မျက်နှာဖုံးတပ် မိန်းမလှသူရဲကောင်း
Vol. 12 Ch. 21
မက်ဒါနာက ရင်းနှီးပေမဲ့ အနည်းငယ်ပြောင်းလဲသွားပြီး ဖြစ်တဲ့ နယူးယောက်လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း လေပူတွေကို မှုတ်ထုတ်လိုက်ပါတယ်။
“အခုမှပဲ အပြင်ထွက်လို့ရတော့တယ်။” မက်ဒါနာက တစ်ပတ်လုံးလုံး စွမ်းအင်ဗဟိုချက်အသစ်အတွက် အလုပ်ရှုပ်နေခဲ့တာ ဖြစ်ပြီးတော့ စမ်းသပ်ခန်းအပြင်ကို သိပ်မထွက်ဖြစ်ခဲ့ပါဘူး။ စားစရာရှိတာတောင်မှ အယ်လာ ယူလာပေးမှစားတာ။ အေမီက ဆုဗာနာမှာကျန်နေခဲ့ပြီး ကမ္ဘာ့လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေခဲ့တဲ့အတွက် အယ်လာက မက်ဒါနာရဲ့အစားထိုးအိမ်စေ ဖြစ်လာတယ်။
ဒီနေ့တော့ လုပ်စရာရှိတာတွေ အားလုံးနီးပါး ပြီးပြီမလို့ စိတ်ကိုအနားပေးတဲ့အနေနဲ့ မြို့ထဲထွက်လာခဲ့တာ။ “ဆုဗာနာ ပြန်လည်တည်ထောင်ရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တာနဲ့ နယူးယောက်ကို မရောက်တာတောင်ကြာပြီပဲ။”
မက်ဒါနာ ဟီးရိုးစဖြစ်ဖြစ်ချင်း ကာကွယ်ပေးခဲ့တာက နယူးယောက်ပတ်ပတ်လည်ပါ။ မြို့ငယ်လေးတစ်မြို့ရဲ့ မှောင်မိုက်တဲ့လမ်းကြားတွေကို ကာကွယ်ပေးနေရင်းက ဂြိုဟ်ကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့အဆင့်အထိ နှစ်အနည်းငယ်အတွင်း တိုးတက်လာခဲ့တာ သူ့ကိုယ်သူ မယုံနိုင်သေးဘူးရယ်။
“ဟိုးအရင်တုန်းကနဲ့ယှဥ်ရင် နယူးယောက်က အများကြီး အေးချမ်းသွားပြီပဲ။” မက်ဒါနာက သေသပ်သပ်ရပ်မှုရှိပြီး ရာဇဝတ်မှုတွေသိပ်မဖြစ်တော့တဲ့ မြို့ရဲ့အခြေအနေကို လေ့လာရင်း ခေါင်းညိတ်လိုက်တယ်။
“ဒီကိုပြန်လာဖြစ်တုန်း ကင်းလှည့်ကြည့်ရင် ကောင်းမလားမသိဘူး။” မက်ဒါနာက ခေါင်းထဲမှာ အကြံတစ်ခု ပေါ်လာပြီးတဲ့နောက် မြို့ထဲကို ကင်းလှည့်တဲ့ အနေနဲ့ ဟိုသွားဒီသွားလျှောက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံကို ဆင့်ခေါ်မနေတော့ဘူး။
“အိုမီဂါအဆင့် စူပါဟီးရိုးတစ်ယောက်က မြို့ထဲမှာ ပေါ်လာရင် လူတွေကြောက်လန့်ကုန်ကြလိမ့်မယ်။”
မက်ဒါနာက သူ့ရဲ့တည်ရှိမှုရဲ့အလေးချိန်ကို ကျိန်းသေ နားလည်ပါတယ်။ အိုမီဂါအဆင့်ဆိုတာက ဂြိုဟ်ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ စွမ်းအားစုတစ်ခုဖြစ်ပြီး ကမ္ဘာပျက်နိုင်တဲ့ဘေးမျိုးနဲ့မတွေ့ရင် မလှုပ်ရှားသင့်တဲ့ အရာတစ်ခုပါ။ လူသားတွေက သူပေါ်လာတာနဲ့ ကပ်ဘေးဆိုး အကြီးကြီးရှိနိုင်တယ်လို့ ယူဆပြီးတော့ အကြောင်းအရင်းမဲ့ စိတ်ပူနေတာမျိုး ဖြစ်သွားနိုင်တယ်။
ဒါကြောင့်လည်း မက်ဒါနာက စစ်ပွဲအပြီးကင်းလှည့်မယ် လုပ်တော့ အေမီက သူ့ကိုအတင်းထားခဲ့တာ။ အဲဒီအစား စစ်နတ်သမီးတွေကိုပဲ ကင်းလှည့်ခိုင်းပြီး သူတို့မနိုင်မှ မစ်ရှင်အဖွဲ့ဝင်တွေကို စေလွှတ်မယ့်စနစ်သစ်ကို ဖန်တီးခဲ့တယ်။
“လမ်းတေလေ သူရဲကောင်းလေး မက်ဒါနာအနေနဲ့ သွားမယ်ဆိုရင်တော့ အေမီ မဆူလောက်ဘူးမဟုတ်လား။”
မက်ဒါနာက သူ့ရဲ့ညာလက်မှာရှိနေတဲ့ သံလက်အိတ်ကို ကြည့်လိုက်တယ်။ ဒီလက်အိတ်က ဖရာလီတာနဲ့ဆင်တူ ပြုလုပ်ထားတဲ့ လက်အိတ်ဖြစ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ချစ်သက်သေပါ။ ပြီးတော့ ဒါက မဆိုးတဲ့ လက်နက်တစ်ခု ဖြစ်နေသေးတယ်။ တော်ရုံလမ်းမပေါ်က လူဆိုးတွေကို ဘာလက်နက်မှမလိုဘဲ ဒီလက်အိတ်နဲ့တင် ပွဲသိမ်းပေးလို့ ရပါတယ်။
“ဒါပေမဲ့ ဟီးရိုးလုပ်မယ်ဆိုရင် ဟီးရိုးဝတ်စုံလိုသေးတယ် မဟုတ်လား။” မက်ဒါနာက စဥ်းစားလိုက်ပြီး သူရောက်နေတဲ့ လမ်းပေါ်က ဆိုင်တွေကို အကဲခတ်လိုက်တယ်။ တစ်နေရာ ရောက်တော့ ‘ ဂန္တဝင် Cosplay ပစ္စည်းများ အရောင်းဆိုင်’ ဆိုတာကို ရှာတွေ့သွားတယ်။ ဆိုင်ရဲ့ပြတင်းပေါက်မှာတော့ ချစ်စရာကောင်းတဲ့ ဝတ်စုံလေးတစ်စုံ ပြသထားတာ သူမြင်လိုက်တယ်။
“အမယ်... မဆိုးဘူးဟ။ ငှက်မွှေးချွန်ပါတဲ့ဦးထုပ်၊ အနီရောင် ကပွဲတပ်မျက်နှာဖုံးနဲ့ အဖြူရောင်ဂါဝန် စကပ်လား။ မိန်းကလေးစူပါဟီးရိုးတစ်ယောက်အတွက် သင့်တော်မယ့် ဝတ်စုံမျိုးပဲ။” ဝတ်စုံရဲ့အောက်ခြေမှာတော့ “မျက်နှာဖုံးတပ်မိန်းမလှ သူရဲကောင်း ပေါ့ထရင်း။” ဆိုပြီး ရေးထားတယ်။
မက်ဒါနာက အဲဒီဆိုင်ထဲကို ပြေးဝင်လိုက်တယ်။ ဒီနေ့မှာတော့ နယူးယောက်မြို့ကြီးမှာ စူပါဟီးရိုးအသစ်တစ်ယောက် ပွဲဦးထွက်တော့မှာ ဖြစ်ပါတယ်။
....
“နင်တို့ပြောတော့ လန်ဒန်တက္ကသိုလ်ကိုပြန်တဲ့ လမ်းကို ပြမယ်ဆို... ဘာလို့ လမ်းကြားထဲကို ခေါ်လာတာလဲ။ သေချင်နေကြပြီလား ဟင်း...”
ဂါဝန်အနီလေးနဲ့ ဖရာလီတာက သူ့ဘေးနားမှာရှိနေတဲ့ တေလေဂျပိုး သုံးကောင်ကို ကြည့်လိုက်တယ်။ တစ်ယောက်က ပုပုဝဝ၊ တခြားတစ်ယောက်က ပိန်ပိန်ရှည်ရှည်နဲ့ ဆံပင်ကို ခရမ်းရောင်ဆိုးထားတယ်။ တတိယတစ်ယောက်ကတော့ အရပ်ရှည်ရှည် လူကောင်ကြီးကြီးနဲ့ ခေါင်းတုံးပြောင်ပြောင်ပါ။
“ကောင်မလေး၊ မင်းဘာတွေပြောနေတာလဲ။ ဒီနေရာက နယူးယောက်မြို့ကွ။ လန်ဒန်နဲ့အဝေးကြီးမှာ။ ရူးကြောင်ကြောင် လုပ်နေတာရပ်ပြီး ပါတာပေးလိုက်တော့...”
ပုပုဝဝလူက ပြောလိုက်တယ်။ ကျန်တဲ့နှစ်ယောက်ကလည်း ဝါကျင်နေတဲ့ သူတို့သွားကြီးတွေပေါ်အောင် ရွံရှာဖွယ်ရာ ပြုံးလိုက်ပြီး အနားကပ်လာကြတယ်။
“ဘာမှမပေးရင်လည်း ရပါတယ်။ မင်းကြည့်ရတာ ချစ်စရာလေးဆိုတော့ ငါတို့ကို ပါးလေးဘာလေး နမ်းခွင့်ပေးပါလား။ ဒါဆိုရင် လွှတ်ပေးမယ်လေ။”
“သောက်လူယုတ်မာတွေ...” ဖရာလီတာက ဂါဝန်ထဲ ဝှက်သယ်လာတဲ့ မှော်နှင်တံကို ထုတ်လိုက်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မှော်နှင်တံက အက်နေပြီးတော့ အထဲက နဂါးနှလုံးသွေးကြောကိုတောင် မြင်နေရပြီ။
“အမ်...” ဒီတော့မှ ဖရာလီတာ သတိရသွားတယ်။ သူနဲ့ ဟိုစိတ်ပျက်စရာကောင်ဝါ့ဇ်တို့ ပေါ်တယ်ကိုဖြတ်ပြီး ပြုတ်ကျလာတုန်းက ကြမ်းပြင်နဲ့ရိုက်မိပြီး မှော်နှင်တံ ကျိုးသွားတဲ့ပုံပဲ။
ဖရာလီတာ မျက်နှာပျက်သွားတယ်။ လူမိုက်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ရယ်လိုက်ကြရင်း...
“ဒီကောင်မလေးက အူကြောင်ကြောင်လေးပဲဟ။ တကယ် ချတော့မယ့်ပုံစံကြီးနဲ့ အိတ်ထဲကထုတ်လိုက်လို့ သေနတ်တွေ ဘာတွေမှတ်နေတာ။” ပုပုဝဝလူက သူ့ရဲ့နားဝင်ဆိုးတဲ့ ကျီးကန်းသံကြီးနဲ့ အော်ရယ်ရင်းပြောတယ်။ ကျန်တဲ့ လူတွေလည်း လိုက်ရယ်ပါတယ်။
“ဘော့စ်... ဘော့စ်... အဲဒီကောင်မလေးကို ကျောင်းမှန်း ကန်မှန်းသိအောင်လို့ အစွမ်းလေးဘာလေး ထုတ်ပြလိုက်ပါဦး။”
“ကောင်းပြီလေ...” ပုပုဝဝလူက မြှောက်ပေးတော့ အလယ်မှာရပ်နေတဲ့ ပိန်ပိန်ရှည်ရှည်လူက ရှေ့ကို ထွက်လာတယ်။ ရုတ်တရက် သူ့လျှာကြီးက အရှည်ကြီး ထွက်ကျလာပြီး မျက်လုံးတွေက ပြူးလာတယ်။ ပြီးတဲ့ နောက်တော့ အရေပြားတွေ အစိမ်းရောင်သန်းသွားပြီး ကြည့်ရဆိုးတဲ့ ခေါင်းကြီးဖင်ရှူးပုတ်သင်ညိုကြီးအဖြစ် ပြောင်းသွားရော။
“ငါတို့ဘော့စ်က ဒီမြို့ထဲက အသန်မာဆုံး အသွင်ပြောင်း မြူတန့်ပဲ။ နင်မကြောက်ဘူးလား... ဟီးဟီးဟီးဟီး...”
တကယ်လဲ ဖရာလီတာရဲ့မျက်နှာက အဖြူရောင်သန်း သွားတယ်။ မှော်ဆရာမတစ်ယောက်အနေနဲ့ မှော်နှင်တံ မပါတော့ရင် သူဘာလုပ်ရမှန်း သိတာမဟုတ်ဘူးရယ်။ နောက်တော့ သူ့မျက်လုံးကိုမှိတ်ပြီးတော့ အခုအချိန်မှာ သူ့စိတ်ထဲတွေးမိတဲ့ တစ်ခုတည်းသောနာမည်ကို တပြီးတော့ အော်လိုက်မိတော့တာပါပဲ။
“ဝါ့ဇ်... ငါ့ကိုကယ်ပါဦး။”
...
ဖရာလီတာရဲ့အော်သံက နောက်ဖေးလမ်းကြားလေးထဲမှာ ပဲ့တင်သံထွက်လာတယ်။ အတော်ကြာတဲ့အထိ ထူးခြားမှု မရှိတဲ့အတွက်ကြောင့် အခြေအနေစောင့်ကြည့်နေတဲ့ လူမိုက်သုံးကောင် ပိုအတင့်ရဲလာကြတယ်။
“ကြည့်ရတာ နင့်ကို ဘယ်သူမှ လာမကယ်တော့ဘူးနဲ့တူတယ်။”
“နင်အော်လိုက်တဲ့ ဝါ့ဇ်ဆိုတဲ့ကောင်က နင့်ရည်းစားလား။ ကြည့်ရတာ သူလည်း ငါ့အစ်ကိုကြီးကိုမြင်ပြီး ကြောက်ချေး ပါသွားပြီနေမှာ။”
လူဆိုးတွေက ရှေ့ကိုပိုးတိုးကပ်လာတော့ ဖရာလီတာလည်း ဆုတ်ရင်းဆုတ်ရင်းနဲ့ နံရံနဲ့ကျောနဲ့ကပ်သွားပြီ။ ဒီအတိုင်းဆို ကိုယ်ကျိုးနည်းတော့မယ်လို့ ထင်လိုက်မိပေမဲ့...
“ကောင်မလေးကို နှောင့်ယှက်နေတဲ့ကောင်တွေ ရပ်လိုက်ကြစမ်း။”
မိန်းကလေးတစ်ယောက်ရဲ့မာမာထန်ထန် စကားသံကြောင့် လူမိုက်သုံးယောက်က အသံလာရာကို လှည့်ကြည့်တယ်။ နောက်ဖေးလမ်းကြား အိမ်နံရံတစ်ခုပေါ်မှာ မိန်းကလေး တစ်ယောက်က မားမားမတ်မတ်ရပ်နေတယ်။ ဒါပေမဲ့ သာမန်မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါဘူး။
ငွေဖြူရောင်ဆံပင်တွေက လည်ဂုတ်ပတ်ပတ်လည်မှာ ဝဲကျနေပြီးတော့ အနက်ရောင်ငှက်မွှေးချွန်ဦးထုပ်ကို ဆောင်းထားတယ်။ ငှက်မွှေးအနီရောင်က တိုက်လေကြောင့် ယိမ်းထိုးနေပြီး အနီရောင်သူရဲကောင်းခြုံလွှာကြီးကလည်း လွင့်မျောလို့။
အဲဒီမိန်းကလေးက အဖြူရောင်သားရေ ဂါဝန်စကတ်ကို ဝတ်ထားပြီးတော့ အနီရောင်ကပွဲတပ်မျက်နှာဖုံးကို တပ်ထားတဲ့အတွက် မျက်နှာကိုတော့ မမြင်ရပါဘူး။
“ဘယ်သူလဲကွ၊ နယူးယောက်က ရာဇဝတ်မှုတိုက်ဖျက်ရေး ဟီးရိုးတွေထဲမှာ နင့်ကို မမြင်ဖူးပါဘူး။” ပုပုဝဝလူက လှမ်းပြီး ခွန်းတုံ့ပြန်တယ်။
ကပွဲတပ်မျက်နှာဖုံးနဲ့မိန်းကလေးက သူ့မျက်လုံးတစ်ဖက်ကို စတိုင်ကျကျ သတ္တုလက်အိတ်ဝတ်ထားတဲ့လက်နဲ့ ကာရင်း
“ငါက မျက်နှာဖုံးတပ်ထားတဲ့ သူရဲကောင်းမိန်းမလှလေး မက်ဒါနာပဲ။ တရားမမှုတွေ လုပ်နေသူအားလုံးကို တားဆီး ရလိမ့်မယ်။”
ဖရာလီတာကတော့ အဲဒီမိန်းမလှ သူရဲကောင်းလေးကို မော့ကြည့်လိုက်ပြီး မျက်လုံးတွေက အရောင်တွေ တလဲ့လဲ့ တောက်ပလာပါတယ်။
“ဆေလာမက်ဒါနာလား။ နင်ငါ့ကို လာကယ်မယ်ဆိုတာ ငါသိသားပဲ။ ဝတ်စုံအသစ်က နင်နဲ့လိုက်သားပဲ။”
“....” နံရံပေါ်က မက်ဒါနာက အောက်မှာ ဒုက္ခရောက်နေတဲ့ မိန်းကလေးကို သေချာကြည့်လိုက်ပြီး မျက်လုံးပြူးသွား ပါလေရော။
“အယ်... ဖရာလီတာပါလား။” အယ်ဖာအဆင့်ဖြစ်တဲ့ ဖရာလီတာက ဘာလို့လမ်းဘေးက တေလေဂျပိုးတွေ အနိုင်ကျင့်တာ ခံနေရတာလဲ မက်ဒါနာနားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အပိုတွေစဥ်းစားနေဖို့ အချိန်မရှိပြန်ဘူး။
“ဘာဟီးရိုးလဲ၊ ငါက ဒီမြို့မှာ အင်အားအကြီးဆုံးပဲကွ။” ပုတ်သင်ညိုက လျှာကို အရှည်ကြီးထုတ်ပြီး မက်ဒါနာကို လှမ်းရိုက်တယ်။ မက်ဒါနာက သာသာယာယာလေး နံရံပေါ်က ခုန်ဆင်းပြီး အဲဒီတိုက်ကွက်ကို ရှောင်လိုက်နိုင်တယ်။ နံရံက လျှာနဲ့ရိုက်မိပြီးတဲ့နောက် ပြိုကျသွားပြီး သွားရည်တွေနဲ့ ထိတဲ့နေရာတွေက အငွေ့တွေထလာပေမဲ့ မက်ဒါနာက မျက်မှောင်ကြုတ်လိုက်ပါလေရော။
“C rank ဗီလိန်တစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ မြို့ထဲမှာ အသန်မာဆုံးလို့ ခေါ်ခွင့်ရှိသွားတာလဲ။”
မက်ဒါနာက သတ္တုလက်အိတ်နဲ့ လက်သီးကိုဆုပ်လိုက်ပြီး ရှေ့ကို ပြေးတက်သွားတယ်။ မက်ဒါနာ သူရဲကောင်း စလုပ်တဲ့အချိန်တုန်းက နယူးယောက်မြို့ထဲမှာ A rank ဗီလိန်တွေတောင် သူတို့ကိုယ်သူတို့ အသန်မာဆုံးလို့ နာမည်တပ်ရဲတာမဟုတ်ဘူး။
ရွှတ်...
ပုတ်သင်ညိုက နောက်တစ်ခါလျှာနဲ့ယမ်းပြီးတော့ တိုက်ခိုက် လိုက်ပြန်တယ်။ မက်ဒါနာက ကျွမ်းကျင်စွာနဲ့ပဲ အဲဒီလျှာကို လက်အိတ်ဝတ်ထားတဲ့လက်နဲ့ကျွမ်းကျင်စွာ ဖမ်းကိုင်ပြီး သွားရည်တွေနဲ့မထိအောင် ရှောင်လိုက်တယ်။
“ကြည့်ရတာ နယူးယောက်မြေအောက်လောကက ငြိမ်းချမ်းနေတာကြာလို့ သန်မာမှုဆိုတာဘာလဲ မေ့သွားတဲ့ ပုံပဲ။”
တိုက်ကွက်ကိုခုခံပြီးတဲ့နောက်တော့ မက်ဒါနာက လျှာကို ဆောင့်ဆွဲလိုက်တယ်။ ပုတ်သင်ညိုလည်း သူ့လျှာ အဖမ်းခံထားရတာကြောင့် ဆောင့်ဆွဲခံရတဲ့အခါမှာ လူပါတစ်ပါတည်း ပါလာတယ်။ မက်ဒါနာက အဲဒီလူကို လူသားယိိုယိုလိုမျိုး ဆွဲယမ်းပြီး နံရံနဲ့ဝင်ဆောင့်ခိုင်းလိုက်တယ်။
ဘုန်း...
တိုက်ကွက် တစ်ကွက်တည်းနဲ့တင် ပုတ်သင်ညိုလူသား သတိလစ်သွားခဲ့ပါပြီ။ ကျန်တဲ့လူနှစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားပေမဲ့ မက်ဒါနာက သူတို့နောက်ကိုအမီလိုက်ပြီးတော့ သတ္တုလက်အိတ်နဲ့ တစ်ချက်တစ်ချက်စီလိုက်ရိုက်ပြီး မေ့သွားအောင် လုပ်လိုက်တယ်။
“ဆေလာမက်ဒါနာ၊ နင်က တအားမိုက်တာပဲ။” ဖရာလီတာက မက်ဒါနာဆီကို ပြေးလာပြီးတော့ သူ့အိတ်လေးထဲကနေ မှတ်စု စာအုပ်လေးတစ်အုပ်ကို ထုတ်ပေးလိုက်တယ်။
“လက်မှတ်ထိုးပေးပါ။”
မက်ဒါနာက မျက်ခုံးပင့်လိုက်ပြီး ဖရာလီတာရဲ့ခေါင်းကို ပုတ်ပေးလိုက်တယ်။ “နင်ဘာတွေ ဉာဏ်များနေတာလဲတော့ မသိပေမဲ့ အဲဒီလိုချစ်စရာကောင်းတဲ့ပုံစံနဲ့ နင့်ရဲ့ပေါက်ကရ တီထွင်မှုကြီးကို စမ်းသုံးကြည့်ဖို့ ဆွဲဆောင်လို့မရဘူးနော်။”
မက်ဒါနာက သဘာဝအတိုင်းကလေးယူတဲ့နည်းပညာကို စောင်းပြောလိုက်တာ။ တစ်ဖက်က ဖရာလီတာကတော့ အဲဒီအကြောင်းကိုမသိတဲ့အတွက် ခေါင်းကိုပဲစောင်းပြီး မက်ဒါနာကို ပြန်ကြည့်နေပါတယ်။ မျက်တောင်လေးတွေက ပုတ်ခတ်ပုတ်ခတ်နဲ့ပေါ့။
“ဒါနဲ့ နင်က ဒီလိုလမ်းကြားထဲမှာ လက်နက်မပါဘာမပါနဲ့ ဘာဝင်လုပ်နေတာလဲ။ နင့်ခန္ဓာကိုယ်က တော်တော် အားနည်းတာနော်။”
“တ... တကယ်တော့... လမ်းပျောက်နေလို့ပါ။” ဖရာလီတာက ရှက်သွားတဲ့အလား ကျိုးနေတဲ့ မှော်နှင်တံကို နောက်မှာဝှက်ထားရင်း ဖြေလိုက်တယ်။ မက်ဒါနာကလည်း ငါးသေကြီး မျက်လုံးတွေနဲ့ ဖရာလီတာကို ကြည့်ရင်း...
“နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား။” လို့ပဲ ပြောလိုက်တယ်။ သူ့အတွက် ဖရာလီတာလမ်းပျောက်တာ ဘာမှမထူးဆန်း သလိုပါပဲ။
“ဟုတ်ပြီ၊ လောလောဆယ်တော့ နင်သူတို့ထဲက အပုလေးကို မနိုင်တယ်မဟုတ်လား။ သူ့ကိုခေါ်လာခဲ့။ ငါက ကျန်တဲ့ နှစ်ယောက်ကို သယ်မယ်။ ဒီနားက ရဲစခန်းကို တစ်ခါတည်း ဝင်အပ်ခဲ့ရအောင်။”
မက်ဒါနာက ပြောလိုက်တော့ ဖရာလီတာက အပုလေးရဲ့အင်္ကျီလက်ကုပ်ကို ဖမ်းဆွဲပြီး တရွတ်တိုက် ဆွဲခေါ်ဖို့ အသင့်ပြင်တယ်။ မက်ဒါနာကတော့ ပိန်ရှည်နဲ့ ဗလကြီးကို ကျောတစ်ဖက်တစ်ချက်စီပေါ် ကောက်တင် လိုက်တယ်။ သူ့ခန္ဓာကိုယ်ကိုသူ အဆင့်မြှင့်တင်ပြီးနောက် ဝတ်စုံမပါဘဲနဲ့တောင် မက်ဒါနာက အတော်လေးသန်မာ ပါတယ်။
“ဆေလာမက်ဒါနာ၊ နင်က ငါ့ကို အကူအညီတောင်းတယ် ဆိုတော့ ငါ့ကို နင့်ရဲ့ရဲဘော်ရဲဘက်တစ်ယောက်လိုမျိုး သဘောထားတယ် ဆိုတဲ့သဘောလား။”
မက်ဒါနာက ဖရာလီတာ ဘာတွေလာပြောနေမှန်း မသိတဲ့ အတွက်ကြောင့် လေပူတွေမှုတ်ထုတ်ရင်း “ဘာတွေ လာပြောနေတာလဲ။ ငါတို့တွေ ကျောချင်းကပ်ပြီးတော့ တိုက်ခိုက်ခဲ့တာ ဘယ်နှစ်ကြိမ်တောင် ဖြစ်နေပြီလဲ။ နင်က ငါ့ရဲ့အရေးအကြီးဆုံး ရဲဘော်ရဲဘက်ဆိုတာ အသိသာကြီး။”
“....” ဖရာလီတာ ရင်တစ်ချက်ခုန်သွားပြီး ပါးလေးတွေ နီရဲသွားတယ်။ ‘ဆေလာမက်ဒါနာက ငါ့ကိုရဲဘော်ရဲဘက် အဖြစ်မှတ်ယူပြီးသားတဲ့။' အဲဒီအတွေးကပဲ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်။
“မြန်မြန်သွားရအောင်၊ နေ့လယ်စာစားဖို့လည်း နောက်ကျနေပြီ။” မက်ဒါနာက စကားစဖြတ်ပြီးတော့ ရှေ့ကနေ ဦးဆောင်လျှောက်တယ်။ ဖရာလီတာကတော့ နောက်ကနေ လိုက်လာတာပေါ့။