ကျုံးဖောက်တတ်သော ကောင်းကင်နတ်အရှင်
Vol. 109 Ch. 1429
ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ဘေးတွင် ချင်မူသည် သွေးရန်သူနတ်ဓားမနှစ်လက် သူ၏ဦးခေါင်းဘေးမှ ဖြတ်ခုတ်သွားသည်ကို ကြည့်နေ၏။
နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် သွေးဆုတ်ဖြူလျော့စွာဖြင့် ပေါ်လာပြီး သူမပတ်ပတ်လည်တွင် သွေးရောင်အသတ်အဖြတ်အရှိန်အဝါတို့က လှည့်ပတ်နေသည်။
နတ်အရှင်မချန်းက သူမ၏သွယ်လျသော လက်ချောင်းများကို မြှောက်လိုက်သည့်အခါ သွေးရန်သူနတ်ဓားမနှစ်လက်၏ ကြမ်းတမ်းသော နဂါးကြေးခွံများက သူမ၏လက်ဖဝါးထဲတွင် ဖြည်းဖြည်းချင်း လျှောကျထွက်ပေါ်လာသည်။
ချင်မူက သူမကို ပြုံးပြလိုက်သည်။ “နတ်အရှင်မချန်း…”
“ပါးစပ်ပိတ်ထား...”
နတ်အရှင်မချန်းက ခက်ထန်စွာ ပြောသည်။ “စကားတစ်ခွန်း ထပ်ပြောရင် နင့်အရိုးတွေကို ချေမွပြီး နင့်ပြာတွေ ကျဲချပစ်မယ်… င့ါမူလဝိညာဉ်ကို အန္တိမဟင်းလင်းပြင်ဆီ စေလွှတ်ပြီး နင့်ကို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ထာဝရပိတ်မိအောင် လုပ်ပစ်မယ်”
ချင်မူ ချက်ချင်း ပါးစပ်ပိတ်သွားသည်။
နတ်အရှင်မချန်းသည် သူ့ကို ရှင်းလင်းသတ်ဖြတ်နိုင်သော ရှားပါးသည့် ကောင်းကင်နတ်အရှင်များထဲမှ တစ်ဦး မဟုတ်လော။ ပြောရလျှင် သူမသည် မဟာဧကရာဇ်ဖြစ်သည့်အပြင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကလည်း တစ်လောကလုံးတွင် ပြိုင်ဘက်ကင်း၏။ ကောင်းကင်နတ်အရှင်ယွင်၏ မူလဝိညာဉ်ပင်လျှင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲသို့ ရောက်ရှိခဲ့ရလေရာ ချင်မူကိုတော့ ထည့်တွက်နေစရာပင် မလိုတော့။
ချင်မူသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ သေခြင်းနှင့် ရှင်ခြင်းအကြား သွားလာနိုင်သော်လည်း နတ်အရှင်မချန်းကိုသာ ချေမှုန်းနိုင်ပြီး မူလမဟာဧကရာဇ်ကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။
နတ်အရှင်မချန်းက သွေးရန်သူနတ်ဓားမနှစ်လက်ကို ကြည့်ကာ မျက်လုံးထောင့်စါန်းများ တွန့်သွားသည်။ ချင်မူ့မျက်လုံးများလည်း တွန့်သွားပြီး သူသည် စိတ်ထဲတွင် ဘုရားတနေမိ၏။
တခဏကြာသော် နတ်အရှင်မချန်းက သက်ပြင်းတစ်ရှိုက် မှုတ်ထုတ်လိုက်ရင်း ပြောသည်။ “ဒီနန်းဆောင်… ငါ နင့်ကို ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းကင်နတ်အရှင်မူ… ငါ့ဘက်ကနေ ဖြေလျော့ပေးပြီးတော့ နင့်ကို နတ်ဘုရားစီရင်ရာစင်မြင့် အသုံးပြုခွင့်ပေးခဲ့တယ်… ဒါပေမဲ့ နင်က လောဘကြီးလွန်းပြီးတော့ ငါ့ရဲ့ အထွတ်အမြတ်ရတနာကိုတောင် ပျက်စီးစေလုနီးပါး ဖြစ်ခဲ့တယ်”
ချင်မူက ချက်ချင်း ဖြေရှင်းသည်။ “တာအိုနောင်တော်၊ ခင်ဗျားမှာလည်း မကောင်းတဲ့အကြံအစည်တွေ ရှိတာပဲလေ.. ခင်ဗျားက ဒီနတ်ဘုရားစီရင်ရာစင်မြင့်ကို သုံးပြီး ကျွန်တော့်ကို ရှင်းလင်းဖို့ကြိုးစားနေပေမယ့် စွပ်စွဲခံရမှာစိုးလို့ မလာခဲ့ဘူး… ကျွန်တော် ဒီနေရာမှာ သေသွားခဲ့ရင် ခင်ဗျား အပြစ်ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး”
နတ်အရှင်မချန်းက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လာသဖြင့် ချင်မူမှာ ပါးစပ်ပိတ်သွားပြန်သည်။
နတ်အရှင်မချန်း၏ ရင်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး တခဏကြာသော် ချင်မူ့ကို ကြက်သီးမွှေးညှင်းများ ထသွားစေသည့် စကားကို ပြောလိုက်၏။ “နင်နဲ့ ကျန်တဲ့သူလေးယောက်က နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ အသတ်အဖြတ်အရှိန်အဝါတွေကို အများကြီး စုပ်ယူခဲ့တယ်… ဒီဓားမနှစ်လက် အထွတ်အထိပ်အခြေအနေကို ရောက်နိုင်အောင် ဒီနေရာမှာ နောက်ထပ်လူဘယ်နှစ်ယောက် သတ်ပြီး တိုက်ပွဲတွေ ဖန်တီးပေးရဦးမှာလဲ”
ချင်မူမှာ ကြက်သီးတဖြန်းဖြန်းထသွားမိသည်။
“ကမ္ဘာဦးခေတ်ကနေ အခုအထိ ဖန်ဆင်းရှင်တွေက တိုက်ပွဲတွေ တရစပ် ဆင်နွှဲခဲ့တာ… အရွယ်မျိုးစုံတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ အကြိမ်ပေါင်းဆယ်သန်းထက် ကျော်လွန်တယ်… အထူးသဖြင့် ဘိုးဘေးနန်းတော်ထဲက ဖန်ဆင်းရှင်တွေ မျိုးသုဥ်းခဲ့ရတဲ့ တိုက်ပွဲပဲ… အဲဒီတိုက်ပွဲတွေက ဘေးအန္တရာယ်အရှိန်အဝါတွေကို နတ်ဘုရားစီရင်ရာစင်မြင့်က စုပ်ယူခဲ့တာ… အဲဒီလိုနဲ့ ဒီဓားမနှစ်လက် ဖြစ်တည်လာတာပေါ့”
နတ်အရှင်မချန်း၏ အကြည့်က ပြန်လည်ကျရောက်လာပြီး နှိုင်းယှဉ်မရနိုင်အောင် အေးစက်နေသည်။ သူမက မှင်သေသေ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ သူတို့ကို မစုပ်ယူနိုင်ခင် နောက်ထပ်စစ်ပွဲဘယ်နခု အစပျိုးပေးရမယ်လို့ ထင်လဲ”
ချင်မူ့မျက်လုံးက ဖြတ်ခနဲတောက်ပသွားပြီး ဖြေလိုက်သည်။ “ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်မယ့်တိုက်ပွဲက စတော့မှာ…. နတ်အရှင်မချန်းအနေနဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ ဓားမတွေကို စုပ်ယူချင်တာဆိုရင် ဒီအခွင့်အရေးကို လက်မလွတ်သင့်ဘူး”
နတ်အရှင်မချန်းက နှာတစ်ချက် မှုတ်၍ ဓားမနှစ်လက်ကို လွှတ်ချလိုက်သည်။ သူမက လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် စင်မြင့်ပေါ်တွင် ရပ်နေ၏။ “ရွှမ်တုတိုက်ပွဲက ကောင်းကင်နယ်စားမင်း ပြိုလဲမယ့် တိုက်ပွဲပဲ… ကောင်းကင်နယ်စားမင်းက ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ သားကောင်… ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်းကို ဖယ်ရှားပစ်၊ အာဏာကို သိမ်းပိုက်ပြီး ကောင်းကင်နယ်စားမယ့်အသစ် ဖြစ်လာချင်နေတာ… ငါ သွားလိုက်ရင် ကောင်းကင်နယ်စားမင်းနဲ့ ရန်သူတွေ ဖြစ်သွားမှာပေါ့”
ချင်မူက ခေါင်းမော့၍ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်အရှင်မချန်းအား ကြည့်လိုက်သည်။ သူက စပ်စုလေသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင် တစ်ယောက်တည်းဆို ကောင်းကင်နယ်စားမင်းကို ဘာမှမလုပ်နိုင်ဘူးလေ.. ဒါ့အပြင် ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကို စုပ်ယူလိုက်ရင် သူ့ရဲ့ သိုင်းအခြေခံနဲ့ စွမ်းဆောင်ရည်တွေက အဆပေါင်းများစွာ တိုးတက်သွားမှာ… သူ့အနေနဲ့ ပြီးပြည့်စုံတဲ့ သိုင်းအဆင့်ကို ပိုင်ဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်… အဲဒီအချိန်မှာ ရှေးဟောင်းနတ်ဘုရားဘုရင်က တခြားကောင်းကင်နတ်အရှင်တွေကို သည်းခံထားပါတော့မလား… အသတ်အဖြတ်အရှိန်အဝါတွေက ဘယ်ကထွက်ပေါ်လာတာလဲ… တစ်လောကလုံးမှာ အသတ်အဖြတ်အရှိန်အဝါတွေ သိပ်သည်းလေးလံဆုံး ဖြစ်နေမယ့်နေရာက ကောင်းကင်နယ်စားမင်း ပြိုလဲသွားတဲ့နေရာပဲ… ကောင်းကင်တာအိုဆိုရင်တောင်မှ ကောင်းကင်နယ်စားမင်းအတွက် အသတ်အဖြတ်အရှိန်အဝါကို ဖယ်ရှားပေးရမယ်”
နတ်အရှင်မချန်းက မျက်ခုံးပင့်၍ ပြောသည်။ “ဆက်ပြော”
ချင်မူ့ဝိညာဉ်မှာ တုန်ရီသွားပြီး သူက တည်ကြည်လေးနက်စွာ ဆက်ပြော၏။ “ကောင်းကင်တာအိုက အသတ်အဖြတ်စိတ်ဆန္ဒကို ဖယ်ရှားလိုက်တဲ့အချိန်မှာ အဲဒါက ပြိုင်ဘက်ကင်းအောင် ပြင်းထန်နေလိမ့်မယ်… နတ်အရှင်မ၊ နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ ဓားမနှစ်လက်ကို ယူသွားပြီး ပြိုင်ဘက်ကင်း အထွတ်အထိပ်ရတနာတွေအဖြစ် သန့်စင်လိုက်ပါ… ခင်ဗျားရဲ့စွမ်းဆောင်ရည်တွေက သူရဲကောင်းတွေကို ကြိုတင်ဖိနှိပ်ထားနိုင်တာပဲဟာ… ခင်ဗျားအနေနဲ့ ကောင်းကင်နယ်စားမင်းရဲ့ သိုင်းအခြေခံကိုယူ၊ ပြန်ဆုတ်ခွာပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တာပဲလေ.. ဘာလို့ မလုပ်မှာလဲ”
နတ်အရှင်မချန်းက တစ်ယောက်တည်း ရေရွတ်နေသည်။
ချင်မူ့စကားလုံးများသည် သူမအား အမှန်တကယ် စိတ်လှုပ်ရှားသွားစေ၏။
ကောင်းကင်နယ်စားမင်း၏ ကျဆုံးပွဲသည် သေချာပေါက် အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ ယခင်က ဖန်ဆင်းရှင်များ သတ်ဖြတ်ခံခဲ့ရသော သွေးသံချေးဇုန်တိုက်ပွဲအောက် နိမ့်ကျနေလိမ့်မည်မဟုတ်ပေ။
သူမသာ နတ်ဘုရားစီရင်ရာစင်မြင့်ဓားမနှစ်လက်ကို အထွတ်အထိပ်အခြေအနေအထိ သန့်စင်ချင်ပြီး အသွင်ရော၊ ဒြပ်ထုပါရှိသည့် အခြေအနေသို့ ပို့ချင်လျှင် ရွှမ်တုသို့ သွားရပေလိမ့်မည်။
သူမ၏ ရည်ရွယ်ချက်သည် ဤအထိသာ မဟုတ်ပေ။
ကောင်းကင်နယ်စားမင်းသေဆုံးမှုကို အခွင့်ကောင်းယူ၍ နတ်ဓားမနှစ်လက်အား ကောင်းကင်နယ်စားမင်း၏ ကိုယ်ထဲတွင် ထိုးစိုက်ကာ သူ၏ ချီနှင့် သွေးကို စုပ်ယူချင်၏။
ထိုအချိန်တွင် နတ်ဓားမနှစ်လက်ကား သေချာပေါက် ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိပြီး ယခင်ကထက် အဆပေါင်းများစွာ ကောင်းမွန်သည့် အထွတ်အထိပ်ရတနာများအဖြစ် ပြောင်းလဲသွားလိမ့်မည်။
သို့သော်….
“ကောင်းကင်နတ်အရှင်မူ၊ နင် ငါ့ကို အကြံပေးနေတာပေါ့လေ”
နတ်အရှင်မချန်းက ပြုံးလိုက်သည်။ “တခြားသူတွေရဲ့ အကြံက တွင်းတူးဖို့ဆိုပေမယ့် နင့်အကြံက ကျုံးဖောက်ဖို့ ဖြစ်နေတတ်တယ်… တစ်ခုတည်းတောင်မဟုတ်ဘူး အများကြီး ဖောက်တတ်တာ … ကျုံးထဲ ပြုတ်လာရင်တော့ နင်က အသတ်မသတ်နိုင်ရင် အရေခွံစုတ်ပစ်တတ်တယ်”
သူမ ဤအကြောင်းကို ကောင်းကောင်းနားလည်၏။
မဟာဧကရာဇ်သည် လွတ်မြောက်လာပြီးနောက် ချင်မူ့ကို လိုက်ရှာခဲ့ကာ ချင်မူတူးခဲ့သော ကျုံးထဲသို့ ကျရောက်ခဲ့ရ၏။ ချင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို တားနိုင်ပါက သူ့ကို ကမ္ဘာဦးအစမူလကျောက်တုံး ပေးခဲ့မည်ဟု ကတိပေးခဲ့သော်လည်း ထိုတိုက်ပွဲတွင် မဟာဧကရာဇ်၏ရုပ်ခန္ဓာမှာ ဒုက္ခိတမဖြစ်ရုံတမယ် ဆိုးရွားခဲ့ရသည်။
နောက်တွင် ချင်မူကား သူ့အား ကမ္ဘာဦးအစ မူလကျောက်တုံး သုံးပုံနှစ်ပုံသာ ပေးခဲ့သည်။
ထို့နောက် ဘိုးဘေးနန်းတော်တွင် ချင်မူသည် မဟာဧကရာဇ်အား နောက်ထပ်အကြံတစ်ခု ထပ်ပေးခဲ့၏။ သူက မဟာဧကရာဇ်အား ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်စေ၍ နတ်ဧကရာဇ်လန်ရွှမ်အပေါ် အကောက်ကြံခဲ့သည်။
နောက်ဆုံးတွင် လန်ရွှမ်ကို အမှန်တကယ် အကောက်ကြံနိုင်ခဲ့သော်လည်း မဟာဧကရာဇ်မှာ ဦးခေါင်းသာ ကျန်တော့သည်အထိ ရိုက်နှက်ခံခဲ့ရ၏။
မဟာဧကရာဇ်၏ ဦးခေါင်းမှာ ချင်မူ့ကို ကလဲ့စားချေရန် သွားရောက်ခဲ့သော်လည်း ချင်မူ့ကြောင့် အစီအရင်အဖြစ် ပြောင်းလဲခံခဲ့ရသည်။ သို့ပင်ငြား ချင်မူသည် မဟာဧကရာဇ်အား ကူညီပေးနေသည့်အလား ပြုမူခဲ့၏။
နတ်အရှင်မချန်းသည် ၎င်းတို့ကို တွေးမိသည့်အခါ ခါးသီးမုန်းတီးစွာဖြင့် အံတင်းတင်း ကြိတ်ထားမိ၏။ သို့သော် ချင်မူ့အကြံက အကြံဉာဏ်ကောင်း ဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင်တော့ အမှားပေါင်းများစွာ ရှိနိုင်မှန်း လက်ခံရပေမည်။
ချင်မူက ကြေကွဲဝမ်းနည်းစွာ ပြော၏။ “အရှင်မ၊ ကျွန်တော့်ရဲ့အကြံက ဘာတွေများ မှားသွားလို့လဲ… ကျွန်တော်က အရှင်မနေရာကနေ ကူပြီး စဉ်းစားပေးနေတာပါ… တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူးဗျာ”
သူမမှာ လက်မခံချင်သော်လည်း ချင်မူ့အကြံသည် ကောက်ကျစ်သည့်တိုင် သူမနေရာမှ အမြဲတမ်း တွေးခဲ့သည်ကိုတော့ လက်ခံရပေမည်။ စိတ်ရင်းဖြင့် စဉ်းစားပေးပြီး အခြားရည်ရွယ်ချက်များ မရှိပုံပင်။
ဤသို့ဖြစ်ရခြင်းမှာ သူမမှာ သူ တူးထားသော ကျုံးထဲသို့ သုံးကြိမ်ဆက်တိုက် ပြုတ်ကျခဲ့ပြီး ပြန်မထွက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
ချင်မူက သူမကို အလေးအနက် စိုက်ကြည့်နေပြီး သူ၏အကြည့်များထဲတွင် စိတ်အားထက်သန်မှုတို့ ပြည့်နှက်နေသည်။ “နတ်အရှင်မ၊ စဉ်းစားကြည့်ပါ… ခင်ဗျား အထွတ်အထိပ်ရတနာနှစ်ခုကို သန့်စင်နိုင်မယ့်အပြင် ကောင်းကင်နယ်စားမင်းရဲ့ ချီနဲ့သွေးကိုလည်း ရဦးမှာ… ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ဘယ်သူက ခင်ဗျားနဲ့ ယှဥ်ရပ်နိုင်တော့မှာလဲ… ဘယ်သူက ခင်ဗျားကို ရန်စရဲတော့မှာလဲ… ကောင်းကင်နတ်အရှင်ရှောင်လား… ခိုင်ဧကရာဇ်လား… အရှင်မရဲ့ ခြေဖျားကိုတောင် မှီကြမှာ မဟုတ်ဘူး.. ကောင်းကင်နတ်အရှင်ဟောင်က အရှင်မရဲ့ ခွေးတစ်ကောင် ဖြစ်လာလိမ့်မယ်”
“အေးပါ… အေးပါဟယ်… နင် ဆက်ပြောလေလေ နင့်အကြံက တဖြည်းဖြည်း ပိုဆိုးလာလေလေပဲ”
နတ်အရှင်မချန်းက လက်ခါလိုက်သည်။ “ငါက နင့်ထောင်ချောက်ထဲ အမြဲတိုးဝင်မယ့် အကြည့်နဲ့ ကြည့်မနေနဲ့… တိုးဝင်၊ မဝင် ငါ သေချာဆုံးဖြတ်ဖို့ လိုတယ်”
သူမက ခေါက်တုံ့ခေါက်ပြန်လျှောက်၍ တစ်ယောက်တည်း တတွတ်တွတ် ရွတ်နေသည်။
ချင်မူက ခပ်တိုးတိုး တိုက်တွန်းနေသည်။ “အရှင်မ၊ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မရဘူးနော်.. ဒီလိုအခွင့်အရေးမျိုး ထပ်ရမှာမဟုတ်ဘူး… ကောင်းကင်နယ်စားမင်းက တစ်ယောက်တည်း ရှိတာ… ဒီတစ်ယောက် သေသွားရင် နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး”
နတ်အရှင်မချန်းက သူ့ကို တစ်ချက်ကြည့်၍ အံ့ဩမှင်သက်စွာ မေးသည်။ “နင် အခုထိထွက်မသွားသေးဘူးလား… သွားပါတော့.. မြန်မြန်သွားလိုက်ပါတော့… နင် ငါ့အထွတ်အထိပ်ရတနာကို ဖျက်စီးလုနီးပါးဖြစ်ခဲ့တဲ့ကိစ္စကို ဘာမှလုပ်တော့မှာ မဟုတ်ဘူး… ငါ့ကို လာမနှောင့်ယှက်နဲ့တော့”
ချင်မူက ဦးညွှတ်အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။
သူ့အနောက်တွင် နတ်အရှင်ချန်းသည် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်လျက် သူ၏နောက်ကျောကို ကြည့်နေပြီး လက်ကို တိတ်တဆိတ် မြှောက်လိုက်၏။ သူမ၏လက်ဖဝါးထဲတွင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ ရှိနေသည်။ သို့သော် သူမက လက်မြှောက်၍ တခဏတွေးတောပြီးနောက် လက်ပြန်ချလိုက်သည်။
သို့သော် လက်ပြန်ကျမသွားခင် သတ်ဖြတ်လိုစိတ်က သူမ၏မျက်လုံးထဲတွင် ထွက်ပေါ်လာပြီး လက်ပြန်မြှောက်လိုက်ပြန်သည်။
သို့သော် ကောင်းကင်နတ်သိုင်းကို မထုတ်လွှတ်ဘဲ တုံ့ဆိုင်းနေသေး၏။
ထိုစဉ် ချင်မူကား မြေပေါ်လဲကျ၍ ဝုန်းခနဲ ပေါက်ကွဲကာ အနက်ရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲ၍ လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။