← Chapters

ဆေးဆရာ၏ ပြုစုယုယပေးမှု

Vol. 109 Ch. 1426

ဆေးဆရာ၏ ပြုစုယုယပေးမှု

Vol. 109 Ch. 1426

ဖန်းကျစ်ယန်သည် နတ်ဘုရားစီရင်ရာစင်မြင့်အထက်ရှိ တိုက်ပွဲအား မကြည့်တော့ဘဲ နတ်ဘုရားမြို့တစ်မြို့သို့ အလျင်အမြန် ထွက်သွား၏။ ဤနတ်ဘုရားမြို့က နတ်အရှင်မချန်း၏ ပိုက်နက်ဖြစ်ချေသည်။ မြို့စောင့်မှာ ဖန်းကျစ်ယန် ဒဏ်ရာရလာသည်ကိုမြင်လျှင် အလွန်အမင်း အံ့အားသင့်သွားကာ သူမအား ကုသပေးရန် နာမည်ကြီး သမားတော်တစ်ဦး သွားရှာ၏။

ဖန်းကျစ်ယန်၏ ခန္ဓာကိုယ်ပေါ်ရှိ တခြားဒဏ်ရာများအား ကုသရ မခက်သော်လည်း မျက်လုံးများ ထိခိုက်ထား၏။ နာမည်ကြီးသော သမားတော်ပင် သူမအား မကုသပေးနိုင်ပေ။ “သခင်မကြီး နည်းနည်းလောက် စောင့်ပေးလို့ရမလား... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဖန်ဆင်းလမ်းစဉ်လည်း တတ်ကျွမ်းတဲ့ နာမည်ကြီး သမားတော်တွေ ရှိတယ်ကြားတယ်... ကျွန်တော်မျိုး သူတို့ကို ဖိတ်ခေါ်ပေးနိုင်ပါတယ်”

ဖန်းကျစ်ယန်ကား ဒေါသူပုန်ထသွားပြီး အော်ဟစ်ကြိမ်းမောင်းတော့သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက သစ္စာဖောက်တွေနဲ့ ပြည့်နေတာလေ... ငါ့ကို ကုဖို့ သူတို့ကို လှမ်းခေါ်ရတာက နတ်အရှင်မအတွက် သိက္ခာကျစရာ မဖြစ်ဘူးလား.... ကောင်းကင်နတ်ဘုံမှာ ဖန်ဆင်းလမ်းစဉ်ကျွမ်းတဲ့ သမားတော်တစ်ယောက်တောင် မရှိဘူးလား”

“တစ်ယောက်မှ မရှိပါဘူး”

သမားတော်သည် ဒဲ့သာ ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ တိုးတက်နေတဲ့ တိုင်းပြည်ပါ... ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေကိုလည်း အပြင်သူတွေ လေ့မလာနိုင်အောင် တားမြစ်ထားတာမျိုး မရှိဘူး... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်လာမှုက ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအပေါ်မှာ အခြေခံတယ်... ကောင်းကင်နတ်ဘုံသားတွေအနေနဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို ချိုးဖျက်ပြီး ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ မတည်ဆောက်ဖို့ မရဲမှတော့ တတ်မြောက်တဲ့သူ ရှိပါ့ဦးမလား”

ဖန်းကျစ်ယန်မှာ သံသယဝင်သွားကာ အတွေးဝင်လာသည်။ ‘ဒါဆို နတ်အရှင်မ သုံးဖူးတဲ့ ကောင်းကင်နတ်သိုင်းတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကပေါ့... ငါတို့ကရော ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျင့်စဉ်တွေကို ဘာကြောင့် မကျင့်ကြံနိုင်တာလဲ’

“သခင်မကြီး ကုသနိုင်မယ့် နည်းနောက်တစ်နည်း ရှိပါသေးတယ်”

သမားတော်က ဆက်ပြောသည်။ “အခြားသူတွေဆီက နတ်မျက်လုံးနှစ်လုံး ဖယ်ထုတ်ပြီး သခင်မကြီးရဲ့ မျက်လုံးတွေနေရာမှာ အစားထိုးဖို့ပါ... ဒါပေမဲ့ မျက်လုံးအသစ်တွေက ဧကရာဇ်ပလ္လင်အဆင့် မျက်လုံးတွေ မဟုတ်တော့ သခင်မကြီးအနေနဲ့ ထိပ်ဆုံးအခြေအနေ ပြန်ရောက်ဖို့ ထပ်ကျင့်ကြံရမှာပဲ စိုးရိမ်မိပါတယ်”

ဖန်းကျစ်ယန်သည် ခေါင်းယမ်း၏။ “ငါ့မျက်လုံးတွေက ထပ်ခါတလဲလဲ လေ့ကျင့်ထားပြီးနေပြီ... မျက်လုံးအသစ်တစ်စုံ ပြောင်းချင်ရင် အမြင့်ဆုံးအထိ ရောက်အောင် ဆယ်စုနှစ်နဲ့ချီ ကြာလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက နာမည်ကြီးသမားတော်ကို ခေါ်တာပဲ ကောင်းပါတယ်”

သမားတော်ကလည်း သဘောတူသည်။

ဖန်းကျစ်ယန်မှာ ဆယ်ရက်ကျော်သည်အထိ တိတ်ဆိတ်စွာ စောင့်နေရင်း နတ်ဘုရားစီရင်ရာစင်မြင့်မှ အငွေ့အသက်များ ပိုမိုအားကောင်းလာနေကြောင်း ခံစားနေရသည်။ သူမ၏ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲကမှ ရံဖန်ရံခါ ထွက်ကာ နတ်ဘုရားစီရင်ရာစင်မြင့်အား သွားကြည့်တတ်သည်။ သွေးရန်သူနတ်ဓားမများ ပိုမိုကြမ်းတမ်းခက်ထန်လာပြီး ဓားမတာအိုနှင့် ထိပ်တိုက်တွေ့နေမှုအား မြင်နိုင်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဓားမနှစ်ဖက်၏ စွမ်းအားသည် အားကောင်းသထက် အားကောင်းလာနေ၏။ ဤနေရာမှပင် ဓားမစွမ်းအားကို သူမ ခံစားနေရသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာက အမှန်တကယ် ထူးဆန်းတဲ့ နေရာတစ်နေရာပဲ... နေရာသေးသေးလေး ဆိုပေမယ့် လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ တိုးတက်ထွန်းကားနေကြပြီ... ဒီဓားမတာအိုက ကမ္ဘာခေတ်နှောင်းမဟာတာအို ဖြစ်နေတာတောင် သွေးရန်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်တယ်”

သူမမှာ အတော်လေး စိတ်ရှုပ်ထွေးနေမိသည်။ မွေးရာပါမူလတာအိုအား တတ်မြောက်ထားသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ဦးပင် နတ်ဘုရားစီရင်ရာစင်မြင့်အထက်၌ ဤမျှခံနိုင်မည်မဟုတ်ပေ။ သူမသာ နတ်ဘုရားစီရင်စင်မြင့်သို့ တက်လိုက်လျှင် အလွန်ဆုံး ဓားမချက်တစ်ချက်သာ ခံနိုင်လိမ့်မည်။ ဒုတိယဓားမချက် ရောက်လာပါက သေရမည်သာ။

နတ်အရှင်မချန်း တစ်ခါပြောခဲ့ဖူးသည်။ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် စုဝေးနေသော အသတ်အဖြတ်အရှိန်အဝါကား အားကောင်းလွန်းသဖြင့် နတ်ဓားမနှစ်ဖက်အဖြစ် အမှန်တကယ် ဖွဲ့တည်လာလိမ့်မည်။ ထိုနတ်ဓားမနှစ်လက် မွေးဖွားလာခဲ့လျှင် ထိပ်တန်းအဆင့် ရတနာတစ်ပါးဖြစ်မည်။ ကမ္ဘာလောကတစ်ခုလုံး၏ နံပါတ်တစ်လက်နက် ဖြစ်လာကာ ဖန်သားကောင်းကင်စေတီထက်ပင် သာလွန်သွားမည်ဟု ဆိုခဲ့၏။

ထိုဓားမနှစ်လက်ကား အရွယ်သာ ရောက်လာခဲ့လျှင် ကောင်းကင်နတ်အရှင်တစ်ပါးကိုပင် သတ်နိုင်လိမ့်မည်။

နတ်အရှင်မချန်း၏ ပန်းတိုင်က နတ်ဓားမနှစ်လက်ကို နာခံအောင် သိမ်းသွင်း၍ အင်အားကြီးမားသော ရန်သူတို့အား ချေမှုန်းပစ်ရန်ပင်။

ဤနတ်ဓားမနှစ်လက်သည် အရွယ်ရောက်မလာသေးသည့်အပြင် ဒြပ်မဲ့အခြေအနေသာ ဖြစ်သေးသော်လည်း ချင်မူတို့ကား ဓားမစွမ်းအားအောက်၌ပင် တောင့်ခံနိုင်ကြသေးသည်။ အမှန်တကယ်ပင် မယုံနိုင်စရာကောင်းလှ၏။

ဖန်းကျစ်ယန်လည်း ရက်အနည်းငယ်လောက် ထပ်စောင့်ကြည့်နေပြီးနောက် ရုတ်တရက် စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ “နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်က နတ်ဓားမနှစ်လက်ရဲ့ စွမ်းအားက အများကြီး အားနည်းသွားသလိုပါလား”

သူမပဲ ထင်ယောင်ထင်မှား ဖြစ်နေသည်လား မသေချာသောကြောင့် သူမ၏မူလဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ခွာကာ အသေအချာ စောင့်ကြည့်နေ၏။ ထိုစဉ် နေရာဟင်းလင်းပြင်အလွှာ ၃၅ ထဲ၌ တာအိုနောက်တစ်ခု ကိန်းအောင်းနေကြောင်း တွေ့လိုက်ရလေသည်။

“ကောင်းကင်နတ်အရှင်မူနဲ့ တခြားသူတွေရဲ့ တာအိုအဆင့်က တိုးတက်လာလို့ သူတို့ရဲံ သိုင်းအခြေခံလည်း အကြီးအကျယ် မြင့်တက်လာတာများလား”

ဖန်းကျစ်ယန်သည် မျက်တောင်ခတ်မတမ်း ကြည့်၍ နတ်ဓားမနှစ်ဖက်၏ စွမ်းအား လျော့ကျသွားသည်လား တွက်ချက်ကြည့်နေ၏။ သူမမှာ ရင်ထဲတွင် အေးစိမ့်သွားမိသည်။ “ဒီနတ်ဓားမနှစ်လက်ရဲ့ စွမ်းအားက အမှန်တကယ် နည်းနည်း အားနည်းသွားတာပဲ.. ကောင်းကင်နတ်အရှင်မူနဲ့ ကျန်ငါးယောက်က ဒီအခွင့်အရေးကို အသုံးချပြီး နတ်ဓားမနဲ့ ဘေးအန္တရာယ်ချီကို သန့်စင်ဖို့ ကြိုးစားနေတာကိုး”

သူမက သတ်ဖြတ်လိုစိတ်ဖြင့် ထရပ်ပြီး သူမဘာသာ တွေးနေ၏။ “နတ်အရှင်မချန်းဆီ တင်ပြမှပဲ... မဟုတ်ရင် နတ်ဓားမနှစ်လက်က အရွယ်ရောက်မယ့် အခြေအနေနဲ့ ဝေးသွားလိမ့်မယ်... သူတို့ကို အားဖြည့်ပေးနိုင်ပါ့မလားတော့ ငါ မသိဘူး”

သူမ နတ်အရှင်မချန်းဆီ တင်ပြရန် စွမ်းအင်အကူးအပြောင်းတံတားသို့ ဦးတည်တော့မည့်အချိန် သမားတော်က လာရောက်အစီရင်ခံသည်။ “သခင်မကြီး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက နာမည်ကြီးသမားတော် ကြွလာပါပြီ”

ဖန်းကျစ်ယန်မှာ စိတ်စောနေ‌သောကြောင့် ပြောလိုက်သည်။ “သမားတော်ကို မြန်မြန်လာကုခိုင်း.. သူ င့ါမျက်လုံးတွေကို ကုပေးနိုင်ရင် ဆုအကြီးကြီးချမယ်.. မကုနိုင်ရင်ကတော့ သတ်ပစ်မယ်... ငါ အရှင်မနဲ့ တွေ့ဖို့ ရှိလို့ နောက်ကျလို့မဖြစ်ဘူး”

ဤအချိန်မှာပဲ ဆွဲ‌ဆောင်မှုရှိသော ယောက်ျားဆန်ဆန်အသံချိုလေးတစ်သံသည် ပျံ့လွင့်လာပြီး သူမနှလုံးသားအမြိုက်မီးအား ရေဖြင့် ပက်ဖြန်းလိုက်သကဲ့သို့ အေးချမ်းသွားစေ၏။ “သခင်မကြီးဖန်း၊ ကမ္ဘာပေါ်မှာ ကျုပ် မကုနိုင်တဲ့အရာ မရှိပါဘူး... စိတ်မပူပါနဲ့.. ခင်ဗျားရဲ့ ဒဏ်ရာက ကျုပ်အတွက် အလွယ်ပေးပါ”

အေးချန်းသွားသည့် ဖန်းကျစ်ယန်၏ နှလုံးသားသည် ဒုန်းစိုင်း ခုန်လာတော့၏။ ဤအသံမှာ အလွန်နားထောင်ကောင်းလှသဖြင့် မူလဝိညာဉ်ကို အလျင်အမြန် ရုပ်သိမ်းကာ သမားတော်ဆီ ကြည့်လိုက်မိသည်။

သမားတော်က ‌အရပ်မြင့်မြင့်ဖြင့် ယောက်ျားဆန်သော အနေအထားရှိသည်။ အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသော်လည်း ကြေးမျက်နှာဖုံး တပ်ထား၏။ မျက်နှာဖုံးအောက်ရှိ မျက်ဝန်းတစ်စုံက နှလုံးသားကြိုးမျှင်လေးများအား လာရောက်ထိပါးနေသလို ခံစားရစေသည်။ အပြောကောင်းသူလည်း ဖြစ်လိမ့်မည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာက သမားတော်၊ ဘာကြောင့် မျက်နှာဖုံးတပ်ထားပြီး မျက်နှာအမှန် မပြရဲတာလဲ” ဖန်းကျစ်ယန်မှာ စိုးရိမ်စိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကာ အပြုံးလေးဖြင့် မေးလိုက်တော့သည်။

ကြေးမျက်နှာဖုံးနှင့် လူက မည်သည်ကိုမျှ မကွယ်ဝှက်ဘဲ ဖြေသည်။ “သခင်မကြီးကို လျှောက်တင်ပါတယ်... ကျုပ်ဟာ ရုပ်ဆိုးတဲ့လူမလို့ မျက်နှာဖုံးချွတ်လိုက်ရင် လူနာ ထိတ်လန့်သွားမှာ စိုးရိမ်လို့ပါ”

ဖန်းကျစ်ယန်သည် ပြုံးလိုက်၏။ “လိမ်နေတာ... ရှင့်မျက်လုံးတွေက သိပ်လှနေတာပဲဟာ... ဘယ်လိုလုပ်ရုပ်ဆိုးမှာလဲ... ကျွန်မရှေ့မှာ မျက်နှာဖုံး တပ်ထားစရာမလိုပါဘူး... မျက်နှာဖုံး တပ်ထားတဲ့သူဆို ကျွန်မ မယုံဘူး.. အထူးသဖြင့် ရောဂါကုပေးမယ့် သမားတော်ဆိုရင်ပေါ့”

ကြေးမျက်နှာဖုံးနှင့်လူသည် တခဏ တွန့်ဆုတ်သွားလေ၏။ “သခင်မကြီးက အမြင်စူးရှပါပေတယ်... တကယ်တော့က ကျုပ်ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် မလိုအပ်တဲ့ ပြဿနာတွေကို ဆွဲငင်မိမှာ စိုးလို့ပါ.. ဒါကြောင့် မျက်နှာဖုံး တပ်ထားရတာပါ”

သူက ခါးသီးစွာ ပြုံးလိုက်ပြီး ဆက်ပြောသည်။ “ဆေးလိုက်ကုပေးတတ်တော့ နေရာတိုင်းမှာ အချစ်ကြွေးတွေ တင်ခဲ့ဖူးပါတယ်... ဒါကြောင့် ကျုပ်က ပြဿနာတွေနဲ့လူပါဗျာ”

ဖန်းကျစ်ယန်မှာ ပို၍ပင် သိချင်လာကာ မျက်နှာဖုံး ချွတ်ခိုင်းတော့သည်။ ကြေးမျက်နှာဖုံးနှင့်လူလည်း မတတ်နိုင်တော့သဖြင့် မျက်နှာဖုံး ချွတ်ကာ သတိပေးလိုက်၏။ “သခင်မကြီး၊ ဆေးဆရာရဲ့ နှလုံးသားဟာ မိဘရဲ့ နှလုံးသားလိုပါပဲ... ကျုပ်ကို ဆေးဆရာတစ်ယောက်လိုပဲ ဆက်ဆံပေးပါ”

မျက်နှာဖုံးချွတ်လိုက်သည့်အခါ ဖန်းကျစ်ယန်၏ မူလဝိညာဉ်မှာ လျှပ်စီးဖြင့် ထိတိုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမအရှေ့က ယောက်ျားလုလင်ထက် လှပသောအရာ ဤကမ္ဘာပေါ်တွင် မရှိတော့ဟုပင် တွေးထင်သွားမိသည်။

“သခင်မကြီး၊ ကျုပ် မျက်နှာဖုံး ပြန်တပ်လိုက်တာ ကောင်းမယ်ထင်တယ်” ထိုလူက ပြောသည်။

ဖန်းကျစ်ယန်က သူ့ကို အလျင်အမြန် တား၍ အပြုံးလေးဖြင့် ပြောသည်။ “ရှင် ကျွန်မကို ကုပေးနေတဲ့အချိန်မှာ ရှင့်အလှကို ကျွန်မခံစားလို့ရတာပေါ့.... ဒါက နှစ်ယောက်လုံးအတွက် မကောင်းဘူးလား... ရှင့်နာမည်က ဘာတဲ့လဲ”

ထိုလူသည် ရှေ့တိုးလာသဖြင့် မျက်နှာချင်း ထိကပ်လုနီးပါး ဖြစ်သွားသည်။ ဖန်းကျစ်ယန်မှာ ထိုသူ ရှုထုတ်လိုက်သည့်လေက သူမမျက်နှာဆီ လာရောက်ရိုက်ခတ်သွားသည့်အခါ ပို၍ပင် ရင်ခုန်လာတော့သည်။

“ဆေးဆရာလို့ ခေါ်ကြပါတယ်... အရင်နာမည်ကတော့ အတိတ်နဲ့အတူ ပျောက်ကွယ်သွားတာ ကြာပါပြီ”

‌ဆေးဆရာက ချိုသာစွာ ပြုံးလျက် ပြော၏။ “သခင်မကြီးရဲ့ မျက်လုံးဒဏ်ရာတွေက တာအိုဒဏ်ရာတွေပါ... ဘေးအန္တရာယ်ချီနဲ့ အသတ်အဖြတ်အရှိန်အဝါကြောင့် ကျန်ခဲ့တဲ့ တာအိုဒဏ်ရာတွေပေါ့လေ.... ကောင်းကင်နတ်ဘုံရဲ့ သမားတော်တွေက အပေါ်ယံအနာတွေကို ကုပေးထားပေမယ့် အမြစ်တော့ မပျောက်သေးဘူး... အသတ်အဖြတ်အရှိန်အဝါကို မဖယ်ရှားရင် သခင်မကြီးရဲ့ တာအိုနှလုံးသားအပေါ် သက်ရောက်လိမ့်မယ်.. ဒါပေမဲ့ သခင်မကြီးအတွက် အဲဒီအသတ်အဖြတ်အရှိန်အဝါကို ကျုပ် ဖယ်ရှားပေးနိုင်တယ်... မျက်လုံးထဲက တာအိုဒဏ်ရာတွေကိုလည်း ကုပေးနိုင်ပါတယ်”

သူက ပျားရည်ပမာ နူးညံ့ကြင်နာနေရာ ဖန်းကျစ်ယန်မှာ အရည်ပျော်ကျသွားပြီး ညတုတုလေး ဖြေလိုက်၏။ “ရှင့်သဘောအတိုင်းပါရှင်”

နတ်ဘုရားစီရင်ရာစင်မြင့်အထက်တွင် ဓားမရောင်တို့သည် ရေလှိုင်းများအလား လိမ့်တက်နေပြီး တာအိုတို့လည်း ထွက်ပေါ်နေသည်။ သွေးမိစ္ဆာနဂါးနှစ်ကောင်က ဟင်းလင်းပြင်အလွှာတို့၌ တိုက်ခိုက်နေ၏။ ၎င်းတို့က အလွန်အင်အားကြီးမားသော်လည်း အမြင့်ဆုံးအခြေအနေလောက် အားကောင်းမပြင်းထန်တော့ပေ။

ရက်အနည်းငယ်ကြာသော် ၂၇ ခုမြောက် ကောင်းကင်ဘုံ ဓားမနယ်ပယ် ဖွဲ့တည်လာသည်။ သွေးမိစ္ဆာနဂါးနှစ်ကောင်၏ စွမ်းအားမှာလည်း လျင်မြန်စွာ အားနည်းလာချေပြီ။

ဤအချိန်တွင် ဖန်းကျစ်ယန်မှာ ချောမောသော ဆေးဆရာ၏ ပြုစုယုယပေးမှုတွင် ပျော်ဝင်နေတော့သည်။ သူမမှာ စိတ်လှုပ်ရှားရင်ခုန်နေသောကြောင့် ချင်မူတို့ကိစ္စကို သတိပင်မရတော့ပေ။

All Chapters