← Chapters

အခန်း (၂၅၇)

Vol. 18 Ch. 257

အခန်း (၂၅၇)

Vol. 18 Ch. 257

အသစ်ရောက်လာသူများက စူးစမ်းလိုစိတ်ဖြင့် မေးခွန်းများမေးကာ ယခင်ကပဲ ရောက်ရှိနေသူများက ပြန်လည်ဖြေကြားနေကြသည်။

“အဲ့ဒီရှေ့ကလူကို ငါသိတယ်…သူကကုန်သည်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်…အခုတော့ဘာဖြစ်သွားမှန်း ငါလဲမသိဘူး…အဲ့နေရာမှာပဲ တစ်ချိန်လုံးရပ်ပြီး ရှေ့ကိုစိုက်ကြည့်နေတာ ရက်တော်တော်ကြာသွားပြီ…ကြည့်ရတာ အရူးတစ်ယောက်ပဲနေမှာပါ…”

“ဒါဆို သူ့နောက်ကအမျိုးသမီးကရော ဘယ်လိုလဲ…”

“အင်း…ပြောရမယ်ဆိုရင် သူကလည်း ရှေ့ကအရူးကိုကြည့်ဖို့လာခဲ့တာဘဲ…ငါကြားရသလောက်ဆိုရင် သူကကျင့်ကြံသူတစ်ယောက်ဖြစ်မယ်…ဒါပေမယ့် ဘာဖြစ်သွားမှန်းမသိဘူး…ရောက်လာပြီးသိပ်မကြာခင် ရှေ့ကလူကိုစိုက်ကြည့်နေပြီး နေရာကမလှုပ်တော့ဘူး…”

ဖြေကြားလိုက်သူက အနည်းငယ်ခေါင်းရမ်းကာ ရယ်မောလိုက်ပြီး သူ၏မျက်လုံးများက စုန့်ဝေဝေအား အပေါ်အောက် စုန်ဆန်ကြည့်ရင်း နောင်တရဟန်များဖြစ်ပေါ်လာခဲ့သည်။

“သတင်းတွေထွက်ပြီးတဲ့နောက် ကျင့်ကြံသူတစ်ချို့ လာရောက်စစ်ဆေးခဲ့ကြသေးတယ်… ထူးခြားတာဘာမှမရှိဘူး…ဒီတိုင်း သူတို့က အရူးတွေပဲဖြစ်ရမယ်…”

“တကယ့်ဟာသပဲ…အရူးတစ်ယောက်ကိုကြည့်ပြီး လိုက်ရူးသွားတယ်…”

“ဟား..ဟား..ဟား…”

ထိုအဖြေအားကြားပြီးနောက် လူတိုင်းရယ်မောလိုက်ကြသည်။

ကြယ်ကြွေကုန်း၌ ပျော်ရွှင်တက်ကြွဖွယ် အငွေ့အသက်များရှိနေပေသည်။ထိုနေရာမှဖြတ်သန်းသွားသူတိုင်း ရွှမ်ယီနှင့် စုန့်ဝေဝေတို့အားကြည့်ကာ ဟာသတစ်ခုအလား ရယ်မောသွားခဲ့ကြသည်။

စုန့်ဝေဝေ၏မိသားစုမှ လူအနည်းငယ်ရောက်ရှိလာကြ၏။သူတို့က စုန့်ဝေဝေအား အဝေးသို့ဆွဲခေါ်ရန် ကြိုးစားကြသော်လည်း စုန့်ဝေဝေက နေရာမှတုတ်တုတ်ပင်မလှုပ်ခဲ့ချေ။

သူမက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယခုသူမအားဆွဲခေါ်နေသူကလည်း စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာရှိသည်။ဤသို့ဖြင့် သူမကိုယ်တိုင်ဆန္ဒမပါသည်ဖြစ်ရာ မည်သို့မျှ ဆွဲမခေါ်နိုင်ဖြစ်နေခဲ့၏။

တဖြည်းဖြည်းနှင့် အဖြစ်အပျက်များက ပိုမိုကျယ်ပြန့်လာခဲ့သည်။

အနီးအနားရှိ ဂိုဏ်းများမှ လူများကလည်း သတင်းကြားပြီး စစ်ဆေးရန်လာရောက်ခဲ့ကြ၏။သူတို့က စုန့်ဝေဝေအား တွေ့လျှင် လက်ညိုးများထိုးကာ တီးတိုးပြောလျက် ရယ်မောကြလေသည်။

စုန့်ဝေဝေ၏ ပါရမီက အဆင့်တူတွင် တော်တော်လေးကောင်းမွန်သည်ဟု ယူဆ၍ရသည်။ယခင် ဂိုဏ်းပြိုင်ပွဲများတွင် စုန့်ဝေဝေက အမြဲတစေ မှတ်တမ်းကောင်းများအား ပိုင်ဆိုင်ခဲ့၏။သို့သော် သူမရုတ်တရက်ရူးသွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

ထိုဟာသက အလွန်ကြီးမားသော သက်ရောက်မှုရှိသည်။

စုန့်ဝေဝေ၏ဂိုဏ်းမှ အကြီးအကဲများရောက်မလာခင် တစ်ခြားသောဂိုဏ်းများမှလူများက ဤအခွင့်အရေးအား လက်လွှတ်မခံပဲ လှောင်ပြောင်ရယ်မောနေကြသည်။

စုန့်ဝေဝေက ထိုလှောင်ပြောင်သည့်စကားများအားလုံးအား လျစ်လျှူရှုထားခဲ့သည်။ယခုအချိန်တွင် သူမ၏ကျင့်ကြံမှုက လျင်မြန်စွာတိုးတက်နေသည်ဖြစ်ရာ အခွင့်အရေးအားမည်သို့ လက်လွှတ်ရမည်နည်း။

(၂) ရက် (၃) ရက်ခြားတစ်ကြိမ် ရွှမ်ယီ၏ခန္ဓာကိုယ်မှ အလွန်ဆန်းကြယ်ပြီး သိမ်မွေ့သော စွမ်းအင်အတက်အကျ အနည်းငယ်ထွက်ပေါ်လာလေ့ရှိသည်။

၎င်းအား စုန့်ဝေဝေက တွေ့ရှိခဲ့ရာ နားလည်နိုင်ရန် ကြိုးစားခဲ့ပြီးနောက် သူမ၏ ကျင့်ကြံမှုက တိုးမြင့်လာခဲ့သည်။

ယခင်တုန်းက သူမ၏ကျင့်ကြံဆင့်က စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် (၄) တွင်သာရှိပြီး ဤနေရာတွင် ရက်အတန်ကြာရပ်နေခဲ့ပြီးနောက် သူမက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် (၇) သို့ရောက်သွားပြီဖြစ်၏။

သူမ ဤအတောအတွင် အဆင့်(၃)ဆင့် တိုးတက်သွားခဲ့သည်။

သူမဂိုဏ်းမှ ရွယ်တူများကြားထဲတွင် ဤအဆင့်သို့ ပထမဆုံးရောက်သူမှာ သူမပင်ဖြစ်ပေလိမ့်မည်။

ဤရက်ပိုင်းအတွင်း တိုးတက်လာခဲ့သည်က သူမ၏ကျင့်ကြံဆင့် တစ်ခုတည်းမဟုတ်ပေ။

ရွှမ်ယီအား စိုက်ကြည့်နေရင်း သူမ၏နှလုံးသားထဲတွင် ကခုန်‌နေသည့် ဓါးစွမ်းအင်များကို ခံစားမိနေ၏။ရွှမ်ယီထံမှ ထွက်ပေါ်လာသည့် လျှို့ဝှက်ပြီး သိမ်မွေ့ဆန်းကြယ်သော စွမ်းအားအတက်အကျများထဲတွင် ဓါးရည်ရွယ်ချက် စွမ်းအားလည်း ရောယှက်ပါဝင်နေဟန်ရသည်။သူမက စိတ်ဖြင့် ၎င်းအားထိတွေ့မိသည်နှင့် ဓါးပင်လယ်ကြီးတစ်ခုအား မြင်လိုက်ရသကဲ့သို့ ခံစားမိလိုက်သည်။

‘ဂိုဏ်းက အကြီးအကဲတွေတောင် ဒီလူလောက် အစွမ်းထက်မယ်မထင်ဘူး…’

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားထဲတွင်ပါဝင်သည့် ဓါးရည်ရွယ်ချက်စွမ်းအားများက အလွန်နက်နဲသည်ဖြစ်ရာ သူမအနေဖြင့် အလွယ်တကူနားလည်ရန် မဖြစ်နိုင်ချေ။သို့သော် အချိန်ပို၍ရပါက ကနဦးဓါးရည်ရွယ်ချက်အား နားလည်နိုင်သည်ဟု ခံစားမိနေသည်။

စုန့်ဝေဝေ၏ နှလုံးသား အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ သူမ၏ မျက်လုံးများက ပြန်လည်ကြည်လင်လာကာ ရွှမ်ယီအား မရေရာမှုများဖြင့် ကြည့်လိုက်မိသည်။

‘သူ့ဆီက ဖြာထွက်လာတဲ့ စွမ်းအားအနည်းငယ်လေးကတောင် ကနဦးဓါးရည်ရွယ်ချက်ကို နားလည်အောင် လုပ်ပေးနိုင်တယ်…ဒီသတင်းပျံ့နှံ့သွားခဲ့ရင် လူတွေဘယ်လောက်တောင် ထိတ်လန့်သွားလိမ့်မလဲ…’

‘ဒီလူရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာများလဲ…’

သူမအား ပတ်ဝန်းကျင်မှ လှောင်ပြောင်မှု ရှုံ့ချမှုများနှင့် ပတ်သက်၍မူ စုန့်ဝေဝေက အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

ဘယ်သူတွေဘာပြောပြော ခွန်အားကြီးသူ၏ စကားကသာ အမှန်ဖြစ်၏။

ပတ်ဝန်းကျင်မှလူများ၏ လှောင်ပြောင်မှုများကြောင့် ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက သူမတစ်သက်လုံး နောင်တရနေမိပေလိမ့်မည်။

သူမက အရူးတစ်ယောက်မဟုတ်ချေ။

….

ကြယ်ကြွေကုန်းမှ အရူးများ၏ ဇာတ်လမ်းက တဖြည်းဖြည်းပို၍ပျံနှံ့လာပြီး ရက်အနည်းငယ်အကြာတွင် ထိုမြင်ကွင်းအားကြည့်ရှုရန် ကျင့်ကြံသူအများအပြား ရောက်လာခဲ့ကြသည်။

စုန့်ဝေဝေက ကြယ်ကြွေကုန်းအနီးပတ်ဝန်းကျင်ရှိ ဂိုဏ်းတစ်ဂိုဏ်းမှဖြစ်ပြီး ပါရမီကောင်းသူတစ်ဦးဖြစ်ကာ သူမ၏ဂိုဏ်းမှ အလေးထားရသူတစ်ဦးလည်းဖြစ်သည်။ယခုတွင် အရူးတစ်ယောက်အားမြင်ပြီးနောက် သူမပါ လိုက်ရူးသွားဟန်ရ၏။

ဤသို့ဖြင့် စုန့်ဝေဝေက လူအများ၏အမြင်တွင် ဟာသတစ်ခုဖြစ်လာခဲ့သည်။

တစ်ချို့သော ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ကျန်အကြောင်းအရာများကြောင့်မဟုတ်ပဲ သူတို့နှင့် အစေးမကပ်သော ‌စုန့်ဝေဝေအား ကြည့်ရန်ရောက်လာကြခြင်းဖြစ်သည်။

သူတို့ ကြယ်ကြွေကုန်းသို့ ရောက်လာသောအခါ စုန့်ဝေဝေနှင့်အတူ လူတစ်ယောက်က လုံးဝမလှုပ်ပဲ ရပ်နေကြောင်းတွေ့လိုက်ရသည်။

“ဟား..ဟား..ဟား… အရမ်းမိုက်တာပဲ…”

“အချိန်တွေအကြာကြီး လုံးဝမလှုပ်ပဲနေတဲ့ ဟိုအရူးကိုကြည့်လိုက်ပါဦး… အဲ့ဒီအရူးကောင်က တော်တော်လေး‌တော့ချောပေမယ့် အခုလိုရူးနေတာ စိတ်မကောင်းစရာပဲ…”

လူတိုင်း စုန့်ဝေဝေနှင့် ရွှမ်ယီအား လက်ညိုးများထိုးကာ လှောင်ပြောင်ရယ်မောနေကြ၏။

၎င်းတို့က လှုပ်ရှားရဲခြင်းမရှိသော်လည်း ကြယ်ကြွေကုန်းမှ ဤအဖြစ်အပျက်အား မှတ်တမ်းတင်ထားရန် ပုံရိပ်ကျောက်တုံးအား အသုံးပြုလိုက်ကြသည်။၎င်းက အနာဂါတ်တွင် ပတ်ဝန်းကျင်နယ်မြေများသို့ ပျံ့နှံ့သွားမည်ဖြစ်၏။စုန့်ဝေဝေလည်း အလွန်အရှက်ရသွားမည်ဖြစ်ကာ သူမ၏ဂိုဏ်းကလည်း သူမအား တန်ဖိုးထားကာ လေ့ကျင့်ပေးတော့မည်မဟုတ်ပေ။

ဤသို့ဖြင့် သူတို့၏ပြိုင်ဘက်ဖြစ်သော ပါရမီရှင်အား အပြင်းအထန်အားထုတ်စရာမလိုပဲ ကျရှုံးသွားအောင်လုပ်နိုင်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ကြယ်ကြွေကုန်းသို့ ရောက်လာသူ ပိုမိုများပြားလာ၏။

ထိုမြင်ကွင်းက အလွန်ထူးဆန်းပြီး ရယ်စရာတစ်ခုဖြစ်နေရာ ၎င်းအား ကြည့်ရန် အနီးပတ်ဝန်းကျင် နယ်မြေများမှ ကျင့်ကြံသူများစွာရောက်လာကြသည်။

တစ်ချို့လူများက ဤဟာသအား အနာဂတ်တွင် ပြန်လည်ကြည့်ရှုရန်အတွက် ပုံရိပ်ကျောက်တုံးများကိုပင် အသုံးပြုနေကြ၏။

ထိုပုံရိပ်ကျောက်တုံးများကြောင့် အရူးနှစ်ယောက်ဇာတ်လမ်းက ပိုမိုကြီးကျယ်လာပြီး ကြယ်ကြွေကုန်းသို့ ရောက်လာသူလည်း ပိုမိုများပြားလာခဲ့သည်။

အစပိုင်းတွင် လူသိပ်မများသဖြင့် ပတ်ဝန်းကျင်က မဆူညံပဲတိတ်ဆိတ်နေခဲ့သော်လည်း ယခုတွင် လူအလွန်များပြားလာသောအခါ ဆူညံပွတ်လောရိုက်နေတော့၏။

တစ်ချို့သောလူများက ရေဆာလာကြသဖြင့် ကြယ်ကြွေကုန်းရှိ ရေကန်မှ ကြည်လင်သန့်ရှင်းသောရေအား သောက်သုံးရန်သွားကြသည်။

ဝုန်း…

ရေကန်အနည်းငယ်လှုပ်ရှားသွားသောအခါ ရွှမ်ယီ၏ နှလုံးသားထဲတွင် ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံး မြည်ဟည်းသကဲ့သို့ ဖြစ်သွား၏။

All Chapters