ဓားတစ်ချက်ဖြင့် ကောင်းကင်နတ်ဧကရာဇ်ကို ခုတ်သတ်ခြင်း
Vol. 109 Ch. 1434
နတ်ဘုရားမိစ္ဆာစစ်တပ်သည် ကုန်ကြမ်းများနှင့် လက်နက်ကြီးများအား သယ်ယူပို့ဆောင်သည့် တာ၀န်ကို ယူထားရ၏။ လက်နက်ကြီးများအတွင်း၌ မီးငှက်၊ လိပ်နက်၊ နဂါးစိမ်း၊ ကျားဖြူတို့ အစရှိသည့် နတ်မင်းလေးပါး ကောင်းကင်လက်နက်များ ပါဝင်လေရာ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှ ဖြစ်ပေလိမ့်မည်။
အခြားလက်နက်ကြီးများဖြစ်သည့် နတ်ဘုရားမြို့၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ဧရာမအစီအရင်၊ ဧရာမ၀င်္ကပါမြေပုံ၊ ဒယ်အိုး၊ ၀င်္ကပါအလံ၊ ဆေးပေါင်းဖို အစရှိတို့သည်လည်း ကြီးမားလှကြသောကြောင့် လက်နက်တစ်ခုချင်းစီလျှင် သင်္ဘောတစီးအပြည့် နေရာယူနိုင်၏။
ကုန်ကြမ်းများမှာမူ အသေးစားလက်နက်များ၊ ပရဆေးပင်များနှင့် ကျွန်များ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ရှေ့တန်းရှိ နတ်ဘုရားမိစ္ဆာများ ပျော်ပါးရန်အတွက် ဖြစ်ပေလိမ့်မည်။
ယနေ့တွင် မြစ်ရေသည် ဆန်တက်နေသောကြောင့် သင်္ဘောများ၏ အရှိန်မှာ သိသိသာသာ လျော့ကျနေ၏။ ကောင်းကင်နတ်အရှင်နှစ်ပါးက လိုက်လံသတ်ဖြတ်နေကြသဖြင့် ကုန်ကြမ်းများသယ်ဆောင်ထားသည့် စစ်တပ်မှာ ရှေ့တက်ရန် ခက်ခဲနေသည်။
ချင်မူက သင်္ဘောပျံကို လေဟုန်ခွင်းလျက် မောင်းနှင်သွားသည်။ သူ စစ်တပ်ဘေးမှ ဖြတ်သန်းလာစဉ် ရှစ်ချီလော် ပြန်ပြေးလာသည်ကို တွေ့လာရသည်။ ရုပ်ကြမ်းကြီးဖြင့် ရှစ်ချီလော်သည် ချင်မူ့ကို မြင်လျှင် ကြောင်အသွားပြီး ရပ်လိုက်၏။
ချင်မူက နှုတ်ဆက်လိုက်ရာ ရှစ်ချီလော်ကလည်း ပြန်လည်နှုတ်ဆက်၏။ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် သေချင်နေတာလား”
ချင်မူက ပြုံး၏။ “ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်အနေနဲ့ ကောင်းကင်နယ်စားမင်းကို ရှင်းလင်းပစ်ရမယ်လေ… ကျွန်တော်ကိုယ်တိုင် ချီတက်ဦးဆောင်ရမှာပေါ့”
ရှစ်ချီလော်က သက်ပြင်းချသည်။ “နင့်မှာ တခြားသူတွေလေးစားတဲ့ အချက်တစ်ချက် ရှိတယ်… ရွှမ်တုစစ်မြေပြင်မှာ ငါ့ကို လာတားရင် သက်ညှာပေးမှာမဟုတ်ဘူးနော်”
ချင်မူက ပြုံးလျက်ပြော၏။ “အရှင်မ….”
ရှစ်ချီလော်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လာသဖြင့် ချင်မူက စကားပြန်ပြင်ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှစ်၊ ကျွန်တော်တို့ရဲ့ အတိတ်က မိတ်ဆွေဆက်ဆံရေးကို ထောက်ထားပြီး ခွင့်လွှတ်ပေးနိုင်မယ် မျှော်လင့်ပါတယ်…”
ရှစ်ချီလော်က သူ့အား တံတွေးထွေးကာ ထွက်ခွာသွားတော့၏။
သားသတ်သမားနှင့် အခြားသူများမှာ မိန်းကလေးငယ်တစ်ဦးပမာ နွဲ့တဲ့တဲ့ ထွက်ခွာသွားသော ယောက်ျားကြမ်းကြီး ကောင်းကင်နတ်အရှင်ရှစ်အား ကြောင်ကြည့်နေမိကြသည်။ သူတို့မှာ အချိန်အတော်ကြာသည့်အထိ စကားမပြောနိုင်ကြပေ။
ချင်မူက ရှင်းပြသည်။ “အဲဒါ အရှင်မယွမ်မုလေ... မဟာမြို့ပျက်ရဲ့ ဖျက်စီးခြင်းနတ်ဘုရားမ၊ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ မိခင်ပဲ…. သူ့ကို ကောင်းကင်နတ်အရှင်လင်က သတ်ခဲ့တော့ သူ့ရဲ့ ယင်ဝိညာဉ်သုံးခုက ဝိညာဉ်တစ်ခုဖြစ်လာခဲ့တယ်… ဒါပေမဲ့ ယောက်ျားတစ်ယောက်အဖြစ်နဲ့ လူပြန်ဝင်စားထားတာ”
သားသတ်သမားက တခဏတိတ်ဆိတ်နေပြီးနောက် အသက်ပြင်းစွာ ရှူထုတ်လိုက်သည်။ “သန်မာလိုက်တဲ့ စစ်သည်တော်ပဲ”
ကျဲ့ဟွလီ၊ လော့ဝူရွှမ့်နှင့် တျန်းရှုတို့မှာလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိကြ၏။
သူတို့ ဆက်လက်ချီတက်လာပြီး သင်္ဘောသည် ရက်အနည်းငယ်ကြာ ပျံသန်းလာပြီးနောက် ဗျပ်စောင်းသံတစ်သံ ကြားလိုက်ရသည်။ သူတို့၏အရှေ့တွင်ကား ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့ပင်။ သူတို့အားလုံးက ထိပ်တန်းပုဂ္ဂိုလ်များထဲမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည့်အလျောက် သူတို့၏ချီတို့က ကောင်းကင်တွင် ပြည့်နှက်နေတော့သည်။
သူတို့ထဲရှိ အနိမ့်ဆုံး သိုင်းအဆင့်မှာ ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်ပြီး နတ်ကောင်းကင်ခန်းမအဆင့်မှာလည်း ပေါများလှသည်။
နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကား တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြချေပြီ။ ဤသည်က ရွှမ်တု မည်မျှအရေးပါကြောင်း ပြသနေ၏။
‘ကောင်းကင်နတ်ဘုံရဲ့ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့က နေစောင့်ရှောက်သူတွေနဲ့ လစောင့်ရှောက်သူတွေကို ရင်ဆိုင်လိမ့်မယ်’
ချင်မူ့မျက်လုံးများ ဖျတ်ခနဲ တောက်ပလာသည်။ ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့သည် ပြိုင်ဘက်ကင်းအောင် သန်မာအားကောင်း၏။ ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံက သူတို့ကို တားဆီးနိုင်လျှင်တောင်မှ သိပ်ထိရောက်မည်မဟုတ်။
နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့သည် မီးများတဟုန်းဟုန်း တောက်လောင်နေသည့် ရတနာတစ်ခုကို သယ်ယူပို့ဆောင်နေကြ၏။ ၎င်းက တောင်ဝင်ရိုးစွန်း၏ တောင်နတ်မင်းကျုချွဲကို မွေးဖွားပေးခဲ့သည့် တာအိုမီးလျှံအလွှာကိုးလွှာ ယဇ်ပလ္လင်ဖြစ်သည်။
ချင်မူ့သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက ရှေ့သို့ လှမ်းကြည့်လိုက်၏။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် တိုက်ခိုက်နေသူမှာ ကောင်းကင်နတ်အရှင်ဟွေ့ ဖြစ်နေချေသည်။
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ဟွေ့အကြားရှိ တိုက်ပွဲမှာ ရှစ်ချီလော်နှင့် တိုက်ခိုက်ခဲ့တုန်းကထက် ပိုမိုပြင်းထန်သည်။ ရှစ်ချီလော်သည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် သူသေကိုယ်သေ မတိုက်ခိုက်လိုခဲ့ပေ။ ထို့ကြောင့် ခွန်အားအပြည့်အဝ မထုတ်ခဲ့သလို ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုလည်း အသုံးမပြုခဲ့ချေ။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့ကတော့ ထိုသို့မဟုတ်။
ကောင်းကင်နတ်အရှင်ဟွေ့သည် သူ၏သိုင်းကွက်မှန်သမျှ ထုတ်သုံးနေပြီး တိုက်ကွက်များကလည်း အလွန်တရာပြင်းထန်လှသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုပင် ထိန်းချုပ်၍ ကောင်းကင်နတ်အရှင်ယွဲ့အား ဝိုင်းကာ သူနှင့်အတူ တိုက်ခိုက်နေစေ၏။
ရုတ်တရက် ဗျပ်စောင်းသံ ပျံ့လွင့်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကြိုးများကို တီးခတ်လိုက်ရာ ကောင်းကင်နတ်မြစ်မှာ အပြင်းအထန် တုန်ခါလာသည်။ တစ်သံပြီးတစ်သံက ကြယ်တာရာကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေပြီး ကောင်းကင်နတ်အရှင်ယွဲ့မှာ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ပါးစပ်မှ မီးတောက်များ ထွက်ပေါ်လာသည်။ ၎င်းတို့က ဟင်းလင်းပြင်အလွှာများကို လောင်ကျွမ်းသွားစေသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့ကို လိုက်မမှီနိုင်ချေ။ သူ့မှာ ပြန်လှည့်လာရုံသာ တတ်နိုင်၏။
ချင်မူက လှေကို စီး၍ သူ့အား ဖြတ်သွားသည်။ သူတို့နှစ်ယောက်က သူစိမ်းများအလား တစ်ယောက်ကိုတစ်ယောက် ကြည့်ပင် မကြည့်ကြပေ။
လှေငယ်သည် ဆယ်ရက်ကျော်အထိ ဆက်လက်ပျံသန်းလာပြီး နတ်ဧကရာဇ်လန်ရွှမ် ဦးဆောင်သော ဧရာမစစ်တပ်ကြီးတစ်တပ်အား တွေ့လိုက်ရသည်။ ဤစစ်တပ်မှာ နတ်ဧကရာဇ်လန်ရွှမ် တိုက်ရိုက်အုပ်ချုပ်သော စစ်တပ်တစ်တပ် ဖြ်သည့်အလျောက် အားလုံးမှာ မျိုးနွယ်စုအမျိုးမျိုးမှ ခေါင်းဆောင်နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးမှာလည်း ကောင်းကင်နတ်အရှင်ယွဲ့ကြောင့် နှောင့်နှေးနေကြလေသည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ အလွန်တရာ တည်ငြိမ်နေသည်။ သူ ကောင်းကင်နတ်အရှင်ယွဲ့နှင့် တိုက်ခိုက်နေစဉ် ပြီး သူ၏နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်အဆင့်တို့မှာ မူလအခြေအနေသို့ ပြန်လည်သက်သာလာခဲ့ကြောင်း ပေါ်လွင်နေသည်။ ယခင်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်၏ တာအိုသစ်သီးကို ရရှိခဲ့သည့်အတွက် သူ၏ အတိုက်အခိုက်စွမ်းရည်တို့မှာ ပိုပို၍ ပြီးပြည့်စုံလာနေ၏။
ချင်မူ့သူငယ်အိမ်များ အနည်းငယ်ကျုံ့၀င်သွားသည်။ လက်ရှိ နတ်ဧကရာဇ်လန်ရွှမ်သည် အသိစိတ်အလျဉ်လမ်းစဉ်နှင့် မွေးရာပါချီကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံထား၏။ မူလအစ နတ်လက်ချောင်းကိုပင် သိမြင်နားလည်ထားလေသည်။
သူသည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် မတူညီသည့် ကမ္ဘာဦးကောင်းကင်နတ်သိုင်းများကို အနည်းဆုံးလေးခုအထိ အသက်သွင်းနိုင်နေကြောင်း ချင်မူ တွေ့မြင်နေရ၏။
သိသိသာသာပင် ထိုခြောက်သွေ့နေသည့် တာအိုသစ်သီးဆီမှ အကျိုးအမြတ်များစွာ ရရှိခဲ့လိမ့်မည်။
ကောင်းကင်နတ်အရှင်ယွဲ့ သူနှင့် ရင်ဆိုင်ရသည်မှာ ကောင်းကင်နတ်အရှင်ဟွေ့ကို ရင်ဆိုင်ခဲ့ရတုန်းကထက် အန္တရာယ်များ၏။ နတ်ဧကရာဇ်လန်ရွှမ်၏ ထိုက်ချူလမ်းစဉ်သည် အသိစိတ်အလျဥ်ကို အသုံးပြု၍ သူမ၏ကောင်းကင်နတ်သိုင်းများကို နှောင့်ယှက်နိုင်သလို သူမ၏အသက်ကိုလည်း အန္တရာယ်ပေးနိုင်သည်။
ချင်မူက မနီးမဝေးသို့ ရောက်လာကာ ကျယ်လောင်စွာ မေးလိုက်သည်။ “နတ်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့ကို ရှင်းလင်းဖို့ အကူအညီလိုသေးလားဗျ”
နတ်ဧကရာဇ်လန်ရွှမ်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး သူ့နောက်ကျောရှိ ကြွက်သားများ တောင့်တင်းသွား၏။ ချက်ချင်းပင် ကောင်းကင်နတ်အရှင်ယွဲ့သည် ထွက်ပြေးရန် အခွင့်အရေးရရှိသဖြင့် ထွက်ခွာသွားတော့သည်။
ချင်မူက အပြေးအလွှား ရောက်ချလာကာ ဒေါသတကြီး မေး၏။ “ဘာလို့လွှတ်ပေးလိုက်တာတုန်း နတ်ဧကရာဇ်ကလည်း”
နတ်ဧကရာဇ်လန်ရွှမ်သည် လှည့်ကြည့်လာပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။ “မင်း ငါ့ကို ဓားမချီနဲ့သာ မချုပ်နှောင်လိုက်ရင် သူ ထွက်ပြေးနိုင်မှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူ မင်း တော်ပါပေတယ်”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ “ကျွန်တော်ကလား သိပ်တော်တာပေါ့ဗျာ… နတ်ဇကရာဇ် အဲဒီတာအိုသစ်သီးကလေ...”
နတ်ဧကရာလန်ရွှမ်က သူ့ကို တစ်ချက်ကြည့်၍ အေးစက်စွာ နှာမှုတ်လိုက်သည်။ “မင်း လျှောက်ပြောလို့ကတော့ ဒီလောကမှာ မွေးဖွားလာခဲ့မိတာကိုတောင် နောင်တရသွားစေရမယ်”
“အရှင်မင်းကြီးကလည်း”
နတ်ဧကရာဇ်လန်ရွှမ်သည် အရှင်မင်းကြီးဟူသောစကားကို ကြားလျှင် ပါးစပ်နားရွက်တက် ချိတ်မတတ် ပြုံးလိုက်၏။ “ကြွားနေစရာမလိုဘူး… မေ့ထားလိုက်တော့… ငါ မင်းနဲ့ မပတ်သက်ချင်ဘူး… ရှေ့ဆက်မသွားနဲ့… ကောင်းကင်ယင်သားတော်က မင်းကို ရှေ့မှာ စောင့်နေတယ်… သစ္စာဖောက်အရာရှိတစ်ယောက်ကို မဆုံးရှုံးချင်ဘူး”
ချင်မူက သူ့ကို ကျေးဇူးတင်စကားဆို၍ လှေဖြင့် ထွက်ခွာသွားသည်။ သူက တိတ်တဆိတ် တွေးတောနေ၏။ “ကြည့်ရတာ တာအိုသစ်သီးက နတ်ဧကရာဇ်လန်ရွှမ်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို တိုးမြှင့်ပေးခဲ့ပေမယ့် သူ့ရဲ့စိတ်အခြေအနေနဲ့ အသိစိတ်အလျဉ်အပေါ် သက်ရောက်မှုရှိခဲ့ပုံပဲ… ထူးဆန်းတယ်… သူက ထိုက်ချူတာအိုကို နက်နက်နဲနဲ နားလည်ထားတာဆိုတော့ တာအိုကျင့်စဉ်စနစ် သိုင်းအဆင့်က တိုးတက်လာမှာပဲ… ချက်ကျလက်ကျပြောရရင် သူ့တာအိုနှလုံးသားက ပိုပိုပြီး ကြည်လင်လာလိမ့်မယ်… ဘယ်လိုလုပ် ငါ့ရဲ့ ‘အရှင်မင်းကြီး’ ဆိုတာက အဲလောက်အထိ သက်ရောက်မှု ရှိသွားရတာလဲ”
သူ့မှာ ဇဝေဇဝါဖြစ်နေမိသည်။
တာအိုနှလုံးသားကို ကျင့်ကြံခြင်းက ဉာဏ်ပညာအမျှော်အမြင်နှင့် အတွေးအခေါ်ကို တိုးတက်လာစေသည်။ သို့သော် နတ်ဧကရာဇ်လန်ရွှမ်၏ ဉာဏ်ပညာက လျော့ကျသွားပုံပင်။ ဤသည်က သူနားမလည်နိုင်သော အရာပင်။
“ကောင်းကင်နတ်အရှင်မူ၊ မင်း ကောင်းကင်နတ်ဘုံမှာ ဘာလို့ ရှင်သန်နိုင်သလဲ ငါ သိသွားပြီ”
ကျဲ့ဟွလီက နှာခေါင်းရှုံ့လိုက်သည်။ “မင်းက ကပ်ဖားယက်ဖားတာအိုကို ကျွမ်းကျင်ပြီး ကပ်ဖားယက်ဖား ကောင်းကင်နန်းဆောင်ကို တည်ဆောက်ထားတာပဲ”
ချင်မူက တံတွေးထွေးလိုက်သည်။ လော့ဝူရွှမ်ကလည်း အေးစက်စွာ ချီးကျူးသည်။ “လူဆိုရင် လူစကားပြောရတယ်… တစ္ဆေဆိုရင် တစ္ဆေစကား ပြောရတယ်… ကောင်းကင်နတ်အရှင်မူက လိမ္မာပါးနပ်ပါပေတယ်”
သူတို့နှစ်ယောက်တွင် ဘုံရန်သူရှိပြီး ချင်မူ့ကို ဒေါကန်လာအောင် လုပ်နိုင်သဖြင့် အနည်းငယ် ကျေနပ်သွားကြသည်။
အားလုံးက စကားစမြည်ပြောနေကြသော်လည်း မည်သူကမှ ကောင်းကင်ယင်သားတော် အရှေ့တွင် စောင့်နေသည့်အကြောင်း ထည့်မပြောကြပေ။
သူတို့သည် နတ်အရှင်မချန်း ဦးဆောင်သည့် စစ်တပ်အား ဖြတ်သန်းလာကြ၏။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်အရှင်မချန်းတို့၏ တိုက်ပွဲမှာ စိတ်ဝင်စားစရာကောင်းသော်လည်း သူတို့နှစ်ယောက်လုံး ခွန်အားအပြည့်အဝ ထုတ်သုံးမထားသည်က သိသာလှသည်။ နတ်အရှင်မချန်းက ကောင်းကင်နတ်အရှင်ယွဲ့ကို အကြောပေးကာ ထွက်ခွာခွင့်ပေး၏။
ချင်မူက နတ်အရှင်မချန်းအား နှုတ်ဆက်စကားပြောဆိုပြီးနောက် သူ၏ ကောင်းကင်မဟာမိတ်ခေါင်းဆောင်ရာထူးကို အသုံးချကာ ကောင်းကင်နတ်ဘုံအတွက် ပိုမိုအကျိုးအမြတ် သယ်ပိုးပေးရန် တိုက်တွန်းခဲ့သည်။ ထို့နောက် ရှေ့ဆက်လာခဲ့ကြ၏။
သင်္ဘောပေါ်ရှိသူများအားလုံးက ချင်မူ ပေါက်ကရလျှောက်ပြောခဲ့သောကြောင့် စနောက်နေကြသည်။ အားလုံးမှာ ရယ်မောမောပင်။
သူတို့အရှေ့ရှိ ကောင်းကင်နတ်မြစ်တွင် ယိုတုကောင်းကင်မုခ်၀တစ်ခုက မားမားမတ်မတ် ရပ်တည်နေသည်။ တစ္ဆေမျက်နှာဖြင့် တိုင်လုံးများစွာက ကောင်းကင်နတ်မြစ်တွင် နေရာယူထားကြပြီး ရေမျက်နှာပြင်ထက်၌ ၀င်္ကပါတစ်ခု ဖွဲ့တည်ထားကြ၏။ ယိုတုကောင်းကင်မုခ်၀ စစ်တပ်၏ အလယ်တွင် ကျောက်စိမ်းများ၊ ရွှေများဖြင့် ပြည့်နှက်နေသော မဟာခန်းမတစ်ခုက နေရာယူထားသည်။ ကောင်းကင်ယင်သားတော်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး သီချင်းဆိုကခုန်နေ၏။
သားသတ်သမားက တျန်းရှုဆီ ကြည့်လိုက်သည်။ “ကောင်းကင်နတ်မင်း သောက်ချင်သေးလား”
တျန်းရှုက သူပုခုံးပေါ်ရှိ နတ်ဓားမကို ကိုင်ကာ တဟားဟား ရယ်၏။ “မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းကို ရိုက်နှက်ဖို့ ငါ မူးနေမှ ဖြစ်မယ်… ဒါပေမဲ့ ယင်မျိုးမစစ်လောက်တော့ သောက်နေစရာတောင် မလိုဘူး… ငါ သူ့ကို မကြောက်ဘူး”
တစ်ချိန်တည်းမှာပင် ခိုင်ဧကရာဇ်သည် ဘိုးဘေးနန်းတော်သို့ ရောက်ရှိသွားပြီး ကောင်းကင်နတ်ဘုံဆီသို့ လျှောက်သွားသည်။ သူက မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ကျောက်စိမ်းမြို့တော်ထဲ ဝင်ရောက်သွား၍ နတ်ကောင်းကင်ခန်းမအထိ တက်သွားကာ ဓားရောင်တစ်ချက်ဖြင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ခေါင်းဖြတ်လိုက်သည်။
“တကယ်ကို အတုကြီးပဲ”
ခိုင်ဧကရာဇ်က ကောင်းကင်နတ်ဧကရာဇ်အလောင်းကို ကန်ထုတ်၍ ပလ္လင်ပေါ်တွင် ထိုင်လိုက်၏။ သူက ရွှင်ပျော်ပျော်ဓားကို ဒူးပေါ်တွင် တင်လိုက်ပြီး မျက်လုံးများ မှိတ်၍ အာရုံစူးစိုက်ကာ သူ၏အရှိန်အဝါကို လှည့်ပတ်နေသည်။
“ကောင်းကင်နတ်အရှင်ဟောင် ငါ မင်းကို သတ်ဖို့ ရောက်လာတာ မဟုတ်ဘူး… တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကောင်းကင်နတ်အရှင်ရှုကို သတ်ဖို့ ရောက်လာတာ”
ခိုင်ဧကရာဇ်က မျက်လုံးများမှိတ်ထားလျက် အေးဆေးစွာ ပြောသည်။ “ရှိပြီးသား ဒဏ်ရာတွေအပြင် နောက်ထပ်ဒဏ်ရာမရချင်ရင် ထွက်သွားလိုက်… ဪ… ကောင်းကင်နတ်ဧကရာဇ် နောက်ထပ်တစ်ယောက် ဖန်တီးလိုက်ဦး… ငါ အခုတစ်ယောက်ကို သတ်ပစ်လိုက်ပြီမလို့”