ဘေးအန္တရာယ်ချီ
Vol. 109 Ch. 1427
နတ်ဘုရားစီရင်ရာစင်မြင့်၏ သွေးရောင်အသတ်အဖြတ်အရှိန်အဝါအား ချင်မူ၊ သားသတ်သမားနှင့် ကျန်သုံးယောက်က ထိန်းချုပ်၍ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားကြသည်။ သူတို့၏ သိုင်းအခြေခံသည် ခိုင်မာသထက် ခိုင်မာလာပြီး နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်အပေါ် နားလည်မှုသည်လည်း နက်ရှိုင်းသထက် နက်ရှိုင်းလာ၏။
ဓားမလမ်းစဉ်တွင် သူတို့၏ အောင်မြင်မှုများလည်း ရေလှိုင်းလုံးကြီးပမာ မြင့်တက်လာချေပြီ။
နတ်ဘုရားစီရင်ရာစင်မြင့်၌ ကိန်းဝပ်နေသော လမ်းစဉ်က ဓားမလမ်းစဉ်ဟု မဆိုနိုင်ရာ။ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုတို့အတွင်းထဲမှ သတ်ဖြတ်လိုစိတ် လွန်ကျူးနေသော မကောင်းဆိုးဝါးလမ်းစဉ်ဟု ဆိုရမည်။ တစ်ချိန်တည်းမှာ ၎င်းသည် တာအိုနှလုံးသားအတွက် စမ်းသပ်မှုလည်း ဖြစ်၏။
ဘေးအန္တရာယ်ချီကို ထိန်းချုပ်၍ သွေးရန်သူနတ်ဓားမတို့၏ စွမ်းအားကို အတင်းအဓမ္မ သိမ်းယူခြင်းက သူတို့၏ သိုင်းအခြေခံအား မြင့်တက်လာစေရုံသာမက ၊ ဘေးအန္တရာယ်ချီအပေါ် နားလည်မှုလည်း နက်ရှိုင်းလာစေသည်။ သို့သော် ဓားမလမ်းစဉ်၏ အောင်မြင်မှုကိုတော့ မမြှင့်တင်နိုင်သေးပေ။
ဓားမတာအိုတွင် သူတို့ ကြီးကြီးမားမား တိုးတက်ထားသည့် အကြောင်းရင်းသည် အမှန်တွင် တာအိုနှလုံးသား၏ တိုးတက်မှုကြောင့် ဖြစ်၏။ ဘေးအန္တရာယ်ချီ နတ်ဓားမများအား ခုခံနေစဉ်အတွင်း ဓားမသိုင်းကွက်များနှင့် ဓားမတာအိုအား နားလည်သိမြင်လာသောကြောင့် တိုးတက်လာခြင်းလည်း ဟုတ်သည်။
သူတို့ငါးယောက်အနက်၊ ချင်မူမှလွဲ၍ ကျန်သူများတွင် တာအိုနှလုံးသား၌ အားနည်းချက်များ ရှိကြသည်။ အခြားအချိန်သာဆိုလျှင် သူတို့အနေဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ တာအိုနှလုံးသားအပေါ် စမ်းသပ်မှုလေးနှင့်တင် နတ်ဘုရားစီရင်ရာစင်မြင့်၏ အသတ်အဖြတ်စိတ်ဆန္ဒအား ခံနိုင်မည်မဟုတ်။
သို့သော် ချင်မူ၏ တာအိုနှလုံးသားကား ခိုင်မာသင့်သလောက် ခိုင်မာသည်။ သူသည် မာန်ဟုန်မြစ်တွင် ဉာဏ်အလင်းပွင့်ခဲ့ကာ လူငါးယောက်၏ စိတ်ဝိညာဉ်နှင့်အတူ တစ်သားတည်း ဖြစ်ခဲ့၏။ သူက ဓားမတာအိုဖြင့် ၂၅ လွှာမြောက် ဟင်းလင်းပြင်၌ပင် အမှတ်အသား ထားနိုင်ခဲ့သည်။ ချင်မူ့တာအိုနှလုံးသား၏ သက်ရောက်မှုကြောင့်လည်း သားသတ်သမား၊ ကျဲ့ဟွလီ၊ လော့ဝူရွှမ်နှင့် တျန်းရှုတို့လည်း တာအိုနှလုံးသား ခိုင်မာလာကြခြင်းပင်။
သားသတ်သမားနှင့် ကျန်သူများသည် မာန်ဟုန်မြစ်၌ ဉာဏ်အလင်းပွင့်ခဲ့မှုနှင့် ၂၅ လွှာမြောက် ဟင်းလင်းပြင်ရှိ ဓားမ,ရာကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်အထက်၌ ရပ်နေနိုင်ခြင်း ဖြစ်၏။
ချင်မူတစ်ယောက်တည်းဆိုလျှင် နတ်ဘုရားစီရင်ရာစင်မြင့်ထက်၌ ရပ်နိုင်မည်မဟုတ်။ သွေးရန်သူနတ်ဓားမနှစ်ဖက်၏ စွမ်းအားက ပြင်းထန်အားကောင်းလွန်းသည့်အတွက် သူ၏တာအိုနှလုံးသား မည်မျှခိုင်မာစေကာမူ၊ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် မဟာတာအိုလည်း ပိုင်းဖြတ်ခံလိုက်ရမည်သာ။
သူတစ်ယောက်တည်း စင်မြင့်ထက်တွင် ရပ်နေလျှင် ထပ်ခါတလဲလဲ အသတ်အဖြတ်ခံနေရမည်သာ ဖြစ်ပြီး မည်သည်ကိုမှ သိမြင်နားလည်နိုင်မည်မဟုတ်။
သူ၏တာအိုနှလုံးသားသည် ကြံ့ခိုင်နေစေကာမူ၊ ဓားမတာအိုတွင် သူ၏အောင်မြင်မှုက အနည်းငယ် နိမ့်ကျနေသေးသည်။ မာန်ဟုန်မြစ်၌ ဉာဏ်အလင်းပွင့်ခဲ့မှုနှင့် ဓားမတာအိုဖြင့် ဟင်းလင်းပြင်အလွှာ ၂၅ လွှာအထိ ရောက်ရှိနိုင်ခဲ့ခြင်းမှာ ဓားမလမ်းစဉ်အကြီးအကဲ လေးဦးကြောင့်ပင်။ သူ့တစ်ယောက်တည်း၏ အားထုတ်မှုမဟုတ်ပေ။
သူတို့ငါးယောက် ပူးပေါင်းမှ ထိုအမြင့်သို့ ရောက်ရှိပြီး နတ်ဘုရားစီရင်ရာစင်မြင့်အား ရင်ဆိုင်နိုင်စွမ်း ပိုင်ဆိုင်ထားလိမ့်မည်။
ယခုတွင် သူတို့၏ ဓားမတာအိုကား လူငါးယောက်၏ အားထုတ်မှုနှင့်အတူ နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအင်ကို ငှားယူလျက် ၂၇ လွှာမြောက် ဟင်းလင်းပြင်ထဲတွင် ခတ်နှိပ်နေချေပြီ။
၂၇ လွှာမြောက် ဟင်းလင်းပြင်အဆင့် ဓားမ၏ စွမ်းအင်ကို လှုံ့ဆော်လိုလျှင် သူတို့အားလုံး စည်းလုံးနေရလိမ့်မည်။
ဓားမသိုင်းပညာရှင် ငါးယောက်မှာ ခိုင်ဧကရာဇ်တစ်ယောက်တည်းအား မယှဉ်နိုင်ကြသေးပေ။
ခိုင်ဧကရာဇ်သည် သူ့တစ်ယောက်တည်း၏ ခွန်အားဖြင့် ဓားတာအိုကို ဟင်းလင်းပြင် ၃၅ လွှာအထိ မြှင့်တင်၍ တံဆိပ်ခတ်နှိပ်ခဲ့၏။ သူက သူတို့ထက် များစွာအစွမ်းထက်ပေသည်။
သို့သော် သူတို့၏ဓားမတာအိုသည်လည်း ဆက်လက်တိုးတက်နေပြီး ၂၈ ဘုံမြောက် ကောင်းကင်ဘုံအဆင့်သို့ တက်ရောက်၍ ဓားမတာအိုအား ၂၈ လွှာမြောက် ဟင်းလင်းပြင်ထဲ၌ ခတ်နှိပ်ပေတော့မည်။
သို့ရာတွင် မြင့်မြင့်တက်လေလေ၊ ခက်ခဲလာလေလေပင်။ ကောင်းကင်ဘုံ ၂၈ဘုံအဆင့်သို့ ရောက်နိုင်ရန် လွယ်ကူမည်မဟုတ်။
သွေးရန်သူနတ်ဓားမနှစ်လက်၏ စွမ်းအားက အတိုင်းထက်အလွန် အားကောင်းနေသေးသဖြင့် သူတို့အတွက် အသက်အန္တရာယ်ရှိနေသေးသည်။ သားသတ်သမားနှင့် ကျန်သူများမှာ ဓားမနှစ်ဖက်ကို အတတ်နိုင်ဆုံး ခုခံကြသော်လည်း အဆက်မပြတ် ဒဏ်ရာရာနေကြဆဲပင်။
ကံကောင်းထောက်မစွာဖြင့် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်တွင် အဆန်းတကြယ် ကောင်းကင်နတ်သိုင်းများ ကိန်းဝပ်နေသောကြောင့် နတ်ဘုရားစီရင်ရာစင်မြင့် သူတို့၏ ချီနှင့်သွေးအား အလုံးစုံ မစုပ်ယူခင် အားပြန်ဖြည့်ပေးနေသည်။
ထိုစဉ် ...
ခပ်လှမ်းလှမ်းရှိ နတ်ဘုရားမြို့ထဲတွင်
ဆေးဆရာကား ဖန်းကျစ်ယန်၏ ခန္ဓာကိုယ်ထဲ အသတ်အဖြတ်အရှိန်အဝါအား ကူညီဖယ်ရှားပေးနေလေ၏။ သူက သူမ၏ မျက်လုံးရောဂါကို ကုသပေးနိုင်မည့် ပရဆေးပင်များနှင့် ဆေးလုံးများ ရှာဖွေဖော်စပ်နိုင်အောင် သူမကို ဘိုးဘေးနန်းတော်ထဲရှိ ရတနာမြေတချို့သို့လည်း ခေါ်ဆောင်သွားသည်။
ချောမောခံ့ညားသော ဆေးဆရာလေး အနားမှာ ရှိနေသည့်အခါ ဖန်းကျစ်ယန်မှာ အချိန်တွေ မြန်မြန်ဆန်ဆန် ကုန်ဆုံးနေသလို ခံစားနေရသည်။ ပရဆေးပင်များ ရှာဖွေပြီး၍ နန်းတော်သို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်ဘုံအမျိုးမျိုးမှ မိုးဆရာသခင်များ၊ ရေနတ်ဘုရားများ၊ မြစ်နတ်ဘုရားများနှင့် နဂါးမင်းများ စုဝေးရောက်ရှိနေကြပြီး စွမ်းအင်အကူးအပြောင်းတံတား မပူနိုင်အောင် ရေများပက်ဖြန်းနေကြကြောင်း တွေ့လိုက်ကြရ၏။
ဤကာလအတွင်း ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းကလည်း ကောင်းကင်နတ်ဘုံကို ဆွဲယူနေသော သင်္ဘောများ၏ တည်နေရာကို ပြောင်းလဲခဲ့သည်။ ကောင်းကင်နတ်ဘုံကား ပိုမိုလျင်မြန်သောနှုန်းဖြင့် ပြန်လည်ရွေ့နေချေပြီ။
ကောင်းကင်နတ်ဘုံ ဘိုးဘေးနန်းတော်သို့ ရောက်ရန် သိပ်ကြာတော့မည်မဟုတ်။ ထိုအချိန်တွင် ကောင်းကင်နတ်မြစ်သည် လမ်းကြောင်းပြောင်းလဲသွားပြီး ဘိုးဘေးနန်းတော်၏ ခမ်းနားမှုသည်လည်း တစ်ဖန် ပြန်ထွက်ပေါ်လာလိမ့်မည်။
ဆေးဆရာက စွမ်းအင်ဆေးလုံးများ ဖော်စပ်ပြီးနောက် ဖန်းကျစ်ယန်ကို ဆေးလိမ်းပေးသည်။ သူက နူးညံ့ကြင်နာသောအသံဖြင့် ပြောလေသည်။ “သခင်မကြီး၊ ပြန်လည်သက်သာဖို့ တစ်ရက်၊ နှစ်ရက်လောက်ပဲ နားဖို့ လိုပါတယ်... ကျုပ် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ထွက်လာတာ ကြာပြီဆိုတော့ ပြန်မှ ဖြစ်တော့မယ်”
ဖန်းကျစ်ယန်မှာ သူ့အား မခွဲလို၍ လက်ကို ဆွဲထားသည်။ “ကောင်းကင်နတ်ဘုံက ကျွန်မကို သခင်မကြီးဆိုတဲ့ ဘွဲ့ အပ်နှင်းထားပေမယ့် ကျွန်မရဲ့ အရင်ယောက်ျားက ဆုံးသွားခဲ့တာ ကြာပါပြီ... ဒါကြောင့် ဆရာ စိတ်မရှိရင်...”
ဆေးဆရာသည် မျက်တောင်ပင် မခတ်ဘဲ သူမလက်ထဲမှ သူ့လက်အား ပြန်ရုန်းလိုက်၏။ “သခင်မကြီး၊ ကျုပ်ဟာ အသက်ငယ်စဉ်တုန်းက အချစ်အကြွေးအများကြီး တင်ခဲ့သူပါ... အခု အကြွေးတွေ ကြေဖို့ ရောက်လေရာ နေရာမှာ ဆေးကုပေးရုံပဲ တတ်နိုင်ပါတယ်... သခင်မကြီးရဲ့ ခံစားချက်ကို နားလည်ပေးမယ့် ကျုပ်နှလုံးသားက လက်မခံ့ဝံ့လို့ပါ”
ဖန်းကျစ်ယန်မှာ သူ ထွက်သွားသည်ကို ငေးငိုင်စွာ ကြည့်နေမိလေသည်။
နှစ်ရက်ကြာသော် ဖန်းကျစ်ယန်၏ မျက်လုံးထဲရှိ တာအိုဒဏ်ရာများ ပျောက်ကွယ်သွားသည်။ သူမက မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်အား အသက်မဲ့စွာ ကြည့်လိုက်သည်။ ခမ်းနားထည်ဝါသော ဘိုးဘေးနန်းတော်မှာ အရောင်အဆင်း ကင်းမဲ့နေသလို သူမ ခံစားနေရလေသည်။
ဤအခိုက်အတန့်တွင် သူမမှာ နတ်ဘုရားစီရင်ရာစင်မြင့်ကို သတိရလိုက်ပြီး လှပသောမျက်နှာလေးကား သွေးဆုပ်ဖြူလျော်သွားတော့သည်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ အသတ်အဖြတ်အရှိန်အဝါက ယခင်နှင့်စာလျှင် များစွာအားလျော့သွားချေပြီ။ တစ်ဝက်ခန့်ပင် ကျုံ့သွားပြီဟု ဆိုရမည်။
“ဒုက္ခပဲ ငါတော့ အချစ်ကြောင့် စုံလုံးကန်းမိပြီ... ဆေးဆရာနဲ့ အချိန်ကုန်ဖို့ပဲ တွေးနေမိတော့ အဓိကကိစ္စကို မေ့သွားတယ်”
သူမနဖူးမှ ချွေးများကျလာသည်။ အဝေးမှ ကြည့်ရုံနှင့်တင် နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်ရှိ ဓားမတာအိုသည် ဟင်းလင်းပြင်အလွှာသုံးဆယ်၌ပင် တံဆိပ်ခတ်နှိပ်ပြီးကြောင်း မြင်နေရ၏။ ၎င်းက သွေးရန်သူနတ်ဓားမနှစ်လက်ကို အထဲ၌ လှောင်ပိတ်၍ ဖမ်းဆီးရန် ကြိုးစားနေသည်။
သွေးရန်သူဓားမနှစ်လက်သည် ဓားမတာအို၏ သုံးဆယ်မြောက် ကောင်းကင်ဘုံအလွှာကို ချိုးဖျက်နိုင်သော်လည်း ယခင်ကလောက် ကြောက်စရာကောင်းသော စွမ်းအားမရှိတော့သဖြင့် စင်မြင့်ပေါ်ရှိ လူငါးယောက်အား ရန်မပြုနိုင်တော့ပေ။
ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၀ ၏ စွမ်းအားကား ပြိုင်ဘက်ကင်းပေသည်။ လူငါးယောက်က စင်မြင့်ပေါ်တွင် ရပ်၍ သိုင်းကွက်များ ထုတ်ဖော်ထားသောကြောင့် ဓားမနှစ်လက်မှာ ရန်လိုခက်ထန်စွာ မပြုမူနိုင်တော့ချေ။
‘ဒီတိုင်း ဆက်လုပ်ခွင့်ပေးထားရင် သူတို့က ဓားမနှစ်လက်ကို သန့်စင်ပြီး ဓားမချီအဖြစ် စုပ်ယူနိုင်တော့မယ်’
ဖန်းကျစ်ယန်မှာ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် ချင်မူသည် စင်မြင့်၏ ဓားမတာအိုကို နားလည်သိမြင်ပြီး၍ သူ၏နတ်ဘုရားစီရင်ရာစင်မြင့်အား ပြန်လည်ပြုပြင်နေချေပြီ။
သူ့တွင် ကောင်းကင်နန်းဆောင် ၁၉ ဆောင် ရှိသောကြောင့် ၁၉ ဆောင်စလုံးအတွင်းရှိ နတ်ဘုရားစီရင်ရာစင်မြင့်များကို ပြန်လည်တည်ဆောက်ရမည့်အပြင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဘိုးဘေးနန်းတော်အတွင်းရှိ နတ်ဘုရားစီရင်ရာစင်မြင့်ကိုလည်း ပြန်တည်ဆောက်ရပေမည်။
နတ်ဘုရားစီရင်ရာစင်မြင့် အခုနှစ်ဆယ်လုံး တည်ဆောက်ပြီးသည့်အခါ သူ၏သိုင်းအခြေခံ ထပ်မံမြင့်တက်လာပြီး တာအိုနှလုံးသားလည်း ပိုမိုခိုင်မာလာကြောင်း ခံစားလိုက်ရသည်။
သို့သော် နတ်ဘုရားစီရင်ရာစင်မြင့်တို့နှင့်အတူ လိုက်ပါလာသော အပြောင်းအလဲများက သူ ထင်ထားသည်ထက် အနည်းငယ် ကျော်လွန်နေသည်။ ၎င်းတို့က ဖွဲ့တည်လာလျှင်ချင်း သူ့ခန္ဓာကိုယ်မှ ဘေးအန္တရာယ်ချီများအား စုပ်ယူတော့သည်။
လူတစ်ယောက်သည် ပါဏာတိပါတာကံ သို့မဟုတ် ပြစ်မှုများစွာ ကျူးလွန်မိလေလေ၊ ဘေးအန္တရာယ်ချီက ထိုသူ၏ခန္ဓာကိုယ်အား ရစ်ပတ်နှောင်ဖွဲ့ထားလေလေ ဖြစ်မည်။ ဥပမာ အမိကမ္ဘာမြေ ရွှမ်တုတွင် သောင်းကျန်းခဲ့စဉ်က နတ်ဘုရားမိစ္ဆာပေါင်း သန်းနှင့်ချီ သေဆုံးခဲ့သည်။ မကျွတ်လွတ်သော ဝိညာဉ်တို့သည် သူမကို စွဲကပ်ကုန်ကြသဖြင့် သူမတာအိုနှလုံးသားတွင် သက်ရောက်မှုရှိ၏။
အမိကမ္ဘာမြေ၏ တာအိုနှင့် စိတ်နေစိတ်ထားသည် လုံးဝ ပျက်စီးသွားခဲ့ပြီး နောက်ဆုံး၌ ချင်မူ့လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။ ယင်းက မကောင်းဆိုးဝါးဝိညာဉ်၏သက်ရောက်မှု၊ ဘေးအန္တရာယ်ချီ၏ သက်ရောက်မှုပင်။
ချင်မူ မဟာမြို့ပျက်မှ ထွက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်လာကတည်းက ပါဏာတိပါတာကံ ကျူးလွန်ခြင်း နည်းပါးခဲ့သလို၊ လက်တွင်လည်း သွေးသိပ်မစွန်းတော့ပေ။
ဆယ်စုနှစ်များအတွင်း လူသတ်မှုများစွာ မကျူးလွန်ခဲ့ဟုပင် ဆိုနိုင်သည်။ သူ၏သိုင်းအခြေခံက ခိုင်မာသော်လည်း လက်ရှိအဆင့်ဖြင့် လက်အသန့်ရှင်းဆုံးသူဟုပင် ပြောရလိမ့်မည်။
သို့သော် သူ့အစ်ကိုချင်ဖုန်းကျင့်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူများမှာတော့ မရေမတွက်နိုင်ပေ။ ချင်ဖုန်းကျင့်ကား မွေးကင်းစအရွယ်မှာပင် ဝိညာဉ်များစွာ စားသုံးခဲ့ပြီးချေပြီ။ ထိုအချိန်က ချင်မူ့အသိစိတ်အလျဉ်ပင် မမွေးသေးပေ။
သူတို့နှစ်ယောက်မှာ တစ်ယောက်တည်း ဖြစ်နေခဲ့သောကြောင့် ချင်ဖုန်းကျင့်၏ မကောင်းမှုတို့က သူ့အပေါ်လည်း သက်ရောက်နေသည်။
ချင်မူသည် ယိုတုမဟာတာအိုကို ကျွမ်းကျင်သည့်အလျောက် ဘေးအန္တရာယ်ချီအနေဖြင့် သူ၏အသိစိတ်အပေါ် မလွှမ်းမိုးနိုင်ပေ။ သို့သော် ဘေးအန္တရာယ်ချီများစွာဖြင့် ရစ်ပတ်ခံထားရသည်မှာလည်း ကောင်းသော အရာမဟုတ်။
ယခုတွင် နတ်ဘုရားစီရင်ရာစင်မြင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဘိုးဘေးနန်းတော်ထဲ၌ ဖွဲ့တည်လာသည့်အခါ ဘေးအန္တရာယ်ချီအလုံးစုံ ၎င်းအပေါ်တွင် စုဝေးသွားပြီး သွေးရောင်တဖျတ်ဖျတ် လက်လျက် ခုတ်ထစ်နေသော ဓားမရောင်နှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုမျှသာမက နတ်အရှင်မချန်း၏ ပိုက်နက်အတွင်းမှ နတ်ဘုရားစီရင်ရာစင်မြင့်၏ ဘေးအန္တရာယ်ချီမှာလည်း သူ၏စုပ်ယူခြင်းခံရကာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားစီရင်ရာစင်မြင့်မှ သန့်စင်ပေး၍ သူ့ခန္ဓာကိုယ်အား ပိုမိုသန်မာလာစေသည်။