဟောင်းနတ်ဘုရားများက သွေးပင်လယ်ထဲတွင် အသည်းအသန် တိုက်ခိုက်နေကြပြီး အလောင်းများက တောင်လိုပုံနေကြလေသည်။
ငရဲကို ကြည့်နေရသည့်အလားပင်။
ဤသည်က ကြောက်မက်ဖွယ်ရာ သွေးချီ ဖြစ်ချေသည်။
ဤသည်က သက်ရှိအားလုံး၏ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ စုစည်းနေကြခြင်းဖြစ်၏။ ဘေးအန္တရာယ်ချီတို့သည် အတူတကွ စုဝေးနေသည်သာမက သေဆုံးခြင်းနှင့် သွေးချီများပါ ပေါင်းစည်းနေကြသည့်အတွက် တုန်လှုပ်ချောက်ချားဖွယ် ဘေးအန္တရာယ်ချီကို ဖြစ်ပေါ်လာစေတော့သည်။
သူတို့၏ မျက်လုံးများမှာ ဘေးအန္တရာယ်ချီမှ ဖွဲ့တည်နေသည့် နတ်ဓားမနှစ်လက်ကို မမြင်ရဝောာ့ချေ။ နှစ်ကုဋေပေါင်းများစွာ တည်ရှိနေသည့် မတောမသတ်နိုင်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ကို တိုက်ခိုက်နေရသည့်အလား ခံစားလာကြရသည်။ နှိုင်းယှဉ်မရနိုင်အောင် သိပ်သည်းသော ဘေးအန္တရာယ်ချီတို့က သူတို့၏တာအိုနှလုံးသားများကို တိုက်စားလျက် သတ်ဖြတ်လိုစိတ်တို့ ဆူဝေလာစေသည်။
“တာအိုနှလုံးသားတွေကို အသေအချာကာကွယ်ကြ…. သွေးရန်သူရဲ့ လွှမ်းမိုးမှုကို မခံရစေနဲ့”
သားသတ်သမားက ကျယ်လောင်စွာ သတိပေးသည်။ “သွေးရန်သူ လွှမ်းမိုးတာကို ခံရရင် သွေးရန်သူနဲ့ အလွယ်တကူ တစ်သားတည်း ဖြစ်သွားပြီး နတ်ဘုရားစီရင်ရာစင်မြင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်”
သူ့စကားဆုံးသည်နှင့် ကျဲ့ဟွလီ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်။ သူ၏ အကန့်အသတ်မရှိသော ချီနှင့်သွေးတို့က ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီး သွေးရန်သူအဖြစ် အသွင်ပြောင်းသွားချေပြီ။ ၎င်းက သွေးရန်သူမိစ္ဆာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ဟိုဟိုသည်သည် ကူးလူးပျံသန်း၍ အားလုံးကို တိုက်ခိုက်တော့သည်။
သားသတ်သမားမှာ အံ့အားသင့်သွားမိသည်။ ကျဲ့ဟွလီသည် ဓားမတာအိုစိတ်ဆန္ဒအား သူတို့နှင့်အတူ လေ့ကျင့်နေသော်လည်း သူ့သိုင်းအဆင့်က နိမ့်ကျနေသေးသည့်အပြင် တာအိုနှလုံးသားလည်း မတည်မငြိမ်ဖြစ်နေသေးမှန်း ယခုမှ သတိထားမိတော့သည်။ သူ့မှာ သွေးရန်သူနှင့် တစ်သားတည်းဖြစ်၍ သဘာ၀မဆန်စွာ သေဆုံးသွားခဲ့ရချေပြီ။
ကျဲ့ဟွလီ သေသွားသည်နှင့် လော့ဝူရွှမ်သည် ကြေကွဲ၀မ်းနည်းမှုကို နှလုံးသား၏ အနက်ရှိုင်းဆုံးအထိ ခံစားလိုက်ရသည်။ ကျဲ့ဟွလီမှာ သူ သဘောအကျဆုံး တပည့်မဟုတ်ပါလော။ သူသည် ကျဲ့ဟွလီကို ဂိုဏ်းမှ နှင်ထုတ်ခဲ့သည့်တိုင် သူ၏ရင်ထဲတွင် ကျဲ့ဟွလီကသာ သူ၏ အချစ်ဆုံးတပည့် ဖြစ်နေဆဲပင်။
ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲရှိ ကြေကွဲ၀မ်းနည်းမှုက ဒေါသအဖြစ် ပြောင်းလဲသွားက ဒေါသက မိစ္ဆာအဖြစ် အသွင်ပြောင်းသွားတော့သည်။ သူက ဓားမကို ဒေါသတကြီး လွှဲရမ်းလိုက်သည်။ ဓားမရောင် မိစ္ဆာသွေးနဂါးနှစ်ကောင်ဆီ ခုတ်ချလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲ၍ မိစ္ဆာသွေးချီအဖြစ် ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ သွေးများအဖြစ် အရည်ပျော်သွားပြီး သူသည် မိစ္ဆာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲ၍ ခန္ဓာကိုယ်နှင့် ဦးခေါင်းကို လှုပ်ခါနေသည်။
သားသတ်သမားမှာ နှလုံးသားထဲအထိ အေးခဲသွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူ၏ မျက်လုံးများက သွေးချင်းနီသွားပြီး မှောင်မည်းသွားသည်။ သူ့တာအိုနှလုံးသား မတည်ငြိမ်တော့မှန်း ချက်ချင်း သိလိုက်ရပြီး မိစ္ဆာသွေး၏ ကျူးကျော်ခြင်းခံရကာ အမြင်အာရုံကွယ်သွားချေပြီ။
သူသည် အန္တရာယ်ရင်ဆိုင်နေရသော်လည်း ထူပူမသွားချေ။ ဓားမရောင်တို့က အရပ်လေးမျက်နှာသို့ ဖုံးလွှမ်းသွားသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဘုရင်ထျန်းရှု၏ ဒေါသတကြီးအော်သံနှင့် သူ၏အရေပြား ဘန်းခနဲ ပေါက်ကွဲသံကို ကြားလိုက်ရသည်။
သားသတ်သမားမှာ ရင်ထဲ အေးခဲသွားမိ၏။ သူ့မျက်လုံးများမှ မမြင်နိုင်သော်ဘည်း ကောင်းကင်နတ်ဘုရင်တျန်းရှု၏ ခန္ဓာကိုယ်ပေါက်ကွဲ၍ သူ့ချီနှင့်သွေး သွေးရန်သူအဖြစ် ပြောင်းလဲသွားသည်ကို “မြင်” ခဲ့ရလေပြီ။
“ဒီနတ်ဘုရားစီရင်ရာစင်မြင့်က ငါတို့ငါးယောက် ထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီးကြောက်စရာ ကောင်းနေတာပဲ”
ကောင်းကင်နတ်ဘုရင်တျန်းရှုမှာ သူတို့ငါးယောက်ထဲတွင် ဧကရာပလ္လင်အဆင့်သို့ ကျင့်ကြံပြီးသည့် တစ်ယောက်တည်းသောသူ ဖြစ်၏။ သူသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူ့သိုင်းအခြေခံက များစွာကျယ်ပြော၍ မိစ္ဆာသဘာ၀တွင် သူ၏အောင်မြင်မှုများမှာ အလွန်နက်နဲချေသည်။ ထိုသို့မဟုတ်ပါက ကောင်းကင်ယင်သားတော်၏ ကမ္ဘာ့ရန်သူတော် ဖြစ်လာခဲ့မည် မဟုတ်ချေ။
သွေးရန်သူတွင် မိစ္ဆာသဘာ၀လည်း ကိန်းဝပ်နေသည်။ သို့သော် သွေးရန်သူ၏ မိစ္ဆာသဘာ၀မှာ တျန်းရှု၏ မိစ္ဆာသဘာ၀ကို ချေမှုန်း၍ လိုအင်ဆန္ဒတို့ကို အဆပေါင်းများစွာ တိုးပွားလာစေသည်။ ထို့ကြောင့် သူ၏ တာအိုနှလုံးသားမှာ ဖျက်ဆီးခံခဲ့ရခြင်းပင်။
ဤတာအိုရန်သူက အစွမ်းထက်လွန်းပေသည်။
“ငါ မူအာ့ကို ဒဏ်ရာရစေလို့မဖြစ်ဘူး” ဤအတွေး သားသတ်သမား၏ စိတ်ထဲတွင် ဖြစ်တည်လာသည်နှင့် သူ့တာအိုနှလုံးသားကို ကာကွယ်လိုစိတ်က ထွက်ပေါ်လာတော့သည်။ သူတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် အဖော်များကို ကယ်တင်လိုသူများသည် ရှေးခေတ်များတည်းက ရှိခဲ့ဖူး၏။ ထိုသူတို့၏ ဘေးအန္တရာယ်ချီများကလည်း ဤနေရာတွင် စုစည်းနေကြသည်။
သားသတ်သမား ထိုသို့တွေးလိုက်ချိန်တွင် ၎င်းဘေးအန္တရာယ်အရှိန်အဝါတို့က သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်၀င်ရောက်လာကြ၏။ သူ့ခန္ဓာကိုယ်နှင့် မူလဝိညာဉ်မှာ ဘေးအန္တရာယ်အရှိန်အဝါ၏ သက်ရောက်မှုကို ခံစားလိုက်ရပြီး လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။
“မူအာ၊ သွားကြစို့” သူ့ရုပ်ခန္ဓာက ပေါက်ကွဲသွားပြီး သွေးနဂါးအဖြစ် ပြောင်းလဲမသွားခင် ချင်မူ့အား လှမ်းဟိန်းဟောက်လိုက်၏။
ဝုန်း….
ချင်မူ့ကောင်းကင်ရတနာနယ်ပယ်က လှည့်ပတ်သွားပြီး သားသတ်သမား၊ ကောင်းကင်နတ်ဘုရင်တျန်းရှု၊ လော့ဝူရွှမ်နှင့် ကျဲ့ဟွလီတို့မှာ တစ်ယောက်ပြီးတစ်ယောက် ပြန်နိုးထလာကြသည်။ အချိန်သည် သူတို့ သွေးရန်သူနတ်ဓားမများ၏ သတ်ဖြတ်ခြင်းမခံရခင် အချိန်သို့ နောက်ပြန်ဆုတ်သွားသည့်အလားပင်။ သူတို့လေးယောက်၏ နှလုံးသားထဲတွင် အကြောက်တရား ကြွင်းကျန်နေသေးသလို၊ သူတို့ခန္ဓာကိုယ်အထဲတွင် ဘေးအန္တရာယ်အရှိန်အဝါတို့ကလည်း ဆက်လက်လှည့်ပတ်နေသေးသယောင်ပင်။
သွေးရန်သူနဂါးနှစ်ကောင်က နောက်တစ်ဖန် ခုန်အုပ်လိုက်ပြီး ချင်မူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “သွေးရန်သူချီနဲ့ တာအိုကျင့်စဉ်ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်… ခုတ်ချလိုက်”
သားသတ်သမား၊ ကျဲ့ဟွလီ၊ တျန်းရှု၊ လော့ဝူရွှမ်တို့က ဓားမများကို လွှဲရမ်းလိုက်ပြီး သူတို့၏ အဆီအနှစ်၊ ချီနှင့် ဝိညာဉ်တို့က စုစည်းသွားကြသည်။ တာအိုကျင့်စဉ်စနစ် ပေါင်းထပ်နေသည့်အချိန်တွင် သူတို့က ဓားမများကို ခုတ်ချလိုက်ကြ၏။
ဒုန်း…
နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် ဓားမရောင်သုံးချက် ပေါက်ကွဲထွက်လာပြီး အက်ကွဲသွားကြသည်။ ၎င်းတို့က နတ်ဘုရားစီရင်ရာစင်မြင့်ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပျံ့ထွက်သွားကြပြီး အရာအားလုံးကို ဖြတ်သန်းသွားသော ဓားမမိုးစက်များအဖြစ် ပြောင်းလဲသွားကြ၏။
မရေမတွက်နိုင်သော ဓားမရောင်တို့က လေထဲတွင် ထိတွေ့၍ အက်ကွဲသွားကြပြီး ပိုမိုသေးငယ်သော ဓားမရောင်များအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့က အရပ်လေးမျက်နှာသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြန့်ကားထွက်သွားပြီး ကြောက်မက်ဖွယ် ဓားမရောင်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေတော့သည်။
မကြာမီ ဓားမရောင်မုန်တိုင်းက အောက်ရှိ နတ်အရှင်မချန်း၏ ကောင်းကင်နန်းဆောင်အမိုးသို့ ရိုတ်ခတ်သွားသည်။ ကောင်းကင်နတ်ဘုရင်တျန်းရှုပင်လျှင် နတ်အရှင်မချန်း၏ ချိပ်ပိတ်ထားမှုကြောင့် ထိုနန်းဆောင်သို့ ၀င်ရန် အခက်တွေ့ခဲ့၏။ သို့သော် မုန်တိုင်းအောက်တွင်တော့ အိပ်ဆောင်တစ်ဆောင်လံ့ုးမှာ ဓားမရောင်များကြောင့် သွေးချင်းနီနေတော့သည်။ သွေးမိစ္ဆာတို့က ချိတ်ပိတ်ထားသော နတ်အရှင်မချန်း၏ ကောင်းကင်နန်းဆောင်ကို ကျူးကျော်ကာ အပေါက်များဖြင့် ပြည့်နှက်သွားစေ၏။
နတ်အရှင်မချန်း၏ ချိပ်တံဆိပ်က ပေါက်ကွဲသွားသည်။ ကောင်းကင်နတ်အရှင်တစ်ပါး၏ ချိပ်တံဆိပ်ပင်လျှင် မရေမတွက်နိုင်သော ဓားမများ၏ တိုက်စားခံရပြီး အားလျော့ခဲ့ရ၏။
မိုင်တစ်ထောင်အကွာတွင် ဖန်းကျစ်ယန်မှာ ခေါင်းမော့ကြည့်လိုက်ရာ ဓားမရောင်မုန်တိုင်းကြီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူမက ဒဏ်ရာများကို အတင်းအကြပ် ဖိနှိပ်၍ ပျံတက်လိုက်၏။ သို့သော် နောက်တခဏတွင် မုန်တိုင်း၏ ဆွဲယူခြင်းကို ခံလိုက်ရတော့သည်။
မုန်တိုင်းထဲတွင် ဖန်းကျစ်ယန်မှာ အထိန်းအကွပ်မဲ့စွာ လွင့်မြောနေ၏။ သူမ၏ ကောင်းကင်နန်းဆောင်မှာ ချက်ချင်း အပေါက်များဖြင့် ပြည့်နှက်သွားပြီး သူမ၏ရုပ်ခန္ဓာမှာလည်း ဒဏ်ရာဗလပွ ဖြစ်လာသည်။
ကံကောင်းစွာဖြင့် သူမ၏ အသက်ဓာတ်သည် အားကောင်းသောကြောင့် မုန်တိုင်းအနက်ထဲသို့ အတင်းအကြပ် ၀င်ရောက်လိုက်သည်။ မုန်တိုင်းထဲမှ လွတ်မြောက်လာသည့်အခါ သူမမှာ လေထဲတွင် ယိမ်းယိုင်နေသည်။ သူမ၏နှလုဲးသားထဲတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ပြည့်နှက်နေချေသည်။ “အဲ့ဒီလူငါးယောက်က အသက်မရှင်ချင်တော့ဘူးပဲ”
ရုတ်တရက် နှိုင်းယှဉ်မရနိုင်အောင် ခမ်းနားသည့် အသံတစ်သံက မိုင်တစ်သောင်းအကွာမှ ဟိန်းထွက်လာသည်။ “တာအိုကျင့်စဉ်စနစ်က ကောင်းကင်ဘုံကို ပိုင်းဖြတ်တယ်….မဟာတာအိုကို ဟင်းလင်းပြင်ထဲ ပြန်ပို့တယ်”
ဖန်းကျစ်ယန်လည်း အလျင်အမြန် လှည့်ကြည့်လိုက်ရာ နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် ဟင်းလင်းပြင်၂၅ လွှာ ထွက်ပေါ်လာနေပြီး ၎င်းတို့တွင် ပါ၀င်သည့် ဓားမတာအိုတို့က ပေါက်ကွဲထွက်လာ၍ ချင်မူနှင့် ကျန်သူများ၏ ဓားမများနှင့် ပေါင်းစည်းသွားကြကြောင်း တွေ့လိုက်ရသည်။
သူမသည် သူမကိုယ်သူမ တတ်နိုင်သမျှ ကာကွယ်ရင်း ဤနေရာ ထွက်ခွာနိုင်အောင် ကြိုးစားနေသည်။ စိတ်ထဲတွင် ကြောက်လန့်တုန်လှုပ်နေပြီး ရတက်မအေးဖြစ်နေမိ၏။ “စောက်ရူးတွေ၊ ကိုယ့်အသက်ကိုယ်တောင် ဂရုမစိုက်တဲ့ စောက်ရူးတွေပဲ…”
နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် နတ်ဓားမရောင်များက အကြိမ်များစွာ ၀င်တိုက်နေကြသည်။ ရုတ်တရက် ဖန်းကျစ်ယန်မှာ အလွန်ပြင်းထန်လှသော စူးခနဲ နာကျင်မှုကို ခံစားလိုက်ရ၏။ သူမက ချက်ချင်း မူလဝိညာဉ်ကို ထုတ်လွှတ်၍ လှမ်းကြည့်လိုက်သည်။ နတ်ဘုရားစီရင်ရာစင်မြင့်သည် အလွန်တရာ တောက်ပလာနေပြီး ယင်းဖြစ်စဉ်မှာ နတ်ဘုရားစီရင်ရာစင်မြင့်၏ မဟာတာအိုလှုံ့ဆော်ခံနေရခြင်းကြောင့် ဖြစ်မှန်း တွေ့လိုက်ရလေသည်။
ကောင်းကင်ထက်တွင် သွေးရန်သူမိစ္ဆာနဂါးနှစ်ကောင်က သူတို့၏ လည်ပင်းများကို လိမ်ယှက်လျက် ထိုးချလိုက်ကြပြီး ဟင်းလင်းပြင်၂၅ လွှာကို အက်ကွဲသွားစေကာ အမှတ်အသားမှန်သမျှ ဖယ်ရှားပစ်လိုက်စေသည်။ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ လူရိပ်ငါးခုမှာ ချက်ချင်း သွေးရောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
‘ကောင်းကင်နတ်အရှင်မူတောင် သေသွားပြီလား’
ဖန်းကျစ်ယန်မှာ အံ့အားသင့်သွားပြီး စိတ်ထဲမှ တွေးနေမိသည်။ ‘အရှင်မချန်းသာ ဒီအကြောင်းကိုသိရင် စိုးရိမ်နေမှာပဲ…. ပြောရရင် ကောင်းကင်နတ်အရှင်မူက ကောင်းကင်မဟာမိတ်ခေါင်းဆောင်လေ… သူသာ သေသွားခဲ့ရင်….”
သို့သော် ကောင်းကင်နတ်အရှင်မူ သေဆုံးသည့်သတင်းကိုသာ ကြားပါက နတ်အရှင်မချန်းတစ်ယောက် အပျော်လုံးဆို့သွားနိုင်သည်ကိုတော့ သူမ မသိရှာချေ။
ဖန်းကျစ်ယန်၏ အတွေးစများပင် ပျောက်ကွယ်မသွားခင်မှာပင် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်၌ အလင်းတန်းများ လှည့်ပတ်လာပြန်သည်ကို တွေ့လိုက်ရသည်။ ချင်မူနှင့် အခြားသူများလည်း အသက်ပြန်ရှင်လာကြချေပြီ။
ဖန်းကျစ်ယန်မှာ စိတ်ရှုပ်ထွေးနေပြီး နတ်အရှင်မချန်း လူရမ်းကားတစ်ကောင်ကို ဒေါသတကြီး ဆဲဆိုနေခဲ့ဖူးမှန်း သတိရခဲ့မိသည်။ ထိုလူရမ်းကားက မည်သူဖြစ်ကြောင်း သွားမေးခဲ့ရာတွင် ကောင်းကင်နတ်အရှင်မူဖြစ်ကြောင်း သိခဲ့ရ၏။
ထိုအချိန်တုန်းက နတ်အရှင်မချန်းသည် အဘယ့်ကြောင့် ကောင်းကင်နတ်အရှင်မူက လူရမ်းကားဟု ပြောဆိုခဲ့ရသည်လဲ ဖန်းကျစ်ယန် နားမလည်ခဲ့ချေ။ သို့သော် နတ်ဘုရားစီရင်ရာစင်မြင့်ကို မြင်သည့်အခါတွင်တော့ ၎င်းအဓိပ္ပာယ်ကို သဘောပေါက်သွားတော့သည်။