← Chapters

ကောင်းကင်ယင်သားတော်ကို သမခြင်း

Vol. 109 Ch. 1436

ကောင်းကင်ယင်သားတော်ကို သမခြင်း

Vol. 109 Ch. 1436

တာအိုရရှိခြင်း။

ထိုစကားလုံးကို ထိုက်ကျိရှေးဟောင်းနတ်ဘုရားသည် မကြာခဏ ပြောတတ်ပြီး ထိုသို့ပြောတိုင်း လေးစားအားကျမှုများ ပြည့်နှက်နေတတ်သည်။ ခိုင်ဧကရာဇ်ကား ပြိုင်ဘက်ကင်း မဟုတ်ပေ။ သူတို့ ခွန်အားအပြည့်အ၀ ထုတ်သုံးပါက ခိုင်ဧကရာဇ်ကို ထိန်းထားနိုင်သေး၏။ သို့သော် ထိုက်ကျိရှေးဟောင်းနတ်ဘုရားမှာ ထပ်မံတိုက်ခိုက်လိုစိတ်မရှိသလို နတ်အရှင်မယန်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ကလည်း ထွက်မလာလိုသောကြောင့် သူမအနေဖြင့် အချိန်ဆွဲပေးထားလိုစိတ်လည်း မရှိတော့ပေ။

နတ်အရှင်မယန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။ ကမ္ဘာခေတ်နှောင်း သတ္တဝါတစ်ဦးသည် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် ဇာစ်မြစ်တူသော ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ အားကျခြင်းခံရသည့်အပြင် သူသည် တာအိုကိုလည်း ရရှိတော့မည်ဟု ချီးကျူးခံခဲ့ရ၏။

‘ငါတို့လမ်းစဉ်က တကယ်ပဲ မှားနေတာများလား’’

နတ်အရှင်မယန်မှာ စိတ်နှလုံးရှုပ်ထွေးနေမိသည်။

ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ဖန်တီးခဲ့ပြီးနောက် ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီ၏ ကိုယ်စား သူ၏သင်ကြားမှုများကို လွဲပြောင်းပေးခဲ့သည်။ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က နှစ်သန်းပေါင်းများစွာတိုင်အောင် မရေမတွက်နိုင်သော သက်ရှိအားလုံး၏ ကျင့်စဉ်စနစ် ဖြစ်ခဲ့လေသည်။

နတ်အရှင်မယန်ပင်လျှင် ဤလမ်းစဉ်တွင် တာအိုရှာဖွေနေရသူတစ်ဦး ဖြစ်သည်။ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွင် အချိန်ပေါင်းများစွာ မြှုပ်နှံရင်းနှီးခဲ့ပြီပြီးလည်း ဖြစ်၏။

ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်လာပြီး တာအိုကျင့်စဉ်စနစ်ကို တီထွင်ခဲ့သည်ဟု ပြောခဲ့စဉ်အခါက ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တာအိုစနစ်ဆိုသည်မှာ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ထောက်ပံ့ပေးမည့်စနစ်တစ်ခု ဟုသာ ထင်မှတ်ခဲ့သည်။ သတိထားမိခြ့သော်လည်း သေချာဂရုမစိုက်ခဲ့ကြပေ။

ယခုတွင် ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် သူကိုယ်တိုင်ပင် တာအိုမရသေးခင် ခိုင်ဧကရာဇ်က ရတော့မည်ဟု ပြောခဲ့ချေပြီ။ ၎င်းကြောင့် သူမမှာ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာတော့သည်။ ခါးသီးမုန်းတီးနေမိသော ထိုစိတ်အခြေအနေမှ အချိန်အတော်ကြာ ရုန်းမထွက်နိုင်ခဲ့ပေ။

ကောင်းကင်နတ်အရှင်ကုန်းက ဒယိမ်းဒယိုင် ထလာပြီး ပြန်လှည့်ကြည့်လိုက်သည့်အခါတွင် ခိုင်ဧကရာဇ်ကား အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားလေသည်။

‘ခိုင်ဧကရာဇ်က ငါ့ကို အကြောင်းပြချက်မရှိဘဲ လာသတ်မှာ မဟုတ်ဘူး… ဘယ်သူ သတ်ခိုင်းလိုက်တာလဲ’

သူမ၏စိတ်ထဲတွင် ချင်မူ့ကို ပြေးမြင်သွားသဖြင့် ကောက်ချက်ချလိုက်သည်။ သူမက သူမ၏ကောင်းကင်နန်းဆောင်ရှိရာသို့ အလောတကြီး ပျံသန်းသွားကာ ဓားတာအိုကြောင့် ရရှိခဲ့သောဒဏ်ရာများကို ကုသနိုင်ဖို့ တံခါးပိတ်ကျင့်ကြံရန် ချက်ချင်း ပြင်ဆင်တော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ အသံက သူမ၏နားထဲ ဝင်ရောက်လာသည်။ “ခိုင်ဧကရာဇ်က တစ်ယောက်ယောက် ခိုင်းစေခဲ့လို့ ခင်ဗျားကို သတ်ဖို့ရောက်လာတာ… တာအိုမိတ်ဆွေကုန်း၊ အဲဒီလူက ဘယ်သူလဲ မခန့်မှန်းမိဘူးမလား”

“ချင်မူ ကောင်းကင်မဟာမိတ်ခေါင်းဆောင်ဖြစ်လာအောင် ခင်ဗျား ကူညီခဲ့ပေမယ့် ခင်ဗျားရဲ့ မဟာမိတ်က ခင်ဗျားအပေါ် သစ္စာဖောက်ခဲ့တယ်… ဘယ်လိုတောင် သည်းခံနိုင်တာလဲ ကောင်းကင်နတ်အရှင်ကုန်း”

သူမ၏ကောင်းကင်နန်းဆောင်ထဲတွင် ကောင်းကင်နတ်အရှင်ဟောင် မည်သည့်အချိန်တုန်းက ပေါ်လာခဲ့မှန်း သူမ မသိခဲ့ပေ။ သူမ၏အတားအဆီးအစီအရင်ကား သူ့အတွက် အသုံးဝင်ပုံမပေါ်ချေ။

ကောင်းကင်နတ်အရှင်ကုန်းသည် သူမအနောက်တွင် အရိပ်တစ်ခု ခပ်ရေးရေး လှုပ်ရှားနေမှန်း မြင်လိုက်ရသော်လည်း သူမ၏ဒဏ်ရာများက ပြင်းထန်လွန်းသဖြင့် ရှင်းရှင်းလင်းလင်း မြင်ရနိုင်ရန် ခက်ခဲနေသည်။

ကောင်းကင်နတ်အရှင်ဟောင်က သူမဆီသို့ ရောက်လာပြီး ခပ်ယဲ့ယဲ့ ပြုံးကာ မေးသည်။ “ကောင်းကင်နတ်အရှင်ကုန်း၊ မဟာဧကရာဇ်က ခင်ဗျားကို သစ္စာဖောက်ခဲ့တယ်.. ထိုက်ချူကလည်း သစ္စာဖောက်ခဲ့တဲ့အပြင် ခင်ဗျားရဲ့သား၊ ကျုပ်အစ်ကိုတော် နတ်ဧကရာဇ်လန်ရွှမ်ကလည်း သစ္စာဖောက်ခဲ့သေးတယ်… အခု ခင်ဗျား မဟာမိတ်လို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ကလည်း သစ္စာဖောက်သွားပြန်ပြီ… ဒါတွေ နောက်ကွယ်က အကြောင်းပြချက်ကို တွေးကြည့်ဖူးလား”

ကောင်းကင်နတ်အရှင်ကုန်း၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး သူမက အေးစက်စွာ ဖြေသည်။ “ငါ ဘယ်တုန်းကမှ ကောင်းကင်နတ်အရှင်မူကို မဟာမိတ်အဖြစ် မသတ်မှတ်ခဲ့ဖူးဘူး… ငါတို့က တစ်ယောက်ကို တစ်ယောက် အသုံးချနေကြတာ… မဟာဧကရာဇ်နဲ့လည်း လေးနက်တဲ့ဆက်ဆံရေး မရှိခဲ့ဘူး… သူ့ကို ငါ လက်ထပ်ခဲ့တာက နွီရှင်းမျိုးနွယ်စုနဲ့ ကျူယွီမျိုးနွယ်စုရဲ့ မဟာမိတ်ဆက်ဆံရေးက တခြားမျိုးနွယ်စုတွေကို ဖိနှိပ်နိုင်လို့ပဲ…. နင့်ခမည်းတော် ထိုက်ချူနဲ့လည်း ပတ်သက်မှု မရှိခဲ့ဘူး… မဟာဧကရာဇ်ကို ကလဲ့စားချေနိုင်ဖို့ အသုံးချခဲ့ရုံသက်သက်ပဲ… နင့်ရဲ့အစ်ကိုတော် လန်ရွှမ်ကတော့ မတော်တဆပဲ… သူ့အတွက်လည်း ဘာခံစားချက်မှ မရှိဘူး”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “ဒါက ခင်ဗျား အကြိမ်ပေါင်းများစွာ ဒဏ်ရာရရတဲ့ အကြောင်းအရင်းပဲ … ခင်ဗျားက အားလုံးနဲ့ ဆက်ဆံရေးကို အသုံးချရုံသာ သတ်မှတ်ထားတော့ မဟာမိတ်ဆိုတာမရှိဘူး… ဘယ်သူကမှ ခင်ဗျားကို စိတ်ရင်းနဲ့ မဆက်ဆံကြဘူး”

ကောင်းကင်နတ်အရှင်ကုန်းက နှာခေါင်းရှုံ့ကာ မည်သို့မျှပြန်မပြောပေ။။

သူမသည် ယခင်ဘဝက ရှေးဟောင်းနတ်ဘုရင်တစ်ပါးဖြစ်ခဲ့ပြီး ယခုတွင် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည်။ ဂုဏ်သရေနှင့် အာဏာကြီးမားသော အခြေအနေကို ပိုင်ဆိုင်ထားသဖြင့် ခေါင်းငုံ့ကာ အမှားဝန်ခံလိမ့်မည် မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ဆက်ပြော၏။ “ခင်ဗျားက ဖန်ဆင်းရှင်တစ်ယောက် မဟုတ်တော့ဘူး၊ မျိုးနွယ်စုမရှိဘူးလို့ ခဏခဏ ပြောခဲ့တယ်နော်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက ခင်ဗျားကို သတ်ချင်နေတယ်…အကြောင်းပြချက်ကို စဉ်းစားမိလား”

ကောင်းကင်နတ်အရှင်ကုန်းက သူမ၏ တာအိုဒဏ်ရာကို ဖိနှိပ်ရင်း အေးဆေးတည်ငြိမ်စွာ ပြောသည်။ “သူက ငါ နတ်ဘုရင်လန်ဝူနဲ့ တွေ့မှာ ကြောက်နေတာ”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် မေး၏။ “ဒါဆိုရင် ခင်ဗျား နတ်ဘုရင်လန်ဝူနဲ့ သွားတွေ့မှာလား”

ကောင်းကင်နတ်အရှင်ကုန်းသည် တခဏ တိတ်ဆိတ်နေပြီးနောက် ခေါင်းမော့ကာ ဖြေသည်။ “အင်း… ဒီရွှမ်တုတိုက်ပွဲက နတ်ဘုရင်လန်ဝူနဲ့ တွေ့ဖို့ အခွင့်ကောင်းပဲ… ငါ့မှာ အဆုံးအစမဲ့တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပေမယ့် ကောင်းကင်နတ်အရှင်တွေကြားမှာတော့ တစ်ယောက်တည်း ဖြစ်နေတုန်းပဲ… မဟာမိတ်မရှိတဲ့အတွက် ဖန်ဆင်းရှင်မျိုးနွယ်နဲ့ လန်ဝူကို လိုအပ်တယ်… အရေးအကြီးဆုံးကတော့ ဖန်ဆင်းရှင်တွေကို အသက်ရှင်စေနိုင်မယ့် စွမ်းအား ငါ့မှာ ရှိနေပြီ…”

“ပိုပြီးအရေးကြီးတာက ခင်ဗျားက နှလုံးသားထဲမှာ ခင်ဗျားကိုခင်ဗျား ဖန်ဆင်းရှင်တစ်ပါးအဖြစ် နတ်ဘုရင်တစ်ပါးအဖြစ် သတ်မှတ်ထားတုန်းပဲမလား”

ကောင်းကင်နတ်အရှင်ဟောင်၏ စကားလုံးများက သူမ၏စိတ်ရင်းကို ပေါ်လာစေသည်။ “ခင်ဗျားက ဖန်ဆင်းရှင်တွေရဲ့ ကြီးကျယ်ခမ်းနားမှုတွေ၊ ကမ္ဘာဦးခေတ် နတ်ဘုရင်သုံးပါးထဲက တစ်ပါးဖြစ်ခဲ့တာတွေကို ဘယ်တုန်းကမှ မေ့မသွားခဲ့ဖူးဘူး… ခင်ဗျားရဲ့မျိုးနွယ်စုအပေါ်ကိုလည်း လက်‌မလျှော့ခဲ့ဘူး… ထိုက်ချူနဲ့ မဟာဧကရာဇ်အပေါ် ခင်ဗျားရဲ့အမုန်းတရားကို မမေ့နိုင်သေးရင် ခင်ဗျားက ဖန်ဆင်းရှင်ဆိုတာ မေ့သွားလို့မဖြစ်ဘူး… အခု ဒဏ်ရာရထားတယ်ဆိုတော့ လန်ဝူဆီ မသွားနိုင်တော့ဘူးမလား”

ကောင်းကင်နတ်အရှင်ကုန်းက ခါးသီးစွာ ပြောသည်။ “ငါ မဟာမိတ်လိုတယ်…”

“မဟုတ်ဘူး…”

ကောင်းကင်နတ်အရှင်ဟောင်၏အသံသည် အေးစက်နေ၏။ “ခင်ဗျား သစ္စာခံရမယ့် ပုဂ္ဂိုလ်တစ်ယောက်လိုနေတာ… ခင်ဗျား အညံ့ခံဖို့ လိုတယ်… အတိတ်တုန်းကတော့ ကျုပ်နဲ့ အပေးအယူ လုပ်ခဲ့နိုင်ပေမယ့် အခု ခင်ဗျားမှာ အဲဒီလိုလုပ်နိုင်စွမ်း မရှိဘူး… ကျုပ် လက်အောက်မှာ အညံ့ခံလိုက်ပါ… ကျုပ်ကို ပူဇော်ကိုးကွယ်ရင် ခင်ဗျားရဲ့ဒဏ်ရာတွေကို ကုသပေးပြီး လန်ဝူနဲ့ တွေ့နိုင်အောင် အထွတ်အထိပ်အခြေအနေအထိ ပြန်ရောက်စေရမယ်…”

သူက ကောင်းကင်နတ်အရှင်ကုန်း၏ အရှေ့တွင် ရပ်လျက် လက်ဆန့်တန်းကာ ပြတ်သားစွာ ပြောသည်။ “ခင်ဗျားတို့ဖန်ဆင်းရှင်မျိုးနွယ်စု ဒီစကြဝဠာမှာ အသက်ရှင်ချင်ရင် အားကိုးရမယ့်ပုဂ္ဂိုလ်က ကျုပ်ပဲ ရှိတယ်… ခင်ဗျားကို အားကိုးလို့၊ လန်ဝူကို အားကိုးလို့ အလုပ်ဖြစ်မှာမဟုတ်သလို ကောင်းကင်နတ်အရှင်မူကိုလည်း အားကိုးလို့မရဘူး…ခင်ဗျား နတ်ဘုရင်တစ်ပါး ပြန်ဖြစ်လာပြီး ဖန်ဆင်းရှင်မျိုးနွယ်စု ပြန်လည်ကြီးကျယ်ခမ်းနားလာအောင် ကျုပ် လုပ်ပေးနိုင်တယ်…. ကျုပ်ကို ဒူးထောက်ပူဇော်ကိုးကွယ်ပြီး ကျုပ်လက်ကို နမ်းလိုက်ပါ အမှောင်ထုထဲကနေ ခင်ဗျားကို ဆွဲထုတ်ပေးမယ်….”

ကောင်းကင်နတ်အရှင်က သူ၏ဆန့်တန်းထားသောလက်ကို ကြည့်နေပြီး သူ့အနောက်တွင် ခပ်ရေးရေး အရိပ်တစ်ခုကို မြင်နေရသည်။ သို့သော် သဲသဲကွဲကွဲမမြင်ရချေ။

သူမ၏အကြည့်များက မှေးမှိန်သွား၏။

ကောင်းကင်နတ်မြစ်ထက်တွင် ချင်မူ၊ သားသတ်သမား၊ ကျဲ့ဟွလီနှင့် တျန်းရှုတို့ကား ရယ်ရယ်မောမောဖြင့် လှေစီးနေကြသည်။ သူတို့မှာ အရိုးစုများဖြစ်နေကြပြီး သူတို့၏လက်ထဲတွင် ဝိုင်ပုလင်းတစ်ပုလင်းဆီကို ကိုင်ထားကြ၏။ သူတို့ အားရပါးရ ရယ်မောနေကြသည်မှာ မျက်လုံးများ ပြုတ်ထွက်လာတော့မည့်အလားပင်။

“ကောင်းကင်ယင်သားတော်”

တျန်းရှုက ရယ်မောနေပြီး သူ၏နှာခေါင်းနှင့် မျက်လုံးပေါက်များမှ ဝိုင်များ စီးကျနေသည်။ သူက အသက်ပြင်းပြင်းရှူရင်း ပြော၏။ “ဒီကောင်က မင်တုကို တည်ထောင်ခဲ့ပေမယ့် မြေအောက်ဘုံအရှင်သခင်ရဲ့ ရုပ်တုတွေအများကြီး ဆောက်ခဲ့တာသိလား… မြေအောက်ဘုံအရှင်သခင်ရဲ့ မျက်နှာကိုလည်း ထုဆစ်ပြီး နေရာတိုင်းမှာ ဆေးချယ်ထားသေးတာ”

ချင်မူသည် အူလှိုက်သည်းလှိုက် ရယ်နေသဖြင့် အသက်ပင် မနည်းရှူနေရသည်။ “တိရီယွဲ့ကို တွေ့တိုင်း အမြှီးကုပ်ပြီး ထွက်ပြေးနေတာလည်း သူပဲလေ… အိုဘာတဲ့ မကြောက်ဘူးတဲ့ … နဂါးဟန်ခေတ်စကတည်းက မိန်းမခြေသလုံးဖက်ပြီး မှီစားနေတဲ့ကောင်က မကြောက်တတ်ဘူးတဲ့လေ … သူ့မင်တုကောင်းကင်မုခ်၀ဆိုရင် တိရီယွဲ့ပဲ လုပ်ပေးထားတာ … ဒီကောင်က တိရီယွဲ့ကို မျက်နှာချိုသွေး ကပ်ခဲ့ပြီးတော့မှ မင်္ဂလာဦးညမှာ လုပ်ကြခဲ့တာလေ … နောက်ကျောဓားနဲ့ ထိုးတဲ့ကောင်”

“ကောင်းကင်ယင်နတ်ဘုရားမကိုလည်း အကောက်ကြံခဲ့တယ်လို့ ငါကြားတယ်”

သားသတ်သမားသည် ရယ်ရလွန်းသဖြင့် အသက်ပင် မရှူနိုင်တော့ချေ။ သူက မိုးခြိမ်းသံတမျှ ဟိန်းထွက်နေသော အသံကြီးဖြင့် အော်ဟစ်နေသည်။ “နန်းဆောင်က ကောင်းကင်နတ်ဧကရီက သူလို့တောင် တခြားသူတွေ ပြောကြသေးတယ်… ကောင်းကင်နတ်ဧကရာဇ်နဲ့ ဖြစ်ခဲ့တာလည်း သူပဲ ဖြစ်နေမလား”

ကျဲ့ဟွလီ ရယ်လိုက်သည့်အခါ နှာခေါင်းပေါက်မှ ဝိုင်များ ပန်းထွက်လာသည်။ သူ့မှာ ရယ်ရလွန်းသဖြင့် သေးထွက်ကျတော့မည့်အလား ခံစားနေရသည်။ “သားသတ်သမား၊ ခင်ဗျား မင်းသားယင်ရဲ့ အကြည့်ကို မမြင်ခဲ့ဘူးလား… ကြည့်လိုက် သူ့မျက်နှာက ဖြူလျော့နေပြန်ပြီ … ကခုန်တာကို ကြည့်နေတဲ့အတိုင်း ဟန်ဆောင်နေသေးတာ”

လှေငယ်သည် မင်တုကောင်းကင်မုခ်၀ဆီသို့ ရောက်လာပြီး သူတို့က ပိုမိုကျယ်လောင်စွာ ရယ်ရင်း ကောင်းကင်ယင်သားတော်ဆီသို့ တစ်ချက်တစ်ချက် လှမ်းကြည့်နေကြသည်။ လော့ဝူရွှမ်မှာ ဤသို့ အဖြစ်အပျက်မျိုးကို မတွေ့ကြုံဖူးသဖြင့် တိတ်ဆိတ်နေလေသည်။

ကောင်းကင်ယင်သားတော်က မေးစေ့ကို လက်ဖြင့် ပင့်၍ သူ၏ခန္ဓာကိုယ်ကို လှည့်ကာ ကောင်းကင်မုခ်၀အရှေ့တွင် သီဆိုကခုန်နေသည်။ ချင်မူနှင့် ကျန်သူများ၏ ရယ်သံမှာ သူ၏နားထဲ ဝင်ရောက်လာပြီး သူ၏ ရှက်စရာအဖြစ်အပျက်များကို ပြန်ကြားနေရသည်။ တချို့အကြောင်းများဆိုလျှင် မမှန်ကန်ဘဲ ရွံစရာ အဖြစ်အပျက်အားလုံး သူ့အပေါ် ပုံချနေကြခြင်းပင်။

“ငါ အဲဒီကောင်ကို ယိုတုမှာ ခေါင်းဖြတ်ခဲ့တာ မမြင်ခဲ့ရဘူးမလား”

‌တျန်းရှုက ပြုံးလျက် ပြောသည်။ “ငါ အဲ့ဒီကောင်ကို မင်တုကောင်းကင်မုခ်၀အရှေ့မှာ ဓား‌မလေးတစ်ချောင်းတည်းနဲ့ ခေါင်းဖြတ်ပစ်ခဲ့တာ… သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်တွေက နိမ့်ကျလွန်းတော့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အကူအညီ မပါဘဲ အခုအချိန်အထိ ဘယ်လိုများ အသက်ရှင်နေနိုင်တာလဲ မသိဘူးနော်”

ဖျောင်း…

ကောင်းကင်ယင်သားတော်၏ အပြုံးမှာ တောင့်တင်းသွားပြီး သူ၏လက်သည် ပလ္လင်လက်ရန်းအား ကြေမွသွားသည်အထိ ဖိချလိုက်သည်။

“ဟ… သူ့စစ်တပ်ရှေ့မှာ သိက္ခာသွားချမနေနဲ့လေဗျ”

ချင်မူက မျက်ရည်များစီးကျသည်အထိ ရယ်မောနေ၏။ သူက အသက်ကို ပြင်းပြင်းရှူကာ ပြောသည်။ “သူ မဟာလေဟာနယ်မှာ ကျွန်တော့်အစ်ကိုကြီးနဲ့ တွေ့ခဲ့တာ ခင်ဗျားတို့ မသိကြဘူးမလား…သိပ်ကို ရှက်စရာကောင်းတာဗျာ… ကျွန်တော် သူ့သားနဲ့ သူ့မိန်းမကို သတ်ခဲ့တဲ့အပြင် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်မင်းလေးပါးနဲ့ ကောင်းကင်ဆရာသခင်လေးပါးအရှေ့မှာ ကြောက်ဒူးတုန်နေရတဲ့အထိ သူ့ကို ရိုက်ခဲ့တာ…”

“ပါးစပ်ပိတ်ထားကြစမ်း”

ကောင်းကင်ယင်သားတော်မှာ သည်းမခံနိုင်တော့ချေ။ သူ၏အသံက စူးရှစွာထွက်ပေါ်လာပြီး ခက်ခက်ထန်ထန် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းကို ငါ အရှက်ခွဲခဲ့လား… အမှန်အတိုင်းပြောရရင် မင်း ရွှမ်တုဆီ မသွားနိုင်အောင် ကောင်းကင်နတ်အရှင်ဟောင်က တားခိုင်းလိုက်လို့ ငါ ဒီနေရာကို ရောက်နေတာ… ဆက်သွားမယ်ဆိုရင် ဒီနေ့ ဒီနေရာက မင်းရဲ့အုတ်ဂူ ဖြစ်သွားလိမ့်မယ်”

ကျဲ့ဟွလီက ရယ်မောလျက်ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်တဲ့၊ ဒါဆို သူက ဧကရီဟောင်လား”

လှေပေါ်ရှိ လူလေးယောက်က ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ မျက်နှာတည်နေသော လော့ဝူရွှမ်ပင်လျှင် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

“မင်းကများ ရာရာစစ”

ကောင်းကင်ယင်သားတော်မှာ သည်းမခံနိုင်တော့ပေ။ သူက လေပေါ်ပျံတက်လိုက်ရာ သူ၏ အနီရောင်ဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။ မင်တုကောင်းကင်မုခ်၀က ကြီးကျယ်လှပပြီး ကောင်းကင်နန်းဆောင်လေးခုက မုခ်၀ထဲတွင် ပေါ်လာကြသည်။ စုစုပေါင်း ကောင်းကင်နန်းဆောင်ရှစ်ခု ရှိပြီး သူသည် လှေပေါ်ရှိ ငါးယောက်ထံ ဦးတည်၍ ခက်ထန်စွာ ကြိမ်းဝါးလိုက်သည်။ “ဒီနေ့ မင်းတို့မျိုးမစစ်ငါးကောင်ကို သတ်ပစ်မယ်”

သူက မြောက်ကောင်းကင်၏ မင်တုစစ်တပ်အရှေ့ရှိ လေထုအား ထိုးနှက်လိုက်ပြီး သူ၏ကိုယ်ပိုင်စစ်တပ်အရှေ့တွင် စွမ်းဆောင်ရည်ကို ပြသလိုနေသည်။ သူသည် မဟူရာနတ်မင်းဟူသော ရာထူးကို ရရှိရန် အခြားသူများကို အားကိုးနေစရာမလိုပေ။ သူ၏ကိုယ်ပိုင်အစွမ်းအစကိုသာ အားကိုး၏။

သူသည် ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်တစ်ပါးမဟုတ်သော်လည်း ကောင်းကင်နန်းဆောင်ရှစ်ခု ပိုင်ဆိုင်သည့် ကောင်းကင်နတ်အရှင်ငယ်တစ်ဦး ဖြစ်နေသေးသည်။

ကောင်းကင်ယင်သားတော်၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ လှေပေါ်သို့ မရောက်ခင်မှာပင် လှေပေါ်ရှိ လူငါးယောက်သည် ရုတ်တရက် ပြောင်းလဲသွားပြီး အလွန်တရာ လေးနက်တည်ကြည်လာကြ၏။ လူရိပ်ငါးခုက တစ်ခုကိုတစ်ခု ဖြတ်သွားပြီး ဟင်းလင်းပြင်အလွှာ ၃၀ အား တခဏချင်း ဖြတ်တောက်သွားတော့သည်။

ခွမ်း…

နတ်ဓားမတစ်လက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ကောင်းကင်ယင်သားတော်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ ဖြတ်တောက်ခံလိုက်ရသလို သူ့အနောက်ရှိ ကောင်းကင်နန်းဆောင်မှာလည်း နှစ်ခြမ်းကွဲသွားသည်။ မင်တုကောင်းကင်မုခ်၀သည်လည်း နှစ်ခြမ်းကွဲသွားချေပြီ။

All Chapters