သံမဏိလို ဆက်ဆံရေး
Vol. 109 Ch. 1428
ချင်မူသည် သူ၏ နတ်ဘုရားစီရင်ရာစင်မြင့်စွမ်းအား အားကောင်းသထက် အားကောင်းလာသည်ကို ခံစားနေရ၏။ အထူးသဖြင့် သွေးရန်သူနတ်ဓားမနှစ်လက်အား စုပ်ယူလိုက်သည့်အချိန်တွင်ပင်။ သူ၏ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ သွေးရန်သူနတ်ဓားမနှစ်လက်၏ စွမ်းအားကား အဆပေါင်းများစွာ တိုးတက်လာပြီး ပို၍ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာချေပြီ။
သားသတ်သမား၊ တျန်းရှု၊ လော့ဝူရွှမ်နှင့် ကျဲ့ဟွလီတို့ကလည်း ဤအခွင့်အရေးကို အသုံးချ၍ သူတို့၏ နတ်ဘုရားစီရင်ရာစင်မြင့်များကို ပြန်လည်တည်ဆောက်နေကြသော်လည်း သူ့လောက်တော့ အကျိုးအမြတ်များစွာ မရရှိကြပေ။
ဘိုးဘေးနန်းတော် နတ်ဘုရားစီရင်ရာစင်မြင့်၏ ဘေးအန္တရာယ်အရှိန်အဝါများကို စုပ်ယူနေကြသူ ၅ယောက်ထဲတွင် ငါးပုံလေးပုံသည် ချင်မူ့ဆီ ရောက်ပြီး ကျန်တစ်ပုံကိုသာ သားသတ်သမားနှင့် အခြားလူလေးယောက်က ခွဲယူထားကြသည်။
သို့ထိတိုင် ၎င်းက ပေါ့သေးသေးကိစ္စ မဟုတ်ပေ။
သူတို့၏ ကောင်းကင်ရတနာများထဲတွင် ဘိုးဘေးနန်းတော်မရှိပေ၊ ကောင်းကင်နန်းဆောင်များထဲရှိ နတ်ဘုရားစီရင်ရာစင်မြင့်သာ ရှိကြသည်။ သူတို့လေးယောက်အနေဖြင့် ငါးပုံတစ်ပုံကို ခွဲယူနိုင်ခြင်းကပင် ကြီးမားသောအောင်မြင်မှုကြီး ဖြစ်နေချေပြီ။
ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်သည် ရှေးခေတ်ကတည်းက ဘေးအန္တရာယ်အရှိန်အဝါများကို စုပ်ယူထားခဲ့သည်မဟုတ်လော။ သူတို့အားလုံးအနေဖြင့် ၎င်း၏တစ်ဝက်ကို သန့်စင်ပြီးဖြစ်ကြ၏။ ဤဘေးအန္တရာယ်အရှိန်အဝါကတင် သူတို့ကောင်းကင်နန်းဆောင်များရှိ နတ်ဘုရားစီရင်ရာစင်မြင့်ကို အဆပေါင်းများစွာ တိုးတက်သွားစေနိုင်ရန် လုံလောက်သည်။
အထူးသဖြင့် ကျဲ့ဟွလီပင်။ ကျဲ့ဟွလီသည် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်သို့ မတက်ခဲ့စဉ်တုန်းက နဂါးသွဲ့ရေကန်အဆင့်တွင်သာ ရှိခဲ့၏။ ယခုတွင် နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ ရောက်သွားခဲ့ရာ သူ ရရှိခဲ့သည့်အကျိုးအမြတ်များက တိုင်းတာ၍ပင် မရနိုင်ချေ။
နတ်ဘုရားစီရင်ရာစင်မြင့်တွင် သူ့ကို ရင်ဆိုင်နိုင်သူ အနည်းငယ်သာ ရှိလိမ့်မည်။
နတ်ဘုရားစီရင်ရာစင်မြင့်၌ ကောင်းကင်နတ်အရှင်တစ်ပါး ပေါ်မလာပါက သူနှင့် ယှဉ်ပြိုင်နိုင်သူဟူ၍ မရှိပေ။။
သားသတ်သမား၊ လော့ဝူရွှမ်နှင့် တျန်းရှုတို့၏ သိုင်းအဆင့်များက တိုးတက်မလာသော်လည်း သူတို့၏ နတ်ဘုရားစီရင်ရာစင်မြင့်များကတော့ ပိုမိုခိုင်မာလာသည်။ သူတို့၏ တာအိုနှလုံးသား သိုင်းအခြေခံကလည်း များစွာတိုးတက်လာ၏။ အကျိုးအမြတ်များက နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
သူတို့၏ နတ်ဘုရားစီရင်ရာစင်မြင့်များတွင် ကိန်းဝပ်လာသည့် ဘေးအန္တရာယ်အရှိန်အဝါတို့ကလည်း သူတို့ဓားမများ၏ အင်အားကို တိုးတက်လာစေသည်။ သူတို့၏ တာအိုနတ်သိုင်းများနှင့် ကောင်းကင်နတ်သိုင်းများအပေါ်လည်း သက်ရောက်မှုများစွာ ရှိ၏။
ထိုမျှသာမက နတ်ဘုရားစီရင်ရာစင်မြင့်များသည် ဘေးအန္တရာယ်အရှိန်အဝါများကို စုပ်ယူကြသည်။ ထို့ကြောင့် စစ်မြေပြင်တွင် ရုန်းကန်ရှင်သန်ခဲ့ဖူးသော သားသတ်သမားနှင့် တျန်းရှုလို ပုဂ္ဂိုလ်တို့၏ တာအိုနှလုံးသားအပေါ် သက်ရောက်ခဲ့ဖူးသော ဘေးအန္တရာယ်အရှိန်အဝါတို့ကိုလည်း ချေဖျက်ပေးနိုင်ချေပြီ။
သူတို့၏ သိုင်းအခြေခံ ပိုမိုခိုင်မာလာသည်နှင့်အမျှ ဘေးအန္တရာယ်အရှိန်အဝါ နတ်ဓားမနှစ်လက်ကို ပိုမိုလျှင်မြန်စွာ ဖွဲ့တည်နိုင်လေလေ ဖြစ်ကာ ၊ အကျိုးအမြတ်များ ပိုမိုရရှိလေလေဖြစ်၏။
နောက်ထပ် သုံးလ၊ ငါးလမျှသာ အချိန်ယူပြီးလျှင် ဘိုးဘေးနန်းတော် နတ်ဘုရားစီရင်ရာစင်မြင့်၏ ဘေးအန္တရာယ်အရှိန်အဝါတို့အား အပြည့်အဝ သန့်စင်ကာ သိမ်းပိုက်နိုင်ကြလိမ့်မည်။ အတိုက်အခိုက်စွမ်းရည်များကိုပင် အတူတကွ ပေါင်းစည်း၍ ၃၁ ဘုံမြောက် ကောင်းကင်ဘုံ သို့မဟုတ် ၃၂ ဘုံမြောက် ကောင်းကင်ဘုံသို့ပင် ရောက်ရှိနိုင်ကြမည် ဖြစ်သည်။
ထိုအချိန် ရောက်လာလျှင် သူတို့ငါးယောက်လုံးသည် ကောင်းကင်နတ်အရှင်တစ်ပါး၏ အတိုက်အခိုက်စွမ်းရည်အား ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပြီး ကောင်းကင်နတ်အရှင်ငယ်လေးများဟုပင် သတ်မှတ်နိုင်လာလိမ့်မည်။
မှန်ပါသည်။ တာအိုဓားမများအား ထိုအဆင့်အထိရောက်အောင် အတူတကွ သန့်စင်ရလိမ့်မည်။ သူတို့သာ လူစုခွဲလိုက်ပါက ချင်မူပင်လျှင် တာအိုစနစ်၏ ၃၀ ဘုံမြောက် ကောင်းကင်ဘုံသို့ပင် ရောက်နိုင်မည်မဟုတ်ပေ။
ရုတ်တရက် ချင်မူသည် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်ဓားမနှစ်လက်၏ စွမ်းအားများ ရုတ်တရက် ထိုးတက်သွားကြောင်း ခံစားလိုက်ရ၏။ သူက မျက်နှာပျက်သွားပြီး ခပ်ဩဩ သတိပေးလိုက်သည်။ “ပြန်ဆုတ်ကြပါတော့”
သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူ၏ကောင်းကင်ရတနာနယ်ပယ်သည် တစ်လွှာပြီးတစ်လွှာ ပွင့်ထွက်လာကာ ကျန်လေးယောက်ကို သူနှင့်အတူ ခေါ်ဆောင်လျက် ပြန်ဆုတ်သွား၏။
ထိုအခိုက်အတန့်တွင် ဓားမနှစ်လက်၏ အသက်အဖြတ်အရှိန်အဝါက သူတို့၏မျက်လုံးများကို သွေးချင်းနီသွားစေသည်။ မရေမတွက်နိုင်သော တိုက်ခိုက်သံများက သူတို့၏နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာကြပြီး တဝီဝီ မြည်ဟီးကာ နားများ အူသွားစေ၏။ တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်သည့် ရှေးခေတ်မှ စစ်မြေပြင်တစ်ခုစီသို့ ရောက်ရှိသွားကြသည့်အလားပင်။
မိစ္ဆာနဂါးနှစ်ကောင်က တစ်ဖက်တစ်ချက်မှ နေရာယူ၍ သူတို့ဆီ လှမ်းဟပ်လိုက်ကြသည်။
ခွမ်း…
ဘိုးဘေးနန်းတော်၏ နေရာဟင်းလင်းပြင်မှာ ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သွေးရောင်တို့က ချင်မူနှင့် ကျန်သူများ၏ မြင်ကွင်းတွင် ပိတ်ဖုံးသွားသည်။ ဟင်းလင်းပြင် ၃၅ လွှာပင်လျှင် နတ်ဓားမနှစ်လက်၏ ခုတ်ပိုင်းခြင်းခံလိုက်ရကြောင်း တွေ့လိုက်ရ၏။
ဤသို့စွမ်းအားမျိုးမှာ နတ်ဓားမနှစ်လက်တည်းကြောင့် ထွက်ပေါ်လာရခြင်း မဟုတ်ပေ။ အလွန်အင်အားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့စွမ်းအားကို နောက်ကွယ်မှ အဆုံးအစွန်အထိ မြှင့်တင်ပေးလိုက်သည့်အတွက်ကြောင့်ပင်။
နတ်ဓားမနှစ်လက်၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလာသည်။ ချင်မူနှင့် ကျန်သူများသာ ၎င်းတို့၏ အသတ်အဖြတ်အရှိန်အဝါ တစ်ဝက်ကျော်ကို စုပ်ယူမထားခဲ့ပါက ကောင်းကင်နတ်အရှင်တစ်ပါးပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ပေ။
နတ်ဓားမနှစ်လက်သာ ရုပ်ခန္ဓာကိုယ်ဖွဲ့တည်လာပါက ၎င်းတို့၏စွမ်းအားသည် ကောင်းကင်နတ်အရှင်များကိုပင် သတ်ဖြတ်နိုင်လိမ့်မည်။
“နတ်အရှင်မချန်း”
ချင်မူက လက်ကို ခါလျက် ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို ထုတ်လိုက်သည်။ သူ၏အသိစိတ်အလျဉ်က ထွက်ပေါ်လာပြီး သူ၏အသံက တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် ပေါက်ကွဲမှုကြီးကဲ့သို့ ဟိန်းထွက်သွားတော့သည်။ “ခင်ဗျား ကျွန်တော်တို့ကို နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ဝင်ရောက်ခွင့်ပေးထားတာလေ… အခုမှ လာပြီး ကတိဖျက်နေတာလား”
သူက ဆံထိုးကို လွှဲရမ်းလိုက်ရာ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း၏ စွမ်းအားက ထွက်ပေါ်လာသည်။ သိုင်းကွက်မှာ ပိုက်ကွန်ထဲတွင် ပိတ်မိကာ သေတော့မည့် ငါးတစ်ကောင်အလားပင်။
ချင်မူ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် မပြောင်းလဲသောကောင်းကင်နတ်သိုင်းကို အသက်သွင်းခဲ့စဉ်က စွမ်းအားအပြည့်အဝ ထုတ်မသုံးခဲ့ပေ။ သူသာ ဤကောင်းကင်နတ်သိုင်း၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်ပါက အချိန်နှင့် နေရာကို တားဆီးနိုင်သည့်အပြင် ဒြပ်ထုပြောင်းလဲမှုအားလုံး ဟန့်တား၍ ပြောင်းပြန်လှန်ပစ်နိုင်သည်။
သို့သော် ၎င်းဖြစ်ရပ် ဖြစ်ပွားခဲ့လျှင် ချင်မူသည်လည်း မပြောင်းလဲသောဒြပ်ထု ဖြစ်လာပြီး ကောင်းကင်နတ်သိုင်းထဲတွင် ပိတ်မိနေပေလိမ့်မည်။
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်နိုင်သော်လည်း သူ့ကိုယ်သူ ကယ်တင်လိုပါက ထိုက်ရှီ၏ စွမ်းအားကို အသုံးပြုရမည်ဖြစ်ရာ အဖိုးအခကြီးမားလွန်းပေသည်။
သူ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည့်အချိန်မှာပင် ကောင်းကင်နတ်ဘုရင်တျန်းရှုက တော်ဝင်မုခ်ဝနတ်ဓားမကို လွှဲရမ်းလျက် အားကုန်ခုတ်ချပစ်လိုက်သည်။ သူက ကောင်းကင်အလိုတော်မုခ်၀တစ်ခုကို ဖန်တီးကာ အော်ဟစ်လိုက်၏။ “ယိုတုဆီ အရင်သွားကြစို့”
ယခုတွင် ဘိုးဘေးနန်းတော် ပွင့်သွားပြီဖြစ်ရာ ယိုတုသည်လည်း ဘိုးဘေးနန်းတော်သို့ ရောက်လာခဲ့သည်။ ယိုတုတွင် သွားရောက်ပုန်းခိုနေခြင်းက အကြံဉာဏ်ကောင်း ဖြစ်၏။
ကောင်းကင်နတ်ဘုရင်တျန်းရှုကား ကောင်းကင်အလိုတော်မုခ်ဝကို ဖန်တီး၍ ယိုတုသို့ဝင်ရောက်နိုင်သည့် ပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပေသည်။ ထို့ကြောင့်လည်း မင်တုကောင်းကင်နတ်မင်းဟု ကျော်ကြားခြင်းဖြစ်သည်။ ထိုမျှသာမက သူ့ကို ကောင်းကင်နတ်မင်းဘွဲ့ ချီးမြှင့်ခဲ့သူမှာ မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် ဖြစ်ခဲ့သည်။
ချင်မူက နောက်ဆုတ်၍ သားသတ်သမားနှင့် ကျန်သူများ ယိုတုသို့ ၀င်ရောက်နိုင်ရန် ကာကွယ်ပေးလိုက်သည်။ သားသတ်သမား၊ တျန်းရှုနှင့် ကျန်သူများ ရောက်လာသည့်အချိန်၌ သွေးရန်သူနဂါးနှစ်ကောင်သည် ဟင်းလင်းပြင်ထဲမှ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့က ခွမ်းခနဲ အသံနှင့်အတူ ယိုတုကို ခုတ်ပိုင်းလိုက်သည်။
သူတို့လေးယောက်မှာ အံ့အားသင့်သွားကြသည်။ သွေးရန်သူနဂါးနှစ်ကောင်သည် သူတို့၏ဦးခေါင်းများကို ကျော်၍ ခုတ်ပိုင်းလိုက်ခြင်းဖြစ်ရာ သူတို့မှာ ခေါင်းနပန်းကြီးသွားပြီး ချွေးသီးချွေးပေါက်များ ကျလာတော့သည်။
“မူအာက ဟိုမှာ ရှိနေတုန်းပဲ”
သားသတ်သမား ပြန်ထွက်တော့မည်အချိန်တွင် ကောင်းကင်အလိုတော်မုခ်ဝမှာ သွေးရန်သူနဂါးနှစ်ကောင်ကြောင့် အပိုင်းပိုင်း ပြတ်တောက်လျက် လမ်းပိတ်သွားကြောင်း တွေ့လိုက်ရသည်။
“စိတ်မပူပါနဲ့ ကောင်းကင်ဓားမ”
ကောင်းကင်နတ်ဘုရင်တျန်းရှုက သူ ပြေးထွက်သွားမည်စိုးသောကြောင့် ဖက်ထား၏။ “ကောင်းကင်နတ်အရှင်မူက သိပ်ကို ကောက်ကျစ်တဲ့သူပဲဟာ…. ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့အပြင် မသေနိုင်တဲ့ ကောင်းကင်နတ်အရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရထားသေးတာ.. ဆိုတော့ နတ်အရှင်မချန်းက သူ့ကို သတ်မှာ မဟုတ်ပါဘူး”
သားသတ်သမားက ရုန်းနေသေးသဖြင့် လော့ဝူရွှမ်ကလည်း ၀င်ပြော၏။ “ကောင်းကင်နတ်အရှင်မူက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိပါတယ်… ဒီလောက် နှစ်တွေအများကြီး ကောင်းကင်နတ်ဘုံမှာ နေခဲ့တာတောင် အသက်ရှင်နေသေးတယ်လေ…. ကောင်းကင်နတ်ဘုရင်တျန်းရှုကတော့…. သူ့ကို နတ်အရှင်မချန်း ဖမ်းမိသွားရင် စတေးခံရမှာပဲ… ကျဲ့ဟွလီနဲ့ ကျွန်တော်က ကောင်းကင်နတ်ဘုံရဲ့ သစ္စာဖောက်တွေ… နတ်အရှင်မချန်း ဖမ်းမိသွားရင် သေချာပေါက် သေရလိမ့်မယ်”
သားသတ်သမားက မရုန်းတော့ပေ။ သူက ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ ယိုတုတွင် အမှောင်ထုသာ ကြီးစိုးနေမှန်း တွေ့လိုက်ရ၏။ မကောင်းဆိုးဝါးမိစ္ဆာများက အမှောင်ထုထဲတွင် ကူးလူးသွားလာနေကြသည်။
ဤနေရာမှာ အခြားနေရာများနှင့် မတူပေ။ အခြားကောင်းကင်ဘုံများတွင် သေပြီးသော ဝိညာဉ်များကို သွားရောက်ခေါ်ဆောင်သည့် တမန်တော်များ ရှိသေး၏။ သို့သော် ဤနေရာတွင် မရဏတမန်များ မရှိသည့်အပြင် တစ္ဆေသင်္ဘောများလည်း မရှိကြပေ။
“ကျုပ်တို့ ဘယ်လိုထွက်သွားမှာလဲ” ကျဲ့ဟွလီမှာ အနည်းငယ် စိုးရိမ်ပူပန်နေသည်။
တျန်းရှုက သူ့ရင်ဘတ်ကို ပုတ်၍ ပြုံးလိုက်သည်။ “ငါက ယိုတုကောင်းကင်နတ်မင်းလေ… မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် ချီးမြှင့်ထားတာ…. ငါနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ဆက်ဆံရေးက သိပ်ကိုကောင်းတယ်… ညီအစ်ကိုတွေလိုပဲ… ငါ့နောက်လိုက်ရင် စိုးရိမ်စရာ မလိုဘူး… မင်းတို့ကို မြေအောက်ဘုံအရှင်သခင်ဆီ ခေါ်သွားပြီး ပျော်စေရမယ်”
ကျဲ့ဟွလီသည် သူ့ကို ယုံကြည်သွားပြီး ပျော်ရွှင်သွားကာ သူ့နောက်လိုက်ချင်စိတ်များ ပေါ်လာ၏။
လော့ဝူရွှမ်က သူ့ကို အလျင်အမြန်ဆွဲခေါ်၍ တိတ်တဆိတ် ခေါင်းရမ်းပြသည်။ သူက ခပ်တိုးတိုး သတိပေးလေသည်။ “အဲဒါ အရင်တုန်းကလေ… သူ အရက်မူးပြီး တော်ဝင်မုခ်ဝနတ်ဓားမနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုကို ဖြတ်ပစ်လိုက်ထဲက မြေအောက်ဘုံအရှင်သခင်က သူ့ကို အမြင်ကြည်တော့တာ မဟုတ်ဘူး”
သားသတ်သမားကလည်း ခေါင်းတဆတ်ဆတ် ညိတ်နေသည်။ သူက တိုးညှင်းစွာ ပြော၏။ “ဒီလူက သူ့ဘဝတစ်လျှောက်လုံး ထွက်ပြေးနေရပြီးတော့ သက်ရှိကမ္ဘာရဲ့ မဟာမြို့ပျက်ဆီ ရောက်လာခဲ့တာလို့ မူအာ ပြောပြတာ ငါကြားဖူးတယ်… ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်က ဖမ်းမိသွားပြီး သူ့လက်ဖဝါးထဲမှာ ချုပ်ထားခဲ့တယ်တဲ့… သက်ရှိကမ္ဘာ ဖြစ်နေတာမလို့ ယိုတုစည်းမျဉ်းတွေနဲ့အညီ မြေအောက်ဘုံအရှင်သခင်က သူ့ကို သတ်မပစ်ခဲ့ဘူး… ဒါပေမဲ့ နှစ်နှစ်သောင်းကြာအထိ ချုပ်ထားခဲ့တာ ”
ကျဲ့ဟွလီ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့နေပြီး အားပျက်စွာ မေးလိုက်မိသည်။ “ဒါဆိုရင် ဒီနေရာကနေ ထွက်သွားနိုင်မယ့်နည်းလမ်း မရှိတော့ဘူးလား”
“ဘိုးဘေးနန်းတော်ဆီ ပြန်မှပဲရမယ်”
တျန်းရှုက လှည့်ကြည့်လာ၍ ခပ်ဟဟရယ်ကာ ပြောသည်။ “ဒါပေမဲ့ ငါတို့ ဘိုးဘေးနန်းတော်ဆီ ပြန်ရင် နတ်အရှင်မချန်းက ငါတို့ကို သတ်ပစ်လိမ့်မယ်… ဒါမှမဟုတ် သေအောင် နတ်ဘုရားစီရင်ရာစင်မြင့်ဆီ တမင်သွားခိုင်းမှာ…. စိတ်မပူကြပါနဲ့ စိတ်အေးအေးထား… ငါနဲ့ မြေအောက်ဘုံအရှင်သခင်ကြားက ရန်ငြိုးက ကောင်းကင်နတ်အရှင်မူကြောင့် ပြေလျော့သွားခဲ့တာ ကြာလှနေပြီ.. အခု ငါနဲ့မြေအောက်ဘုံအရှင်သခင်ကြားမှာ မိတ်ဆွေသံယောဇဉ်… သံမဏိလို မာကြောတဲ့ မိတ်ဆွေသံယောဇဉ်ပဲ ရှိတော့တယ်”
ဆယ်ရက်ကြာပြီးနောက်တွင်
တျန်းရှု၊ သားသတ်သမား၊ လော့ဝူရွှမ်နှင့် ကျဲ့ဟွလီတို့မှာ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရ၏။ တျန်းရှုက သံတိုင်များကို ကိုင်လျက် မရဏတမန်တော်အား မုန်းတီးစွာ ကြည့်နေလေသည်။
မရဏတမန်တော်က ခံစားချက်ကင်းမဲ့နေသည်။ စက္ကူလှေက လှောင်အိမ်ကြီးလေးခုကို သယ်ဆောင်လျက် မြေအောက်ဘုံအရှင်သခင်ဆီသို့ ဖြည်းညှင်းစွာ လွင့်မြောသွားတော့သည်။