ကိုယ့်အတ္တအတွက်
Vol. 109 Ch. 1431
ချင်မူက ကောင်းကင်နတ်အရှင်ရုံကို ကြည့်နေပြီး တခဏကြာသော် ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ရုံက ရိုးရှင်းလွန်းတယ်လို့ ကျွန်တော့်ကို တစ်ယောက် ပြောဖူးတယ်… သူသာ ယိုတုမှာ ရှိမနေဘဲ မဟာတိုက်ပွဲကြီးမှာ ဝင်ရောက်တိုက်ခိုက်ခဲ့မယ်ဆို အခုအချိန်အထိ အသက်ရှင်နေဦးမှာ မဟုတ်ဘူးတဲ့.. ကောင်းကင်နတ်အရှင်ရုံ၊ ခင်ဗျား ယိုတုကနေ ထွက်လာမယ့် ဆုံးဖြတ်ချက်က အန္တရာယ်များတယ်... အသက်အန္တရာယ် ရှိတယ်”
အတိတ်တုန်းက ကောင်းကင်နတ်အရှင်ရုံ လှုပ်ရှားလိုက်တိုင်း သူ၏နောက်ကွယ်တွင် ယိုတုရှိနေခဲ့၏။ သူသည် ရှေ့တိုးနိုင်သလို ပြန်လည်ဆုတ်ခွာနိုင်သည်။ ချင်မူ့အား နဂါးသွဲ့ရေကန်တိုက်ပွဲတွင် ကာကွယ်ပေးခဲ့တုန်းကအတိုင်း၊ မက်မွန်တောအုပ်နှင့် ကောင်းကင်နတ်အရှင်ရှောင် တိုက်ပွဲတုန်းကအတိုင်း ကောင်းကင်နတ်အရှင်ရုံသည် ယိုတုသို့ အချိန်မရွေး ဝင်ရောက်နိုင်၏။
သို့သော် ကောင်းကင်နတ်အရှင်ရုံအနေဖြင့် ရွှမ်တုသို့ သွားရောက်ပါက ရန်သူ၏တိုက်ကွက်ကို အချိန်မီ ရှောင်တိမ်း၍ ယိုတုသို့ ပြန်သွားနိုင်လိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပွားပါက သူ့အတွက် အန္တရာယ်များသည်။
ကောင်းကင်နတ်အရှင်ရုံက သူ့အား တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှောင် နှင်ထုတ်ခံခဲ့ရပြီးနောက်ပိုင်း ငါ လောကရဲ့ အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်… ကမ္ဘာဦးဘုံမှာ ငါ့ရဲ့ပိုင်နက် ရှိနေပြီ”
သူသည် သူ ရှဲ့ဝူကျိနှင့် မင်ရကို လွတ်ပေးခဲ့သည့်ကိစ္စအား ပြောနေခြင်းဖြစ်၏။ ရှဲ့ဝူကျိနှင့် မင်ရက သူ့အား အားကိုး၍ ကမ္ဘာဦးဘုံတွင် နေရာတစ်နေရာ ရယူနိုင်ခဲ့လေသည်။
ထိုအချိန်မှစ၍ ကောင်းကင်နတ်အရှင်ရုံသည် တစ်ယောက်တည်း မနေတော့ဘဲ တိုက်ပွဲများတွင် ပါဝင်ပတ်သက်လာခဲ့သည်။
ချင်မူက တခဏ တိတ်ဆိတ်နေသော်လည်း သူ၏အတွေးကို သိထားပြီးဖြစ်၏။ “မြေအောက်ဘုံအရှင်သခင်က ခင်ဗျားကို တိုက်ခိုက်ခွင့်ပေးမှာ မဟုတ်ဘူး”
သူက ပြောသည်။ “ခင်ဗျားကို အန္တရာယ်အဖြစ်ခံမှာမဟုတ်ဘူး… မြေအောက်ဘုံအရှင်သခင်ရဲ့ အိပ်မက်က သူ့ရဲ့ မြေအောက်ဘုံအရှင်သခင်ဆိုတဲ့ ရာထူးကို ပယ်ဖျက်ဖို့ပဲ… သူ့နေရာကို ဆက်ခံဖို့ သင့်တော်တဲ့လူတစ်ယောက် လိုတယ်… ခင်ဗျားက နောက်ထပ်မြေအောက်ဘုံအရှင်သခင် ဖြစ်လာဖို့ သူ့စိတ်ထဲက ရွေးချယ်ထားတဲ့သူပဲ”
“မြေအောက်ဘုံသခင်ရဲ့ စိတ်ထဲက နောက်ထပ်မြေအောက်ဘုံအရှင်သခင်က မင်းအရင် ဖြစ်ခဲ့တာ… အဲဒီနောက်တော့ ချင်ဖုန်းကျင့်ပဲ… သူက မင်းနဲ့ ချင်ဖုန်းကျင့်ကိုလည်း နောက်ထပ် မြေအောက်ဘုံအရှင်သခင် ဖြစ်လာဖို့ ပျိုးထောင်ပေးခဲ့တာပဲ”
ကောင်းကင်နတ်အရှင်ရုံက မှင်သေသေ ပြောသည်။ “ငါ မြေအောက်ဘုံအရှင်သခင်နဲ့ အပေးအယူ လုပ်ထားတယ်… ငါ သူ့အစား ယိုတုကို စောင့်ရှောက်ပေးလို့ သူက ငါ့အမေဝိညာဉ်ကို စောင့်ရှောက်ပေးတယ်... ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာကိုလည်း ထိန်းသိမ်းပေးထားတယ်”
ချင်မူက မေး၏။ “ခင်ဗျားတစ်ခုခုဖြစ်သွားရင် ခင်ဗျားအမေကရော”
“သူ ယိုတုမှာ ကောင်းကောင်းနေပါလိမ့်မယ်”
ချင်မူက ဘာမှဆက်မပြောတော့ဘဲ အဝေးသို့ လျှောက်သွားသည်။ “ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူနဲ့ ခိုင်ဧကရာဇ်တို့က ရွှမ်တုမှာ ပေါ်လာကြလိမ့်မယ်… အဲဒီအချိန်ကျ ခင်ဗျား သူတို့နဲ့အရင် တွေ့လိုက်ပါ”
သူက ရုတ်တရက် ရပ်လိုက်ရင်း တခဏတွေးနေပြီးနောက် လေးနက်စွာ ဆက်ပြောသည်။ “နတ်ဘုရင်လန်ဝူကို သတိထားပါ… သူနဲ့ ကောင်းကင်နတ်အရှင်ကုန်း အဆက်အဆံမလုပ်မိစေနဲ့… ကောင်းကင်နတ်အရှင်ကုန်း ကောင်းကင်နတ်ဘုံမှာပဲ နေခဲ့လို့ ရွှမ်တုတိုက်ပွဲမှာ မပါခဲ့ရင် ကိစ္စမရှိဘူး… ပါခဲ့ရင်တော့ နတ်ဘုရင်လန်ဝူနဲ့ သေချာပေါက် တွေ့မှာပဲ… နတ်ဘုရင်လန်ဝူက ကောင်းကင်နတ်အရှင်ကုန်းနဲ့ တွေ့သွားပြီးရင် ပြောင်းလဲမှုတွေ ရှိမလား သတိထားရလိမ့်မယ်”
ကောင်းကင်နတ်အရှင်ရုံက အနည်းငယ် အံ့အားသင့်သွားသော်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
ချင်မူက ထွက်ခွာသွား၏။ “အခု ပြန်သွားပြီး မြေအောက်ဘုံအရှင်သခင်ကို ကောင်းကင်နတ်မင်းတျန်းရှုနဲ့ တခြားသူတွေကို လွှတ်ပေးခိုင်းလိုက်ပါ… ကျွန်တော် ရွှမ်တုတိုက်ပွဲမှာ သူတို့ရဲ့ အကူအညီ လိုအပ်တယ်”
ကောင်းကင်နတ်အရှင်ရုံက ပြုံးလိုက်ပြီး စက္ကူလူနှင့် စက္ကူမြင်းကို သိမ်းဆည်းကာ စက္ကူလှေနှင့်အတူ င့်ထွက်ခွာသွားတော့သည်။
ချင်မူက သူ ယိုတုဆီ ပြန်ဝင်သွားသည်ကို စောင့်ဆိုင်းပြီးနောက် အသေအချာ တွေးတောကာ ခေါင်းခါရမ်းလိုက်၏။
နတ်ဘုရင်လန်ဝူသည် သူ၏အိပ်မက်ထဲက နတ်ဘုရားမလေး ဖြစ်၏။ အရာရာပြီးပြည့်စုံသော နတ်ဘုရားမလေးဟု ဆိုရမည်။ သို့သော် လန်ဝူသည် မိတ်ဆွေဟောင်းသံယောဇဉ်ကို စဉ်းစားမည် မဟုတ်သလို သူ့ကိုလည်း အဖက်လုပ်မည် မဟုတ်ချေ။
သူမသည် မျိုးနွယ်စုကောင်းစားရေးအတွက်သာ ပထမဦးစားပေး စဉ်းစားမည်ဖြစ်ကာ အခြေအနေကို လိုက်၍ လှုပ်ရှားပေလိမ့်မည်။
ကောင်းကင်နယ်စားမင်း သေဆုံးသွားပြီးနောက် ချင်မူ့အင်အားစုသည် အင်အားအကြီးဆုံးပုဂ္ဂိုလ်ကို ဆုံးရှုံးလိုက်ရပါက ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် အင်အားမျှခြေမရှိနိုင်တော့ပေ။ သူမသာ ကောင်းကင်နတ်အရှင်ကုန်းနှင့် တွေ့ဆုံပါက အလွယ်တကူ နားယောင်သွားမည်သာ။ ချင်မူ့ဘက်ခြမ်းသည် ကောင်းကင်နတ်အရှင်ဆယ်ပါးကို အနိုင်မယူနိုင်တော့ဟု ကောက်ချက်ချပြီး ကောင်းကင်နတ်အရှင်ကုန်းနှငိ့ ပူးပေါင်းရန် ဆုံးဖြတ်လိမ့်မည်။
ကောင်းကင်နတ်အရှင်ကုန်းသည် ကမ္ဘာဦးခေတ်မှ နတ်ဘုရင်သုံးပါး၏ တစ်ပါးဖြစ်သည့်အပြင် ယခုတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးမှ တစ်ပါးလည်း ဖြစ်၏။ နတ်ဘုရင်လန်ဝူအနေဖြင့် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာရန်က မဖြစ်နိုင်သည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် အကျိုးအမြတ် သယ်ပိုးပေးရန်အတွက် နတ်ဘုရင်လန်ဝူသည် သူ့လူများကို တိုက်ခိုက်ရပေလိမ့်မည်။ သူမ၏ အလစ်တိုက်ခိုက်မှုအောက်တွင် ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများအနေဖြင့် လွတ်မြောက်နိုင်ကြမည်မဟုတ်။
ဖန်ဆင်းရှင်မျိုးနွယ်သည် ရွှင်ပျော်ပျော်ကျေးရွာကိုပင် နောက်တစ်ကြိမ် တိုက်ခိုက်လာနိုင်၏။
နတ်ဘုရင်လဝူမှာ တစ်ချိန်က ချင်မူ ချစ်ခဲ့ဖူးသူတစ်ယောက် ဖြစ်သော်လည်း သူမအား သတိထားရပေလိမ့်မည်။ သူ၏နှလုံးသားထဲတွင် ခံစားဝမ်းနည်းရမိသော်လည်း ရွေးချယ်စရာမရှိပေ။
တစ်လကြာပြီးနောက် ကောင်းကင်နတ်ဘုံကား ဘိုးဘေးနန်းတော်ထဲသို့ အပြည့်အဝရွှေ့ပြောင်းလာနိုင်ခဲ့ချေပြီ။ ကျယ်ပြော၍ အဆုံးအစမဲ့သော ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်ထက်တွင် မြောလွင့်နေပြီး တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် နတ်ဘုရားအရှိန်အဝါများ ထုတ်လွှတ်နေ၏။
ကောင်းကင်နတ်မြစ်သည်လည်း ကောင်းကင်နတ်ဘုံနှင့်အတူ လမ်းကြောင်းပြောင်းလျက် ဘိုးဘေးနန်းတော်သို့ ပြန်လည်ရောက်ရှိလာသည်။ ကမ္ဘာဦးခေတ်တွင် ကောင်းကင်နတ်မြစ်က ဘိုးဘေးနန်းတော်၏ အရေးအပါဆုံး မြစ်ဖြစ်ခဲ့လေရာ မူလနေရာသို့ ပြန်လည်ရောက်ရှိလာခြင်းဟု ဆိုရမည်။
သို့သော် ကောင်းကင်နတ်မြစ် ပြန်ရောက်လာခြင်းက စကြ၀ဠာတည်ဆောက်ပုံတွင် ကြီးမားသောပြောင်းလဲမှုများကို ဖြစ်စေခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ကောင်းကင်နတ်မြစ်တစ်ဖက်တစ်ချက်တွင် တည်ထောင်ထားခဲ့ကြသော ကောင်းကင်ဘုံများမှာ ပြောင်းလဲမှုများစွာ ခံစားခဲ့ရ၏။ အစက ထိုကောင်းကင်ဘုံများရှိ ကြယ်တာရာများသည် ကောင်းကင်နတ်မြစ်၏ ဒီရေများနှင့်အတူ လှုပ်ရှားခဲ့သည်။ ကောင်းကင်နတ်မြစ်သည် လမ်းကြောင်းပြောင်းသွားခဲ့လေရာ ကြယ်တာရာများက ချက်ချင်း ဖရိုဖရဲ ဖြစ်ကုန်၍ ထိုကောင်းကင်ဘုံများတွင် သဘာဝဘေးအန္တရာယ်များ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ နေထိုင်ကြသူများ နေရာရွှေ့ပြောင်းခဲ့ရပြီး မရေမတွက်နိုင်သော သေဆုံးသူများ၊ ဒဏ်ရာရသူများ ရှိခဲ့လေသည်။
ဒုတိယအနေဖြင့် ကောင်းကင်နတ်မြစ်သည် ကမ္ဘာဦးဘုံရှိ ကောင်းကင်ဘုံအမျိုးမျိုးကို ဖြတ်သန်းစီးဆင်းခဲ့၏။ ကောင်းကင်နတ်မြစ် လမ်းကြောင်းပြောင်းသွားခဲ့သည့်အခါတွင် ထိုကောင်းကင်ဘုံများလည်း လမ်းကြောင်းပြောင်းခဲ့ရသည်။ ၎င်းတို့မှာ နှစ်ခြမ်းကွဲ၍ ကောင်းကင်နတ်မြစ်၏ ဆွဲယူခြင်း ခံခဲ့ရလေသည်။
အချို့ကောင်းကင်ဘုံများကတော့ ကံကောင်းသည်။ ကောင်းကင်နတ်မြစ် လမ်းကြောင်းပြောင်းသွားသည့်အချိန်တွင် အင်အားကြီးမားသော နတ်ဘုရားများက ကြယ်တာရာများကို ပြင်ဆင်ပေးခဲ့ကြ၏။ နေထိုင်ကြသူများအပေါ် ထိခိုက်မှုများစွာ မရှိခဲ့ပေ။ သို့သော် တချို့ကောင်းကင်ဘုံများမှ ကံမကောင်းကြ။ ကောင်းကင်နတ်မြစ်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့ကြပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့ရသည်။ အေးစက်တောင့်တင်းနေသည့် အလောင်းပေါင်း မြောက်မြားစွာမှာ ကြယ်တာရာကောင်းကင်ထက်တွင် မြောလွင့်နေခဲ့ကြလေသည်။
မည်သူကမှ အထွန့်မတတ်ရဲပေ။
ကောင်းကင်နတ်မြစ် လမ်းကြောင်း ပြောင်းလာသည့်အခါ ဘိုးဘေးနန်းတော်၏ ရွံ့နွံကြီးကား ကျယ်ပြောလာသော သမုဒ္ဒရာကြီး ဖြစ်လာတော့သည်။ ဤသည်မှာ ယခင်က ရွှမ်တု၏အရင်းခံရာ ဖြစ်ခဲ့၏။ ရွှမ်တုကလည်း ဤနေရာမှ ထွက်ပေါ်လာခဲ့ပြီး တဖြည်းဖြည်း မြင့်တက်၍ ကျယ်၀န်းသော ကောင်းကင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။
ရှေးကမ္ဘာဦးခေတ်၏ အဆုံးပိုင်းတွင် ကောင်းကင်နယ်စားမင်းသည် ကောင်းကင်နတ်မြစ်ကို ဖမ်းယူခဲ့ကာ ရွှမ်တုအား မွေးဖွားပေးခဲ့သည့် ကောင်းကင်ပင်လယ်ကို ရွှံ့နွံအဖြစ် ပြောင်းလဲခဲ့သည်။ ယခုတွင် ထိုကောင်းကင်ပင်လယ်မှာ ကျယ်ပြောနက်နဲစွာဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့လေပြီ။
ပင်လယ်မျက်နှာပြင်ပေါ်တွင် ရပ်၍ ပင်လယ်ဆီသို့ လှမ်းကြည့်လိုက်ပါက ရွှမ်တု၏ ရောင်ပြန်ဟပ်နေမှုကို မြင်ရပေလိမ့်မည်။
ဤသည်က ကောင်းကင်နတ်အရှင်ဟုန်၏ ပိုင်နက်ဖြစ်သည်။ ရွှံ့နွံသည် ရတနာနယ်မြေပင် မဟုတ်သော်လည်း ကောင်းကင်နတ်အရှင်ဟုန်သည် ဤနေရာကို ရွေးချယ်ခဲ့၏။ သို့သော် ကောင်းကင်နတ်မြစ် လမ်းကြောင်းပြောင်းသွားသည့်အခါတွင်တော့ ဤနေရာကား ကောင်းကင်ပင်လယ်ဖြစ်သွားရာ အလွန်အမင်း ကြွယ်ဝချမ်းသာသွားစေတော့သည်။
ကောင်းကင်ပင်လယ်တွင် ပါဝင်သည့် အားကောင်းသော အသက်ဓာတ်နှင့် ထူးဆန်းသော ကောင်းကင်တာအိုစည်းမျဉ်းများက ပြန်လည်ထွက်ပေါ်လာပြီး ရွံ့နွံကြီးကို ဘိုးဘေးနန်းတော်၏ မျက်စိကျစရာအကောင်းဆုံး ရတနာနယ်မြေများထဲမှ တစ်ခုဖြစ်လာခဲ့စေချေပြီ။
ကောင်းကင်နတ်အရှင်ဟုန်၏ အကွက်ရွှေ့မှုက ကျန်ကောင်းကင်နတ်အရှင်များအား သူ့ကို ငေးမောကြည့်မိစေသည်။ သူတို့မှာ သူ၏ အကွက်မြင်တတ်မှုကို လေးစားနေမိ၏။
ကောင်းကင်နတ်မြစ် လမ်းကြောင်းပြောင်းသွားခြင်း၏ အနက်နဲဆုံး သက်ရောက်မှုမှာ ကောင်းကင်နတ်မြစ် ဘိုးဘေးနန်းတော်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။
ကောင်းကင်နတ်မြစ်သည် ဘိုးဘေးနန်းတော်မှ ရွှမ်တုထိပ်အထိ စီးဆင်းနေ၏။ ၎င်းက လှပစွာ ခုံးလျက် ရွှမ်တုကို ဖြတ်ကာ စေ့မနေသော စက်ဝိုင်းတစ်ခုကို ဖြစ်ပေါ်နေစေသည်။ ထို့နောက် ရွှမ်တုမှ ကမ္ဘာဦးဘုံသို့ စီးဆင်း၏။
ရွှမ်တုသို့ သွားရောက်နိုင်သည်လမ်းကြောင်းမှာ ကောင်းကင်နတ်မြစ်ကြောင့် ပွင့်ဟနေပြီ ဖြစ်သည်။ ကောင်းကင်နယ်စားမင်းအား သတ်ဖြတ်မည့်အစီအစဉ်မှာ နေရာချထားပြီးချေပြီ။
ကောင်းကင်နတ်ဘုံ၏ စစ်ဘက်အရာရှိများက ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြသည်။ ကောင်းကင်နတ်မြစ်ရေတပ်က နေ့ညမနားဘဲ ရွှမ်တုသို့ ရွက်လွှင့်နေ၏။ သူတို့၏အနောက်တွင် မရေမတွက်နိုင်သော သင်္ဘောငယ်များက ရိက္ခာများကို သယ်ဆောင်လျက် လိုက်ပါလာကြသည်။
လမ်းတလျှောက်တွင် အင်အားကြီးမားသော နတ်ဘုရားများက ကြယ်တာရာများကို တောက်ပနေစေသည်။ ၎င်းတို့က ကောင်းကင်နတ်မြစ်ကို အလင်းပေးနေသဖြင့် မြစ်အား ကျောက်စိမ်းအတန်းလိုက်ကြီးနှင့်ပင် တူနေစေသည်။
သူတို့ စွမ်းအင်အကူးအပြောင်းတံတားကို အသုံးမပြုရသည့်အကြောင်းအရင်းမှာ ရွှမ်တု၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့၍ပင်။ စွမ်းအင်အကူးအပြောင်းတံတား ဖျက်ဆီးခံခဲ့ရပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နယ်စားမင်း၏ ဖိနှိပ်ခြင်း ခံခဲ့ရသည်။
“ကောင်းကင်တာအိုက ကိုယ်ကျိုးမငဲ့ဘူး… မဟာတာအိုက တရားမျှတတယ်”
စကြ၀ဠာတစ်ခွင် ကောလဟာလများ ပျံ့နှံ့နေခဲ့၏။ “ကောင်းကင်နယ်စားမင်းက ကျဆုံးသွားလို့ ကောင်းကင်တာအိုက တစ်ကိုယ်ကောင်းဆန်နေပြီ… ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအိုရဲ့ အများပိုင်လက်နက်ကို သူ့အတ္တ၊ သူ့ကိုယ်ကျိုးအတွက် အသုံးပြုချင်နေတာ… အခုအချိန်ကစပြီး အများပိုင်တဲ့ကမ္ဘာလောက မဟုတ်တော့ဘဲ တစ်ဦးတစ်ယောက်တည်းရဲ့ ကမ္ဘာလောက ဖြစ်လာတော့မယ်… ဒါက သက်ရှိအားလုံးအတွက် ကြေကွဲဝမ်းနည်းစရာပဲ”
“ဘုရင်တွေ၊ ဂုဏ်သရေရှိလူတန်းစားတွေ၊ တပ်မှူးတွေ၊ သာမန်ပုဂ္ဂိုလ်တွေလည်း မျိုးရိုးစဉ်ဆက် ကျွန်တွေ ဖြစ်လာတော့မှာ”
“အခုအချိန်ကစပြီး အသက်ရှူဖို့တောင် အခွန်ပေးရလိမ့်မယ်… နေရောင်ခြည်ခံဖို့အတွက် အဖိုးအခပေးရလိမ့်မယ်”
ထိုသို့ကောလဟာလမျိုးသည် လောကတစ်သောင်းတွင် အချိန်တစ်ခုကြာသည့်အထိ ပျံ့နှံနေခဲ့သည်။ တစ်စုံတစ်ယောက်က ဤအကြောင်းကို ကောင်းကင်နတ်အရှင်ဟုန်အား မေးမြန်းခဲ့ရာ သူက ဖြေ၏။ “အသုံးမကျတဲ့လူတွေ အော်ဟစ်နေကြတာပါ… စိတ်ထဲ ထည့်မနေနဲ့”
မှန်ပါသည်။ ကောလဟာလသည် ကြီးကြီးမားမား မဖြစ်ပွားဘဲ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် တျန်းရှု၊ သားသတ်သမား၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်တို့သည် ဘိုးဘေးနန်းတော်၏ သစ်နက်တောင်တန်းများရှိ ချင်မူ့ထံ ပြန်ရောက်လာကြ၏။ ချင်မူက သူ့ကိုယ်သူပြင်ဆင်၍ သူတို့လေးယောက်အား သတိပေးနသည်။ “ဒီတိုက်ပွဲမှာ သေခြင်းနဲ့ရှင်ခြင်းက မှန်းဆဖို့ ခက်လိမ့်မယ်… ကျွန်တော် အများနဲ့အတူ ရှင်သန်ပြီး အများနဲ့အတူ သေဆုံးမယ်”
သားသတ်သမားက ပြုံးလိုက်သည်။ “ဘာတွေများ ကြောက်နေစရာလိုလို့လဲ”