ကောင်းကင်ကို အံတုသော ဓား
Vol. 109 Ch. 1435
နတ်ကောင်းကင်ခန်းမအပြင်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ တခဏကြာသော် ခြေသံတရှပ်ရှပ် ထွက်လာသည်။
ခိုင်ဧကရာဇ်က တည်ငြိမ်စွာ ထိုင်နေလေသည်။ သူ၏မျက်လုံးများက မှိတ်ထားဆဲဖြစ်ပြီး ပွင့်မလာချေ။
ခိုင်ဧကရာဇ်ပြောသည့်အတိုင်းပင် ကောင်းကင်နတ်အရှင်ဟောင်၏ ဒဏ်ရာများက အပြည့်အဝ မသက်သာသေးပေ။ ထိုက်စု၏ အကူအညီ ရလျှင်တောင်မှ ခိုင်ဧကရာဇ်ကို သူ မတိုက်ခိုက်ရဲ။
“ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်သုံးပါး ကျန်ခဲ့တယ်… နတ်အရှင်မယန်၊ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ကုန်းပဲ… ကောင်းကင်နတ်အရှင်ဟောင်က ပြန်ဆုတ်သွားပြီ… ဒါပေမဲ့ သူ ပြန်လာရင် ကောင်းကင်နတ်အရှင်သုံးပါးက သေချာပေါက် ပူးပေါင်းလိမ့်မယ်”
ခိုင်ဧကရာဇ်က စိတ်ထဲမှ တွေးနေသည်။ “နတ်အရှင်မယန်က ရှေးဟောင်းနတ်ဘုရားထိုက်ကျိရဲ့ အကူအညီရထားတယ်လို့ ကောင်းကင်နတ်အရှင်မူ ပြောဖူးတယ်… ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း ရှေးဟောင်းနတ်ဘုရားထိုက်စုက ကူညီနေတာ… သူက ကောင်းကင်နတ်အရှင်ကုန်း အပြင်းအထန် ဒဏ်ရာရသွားအောင် ငါ့ကို လုပ်စေချင်တယ်… ငါ့ကို တကယ်အထင်ကြီးနေတာပဲ”
သူက ညာလက်ကို ရွှင်ပျော်ပျော်ဓား၏ ဓားရိုးပေါ် တင်လိုက်သည်။ သူသည် မည်သည့်ခွန်အားမှ အသုံးပြုနေပုံမပေါ်သော်လည်း သွေးကြောများက ထောင်ထွက်နေ၏။
ခြေသံများ ထပ်ကြားရနိုင်သည်။ အမျိုးသမီးတစ်ဦး၏ခြေသံပင်။
သူက ဓားရိုးပေါ်ရှိ လက်သန်းကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ၏ လက်သူကြွယ်၊ လက်ခလယ်နှင့် လက်ညှိုးတို့ကိုလည်း အလားတူဆုပ်လိုက်၏။
နတ်ကောင်းကင်ခန်းမအရှေ့တွင် ကောင်းကင်နတ်အရှင်ကုန်းက ခန်းမထဲသို့ ဦးတည်လာနေသည်။ သူမ၏ သူငယ်အိမ်များက ကျုံ့ဝင်သွားပြီး ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အလောင်းနှင့် ဘေးရှိ ဦးခေါင်းတို့အပေါ် ကျရောက်သွား၏။
ဧကရာဇ်ပလ္လင်ပေါ်တွင် ခိုင်ဧကရာဇ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူက ဓားရိုးကို လက်မဖြင့် ဖိ၍ ခွမ်းခနဲ ဆွဲထုတ်လိုက်ချေပြီ။ ဓားသံက နတ်ကောင်းကင်ခန်းမတခွင် ဟိန်းထွက်သွားသည်။
သူ ရွှင်ပျော်ပျော်ဓားကို ထုတ်လိုက်သည့် တစ်ခဏမှာပင် ကောင်းကင်နတ်အရှင်ကုန်း၏ အရှေ့သို့ ရောက်ရှိသွားပြီး ဖြစ်သည်။ သူ၏ ပထမဦးဆုံးတိုက်ကွက်မှာ ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၅ ဘုံ ပင်။
ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၅ ဘုံ၊ အထွတ်အထိပ် ဓားနယ်ပယ်က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာ၏။ နတ်ကောင်းကင်ခန်းမထဲတွင် ဓားရောင်တို့က ကောင်းကင်နတ်ဧကရာဇ်ကို ပူဇော်ကိုးကွယ်ကြသော ဤခန်းမတစ်ခုလုံး ပြည့်နှက်သွားစေသည်။
နောက်တစ်ခဏတွင် ပြင်းထန်ခမ်းနားသော ဓားရောင်ကား နတ်ကောင်းကင်ခန်းမကို ဖောက်ထွက်သွား၏။
ကောင်းကင်နတ်ဘုံတွင် နေထိုင်နေဆဲဖြစ်သော နတ်ဘုရားမိစ္ဆာများစွာ ရှိနေသေးသည်။ သူတို့အားလုံးက ခေါင်းမော့၍ နတ်ကောင်းကင်ခန်းမအား ပြိုင်တူမော့ကြည့်လိုက်ကြလေသည်။
သူတို့၏ ငေးကြောင်နေသော အကြည့်များအောက်တွင် ထောင်သောင်းချီသော ဓားရောင်တို့က နတ်ကောင်းကင်ခန်းမဆီမှ ပေါက်ကွဲထွက်လာသည်။ ၎င်းနေရာသည် ကောင်းကင်နတ်ဧကရာဇ်၏ အထွတ်အထိပ်အာဏာကို ကိုယ်စားပြုသောနေရာ ဖြစ်၏။
ဓားရောင်များက ဖျက်စီး၍ မရနိုင်ဘဲ နတ်ကောင်းကင်ခန်းမကို ဖောက်ထွက်ကာ အရက်လေးမျက်နှာသို့ ပြန့်ကားထွက်သွား၏။ လှပသော ဓားရောင်တို့က ကောင်းကင်တစ်လျှောက် ခွင်းသွားလေရာ နက်နဲ၍ နားလည်မရနိုင်သော နေရာဟင်းလင်းပြင်အက်ကွဲကြောင်းများ ထွက်ပေါ်လာစေသည်။
ဝုန်း….
ကျယ်လောင်သောပေါက်ကွဲသံကြီးအား နတ်ကောင်းကင်ခန်းမထံမှ ကြားရနိုင်၏။ ကောင်းကင်နတ်အရှင်ကုန်းမှာ ခန္ဓာကိုယ်တစ်ခုလုံး၏ နေရာပေါင်းများစွာတွင် ဒဏ်ရာရသွားပြီး ခန်းမထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ထိုအခိုက်အတန့်တွင် ခန်းမထဲမှ ဖောက်ထွက်လာသော ဓားရောင်တို့က ကောင်းကင်ကို ထိုးဖောက်ကာ ဟင်းလင်းပြင်အလွှာ ၃၅ လွှာအထိ ဖောက်ထွက်သွား၏။ အက်ကွဲကြောင်းတစ်ခုဆီက နေရာဟင်းလင်းပြင် ၃၅ လွှာဆီသို့ ဦးတည်သွားပြီး ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ခိုင်ဧကရာဇ်အရိပ်တစ်ခုက ဟင်းလင်းပြင်အလွှာ ၃၅လွှာမှ ထွက်ပေါ်လာသည်။
၎င်းက ခိုင်ဧကရီ၏ ဓားတာအို တံဆိပ်ပင်။
သူသည် သူ၏ဓားတာအိုကို ဟင်းလင်းပြင်အလွှာ ၃၅ လွှာတွင် တံဆိပ်ခတ်နှိပ်ထားခဲ့၏။ စောစောက နတ်ကောင်းကင်ခန်းမမှ ထွက်ပေါ်လာခဲ့သော ဓားရောင်တို့မှာ ဟင်းလင်းပြင်အလွှာကို ဖြတ်သန်းသွားကြလေသည်။ ၎င်းတို့သည် ဟင်းလင်းပြင်အလွှာ ၃၅ လွှာထဲရှိ ဓားတာအိုတံဆိပ်ကို အသက်သွင်းခဲ့ကြခြင်းပင်။
စောစောက နတ်ကောင်းကင်ခန်းမဆီမှ ထွက်ပေါ်လာခဲ့သော ဓားရောင်တို့သည် အရေအတွက်အားဖြင့် ထောင်သောင်းချီပြီး အရပ်လေးမျက်နှာသို့ ဦးတည်ခဲ့ကြသည်။ သို့သော် ယခုတွင် ထိုဓားရောင်တို့မှာ ဟင်းလင်းပြင်အလွှာ ၃၅ လွှာရှိ ဓားတာအိုတံဆိပ်ကို အသက်သွင်းနေခြင်း ဖြစ်၏။ ဓားရောင်တစ်ခုချင်းစီ၏ စွမ်းအားမှာ ပိုမိုအားကောင်းလာပြီး ထွက်ပြေးဆုတ်ခွာသွားသော ကောင်းကင်နတ်အရှင်ကုန်းကို အရက်လေးမျက်နှာမှ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြ၏။
ကောင်းကင်နတ်အရှင်ကုန်းမှာ ရှိသမျှ ခွန်အားအလုံးစုံ စုစည်းလျက် ခုခံသော်လည်း ဓားရောင်အချက် ၁၀၀ ကိုသာ ကာကွယ်နိုင်လိုက်ပြီး တကျစ်ကျစ် အသံများကို ကြားလိုက်ရသည်။ နတ်ဓားသည် သူမ၏ကျောမှ ဖောက်ဝင်၍ ရင်ဘတ်မှ ထွက်သွားလေ၏။
ကောင်းကင်နတ်အရှင်ကုန်းမှာ သွေးအန်လိုက်ရသော်လည်း အံကြိတ်လျက် တောင့်ခံနေသည်။ သို့သော် နောက်ထပ်ဓားရောင်များက သူမကို ထိုးစိုက်သွားကြပြန်သည်။
သူမအရှေ့တွင် ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ကိုင်လျက် နတ်ကောင်းကင်ခန်းမထဲမှ ထွက်လာသည်။ သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲမှုမရှိသလို၊ ကောင်းကင်နတ်အရှင်ကုန်းကို ဒဏ်ရာရသွားစေသည့် တိုက်ကွက်မှာလည်း သာမန်တိုက်ကွက်လေးအလားပင်။
နတ်ကောင်းကင်ခန်းမမှာ အပေါက်များ မွစာကြဲကာ ပျက်စီးနေသည့် အခြေအနေသို့ ရောက်ရှိနေချေပြီ။
သူ၏ တာအိုကျင့်စဉ်စနစ်မှာ နက်နဲပြီး နှိုင်းယှဉ်၍မရနိုင်ပေ။ သူသည် မဟာဧကရာဇ်အား ဟိုးအချိန်များကတည်းက ကျော်လွန်ခဲ့ပြီးဖြစ်၏။ မဟာဧကရာဇ်သည် ယဇ်ပူဇော်စွမ်းအားကို အားကိုး၍ သူ၏မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား ဟင်းလင်းပြင်ထဲသို့ တွန်းပို့ခဲ့ရသည်။ တာအိုကျင့်စဉ်စနစ်တွင် မဟာဧကရာဇ်၏ သိမြင်နားလည်မှုမှာ ခိုင်ဧကရာဇ်အောက် နိမ့်ကျခဲ့သည်မှာ ကြာခဲ့ပြီဖြစ်လေသည်။
ခိုင်ဧကရာဇ်ကား ဟင်းလင်းပြင်အလွှာ ၃၅ လွှာထဲတွင် ရပ်နေသကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။ သူ၏ပုံရိပ်ကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲ၏။
သူ လှုပ်ရှားလိုက်သည့်အခါတွင် တစ်လောကလုံးရှိ ဓားတာအိုတို့က သူနှင့်အတူ လှုပ်ရှားသွားသည့်အလားပင်။ ဓားတာအို၏ ဟင်းလင်းပြင်အလွှာ ၃၅ လွှာက သူနှင့်အတူ လှုပ်ရှားနေသကဲ့သို့ပင်။
ဤသည်ကား ရွာလူကြီးပြောခဲ့သည့် တိုင်းတာ၍လည်းမရ၊ ကျော်တက်၍လည်း မရနိုင်သော ဓားတာအိုအထွတ်အထိပ်ပင်။
ဓားတာအိုသိုင်းပညာရှင်များ၏ ဓားတာအိုအပေါ် နားလည်သိမြင်မှုမှာ မြင့်မားကြသဖြင့် တာအိုကျင့်စဉ်စနစ်အပေါ် သိမြင်နားလည်မှု နက်နဲလေလေ၊ သူတို့အရှေ့တွင် ရှိနေသည့် ပုံရိပ်တစ်ခုကို မြင်ရလေလေဖြစ်သည်။ ၎င်းပုံရိပ်ကြီးသည် မိုးကောင်းကင်နှင့် ထိလုသည့်တိုင်အောင် မြင့်မားလှ၏။
လောကတွင် ဓားလမ်းစဉ် သိုင်းပညာရှင်များစွာ ရှိသော်လည်း ရွာလူကြီးစုမူကျဲအဆင့်အထိ ကျင့်ကြံထားနိုင်သူအချို့သာ ရှိသည်။ ခိုင်ဧကရာဇ်ကဲ့သို့ ဓားလမ်းစဉ်၏ နက်နဲခမ်းနားမှုကို သိမြင်နားလည်နိုင်သူတို့မှာတော့ ပို၍ပင် ရှားပါးပြီး လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ ရနိုင်သည်။
ချင်မူပင်လျှင် ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်ခမ်းနားကြီးကျယ်မှုကို သိမြင်နားလည်နိုင်စွမ်း မရှိလေရာ အခြားသူများကိုတော့ ထည့်တွက်နေရန်ပင်မလိုတော့။
သို့သော် ၎င်းကို ခံစားနိုင်သရွေ့ ကြီးမားသောတောင်တန်းကြီးကို ကြည့်ရှုနေရသကဲ့သို့ ဖြစ်လာကာ၊ သူ၏နှလုံးသားထဲရှိ နတ်ဘုရားကို ချိုးဖျက်ရပေလိမ့်မည်။
ရွာလူကြီးသည် ဤနှစ်များအတွင်း တိတ်ဆိတ်နေခဲ့သည်မှာ သူ၏နှလုံးသားထဲရှိ နတ်ဘုရားကို ချိုးဖျက်လို၍ ဖြစ်သည်။ ခိုင်ဧကရာဇ်၏ ဓားတာအိုကြောင့် ဖြစ်တည်လာခဲ့သော တုန်လှုပ်မှုနှင့် ဖိအားတို့ကို ချိုးဖျက်လို၏။ သို့သော် ယခုအထိ မချိုးဖျက်နိုင်သေးသောကြောင့် ခိုင်ဧကရာဇ်အောက် နိမ့်ကျနေသေးသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ခမ်းနားကြီးကျယ်ခဲ့သော ဓားနတ်ဘုရားပင်လျှင် ခိုင်ဧကရာဇ်၏အရိပ်အောက်မှ မထွက်ခွာနိုင် ဖြစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် ခိုင်ဧကရာဇ်အား ကြည့်ရသည်မှာ မြင့်မားသောတောင်တန်းကြီးကို မော့ကြည့်နေရသကဲ့သို့ ခံစားချက်အား ပေးစွမ်းနေရုံသာမက ကောင်းကင်နတ်အရှင်များအပါအ၀င် ကျနိသူအားလုံးကို ထိုခံစားချက်အား ခံစားနေရစေသည်။
ခိုင်ဧကရာဇ်ခေတ် ကုန်ဆုံးသွားပြီး နှစ်နှစ်သောင်းအတွင်း သူသည် ပျက်စီးမသွားခဲ့ပေ။ ထိုအစား ရွှင်ပျော်ပျော်ကျေးရွာသို့ ရောက်သွားခဲ့၏။ ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားများ၊ သူတို့၏မျိုးဆက်များ အားလုံးမှာ တာအိုနှလုံးသားများ ဆုံးရှုံးခဲ့ရသည်။ သို့သော် သူ၏တာအိုနှလုံးသားကတော့ ယခင်အတိုင်း တည်ရှိနေခဲ့ပြီး အနိုင်ယူခြင်းမခံရခဲ့ပေ။
သူ့ကို အားပေးထောက်ပံ့ပေးသည့် တာအိုမိတ်ဆွေဟူ၍ မရှိချေ။ ရွှင်ပျော်ပျော်ကျေးရွာရှိ သူ၏ရဲဘော်ရဲဘက်ဟောင်းများပင်လျှင် သူ့အပေါ် အထင်လွဲခဲ့ကြပြီး သူ၏စိတ်ကောင်းစေတနာများကို နားမလည်ခဲ့ကြ။
သို့ထိတိုင် သူ့တာအိုနှလုံးသားသည် ယိမ်းယိုင်အားလျော့သွားခြင်း မရှိခဲ့။
ရှေးခေတ်များမှ ယခုအထိ သူသည် ထိုသို့သော ခွန်အားနှင့် ခံယူချက်ကို ပိုင်ဆိုင်ထားသည် တစ်ယောက်တည်းသောသူ ဖြစ်၏။
တာအိုကျင့်စဉ်စနစ်၏ ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို နားလည်သိမြင်နိုင်ခြင်းမှာလည်း ထိုအကြောင်းအရင်းကြောင့်ပင်။
ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာသည်။ သူမ၏ အသိစိတ်အလျဉ်သည် ဟင်းလင်းပြင်တို့ကို ရင်ဆိုင်ရာတွင် ထူးချွန်ကောင်းမွန်၏။ ပုံရိပ်ယောင်များဖန်တီးရာတွင် ပို၍ပင် ထူးချွန်သေးသည်။ ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင်အလွှာများစွာက ပေါက်ကွဲထွက်၍ ခိုင်ဧကရာဇ်ထံ ပြေးဝင်သွား၏။
သူမ၏ပုံရိပ်ယောင်များသည် ချင်မူ့ကို လှည့်စားနိုင်ခဲ့သော်လည်း ခိုင်ဧကရာဇ်နှင့် ရင်ဆိုင်ရာတွင်တော့ လုံးဝအသုံးမဝင်ပေ။
မဟာတာအိုတစ်မျိုးကို ဖန်တီး၍ လုံးလုံးလျားလျား သိမြင်နားလည်ထားသော ပုဂ္ဂိုလ်တစ်ဦးအဖို့ ပုံရိပ်ယောင်များသည် ထိုသူ၏ တာအိုနှလုံးသားကို မနှောင့်ယှက်နိုင်သလို ဓားတာအို သို့မဟုတ် ဓားနှလုံးသားကိုလည်း နှောက်ယှက်နိုင်စွမ်း မရှိပေ။
ကောင်းကင်နတ်အရှင်ကုန်းသည် တိုက်ကွက်အနည်းငယ် ထပ်မံရင်ဆိုင်ရပြီးနောက် နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားလာသည်။ သူမက အက်ကွဲနေသော လေသံဖြင့် မေးလိုက်သည်။ “ချင်ယဲ့၊ နင် ငါ့ကို ဘာလို့သတ်ချင်ရတာလဲ”
ခိုင်ဧကရာဇ်က မဖြေပေ။ သူက ရုတ်တရက် ဓားကို ဓားအိမ်အထဲ ပြန်ထည့်ကာ ဖြတ်ခနဲ ထွက်ခွာသွားသည်။
ဝှစ်…
မဟာမြိုပျက်အမှောင်ထုက သူ ရပ်နေခဲ့သောနေရာတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုနေရာရှိ ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုသွားသည်။ ခိုင်ဧကရာဇ်သည် ထွက်ခွာသွားခဲ့သဖြင့် မဟာမြို့ပျက်အမှောင်ထုမှာ သူ့ကို မဝါးမြိုနိုင်ခဲ့ချေ။
ဝုန်း….
နောက်ထပ်ထိုက်ကျိစက်၀န်းတစ်ခု ဖွဲ့တည်လာသည်။ ယင်နှင့် ယန်ချီမှာ အစွယ်များပါရှိသည့် နဂါးတစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုက်သည်။ ခိုင်ဧကရာဇ်က ယင်ယန်ချီအား ဖြတ်သွားသောကြောင့် ၎င်းတို့မှာ လေထုကိုသာ ဖြတ်တောက်သွား၏။
ထိုက်ကျိစက်၀န်းက သူ့အရှေ့တွင် အလျားလိုက် ထွက်ပေါ်နေသည်။ ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ထုတ်၍ ထိုးစိုက်လိုက်ရာ ထိုက်ကျိစက်၀န်းတွင် အပေါက်ကြီးတစ်ပေါက် ပေါက်သွားစေ၏။
ရုတ်တရက် ရှေးဟောင်းခေါင်းလောင်းတစ်လုံးက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဝုန်းခနဲ လှုပ်ခါသွားသည်။ ခေါင်းလောင်းသည် တဒေါင်ဒေါင် မြည်လျက် လှိမ့်လာ၏။
ဓားချီတစ်မျှင်က ခိုင်ဧကရာဇ်၏ ဦးခေါင်းအပေါ်ရှိ ကောင်းကင်သို့ ပြေးဝင်သွားပြီး တစ်လွှာပြီးတစ်လွှာ တက်ကာ ကောင်းကင်ဘုံ ၃၅ ဘုံအဖြစ် ပြောင်းလဲသွားသည်။ ထိပ်ဆုံးတွင် ဓားနယ်ပယ်က နေရာယူထား၏။ ကျယ်ပြောလှသော မြစ်များနှင့် တောင်တန်းများမှာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ ခေါင်းလောင်းကို ထောက်ပံ့ပေးထားကြသည်။
ခေါင်းလောင်းက မြည်ဟီးသွားသော်လည်း ကောင်းကင်ဘုံ ၃၅ ဘုံကို မထိုးဖောက်နိုင်ပေ။
ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတယောက်က နတ်အရှင်မယန်နှင့်အတူ ခိုင်ဧကရာဇ်အရှေ့တွင် ပေါ်လာသည်။ ထိုက်ကျိစက်ဝန်းသည် သူတို့ဦးခေါင်းနောက်တွင် ဖွဲ့တည်လျက်ရှိကာ သူတို့မှာ တုံ့ဆိုင်းနေကြသယောင်ပင်။
ခိုင်ဧကရာဇ်က ဓားရိုးကို ပြောင်းပြန်ကိုင်လျက် သူတို့အား ဦးညွှတ်အရိုအသေပေးလိုက်၏။ ရှေးဟောင်းနတ်ဘုရားနှစ်ယောက်က ပြန်လည်ဦးညွှတ်လိုက်သော်လည်း ခေါင်းမော့လိုက်သည့်အချိန်တွင်တော့ ခိုင်ဧကရာဇ် မရှိတော့ပေ။
“ဘာလို့ ရှင်တို့နှစ်ယောက် သူ့နောက် လိုက်မသွားတာလဲ” နတ်အရှင်မယန်က ဇဝေဇဝါမေး၏။
“ငါတို့လိုက်သွားရင် ငါတို့လည်း ဒဏ်ရာရလိမ့်မယ်”
ရှေးဟောင်းနတ်ဘုရားယင်က ပြောသည်။ “ဒီတာအိုမိတ်ဆွေက တာအိုကျင့်စဉ်စနစ်မှာ ငါတို့ထက် ပိုအစွမ်းထက်တယ်… မွေးရာပါအဆင့်မဟုတ်တာပဲ ရှိတယ်… ဒါကြောင့် သူ့ကို အတင်းအကြပ်နေခိုင်းပြီး တိုက်ခိုက်ရင် ငါတို့အရေးနိမ့်လိမ့်မယ်”
ရှေးဟောင်းနတ်ဘုရားယန်က ပြောသည်။ “သူက တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာမယ့်ပုဂ္ဂိုလ်ပဲ…. လူတိုင်း သူ့ကို လေးစားအားကျရလိမ့်မယ်”
နတ်အရှင်မယန်၏ နှလုံးသားမှာ တုန်လှုပ်သွားတော့၏။