အခန်း (၃၅)
Vol. 3 Ch. 35
ကျိုးယန်က လက်ကျန်ဆေးလုံးအနည်းငယ်ပါ
ဝင်သည့် ဆေးပုလင်းငယ်ကို ချူအဖိုးကြီး၏
လက်ထဲ ပေးလိုက်သည်။ ချူအဖိုးကြီးမှ တုန်
ယင်နေသည့်လက်အစုံဖြင့် ဆေးပုလင်းကို
လှမ်းယူကာ သေချာသိမ်းလိုက်တော့သည်။
“ဟေး ခမည်းခမက်ကြီး ကျုပ်တို့ကိုလည်း
အမြင်ကျယ်အောင် ဆေးလုံးအနည်းငယ်
ထုတ်ပြသင့်တယ်မဟုတ်လား ကျုပ်တို့လည်း
နည်းနည်းပါးပါးလိုအပ်တယ်လေ”
အခုတော့ ကျိုးယန်၏ဆေးက ကျိုးယန်ပြော
သလိုဖြစ်နေမှန်းသိသွားကြလေပြီ။ ဝမ်သခင်
လေး၏ မျက်နှာကတော့ ရှုံ့မဲ့နေကာ ကြည့်ရ
အတော်ဆိုးနေသည်။ သူတို့မြေးအဖိုးပေးသည့်
ဂျင်ဆင်းက သက်တမ်းရှည်သော်လည်း နှစ်အ
နည်းငယ်သာဖြစ်ကာ ပိုမိုထိရောက်ရန်ဆေး
ဖော်စပ်ရပေဦးမည်။ ကျိုးယန်ပေးသည့်ဆေး
လုံးက တိုက်ကိုက်အကျိုးရှိစေကာ မူလကျင့်
ကြံအဆင့်ကို ပြန်ရရှိစေနိုင်သောကြောင့် သက်
တမ်းစေ့ ပြန်လည်နေထိုင်နိုင်မည်ဖြစ်သည်။
ချူမိသားစုခေါင်းဆောင်အဖိုးကြီး၏ မျက်နှာ
ရှုံ့မဲ့သွားသည်။ သူက ကျိုးယန်၏ဆေးလုံးကို
မြေခွေးအိုကြီးများဆီ ထုတ်မပြချင်ပေ။
ထုတ်မပြ ပါကလည်း အကျိုးအကြောင်းမရှိ
နားလည်မှုခေါင်းပါးသူဟု အထင်ခံရနိုင်သည်။
အတန်ကြာတွေဝေပြီးနောက် ရှုံ့မဲ့မဲ့ဟန်ဟန်ဖြင့်
“ကောင်းပြီ ဒီမှာ ခန္ဓာကိုယ်အားဖြည့်ဆေးလုံး
ခဗျားတို့ လေ့လာလို့တော့ရတယ် ကျုပ်ဆီက
တောင်းဖို့မစဥ်စားနဲ့ မပေးနိုင်ဘူး”
သူက ယတိပြတ်ပင်ပြောလိုက်သည်။ ဆေးလုံး
ကတန်ဖိုးပင်ဖြတ်၍ မရနိုင်ပေ။
ဝမ်မိသားစုခေါင်းဆောင်ဟောင်းက ရယ်၍
“တောင်းစရာလား ခမည်းခမက်ရ ကျုပ်တို့ပက်
သက်မှုအရ တလုံးတော့ရောင်းပေးနိုင်မယ်
မဟုတ်လား ကျုပ်က တန်ရာတန်ကြေးပေးဝယ်
မှာပါ”
ပက်သက်မှုအရ ဟုတ်လား။ ကျုပ်ကထပ်ထပ်
တာကို သဘောတူထားလို့လား။ ပြီးတော့ ကျုပ်
မြေးမလေးကလည်း သဘောမတူထားဘူးလေ
စိတ်ထဲတွင် ဝမ်မိသားစုခေါင်းဆောင်ကို ဆဲရေး
နေသည်။ မရေရာသေးသည့် ဆက်နွယ်မှုကို
အကြောင်းပြကာ အမြတ်ထုတ်ချင်နေသည်။
ဝမ်သခင်လေးကလည်း အရှက်မဲ့စွာဖြင့် ချူ
မိန်းကလေးနာကပ်ကာ တီးတိုးပြောလိုက်သည်
“ညီမလေးချူ အဖိုးကိုဆေးလုံးရောင်းပေးဖို့
ကူပြောပေးပါဦး အစ်ကိုတို့ကနောင်ဆို မိသား
စုတခုတည်းပေါင်းစည်းကြတော့မှာ မဟုတ်
လား သူ့အပိုင် ကိုယ့်အပိုင်ခွဲနေစရာမလိုပါဘူး”
ချူမိန်းကလေး၏ မျက်နှာတချက်တွန့်သွား
သည်။ ဘယ်လိုတောင်အရှက်မဲ့တဲ့ မြေးအဖိုးလဲ
ငါတို့ဘက်က သဘောမတူထားရသေးတာကို
အထွန့်တက်ပြနေတယ်။
“ဒါက အဖိုးရထားတဲ့လက်ဆောင်ပဲ ကျမနဲ့
မဆိုင်ဘူး လိုချင်ရင် အဖိုးဆီတိုက်ရိုက်ပြော
လိုက်ပါ”
သေချာတာကတော့ သူမအဖိုးက ဘယ်လောက်
ပေးပေး ရောင်းမည်မဟုတ်ပေ။
အကုန်လုံးကလည်း ဆေးလုံးကိုလိုချင်နေကြ
ကာ လောဘတက်နေသည့်မျက်လုံးများဖြင့်
ဝိုင်းကြည့်နေကြသည်။
“ခမည်းခမက်ချူ ကျုပ်တို့မြေးအဖိုးက နောက်
တဆင့်တက်ရတော့မှာ အခုဆေးနဲ့သာဆို
အဆင်ပြေသွားနိုင်တယ် ကျုပ်တို့ကိုရောင်းပေး
ပါ”
ဝမ်မိသားစု ခေါင်းဆောင်၏လေသံက အနည်း
ငယ်တင်းမာလာသည်။ ချူမိသားစုခေါင်း
ဆောင်ရဲ့ မလိုက်လျောချင်သည့်ပုံစံကို သူ
သတိထားမိသွားပုံရသည်။ ဖိအားပေးချင်လာ
သည်။
“စိတ်မကောင်းပါဘူး ဒါက ကျုပ်မွေးနေ့ကို
လက်ဆောင်အဖြစ်ပေးထားတဲ့ ရတနာပါ
နောက်ပြီး ပြန်ရောင်းရအောင် ကျုပ်တို့ချူမိ
သားစုက မမွဲသေးဘူး”
ချူမိသားစုခေါင်းဆောင်က တင်းမာစွာပြန်
ပြေုလိုက်သည်။ မွေးနေ့ပွဲ၏ လေထုက တင်း
မာလေးလံလာသည်။ အချိန်မရွေးအချင်းများ
တော့မည့် ဟန်ဖြစ်သည်။
ထိုစဥ် အသံတခုထွက်ပေါ်လာသည်။
“ခနနေကြပါဦး”
ထိုအသံပိုင်ရှင်က ကျိုးယန်ဖြစ်သည်။ စနစ်မှ
ယာယီတာဝန် ပေါ်လာကာ ဝမ်သခင်လေးကို
ဆုံးမပေးရမည်ဖြစ်လေသည်။ ဒီတာဝန်က
အကောင်းဆုံးပဲ ငါကြိုက်တယ်ဟားး။
အကုန်လုံးက ကျိုးယန်ဆီအကြည့်ရောက်လာ
ကြသည်။
“အဲ့လိုဆေးလုံးမျိုး ကျုပ်မှာထပ်ရှိပါသေးတယ်
ဒါနဲ့ ဝမ်မိသားစုခေါင်းဆောင်ကြီးက ဆေးလုံး
ကိုလိုချင်နေတယ်ဟုတ် ကျုပ်ဆီမှာ အစီစဥ်
တခုရှိတယ် နားထောင်ကြည့်မလား”
“ဘာအစီစဥ်လဲ ပြောကြည့် ကောင်လေး”
ကျိုးယန်၏နှုတ်ခမ်းထောင့်စွန့်များ တွန့်ကွေး
သွားကာ ပြုံးလိုက်သည်။ ဘေးတွင်ရှိနေသည့်
အိုးရန်ရွှမ်းရွှမ်းကတော့ ကျိုးယန်တယောက်
တခုခုလုပ်တော့မည်ဟု ခံစားနေရသည်။
“ကျုပ်သိရသလောက် ဟိုက ဝမ်သခင်လေးက
ကျင့်ကြံသူဖြစ်မယ် ပုံစံကြည့်ရတာ အစွမ်းအစ
ရှိမယ့်ပုံပဲ ကျုပ်ကလည်း သက်တော်စောင့်
လေးဆိုပေမယ့် မထင်မှတ်ပဲ နည်းနည်းတိုက်
ခိုက်တတ်တယ်”
ဝမ်မိသားစုခေါင်းဆောင်က ဖြတ်ပြောသည်။
“မင်းပြောချင်တာက ငါ့မြေးနဲ့တိုက်ခိုက်ချင်
တာလား”
ကျိုးယန်ခေါင်းညိတ်ပြလိုက်သည်။ပြီးနောက်
အသင့်ဝယ်ထားသည့် နောက်ထပ်ဆေးပုလင်း
ကိုထုတ်ကာ စားပွဲပေါ်တင်၍ ပြောလိုက်သည်။
“ဒီထဲမှာ ဆေးလုံး၅လုံးတိတိပါတယ် ကျုပ်နဲ့
ဝမ်သခင်လေးရဲ့တိုက်ပွဲမှာ ဝမ်သခင်လေးနိုင်
ခဲ့ရင် ဆေးလုံးအကုန်ရမယ် ကျုပ်နိုင်ရင် ဝမ်မိ
သားစုခေါင်းဆောင်ကြီးက ငွေသန်းတရာပေးရ
မယ် ဘယ်လိုထင်လဲ ဆေးလုံးတလုံးကိုသန်း၂၀
ပဲကျသင့်မှာနော် တန်ပါတယ်”
ကျိုးယန်၏စကားကိုကြားလျင် အကုန်လုံးက
ကြောင်အသွားကြသည်။ သူကနောက်နေတာ
မဟုတ်လား။ ဝမ်သခင်လေးက အခြေခံအဆင့်
အထွဋ်အထိပ်လေ တည်ဆောက်ရေးကို ခြေတ
လှမ်းရောက်နေတာ သူက ဘာကျင့်ကြံမှုမှမရှိ
တဲ့ သက်တော်စောင့်လေးလေ။
ချူအဖိုးကြီးကလည်း နားမလည်ဟန်ဖြင့်
ကျိုးယန်ကို ကြည့်လာသည်။ စိတ်ထဲ ကျိုးယန်
တယောက် တဖက်ကိုဆေးလုံးအလကားပေး
လိုက်သည့်ပုံစံဖြစ်နေသည်။ ကျိုးယန်က ချူ
အဖိုးကြီးကိုကြည့်၍ ပြုံးပြလိုက်သည်။
ပြီးနောက် အသံပို့လွှတ်ကာ စိတ်မပူရန်ပြောပြ
လိုက်သည်။
အသံပို့လွှတ်တာ… သူက ရွှေအမြူတေအဆင့်
ရောက်နေတာလား။ ဒီအရွယ်လေးနဲ့လေ။
ပါရမီရှင်ပဲ…။
ဝမ်မိသားစုခေါင်းဆောင်က ချက်ချင်းပင်
သဘောတူလိုက်သည်။ သာမန်သက်တော်
စောင့်လေးက သူ့မြေးကိုနိုင်မှာတဲ့လား။ သန်း
တရာက များပေမယ့် သူ့အနေထားအရ မပြော
ပလောက်သည့်ပမာဏဖြစ်သည်။ ထို့အပြင်
သူ့မြေးက မရှုံးနိုင်ပေ။
“ကောင်လေး မင်းသေချာလား သန်းတရာကို
မင်းဒီတိုင်းဆေးဖိုးအနေနဲ့တောင်းလည်း ငါပေး
နိုင်ပါတယ် မဖြစ်နိုင်တာကိုမလုပ်ချင်နဲ့”
ဝမ်မိသားစုခေါင်းဆောင်က ထေ့ငေါ့ကာသတိ
ပေးသည်။ အပြင်ပန်းတွင် သတိပေးစကား
ပြောနေသော်လည်း အတွင်းတွင်တော့အခုပင်
ချစေချင်နေသည်။
“ သေချာတယ် ခဗျားတို့ဘက်က လက်ခံရင်
လက်ရည်စမ်းပွဲလေး စလိုက်ရအောင်”
ကျိုးယန်က ဝမ်မိသားစုခေါင်းဆောင်ကိုပြော
လိုက်သည်။ အခြေနေက သူ့ထိန်းချုပ်မှု
အောက်တွင် အပြည့်အဝရှိနေသည်။ ငါတော့
သန်းတရာ အလကားရတော့မယ်။
ငွေသန်းတရာသည် သူ့လိုလူမဆိုထားနှင့်
အိုးရန်ရွှမ်းရွှမ်းလို ကြေးကြီးသည့်အနုပညာရှင်
တောင် တသက်လုံးစုဆောင်းရပေမည်။
ကျိုးယန်၏ သတင်းပေးပို့မှုရထားသည့် ချူ
မိသားစုခေါင်းဆောင်က စိတ်မပူတော့ချေ။
တည်ဆောက်ရေးခြေလှမ်းတဝက်က ရွှေအမြူ
တေအဆင့်ကို ယှဥ်ဖို့လား လုံးဝမဖြစ်နိုင်ပေ။
မြက်ခင်းပြင်၏ တနေရာကို စားပွဲများရှင်းကာ
နေရာချစေသည်။ ပတ်ပတ်လည်တွင်လည်း
ပွဲကြည့်ရန် စားပွဲများစီစဥ်လိုက်သည်။
ချူမိန်းကလေးက သူ့အဖိုးကိုတီးတိုးမေးသည်။
“အဖိုး အဲ့လူက ဝမ်သခင်လေးကိုနိုင်ပါ့မလား
ဟိုက ကျင့်ကြံသူနော်”
ချူအဖိုးကြီးက သူ့မြေးမလေးကိုပြုံးကြည့်ကာ
“အဖိုးကိုသူပေးတဲ့ဆေးလုံး သမီးမြင်တယ်မ
လား..အဲ့လိုဆေးလုံးပေးတဲ့လူက သာမန်ဟုတ်
ပါ့မလား မြေးရဲ့”
ချူသခင်မလေးငြိမ်ကျသွားသည်။ သူမက
ကျင့်ကြံသူမဟုတ်သော်လည်း ကျင့်ကြံသူဖြစ်
သည့် သူ့အဖိုးကိုတော့ယုံသည်။ သူ့အဖိုးက
ထိုကောင်လေးကို ကျင့်ကြံသူဖြစ်မှန်းသိနေပုံ
ရသည်။
“ကောင်လေးကျိုး အဆင်ပြေပါ့မလား”
အိုးရန်ရွှမ်းရွှမ်းက ကျိုးယန်ကိုစနောက်ကာ
မေးသည်။ သူမကတော့ ကျိုးယန်၏အစွမ်း
အစကိုသိထားသည်။
“လမ်းမှာ ကျတော်ပညာပေးလိုက်တဲ့အဖွဲ့ရဲ့
ခေါင်းဆောင်ကို မှတ်မိလား”
အိုးရန်ရွှမ်းရွှမ်းက ခေါင်းညိတ်ပြသည်။
“အဲ့ဒီလူနဲ့ ဝမ်သခင်လေးဆိုတဲ့ငနဲက အဆင့်
အတူတူပဲ ရှိတယ်”
အိုးရန်ရွှမ်းရွှမ်း တယောက်အံ့အားသွားသည်။
အဆင့်များသည် မည်သည့်အရာကို ရည်ညွှန်း
မှန်း သူမ မသိသော်လည်း အဆင့်တူတူဟု
ကျိုးယန်ပြောပုံသာမှန်လျှင် ဝမ်သခင်လေး
တယောက်တော့ အရှက်ကွဲပေတော့မည်။ ထို့
အပြင်ဝမ်မိသားစု နောင်တွင် ကျိုးယန်ကို ဒုက္ခ
ပေးလာနိုင်သေးသည်။
“ကောင်းပြီ အခြေနေကိုထိန်းချုပ်ပေးပါ
နောက်ဆက်တွဲက မင်းကိုထိခိုက်စေလိမ့်မယ်”
သူမက ကျိုးယန်ကိုသတိပေးလိုက်သည်။
မိသားစုကြီးသည် အငြိုးအတေးကြီးကာ
လက်စားချေတတ်သည်ကို သူမသိထားသည်။
“စိတ်ချပါ အစ်မရွှမ်းနဲ့ အဖိုူချူတို့မျက်နှာ
မပျက်စေရပါဘူး”
ကျိုးယန်လည်း သူမနှင့် စကားအနည်းငယ်
ပြောပြီးနောက် ကွင်းထဲသို့အေးဆေးသက်သာ
စွာ လျှောက်ဝင်ကာ ဝမ်သခင်လေးကိုစောင့်နေ
လိုက်သည်။
“ငါ့မြေး တဖက်လူက ကျင့်ကြံမှုမရှိပေမယ့်
မပေါ့ဆလိုက်နဲ့ တန်ဖိုးကြီးတဲ့ဆေးလုံးကို
လောင်းကြေးထပ်တာကိုကြည့်ရင် သူ့မှာလှည့်
ကွက်အချို့ရှိနေနိုင်တယ် မင်းသတိထားရမယ်”
“စိတ်ချပါအဖိုး သူက သက်တော်စောင့်လေးပါ
ကျုပ်အတွက် မခက်ခဲပါဘူး ဆေးလုံးလက်ခံ
ဖို့သာ အဖိုးပြင်ထားလိုက်တော့”
ဝမ်သခင်လေးလည်း ယုံကြည်မှုရှိစွာပြောပြီး
ကွင်းထဲသို့ ဝင်လာသည်။ မွေးနေ့ပွဲရှိ လူအား
လုံးက တိုက်ပွဲကို စောင့်မျှော်နေသည်။ ကျင့်
ကြံသူများအတွက် တန်ဖိုးမဖြတ်နိုင်သည့် ရတ
နာဆေးလုံး လောင်းကြေးက ဆွဲဆောင်နေကာ
ဝမ်သခင်လေးသာ အနိုင်ရပါက ဆေးလုံးအချို့
သူတို့ပြန်လည်ဝယ်ယူနိုင်လောက်သည်။
ထို့ကြောင့် အများစုက ဝမ်သခင်လေးကိုအား
ပေးရန် အာရုံစိုက်ထားကြသည်။
ဝမ်မိသားစုကိုကြည့်မရသည့် လူအနည်းစုက
သာ ကျိုးယန်ကို အားပေးရန်စောင့်နေသည်။
ထိုအထဲတွင် ချူအဖိုးကြီးကထိပ်ဆုံးပင်။
ဝိုင်တခွက်ငှဲ့ကာ သောက်လိုက်သည်။ လွန်ခဲ့
သည့်နှစ်များက အတွင်းဒဏ်ရာကြောင့် အရက်
သောက်သုံးမှုကိုဖြတ်တောက်လိုက်ရကာ သူ့အ
နေဖြင့် မိသားစုကြီးများကြားတွင် ချူမိသားစု
ဝင်များ အနိုင်ကျင့်ခံနေရသည်ကို သိသော်
လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ ယခုတော့ သူ့ရဲ့
မူလကျင့်ကြံမှုဖြစ်သည့် တည်ဆောက်ရေးအ
အဆင့်အထွဋ်အထိပ်ကို ပြန်ရလာကာ နှစ်အ
နည်းငယ်အားစိုက်ရုံဖြင့် ရွှေအမြူတေအဆင့်
ကိုထိုးဖောက်နိုင်ဦးမည်။ ကျိုးယန်ပေးထားတဲ့
ဆေးလုံးများက သူ့အတွက်ရွှေအမြူတေအ
ဆင့်ကိုထိုးဖောက်ရာတွင် အကူညီဖြစ်စေဦး
မည်။
ကျိုးယန်၏ အကူညီကိုမည်သို့ပြန်လည်ပေး
တပ်ရမည်မှန်းမသိသေးပေ။ လာမည့်နှစ်ဝက်
မိသားစုကြီးများနှင့် ဂိုဏ်းကြီးများပြိုင်ပွဲတွင်
အဆင့်ကောင်းကောင်းပြန်ရယူ၍ ဆုံးရှုံးထား
သည့်လုပ်ငန်းများ ပြန်လည်ရယူနိုင်ရန် ကျိုး
ယန်ကို အကူညီတေင်းရမည်လား။
ဦးခေါင်းကို ခါယမ်းလိုက်သည်။ မဖြစ်နိုင်ပေ။
တဖက်လူက သူ့အသက်ကိုတခါကယ်၍
ကျင့်ကြံမှုတွင်လည်း အကူညီပေးခဲ့သည်။ ဒီ
ထက်ပိုတောင်းဆိုရန်မဖြစ်နိုင်တော့။
ချူမိသားစုခေါင်းဆောင်က သူ့မြေးမလေးကို
ကြည့်လိုက်သည်။ သူ့မြေးမလေးသာ ကျင့်ကြံ
နိုင်လျင်မည်မျှ ကောင်းမည်နည်း။ သူ့မြေးမ
လေးသည် ပါရမီပါသော်လည်း သွေးကြောများ
ပိတ်ဆို့နေကာ ထိုအရာကိုဖြေရှင်းရန်ကြိုးစားခဲ့
သော်လည်း အချိန်ဆယ်နှစ်ကျော်ကြာလာသည်
မအောင်မြင်သေးပေ။
ကျိုးယန်၏ဆေးလုံးက သူ့မြေးမလေး၏
ပိတ်ဆို့နေသည့် အရာကိုပွင့်အောင်လုပ်ပေးနိုင်
မည်လား။ တိုက်ပွဲ ပြီးလျင် ကျိုးယန်ကိုမေးရ
ပေမည်။