← Chapters

အခန်း (၂၆၃)

Vol. 18 Ch. 263

အခန်း (၂၆၃)

Vol. 18 Ch. 263

ထိုဓါးချက် ပြေးထွက်သွားသည်နှင့်အတူ တိုက်ပွဲစင်မြင့်အား ကာရံထားသည့် အကာအကွယ်လည်း လှုပ်ခါသွား၏။ ဓါးချက်အတွင်း၌ပါဝင်သော စွမ်းအားကို အပြည့်အဝမစုပ်ယူနိုင်သည်မှာ ထင်ရှားသည်။

ဟီဖေးထန်၏ မျက်နှာအမူအရာ သိသိသာသာပြောင်းလဲသွား၏။ ထိုပြင်းထန်သော တိုက်ခိုက်မှုအား သူကာကွယ်နိုင်မည်မဟုတ်ဟု ခံစားမိနေသည်။

ရွှစ်…

ရှောင်ဟောင်လည်း အံ့ဩသွားပြီး သူ၏ဓါးအား ရပ်တန့်ရန်ကြိုးစားလိုက်၏။

သို့သော် သူက ဓါးချက်အတွင်း၌ အစွမ်းကုန်ထည့်သွင်းထားသည်ဖြစ်ရာ အပြည့်အဝ ပြန်လည်ရုတ်သိမ်းနိုင်စွမ်းမရှိတော့ချေ။ သူ အသိဝင်လာချိန်တွင် ဟီဖေးထန်က ကြမ်းပြင်ထက်၌ လဲကျနေပြီဖြစ်၏။

“ဒါပဲလား…ဒါက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်တဲ့လား…”

ရှောင်ဟောင် အနည်းငယ်ကြောင်အသွား၏။ တိုက်ပွဲစင်မြင့်‌ဘေးပတ်ဝန်းကျင်မှလူများကမူ ၎င်းတို့၏အိပ်မက်ထဲသို့ရောက်နေသည့်အလား ခံစားနေရပြီး မျက်လုံးများပြူးကျယ်နေကာ အသံတစ်သံမှ မထွက်ကြပေ။

ကောင်းကင်ဘုရင်၏မျိုးဆက် ၊ ဟီမိသားစုမှ ပါရမီရှင် လူငယ်ခေါင်းဆောင် ၊ အဆင့်တူတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေသောသူ ဟီဖေးထန်က ဓါးတစ်ချက်ဖြင့် လဲကျသွားချေပြီ။

ကြီးကြပ်သူ ထိတ်လန့်နေရာမှ အသိဝင်လာပြီး ချက်ချင်းတုန့်ပြန်လိုက်သည်။

သူက ကြမ်းပြင်ထက်၌ လဲကျနေသည့် ဟီဖေးထန် ရှိရာသို့ အလျင်အမြန်ပြေးသွားပြီး စစ်ဆေးကြည့်လိုက်သည်။ထို့နောက် သူ၏မျက်နှာက သိသိသာသာ ပျက်ယွင်းသွား၏။

“သေ…သေသွားပြီ…”

ရှောင်ဟောင်၏ မျက်လုံးများလည်း ပြူးကျယ်သွား၏။

သေသွားပြီလော…?

ဒီလောက်တောင် အားနည်းတာလား…?

ပထမတွင် ထိုလူသာ အားနည်းသည့်ဟန် ရှိနေခဲ့မည်ဆိုလျှင် သူအစွမ်းကုန် အသုံးပြုမည်မဟုတ်ပေ။ယခုတွင် ထိုလူ၏ပုံစံက အလွန်အစွမ်းထက်နေသည့်ဟန်ဖြစ်နေရာ ရှိသမျှစွမ်းအားအလုံးစုံကို ဓါးထဲ၌ ထည့်သွင်းတိုက်ခိုက်လိုက်ခြင်းဖြစ်သောကြောင့် သူအနေဖြင့် ပြန်လည်ရုတ်သိမ်းနိုင်ခြင်း မရှိခဲ့ချေ။

“တိုင်ပတ်ပြီ…”

ရှောင်ဟောင်၏ မျက်ဝန်းများ အနည်းငယ်မှိန်ဖျော့သွားပြီး မျက်နှာထက်၌ ဝမ်းနည်းဟန်များပေါ်လာသည်။ သူက ထိုလူအား သတ်ချင်စိတ်မရှိခဲ့ပေ။ သို့သော် ဓါးတွင် မျက်လုံးမရှိချေ။ ထို့အပြင် အသတ်ခံလိုက်ရသူက ကောင်းကင်ဘုရင်အဆင့် အဖွဲ့အစည်းမှဖြစ်နေ၏။ ထိုအင်အားစုက သူ့ကို ပြဿနာရှာလာလျှင်…

ရွှစ်…

ရှောင်ဟောင်က ရွှမ်ယီပေးအပ်ထားသည့် အဆောင်ကျောက်စိမ်းအား ချိုးဖျက်လိုက်ပြီး လေဟာနယ်အား ချက်ချင်းဖြတ်သန်းကာ ဗဟိုသူတော်စင် အကယ်ဒမီသို့ပြန်ရောက်သွား၏။ ထို့နောက် ရွှမ်ယီ၏ နေအိမ်ရှိရာဆီသို့ အပြေးသွားကာ တံခါးရှေ့၌ ဒူးထောက်ချလိုက်သည်။

လက်ရှိအချိန်တွင် သူစိတ်ရှုပ်ထွေးနေပြီး ခေါင်းထဲ၌ သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ရွှမ်ယီဖြစ်၏။

ရှောင်ဟောင် ထွက်ခွါသွားပြီးနောက် တိုက်ပွဲစင်မြင့်ကတောက်ပလာပြီး အောင်မြင်ကြောင်း အချက်ပြလိုက်ကာ ရွှေရောင်များဖုံးလွှမ်းနေသည့် နာမည်တစ်ခု ဖြစ်ပေါ်လာသည်။

တိုက်ပွဲစင်မြင့်ကာကွယ်သူ…ရှောင်ဟောင်…

တိုက်ပွဲကွင်းပြင်မှလူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိကြ၏။

၎င်းတို့အားလုံး လင်းယုန်ဒေသမှ ဖြစ်ကြသည်။သို့ဖြစ်ရာ ဟီမိသားစုက ၎င်းတို့၏မျိုးဆက်များကို မည်မျှအကာအကွယ်ပေးကြောင်း သိထားကြ၏။

ယခုတွင် ဟီမိသားစုမှ ပါရမီရှင်က တိုက်ပွဲစင်မြင့်ထက်တွင် သေဆုံးသွားပြီဖြစ်ရာ လင်းယုန်ဒေသတစ်ခုလုံး မကြာမီ မုန်တိုင်းထန်တော့မည်။

တိုက်ပွဲစင်မြင့်တွင် အမြဲတစေ သေဆုံးခြင်းများရှိတတ်သော်လည်း ၎င်းတို့က သာမန်လူများအတွက်သာ ဖြစ်၏။

…

ထိုအချိန်တွင် ဗဟိုသူတော်စင်အကယ်ဒမီ၌

ရွှမ်ယီက အိမ်အပြင်ဘက်မှ လှုပ်ရှားမှုအား သတိပြုမိလိုက်ပြီး တံခါးသွားဖွင့်ကြည့်လိုက်လျှင် အံ့အားသင့်သွား၏။

“မင်း ဘာလုပ်နေတာလဲ…”

ထိုကောင်လေး…အဘယ်ကြောင့် နေရင်းထိုင်ရင်း ဤနေရာတွင် ဒူးလာထောက်နေရသနည်း…?

“ဆရာ…ကျွန်တော် လူသတ်ခဲ့မိတယ်…”

“မင်း…တစ်ယောက်ယောက်ကို သတ်ခဲ့တာလား…”

ရွှမ်ယီ အနည်းငယ် အံ့အားသင့်သွား၏။ လူတစ်ယောက် နှစ်ယောက်လောက်အား သတ်ဖြတ်ခြင်းမှာ သာမန်ကိစ္စတစ်ခုပင်။

ကျင့်ကြံသူများထဲတွင် အသက်အနည်းငယ်အား မသတ်ဖူးသူ မရှိသလောက်ပင်။

“ဒါပေမယ့်…အဲ့ဒီလူက ကြီးမားတဲ့နောက်ခံရှိတယ်…”

ရှောင်ဟောင်က ရွှမ်ယီအား တိုက်ရိုက်မကြည့်ရဲသောကြောင့် သူ၏ခေါင်းအား ငုံ့လိုက်သည်။ယခုအချိန်တွင် သူ၏ ပုံစံက အလွန်စိတ်မကောင်းဖြစ်နေဟန်ရ၏။

“အိုး…”

“ငါ့ကို အသေးစိတ်ပြောပြကြည့်…”

ရွှမ်ယီက အနည်းငယ် မျက်လုံးမှေးကျဉ်းလိုက်ပြီး ရှောင်ဟောင်အား တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

ရှောင်ဟောင်က ထိုကိစ္စအား ဖုံးကွယ်ရန် မစွမ်းသာသဖြင့် ရွှမ်ယီအား အစအဆုံးပြောပြလိုက်၏။

“တိုက်ပွဲစင်မြင့်ရဲ့ စည်းကမ်းအရဆိုရင် ဓါးတွေ၊ လှံတွေမှာ မျက်လုံးမပါတဲ့အတွက် လူသေသွားတာက ကိစ္စမရှိဘူး…ပြီးတော့ အဲ့ဒီလူက ပါရမီရှင်တစ်ယောက်ဖြစ်တဲ့အပြင် ကျွန်တော်ကြားသလောက်ဆိုရင် အဆင့်တူမှာ ပြိုင်ဘက်မရှိလုနီးပါးလို့ပြောကြတယ်…အဲ့ဒါကြောင့် ကျွန်တော်အစွမ်းကုန် တိုက်ခိုက်ခဲ့လိုက်မိတယ်…”

“ဒါပေမယ့် သူက ဒီလောက်အားနည်းနေလိမ့်မယ်လို့ မထင်ထားဘူး…ကျွန်တော့်ဆီက ဓါးတစ်ချက်ကိုတောင် မကာကွယ်နိုင်ခဲ့ဘူး…”

ရှောင်ဟောင်က သူ၏ဓါးထဲ၌ စွမ်းအားပြည့်အသုံးပြုကာ ထည့်သွင်းတိုက်ခိုက်ခဲ့သည့်အတွက် အလွယ်တကူ ပြန်လည်နောက်ဆုတ်နိုင်စွမ်း မရှိခဲ့ချေ။

စကားဆုံးလျှင် ရွှမ်ယီ အနည်းငယ်ငြိမ်သက်သွား၏။

မည်သို့ပင်ကြည့်စေကာမူ ရှောင်ဟောင်‌တွင် အပြစ်မရှိချေ။

“သူက ကောင်းကင်ဘုရင်အဆင့် အဖွဲ့အစည်းကလာတာ…ဆရာ…ကျွန်တော့ကြောင့် ပြဿနာတွေ ရှုပ်လာတော့မယ်…တကယ်လို့ သူတို့ ဒီကိုရောက်လာခဲ့ရင် ကျွန်တော့်ကို သူတို့ဆီလွှဲပေးလိုက်ပါ…အားလုံးကို ကျွန်တော်တစ်ယောက်ထဲ ခံယူလိုက်ပါ့မယ်…”

သာမန်အားဖြင့်ဆိုလျှင် တပည့်တစ်ယောက်က ၎င်းတို့၏ဆရာ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်သည့် ပြဿနာတစ်ခုအား ယူဆောင်လာပါက ဆရာဖြစ်သူအနေဖြင့် တပည့်အား မကယ်တင်ရန် ဖြစ်နိုင်ချေများသည်။ ပြဿနာများကို ရှောင်ရှားရန် မတတ်သာသည့်အဆုံး တပည့်ကို လက်လွှဲပေးကြလိမ့်မည်။

တပည့်တစ်ယောက်မရှိတော့လျှင် ထိုနေရာတွင် နောက်တစ်ယောက်အသစ်လက်ခံလိုက်၍ရသည်။၎င်းက ကြီးမားသော ပြဿနာတစ်ခုတော့မဟုတ်ချေ။

သူ၏ဆရာက ထိုကဲ့သို့လူစားမျိုးမဟုတ်ကြောင်း ရှောင်ဟောင်သိထားသည့်တိုင် သူလုပ်ခဲ့သည့် အမှားကြောင့် ရွှမ်ယီအား အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်စေလိုခြင်းမရှိချေ။

တောင်ပိုင်းတိုက်ကြီးတွင် လွန်ခဲ့သော နှစ်ပေါင်း သောင်းနှင့်ချီကတည်းက ကောင်းကင်ဘုရင်အဆင့် အဖွဲ့အစည်းများက အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ခြင်းဖြစ်၏။ထိုစကားအားကြားလျှင် ရွှမ်ယီ ခေါင်းယမ်းကာ ရယ်လိုက်သည်။

သူ၏ တပည့်များအား တစ်ခြားသူများ အနိုင်ကျင့်မည်ကို အဘယ်ကြောင့်ခွင့်ပြုရမည်နည်း။

ဖတ်…

ရွှမ်ယီက ရှောင်ဟောင်အား ဆွဲထူကာ ပုခုံးပုတ်လိုက်ပြီး သေချာစိုက်ကြည့်လိုက်သည်။ ရှောင်ဟောင်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ စီးကျနေ၏။ သူ အလွန်နောင်တရပြီး စိတ်မကောင်းဖြစ်နေမှန်း သိသာပေသည်။

ရွှမ်ယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ခွန်အားနှင့်ကောင်းမွန်သော စိတ်ထား ဤနှစ်မျိုးလုံးပိုင်ဆိုင်ထားခြင်းက ကောင်းမွန်ပေသည်။

“ဒီကိစ္စက မင်းအမှားမှမဟုတ်တာ…တိုက်ပွဲစင်မြင့်ရဲ့ စည်းမျဉ်းတွေအရဆိုလို့ရှိရင် ဓါးတွေမှာ မျက်လုံးမရှိဘူးလေ…ပြိုင်ဘက်က အင်အားကြီးနောက်ခံက လာရင်တောင် ဘာဖြစ်လဲ…”

“အပြစ်မဲ့တဲ့လူတွေကို အလကား‌ နေရင်းထိုင်ရင်း မသတ်ဖြတ်သရွေ့…”

“ငါ့တပည့်ကို ငါပဲဆုံးမမယ်…တစ်ခြားသူတွေ ဒီလိုလုပ်ဖို့ အရည်အချင်းမရှိဘူး…”

“ပြီးတော့ အခုဖြစ်ခဲ့တဲ့ကိစ္စက မင်းအမှားမှမဟုတ်ဘဲ…”

ရွှမ်ယီက ရှောင်ဟောင်အား နူးညံ့စွာပြုံးပြပြီး စိုက်ကြည့်လိုက်ကာ

“အများကြီး လျောက်တွေးမနေနဲ့…မင်းက ငါ့ကာကွယ်မှုအောက်မှာ ရှိနေတဲ့နောက်မှတော့ ဘယ်သူကလာပြီး ထိနိုင်မှာလဲ…”

“မဟုတ်သေးဘူး ဘယ်သူက အဲ့လိုလုပ်ရဲမှာလဲ…”

ထိုစကားလုံးများက ရှောင်ဟောင်၏ နှလုံးသားကို လှုပ်ခတ်သွားစေပြီး ရွှမ်ယီအား မျက်ရည်များပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ရွှမ်ယီ အနည်းငယ်ပြုံးလိုက်၏။

ငါ့တပည့်ကို ပြဿနာရှာချင်တာလား…

ဘယ်သူက အဲ့လိုလုပ်ရဲလဲ ကြည့်ရအောင်…

လင်းယုန်ဒေသ ၊ ဟီမိသားစု…

ဟီဖေးထန်၏ အသက်ကျောက်စိမ်းကွဲအက်သွားချိန်တွင် အသက်ကျောက်စိမ်းများထားရှိရာ အခန်းအား စောင့်ကြပ်နေသော အစောင့်၏မျက်လုံးများ ပွင့်သွားသည်။ အသေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ကွဲအက်သွားသော ကျောက်စိမ်းက ဟီဖေးထန် ပိုင်ဆိုင်သည့်အရာဖြစ်ကြောင်း အတည်ပြုလိုက်၏။ ထို့နောက် ဖြူဖျော့နေသောမျက်နှာဖြင့် သတင်းအား အပြေးသွားပို့လိုက်သည်။

“ကိစ္စတွေတော့ ရှုပ်ကုန်တော့မှာပဲ…”

ဟီဖေးထန်က ဟီမိသားစုခေါင်းဆောင်၏ သားဖြစ်ပြီး မိသားစုခေါင်းဆောင် အလွန် နှစ်သက်ချစ်ခင်သောလူလည်းဖြစ်သည်။ ယခုတွင် ဟီဖေးထန် အသတ်ခံလိုက်ရပြီဖြစ်ရာ မိသားစုခေါင်းဆောင် မည်သို့တုန့်ပြန်မည်အား တွေးကြည့်ရုံဖြင့် သိနိုင်သည်။

အ‌သေအချာပင်။

အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ဟီမိသားစု အနောက်ခြံဝန်းအတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုနှင့်တစ်ကွ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ဘုန်း…

“ဘယ်သူလဲကွ…ဘယ်ကောင်က ဟီမိသားစုကလူကို သတ်ရဲတာလဲ…”

ဟီမိသားစုခေါင်းဆောင် ဟီဖေးရန် အလွန်ဒေါသထွက်နေခဲ့ပြီး သူ့ထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ သတ်ဖြတ်ချင်စိတ်အပြည့် ဖြစ်နေသော မျက်နှာ၊ နီရဲနေသော မျက်လုံးများဖြင့် အံကြိတ်ကာ ခေါင်းမော့ပြီး အော်ဟစ်လိုက်၏။

ရွှစ်…

ထို့နောက်သူက လေဟာနယ်အား တိုက်ရိုက်ဖြတ်ကျော်ကာ တိုက်ပွဲကွင်းပြင်သို့ ရောက်သွားခဲ့သည်။ ထို့နောက် ထိတ်လန့်တကြားဖြစ်နေသည့် တိုက်ပွဲကွင်းပြင်ကြီးကြပ်သူထံမှ အသေးစိတ်အချက်အလက်များအား သိလိုက်ရပြီးနောက် သူ၏မျက်နှာက အလွန်မဲမှောင်သွားလေသည်။

တိုက်ပွဲစင်မြင့်တွင် သေဆုံးခြင်းက ထူဆန်းသောကိစ္စမဟုတ်သော်လည်း တစ်ခြားလူများအား သတ်လိုက်သောသူက သူ၏သားသာ ဖြစ်သင့်သည်။

ယခုတွင် သူ့သားကို ဓါးတစ်ချက်တည်းဖြင့် သတ်ခဲ့သည်လား…?

All Chapters