ကြီးမြတ်သော မဟူရာမိစ္ဆာ
Vol. 25 Ch. 342
ဇူယွမ်မှာ ကျောက်တုံးစင်မြင့်ပေါ်တွင် ရပ်နေလျက်ရှိပြီး သူ၏လက်သီးတဝိုက်တွင် ခရမ်းပြာရောင်အလင်းများ ရစ်ဝဲလျက်ရှိကာ ခရမ်းပြာရောင်နဂါးကြေးခွံများအဖြစ်သို့ ပြောင်းလဲသွားခြင်းက ထူးခြားဆန်းကြယ်သော မြင်ကွင်းကို ပေးစွမ်းနိုင်စွမ်း ရှိပေသည်။
ဇူယွမ်မှာ ခေါင်းအားငုံ့လိုက်ကာ ယခုန ဝေယိုရွှမ်းနှင့် တိုက်ခိုက်မှုတွင် အနည်းငယ်ကွဲအက်သွားသော နဂါးကြေးခွံများအား ကြည့်လိုက်၏။ဝေယိုရွှမ်း၏ ချီဖြိုခွဲခြင်းလက်ဝါးသည် ထူးခြားဆန်းကြယ်သော ချီစွမ်းအင်တစ်မျိုးနှင့် ဖွဲ့စည်းထားကာ အလွန်ပင် စွမ်းအားကြီးမားသော်လည်း နဂါးကြေးခွံအား မချိုးဖောက်နိုင်ရုံသာမက ထိုလက်ဝါးသည်ပင် ဇူယွမ်၏ တောင်များကိုဖြိုခွဲနိုင်စွမ်းရှိသော လက်သီးချက်ကြောင့် အရိုးများ ကျိုးကြေသွားခဲ့ရသည်။
“မှော်ဆန်တဲ့ နဂါးကြေးခွံ...”
ဇူယွမ်မှာ သူ၏လက်ချောင်းများဖြင့် နဂါးကြေးခွံအား အသာအယာ ပွတ်သပ်လိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်သည်။
မှော်စပါးအုံးကြေးခွံနှင့် နှိုင်းယှဥ်ရမည်ဆိုပါလျှင် ယခုအဆင့်တက်သွားသော မှော်နဂါးကြေးခွံမှာ ခုခံကာကွယ်နိုင်စွမ်းရော စွမ်းအင်ခွန်အားရောတွင် များစွာပို၍ သာလွန်ပေသည်။ထို့ကြောင့် ဇူယွမ်မှာ ဝေယိုရွှမ်း၏ အရိုးများကိုပင် ချိုးပစ်နိုင်ခဲ့ခြင်း ဖြစ်၏။
“အမကြီးယောင်ယောင် ပြောတာကတော့ ငါ့ရဲ့စပါးအုံးချီကိုသာ အဆင့်ခုနစ် ကောင်းကင်ဘုံ မြွေနဂါးချီအဆင့် တက်နိုင်ခဲ့မယ်ဆိုရင် မှော်နဂါးကြေးခွံတွေကလည်း အစစ်အမှန် ကောင်းကင်ဘုံမြွေနဂါးကြေးခွံတွေ ဖြစ်လာမယ်တဲ့။”
“ကောင်းကင်ဘုံမြွေနဂါးကြေးခွံက ထူးခြားတဲ့စွမ်းအင်တွေ အများကြီးကို ပိုင်ဆိုင်ထားပြီးတော့ နတ်ဘုံခန်းဝါအဆင့်ရှိတဲ့သူတစ်ယောက်နဲ့တောင် ယှဥ်တိုက်နိုင်တယ်။ ကောင်းကင်ဘုံမြွေနဂါးအဆင့်က လူကိုတောင် မြွေနဂါးအဖြစ် ပြောင်းလို့ရပြီးတော့ အရမ်းကို စွမ်းအင်ကြီးမားစေတယ်။”
“တကယ်လို့ငါသာ အဆင့်၉ စကြာဝဠာအထွတ်အထိပ် နဂါးအဆင့်ရဲ့ တတိယအဆင့်ကို ရောက်ရှိသွားမယ်ဆိုရင် အထွတ်အထိပ်နဂါးကြေးခွံတွေအဖြစ်အဆင့်တက်သွားပြီး အဲ့ဒါကဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲဆိုတာ ခန့်မှန်းလို့တောင်မရဘူး။”
ဇူယွမ်မှာ အတွေးများကြားတွင် နစ်မြောလျက်ရှိနေသော်လည်း သူ၏စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ဇူယွမ်သည် ထိုအရာများမှာ သူ့အတွက် အလှမ်းဝေးကွာလွန်းလှသည်ကို သေချာစွာသိရှိပြီး ယခုအချိန်တွင် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရင်း အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်ပင် ရည်ရွယ်ထားခဲ့သည်။
ဇူယွမ်သည် ခေါင်းကိုမော့လိုက်ပြီး အလွန်ပင်ခက်ထန်နေလျက်ရှိသော ဝေယိုရွှမ်းထံသို့ ကြည့်လိုက်၏။ သူ၏ရှေ့တွင်ရှိနေသော ဝေယိုရွှမ်းသည် ဤရည်ရွယ်ချက်အတွက် ကောင်းမွန်သော ခဲတစ်လုံးမျှသာ ဖြစ်လေသည်။
ဝေယိုရွှမ်းမှ အေးစက်စွာ စကားဆိုလိုက်သည်။ “ငါ့ရဲ့ချီဖြိုခွဲခြင်းလက်ဝါးက ဖျက်စီးခံရလိမ့်မယ်လို့
တစ်ခါမှ မတွေးခဲ့ဖူးဘူး”
ထိုစကားများကို ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထက်မှ မဲမှောင်နေသော အနက်ရောင် ချီစွမ်းအင်တို့ ထွက်ပေါ်လာခဲ့သည်။ချီစွမ်းအင်များမှာ ကောင်းကင်ထက်၌ ရစ်ဝဲလျက်ရှိကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေပေသည်။
ပွဲအစထဲမှစ၍ အပြုံးပင်မပျက်ခဲ့သော ဝေယိုရွှမ်းမှာ ယခုအမှန်တကယ် ဒေါသထွက်နေဟန်ရှိ၏။ဝေယိုရွှမ်းသည် သွေးအလိမ်းလိမ်းပေကျံလျက်ရှိသော လက်အား မြေကြီးပေါ်သို့ ရိုက်ချလိုက်ပြီးသည်နှင့်တကွ သူ၏အနက်ရောင် ချီစွမ်းအင်များမှာ ရွှံ့စေးများက့ဲသို့ ဖြန့်ကားလာခဲ့သည်။
“မဟူရာ ရွှံ့နွံ”
ကျောက်တုံးစင်မြင့်တစ်ခုလုံးကိုပင် အနက်ေရာင်ချီစွမ်းအင်များက ဝါးမြိုထားခဲ့ပြီး ချီစွမ်းအင်များမှာ အနက်ရောင် ရွှံ့စေးများအဖြစ် ပြောင်းလဲသွားကာအသင်္ချေမျှသော ရွှံ့စေးမြွေသဏ္ဍာန်အခိုးအငွေ့များအသွင်ပြောင်းလဲသွားပြီး ဇူယွမ့်ထံသို့ လျင်မြန်စွာ သွားလျက်ရှိနေ၏။
ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဍာန်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး အခိုးအငွေ့အသွင်ဖြင့် အနက်ရောင် ရွှံ့စေးများကို ဖြတ်ကျော်ကာ တိုက်ခိုက်မှုများအားလုံးကို ရှောင်ရှားခဲ့သည်။
ပလွတ်…
ရွှံ့စေးများထဲမှ စေးကပ်နေသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ဇူယွမ်၏ ပတ်ပတ်လည်တွင် ပိုက်ကွန်သဏ္ဍာန် ဖြစ်ပေါ်လာလျက်ရှိသည်။
ဇူယွမ်၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားပြီး သူ၏အင်္ကျီလက်မောင်းအိုးအား ခါယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ချီစွမ်းအင်များမှာ တအိအိလှိုင်းထလာလျက် လေနှင့်မိုးကြိုးများပါဝင်သော ချီစွမ်းအင်လုံးကြီးအား ဖြစ်ပေါ်စေခဲ့၏။
“ကြီးမြတ်သော လေနှင့်မိုးကြိုး…”
လေနှင့်မိုးကြိုးများ ပါဝင်နေသော ချီစွမ်းအင်လုံးကြီးသည် အနက်ရောင်ရွှံ့စေးများဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။
ဝုန်း...
ချီစွမ်းအင်လုံးတွင် ပါရှိသော လေနှင့်မိုးကြိုးစွမ်းအင် များမှာ အပြင်ဖက်သို့ ဖြန့်ကားထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးအား လွှမ်းခြုံလျက်ရှိနေသော အနက်ရောင်ရွှံ့စေးများကို ဖြိုခွဲပစ်လိုက်၏။
စေးကပ်နေသော ဧရာမပိုက်ကွန်ကြီးမှာလည်း ပြိုကွဲပျက်စီးသွားကာ ကောင်းကင်ထက်သို့ အစက်အပြောက်များအဖြစ် ပြန့်ကျဲသွားလေသည်။
ဝှစ်...
လေထုများကိုပင် ဆုတ်ဖြဲသွားစေသော ပြင်းထန်သည့်ဖိအားများပါရှိသည့် အလင်းတန်းတစ်ခုသည် ဇူယွမ်ဆီသို့ တည့်တည့်တိုးဝင်လာခဲ့၏။
ထိုအရာသည် အနက်ရောင် လှံရှည်တစ်ခုပင် ဖြစ်သည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား အလျင်အမြန် ဆုတ်ကိုင်ကာ ခါယမ်းလိုက်သည်နှင့်တကွ စုတ်တံမှာ ကြီးထွားလာခဲ့ပြီး နှင်းစက်များကဲ့သို့ ဖြူဖွေးနေသော စုတ်တံထိပ်ဖျားမှအမွှေးများသည် အဖြူရောင်ပိုက်ကွန်အလား ပြန့်ကားသွားခဲ့သည်။
ချပ်...
အနက်ရောင် လှံရှည်သည် ဇူယွမ်အား ထိုးဖောက် ဝင်ရောက်တော့မည့် အချိန်လေးမှာပင် အဖြူရောင် ပိုက်ကွန်မှ ကာဆီးနိုင်ခဲ့၏။ လှံရှည်သည် ဇူယွမ်နှင့် တစ်လက်မမျှပင် မကွာမဝေးတော့သော အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဇူယွမ်အား ထိုးဖောက်ခြင်း မပြုနိုင်ခင်မှာပင် အဖြူရောင်ပိုက်ကွန်၏ တားဆီးခြင်းအား ခံခဲ့ရလေသည်။
အနက်ရောင်လှံရှည်အား ပစ်ထုတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇူယွမ်၏ဒြပ်မဲ့ကိုယ်ထည်မှာ အရှေ့သို့
ရွေ့လျားသွားကာ လက်ထဲ၌ရှိနေသော ကောင်းကင်ဘုံယွမ်စုတ်တံအမွှေးများအား အသင်္ချေမျှသော ရေခဲအလင်းတန်းများအဖြစ်သို့ ပြောင်းလဲလိုက်ကာ ဝေယိုရွှမ်းအား အဖက်ဖက်မှ ဝိုင်းထားစေလိုက်၏။
ချလန်.. ချလန်... ချလန်...
ဝေယိုရွှမ်းမှာ အနက်ရောင်လှံရှည်အား ဖမ်းဆုပ်ကာ ဝေ့ယမ်းလိုက်သည်နှင့်တကွ အနက်ရောင် ချီစွမ်းအင်များထွက်ပေါ်လာကာ သူ့အားရစ်ဝဲလျက် ရှိနေသည်။ထို့နောက် အနက်ရောင်လှံရှည်ပုံရိပ်ယောင်များ များစွာထွက်ပေါ်လာပြီး ရေခဲအလင်းတန်းများကို ပိတ်ဆို့ထားစေလိုက်သည်။
သူတို့နှစ်ဦးလုံး၏ မျက်ဝန်းများမှာ အေးစက်တောင့်တင်းနေပြီး တစ်ဦးနှင့်တစ်ဦး လုံးဝသက်ညှာမည့် သဘောမရှိချေ။ နှစ်ဦးလုံး၏ တိုက်ခိုက်မှုများသည် သေကွင်းသေကွက်များကိုသာ ဦးတည်နေလေ၏။
ဤပြင်းထန်လှသော တိုက်ပွဲသည် ဧကရာဇာ ခြင်္သေ့မင်းနှင့် ရဲစွမ်းသတ္တိပြည့်ဝသော ကျားသားရဲတို့
တိုက်ခိုက်မှုနှင့်ပင် အလားသဏ္ဍာန် တူနေပေသည်။
တောင်ကုန်းပွဲကြည့်စင်ထက်တွင် ရှိနေသော တပည့်များ၏ စိတ်နှလုံးများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ပွဲကြောင့် တုန်လှုပ်နေရလေသည်။
ဤတိုက်ပွဲသည် ခရမ်းရောင်ခါးစည်းအဆင့် တပည့်နှစ်ဦး ယှဥ်ပြိုင်တိုက်ခိုက်နေသကဲ့သို့ ထင်မှတ်ရ၏။
ချလန်း...
စုတ်တံထိပ်ဖျားနှင့် လှံရှည်၏ထိပ်ပိုင်းတို့ လေထုထဲ၌ တွေ့ဆုံသွားကြပြီး ကြီးမားသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာကာ လေထုကိုပင် ဆုတ်ဖြဲသွားစေ၏။ဝေယိုရွှမ်းနှင့် ဇူယွမ်နှစ်ဦးလုံး အနောက်သို့အနည်းငယ် ယိမ်းယိုင်သွားလေသည်။
ဇူယွမ်သည် သူ၏ကိုယ်ခန္ဓာထဲမှ ချီစွမ်းအင်များ ပွက်ပွက်ဆူလာသည်ကို ခံစားမိသည်နှင့်တစ်ပြိုင်နက် မျက်ဝန်းအစုံ ကျဥ်းမြောင်းသွားကာ ကောင်းကင်ဘုံယွမ်စုတ်တံအား လွှဲယမ်းလိုက်သည်။သူတို့နှစ်ဦးသည် ခုနက တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ပါသော်လည်း ယခုထိသူ၏ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် မထိခိုက်သေးပေ။
သူ၏ချီစွမ်းအင်များသည် နဂါးရှစ်ကောင်ကောင်းချီးအား ခံယူရရှိပြီးသည့်နောက် မူလစဦး ဆဋ္ဌမအဆင့်ဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီပင် ဖြစ်သည်။
ပုံမှန်မူလစဦး ဆဋ္ဌမအဆင့်တစ်ဦး၏ ချီသိုလှောင်ခန်းတွင် ချီကြယ်ပွင့်ရှစ်ရာမျှ ရှိနေမည်ဖြစ်ပြီး ဇူယွမ့်တွင်တော့ ချီကြယ်ပွင့် ခုနစ်ရာကျော်မျှ ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဇူယွမ်၏ ဘိုးဘေးနဂါးပုရပိုက်ချီကျင့်စဥ်မှာအခြားသော ပုံမှန်ချီကျင့်စဥ်များထက် များစွာပို၍ သာလွန်ပေသည်။
“ကြည့်ရတာ မူလစဦး ဆဋ္ဌမအဆင့်ဆိုတာ ဘာမှလည်း မဟုတ်ဘူးပဲ။”
ဇူယွမ်သည် ဝေယိုရွှမ်းအား ကြည့်လိုက်ရင်း ညင်သာစွာ ရီမော၍ ပြောလိုက်သည်။ဝေယိုရွှမ်းမှာ ဘာမှပြန်မပြောပဲ ဇူယွမ်ကို စူးစိုက်၍သာ ကြည့်နေသည်။ သူ၏ရှေ့တွင်ရှိနေသော ဇူယွမ်မှာ မူလစဦး တတိယအဆင့်မျှသာ ရှိပေသေးသည်။ သို့သော်လည်း ချီစွမ်းအင်ပမာဏမှာ မူလစဦးဆဋ္ဌမအဆင့်ရှိသော သူနှင့်ပင် သိပ်၍ မကွာခြားပေ။
ဇူယွမ်သည် တကယ်ပင် ယှဥ်ပြိုင်ရန် ခက်ခဲသော ပြိုင်ဖက်တစ်ဦး ဖြစ်လေသည်။
သို့သော်လည်း အတွင်းတောင်သို့ အခုမှ ရောက်ရှိလာသော တပည့်အသစ်လေးက သူ့အား လှောင်ပြောင်သရော်ရဲခြင်းကို့ ကြည့်ရသည်မှာ သူ့တွင် ထုတ်ပြစရာ ဝှက်ဖဲများ မရှိတော့ဘူးဟု ထင်နေပါ၍လော။
“ဂျူနီယာညီတော် ဇူယွမ် ၊ ငယ်ရွယ်တဲ့သူတွေဆိုတာ စိတ်ကြီးမဝင်သင့်ဘူး။အကြီးအကဲစိန်းက မင်းကို အကြီးတွေကို လေးစားဖို့ မသင်ထားပေးမှတော့ ငါက စီနီယာအကိုတော် တစ်ယောက်အနေနဲ့မင်းကို သင်ကြားပေးပါရစေ။”
ဝေယိုရွှမ်းမှ အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။
ချလန်း...
သူ၏လက်ထဲတွင် ရှိနေသော အနက်ရောင်လှံရှည်မှေ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး မြေပြင်နှင့် ထိစပ်ကာ ပေါင်းစည်းသွားသည်။သူသည် အင်္ကျီအား လက်မောင်းရင်းထိ မတင်လိုက်ပြီး သူ၏ လက်တလျှောက်တွင် အနက်ရောင်မူလမှော်စာလုံးများက တွားသွားပိုးကောင်းများကဲ့သို့ ရစ်ခွေလျက်ရှိနေလေသည်။
ထိုအနက်ရောင် မူလမှော်စာလုံးများသည် ထူးကဲသော မူလမှော်စာလုံးတစ်ခုအဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။ဝေယိုရွှမ်း၏ ကိုယ်ခန္ဓာမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်အား ဖြန့်ကျက်လျက်ရှိနေပြီး အပူချိန်များကိုပင် ကျဆင်းသွားစေသည်။
ဝေယိုရွှမ်းသည် သူ၏လက်နှစ်ဖက်အား ပေါင်းစည်းလိုက်သည်နှင့်တကွ အနက်ရောင် မူလမှော်စာလုံးမှာ လင်းလက်လာခဲ့၏။ထို့နောက်တွင်တော့ ထိုမူလမှော်စာလုံးသည် ဝေယိုရွှမ်း၏ အသွေးအသားများထဲသို့ စီးဝင်သွားတော့သည်။
ဝေယိုရွှမ်း၏ ခန္ဓာကိုယ်ထက်မှ အနက်ရောင်ချီစွမ်းအင်များက တရစပ်ဆိုသလို ပေါ်ထွက်လာခဲ့၏။ ပြင်းထန်သော အနက်ရောင် ချီစွမ်းအင်များဆီမှ တိုးညှင်းသော အသံသဲ့သဲ့ ထွက်ပေါ်လျက်ရှိနေသည်။
ဝေယိုရွှမ်း၏ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ တိုးတက်လာသော ချီစွမ်းအင်များကို ခံစားမိသည်နှင့်တစ်ပြိုင်နက်
စောင့်ကြည့်လျက်ရှိနေသော တပည့်များ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ ထိုချီစွမ်းအင်မှ ထွက်ပေါ်လာသော ဖိအားကို ကြည့်ခြင်းအားဖြင့် ထိုကျင့်စဥ်မှာ သာမန် ကောင်းကင်ဘုံငယ်ကျင့်စဥ်တစ်ခု မဟုတ်ကြောင်း ထင်ရှားပေသည်။
ဝေယိုရွှမ်းသည် သူ၏နောက်ဆုံးဝှက်ဖဲအား ထုတ်ပြလာခဲ့ပြီ ဖြစ်၏။
အနက်ရောင် ချီစွမ်းအင်လှိုင်းများ မြင့်တက်လာသည်နှင့်တကွ ဝေယိုရွှမ်း၏မျက်လုံးများမှာလည်း မည်းနက်သွားခဲ့ကာ အံကိုကြိတ်၍ပြုံးရင်း ပြောလိုက်သည်။
“ငါက ဒီကျင့်စဥ်မှာ အလုံးစုံ မကျွမ်းကျင်သေးပေမယ့် မင်းလိုကောင်လိုမျိုးနဲ့ တိုက်ခိုက်ဖို့တော့
လုံလောက်ပါတယ်။”
“ဂျူနီယာညီတော် ဇူယွမ်....နောက်ကျရင် အရမ်း စိတ်ကြီးမဝင်ပဲ မင်းအဆင့်မင်းသိဖို့ မျှော်လင့်မိတယ်။ ဒီအတွင်းတောင်ထဲမှာ မင်းထက်အများကြီးပိုပြီး အရည်အချင်းရှိတဲ့သူတွေ မရေမတွက်နိုင်အောင်
ရှိတယ်။”
“မင်းဒီမှာ မောက်မာနေဖို့ ဘာအရည်အချင်းမှ မရှိဘူး။”
ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဝေယိုရွှမ်းသည် သူ၏လက်နှစ်ဖက်အား တင်းကြပ်စွာ
ဆုပ်ကိုင်ထားလိုက်ပြီး အေးစက်နေသောအသံလှိုင်းများ ထွက်ပေါ်လာကာ တောင်များကိုပင် ပဲ့တင်သံ
ထပ်သွားစေသည်။
“အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဥ်..ကြီးမြတ်သော မဟူရာ မိစ္ဆာ...”
ဝုန်း...
ဝေယိုရွှမ်းဆီမှ ချီစွမ်းအင်များသည် မီးတောက်များ ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာလျက်ရှိသည်။
တောင်ကုန်းပေါ်၌စောင့်ကြည့်လျက်ရှိသော တပည့်များမှာ ထိတ်လန့်တုန်လှုပ်သွားသဖြင့် မျက်နှာများပင်
ဖြူရော်နေလေသည်။
ကျောက်တုံးပွဲကြည့်စင်ထက်တွင်ရှိနေသော လုရွှမ်းယင်၏မျက်ဝန်းအစုံမှာ စိတ်လှုပ်ရှားမှုများကြောင့် လင်းလက်တောက်ပနေလျက် ရှိပေသည်။
အဲဒီ မထီမဲ့မြင်လုပ်တက်တဲ့ကောင်လေး ဇူယွမ်ကတော့ ဝေယိုရွှမ်းရဲ့ ဝှက်ဖဲနဲ့အတူ ရှုံးနိမ့်ရတော့မှာပဲ။
ဒီနေ့နင့်ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူးလို့ ထင်နေတာလား…