အခန်း (၂၆၅)
Vol. 18 Ch. 265
ရွှမ်ယီအားကြည့်နေသော ဟီဖေးရန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်၏။
သူဤနေရာသို့မလာခင်က ဗဟိုသူတော်စင်အကယ်ဒမီအား အကြပ်ကိုင်ကာ ရှောင်ဟောင်အား သတ်ဖြတ်ပြီး သူ့သားအတွက် လက်စားချေရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ထိုရှောင်ဟောင်က မူလဘုရင်အဆင့် နံပါတ်(၁) ရွှမ်ယီ၏ တပည့်ဖြစ်နေခဲ့သည်။
ထိုအချက်က အဓိကမကျပေ။ မူလဘုရင့်အဆင့် နံပါတ်(၁)က မည်မျှအစွမ်းထက်နေစေကာမူ လူသားဘုရင် နှောင်းပိုင်းအဆင့် စွမ်းအားကို ကျော်လွန်နိုင်ရန် မဖြစ်နိုင်ချေ။ အဓိက ပြသနာက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်က ရွှမ်ယီနောက်၌ ရှိနေခြင်းဖြစ်၏။
ဟီမိသားစုက အစွမ်းထက်သည်မှန်သော်လည်း ကောင်းကင်ဘုရင်အဆင့်ကျွမ်းကျင်သူ တစ်ဦးနှင့် ရန်သူမဖြစ်လိုပေ။ ထို့ကြောင့် ခြေတစ်လှမ်းနောက်ဆုတ်ကာ ရှောင်ဟောင်အား အသက်ချမ်းသာပေးရန် ဆုံးဖြတ်ခဲ့၏။
သို့သော် ဟီမိသားစုမှ ပါရမီရှင်တဖြစ်လဲ သူ၏ သားဖြစ်သူ သေဆုံးခြင်းက အလကားမဖြစ်လိုပေ။
သူက ဟီမိသားစုမှ ခေါင်းဆောင်ဖြစ်ပြီး သူကိုယ်တိုင်ရောက်လာသည်ဖြစ်ရာ သူ့အား မျက်နှာသာတော့ပေးသင့်သည်။
သို့သော် ရွှမ်ယီ၏ အမူအရာနှင့် တုံ့ပြန်ပုံက သူအား ဒေါကန်သွားစေ၏။
“ ဆရာရွှမ်.. ငါက မင်းကို လေးစားပါတယ်…”
ဟီဖေးရန်က အသာအယာပြောလိုက်၏။ နံဘေးတွင် စုရုံးကာ များပြားလာသည့် ကျောင်းသားများအားကြည့်ပြီး နှလုံးသားထဲ၌ လှောင်ရယ်လိုက်သည်။ လူများလေ သက်သေများပိုများလေပင်။ သူ၏ စကားများ အလျင်အမြန်ပျံ့နှံ့သွားမည်ဖြစ်ပြီး မကြာခင် ရှောင်ဟောင် ဗဟိုသူတော်စင် အကယ်ဒမီမှ နှင်ထုတ်ခြင်းခံရပေလိမ့်မည်။
ထိုအချိန်တွင် ရှောင်ဟောင်က သင်းကွဲဝံပုလွေဖြစ်သွားမည်။
သူ့အနေဖြင့် အသတ်ခံရန် စောင့်နေရသော သိုးတစ်ကောင်နှင့် ဘာမှမထူးတော့ပေ။
“ ဆရာရွှမ်.. ငါ မင်းကို မေးပါရစေ.. လူတစ်ယောက်ကို သတ်ပြီးရင် တစ်စုံတစ်ခု ပြန်လည်ပေးဆပ်ရတာ သဘာ၀ပဲ မဟုတ်ဘူးလား…”
ပတ်၀န်းကျင်မှ ကျောင်းသားများ သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်ကို ခံစားမိလိုက်ပြီး ဟီဖေးရန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး ရွှမ်ယီအား ကြည့်လိုက်သည်။ အကယ်ဒမီမှ ဌာနမှူးပင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်လျှင် ဟီဖေးရန် ပိုပြီးစိတ်အေးသွား၏။
“ ဓားတွေမှ မျက်လုံးမရှိဘူး… တိုက်ပွဲစင်မြင့်က စည်းမျဉ်းတွေမှာ သေဆုံးနိုင်ချေနဲ့ ပတ်သက်ပြီး ဖော်ပြထားပေမယ့်… မင်းတပည့်နဲ့ ငါ့သားကြားမှာ ဘာရန်ငြိုးမှမရှိဘူးလေ… အဲ့တာကို ဘာလို့ သတ်လိုက်ရတာလဲ…”
“ ပြီးတော့ သူက ငါတို့ ဟီမိသားစုရဲ့ အမွေးဆက်ခံသူဆိုရင်လည်း မမှားဘူး….”
ဟီဖေးရန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အေးစက်စက်အလင်းတစ်ချက် လက်သွားပြီး
“ ဒီမှာ ရွှမ်ယီ.. တပည့်တွေကို သင်ပေးတယ်ဆိုတာ ကျင့်ကြံခြင်းတစ်ခုတည်း သင်ပေးနေလို့မရဘူးကွ… အကျင့်စာရိတ္တနဲ့ပတ်သက်ပြီးလည်း သင်ကြားပေးဖို့လိုအပ်တယ်… တပည့်လက်ခံတာမှာလည်း ပါရမီကောင်းတိုင်း လက်ခံနေရလို့မရဘူး… အဘက်ဘက်က လေ့လာဖို့လိုအပ်တယ်ဆိုတာကိုလည်း မမေ့နဲ့….”
ရှင်းပေသည်။ ဟီဖေးရန်၏ စကားများက ရွှမ်ယီ၏ တပည့်ဖြစ်သူ အကျင့်စာရိတ္တ၌ ပြသနာရှိနေသည်ဟု တိုက်ရိုက်ဖော်ပြလိုက်ခြင်းဖြစ်၏။
စကားဆုံးလျှင် ပတ်၀န်းကျင်မှ ကျောင်းသားများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
ဗဟိုသူတော်စင်အကယ်ဒမီက ကျောင်းသားများက ကျင့်ကြံခြင်းကိုသာမက ကိုယ်ကျင့်တရားနှင့်ပတ်သက်၍လည်း အလေးထားသည်။ ထိုလူစကားများအမှန်ဆိုပါက ရှောင်ဟောင်အနေဖြင့် အကယ်ဒမီ၌ ဆက်နေရန် မဖြစ်နိုင်တော့ချေ။
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိ၏။ တစ်ဖက်တွင် အသည်းအသန် ပြန်လည်ငြင်းခုံရန်ပြင်နေသည့် ရှောင်ဟောင်၏ ပခုံးအား လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။
ကျန်လက်တစ်ဖက်တွင် ဓားအား အောက်စိုက်ကာကိုင်ထားပြီး ဟီဖေးရန်အား စိတ်၀င်တစားပြုံးပြီးကြည့်လိုက်၏။
“ ကျုပ်တပည့်ရဲ့ စိတ်ဓာတ်မှာ ပြသနာရှိနေတယ်လို့ ခင်ဗျား ဆိုလိုချင်တာလား….”
ဟီဖေးရန်၏ နှုတ်ခမ်းထောင့်က ပြုံးယောင်ယောင်ရှိနေပြီး ခေါင်းညိတ်လိုက်သည်။
“ ဟာသဘဲ…”
“ ကျုပ် တပည့်တွေကို ဘယ်လိုလက်ခံတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခင်ဗျားကို အသေးစိတ်ရှင်းပြနေရဦးမှာလား…”
“ အခု ကျုပ်တပည့်ကို ခင်ဗျားဆုံးမလို့ရမယ် ထင်နေတယ်ပေါ့…?”
ဟီဖေးရန် ခေါင်းညိတ်သည်ကိုမြင်လျှင် ရွှမ်ယီ ပြုံးလိုက်၏။
တဖြည်းဖြည်း ရွှမ်ယီ၏ အမူအရာအေးစက်လာလေသည်။
သူက အေးစက်နေသော မျက်၀န်းများဖြင့် ဟီဖေးရန်၏ နှလုံးသားအား ဓားဖြင့် တိုက်ရိုက်ချိန်ရွယ်လိုက်၏။
ထိုအခါ ဟီဖေးရန် မျက်ခမ်းလှုပ်သွားပြီး သူ့ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားသလို ခံစားလိုက်ရလေသည်။
“ ကျန်တာတွေ ခင်ဗျား လျှောက်ရွှီးနေစရာမလိုဘူး…. တိုက်ပွဲစင်မြင့်မှာ လူသတ်လို့မရဘူးဆိုတဲ့ စည်းကမ်းမရှိရင် လုံလောက်ပြီ…”
ဝိုး..
ထိုစကားထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်မှ ကျောင်းသားများ၏ မျက်၀န်းများတောက်ပသွားသည်။ သူတို့သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။
ဟီဖေးရန် မျက်နှာပျက်သွားပြီး မျက်လုံးမှ အရောင်များပင် အနည်းငယ် မှိန်ကျသွားသည်။
သူက ရှေ့သို့ အနည်းငယ်တိုးလိုက်ပြီး စကားပြောရန်ပြင်လိုက်စဉ် ရွှမ်ယီက လက်ယမ်းကာ တားဆီးလိုက်၏။
“ ခင်ဗျားရဲ့သားက အားနည်းလွန်းလို့ အဆင့်တူမှာ ရှုံးသွားတာလေ.. ဒါတောင်မှ ဗဟိုသူတော်စင် အကယ်မီကိုဖြေရှင်းချက်တောင်းဖို့ ရောက်လာသေးတယ်ပေါ့.. ခင်ဗျား မရှက်ဘူးလား…”
ဝိုး…
ပတ်၀န်းကျင်မှ ကျောင်းသားများ လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
အားလုံး ဟီဖေးရန်အား အထင်သေးမှု ၊ နားမလည်မှုများပြည့်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်ကြသည်။
ဟီဖေးရန်၏ မျက်နှာ နီတစ်လှည့် ဖြူတစ်လှည့်ဖြစ်နေပြီး အတတ်နိုင်းဆုံး ဒေါသထိန်းရန် ကြိုးစားနေ၏။
သူ့အနေဖြင့် ယခုကဲ့သို့ တစ်ကြိမ်မှ အရှက်မရခဲ့ဘူးပေ။
“ ရွှမ်ယီက လူတွေကို အနိုင်ကျင့်တယ်လို့တော့မပြောနဲ့… တိုက်ပွဲစင်မြင့်မှာ လူသတ်ခြင်းနဲ့ပတ်သက်ပြီး တားမြစ်ထားတာမရှိဘူး.. ပြီးတော့ သေဆုံးနိုင်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်… လူငယ်မျိုးဆက်တွေကြားက ပြသနာကို သူတို့ချင်းပဲဖြေရှင်းပါစေ… အကယ်၍ အဲ့နေရာမှ သေသွားတဲ့လူက ကျုပ်တပည့်ဖြစ်နေရင် သူ အရည်အချင်းမရှိလို့ဘဲ… အခုရော ဘယ်လိုလဲ…? ကျုပ်ဆီက ဖြေရှင်းချက် လိုချင်သေးလား…”
ရွှမ်ယီက ဟီဖေးရန်အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
“ ခင်ဗျားက ပြသနာကို စီနီယာမျိုးဆက်ထိ သယ်လာချင်ရင်လည်း ကိစ္စမရှိဘူး… ကျုပ်.. ရွှမ်ယီက ၀မ်းသာအားရ ကြိုဆိုပေးမယ်…”
ဘုန်း…
ဓားအား အနည်းငယ်လှုပ်ယမ်းလိုက်သည်နှင့် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားစွမ်းအား တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။ ဗဟိုသူတော်စင်အကယ်ဒမီတစ်ခုလုံး သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်သွားပြီး ပတ်၀န်းကျင် အပူချိန်ပင် တိုက်ရိုက် ကျဆင်းသွားခဲ့၏။
ဓားအား အနည်းငယ် ဝှေ့ယမ်းလိုက်ပြီးနောက် ရွှမ်ယီက ဟီဖေးရန်အား တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အဓိပ္ပါယ်က ရှင်းသည်။ ဟီဖေးရန်သာ ဆက်ပြီး ဖြေရှင်းချက်တောင်းနေဦးမည်ဆိုပါက တိုက်ခိုက်တော့မည်။
လက်ထဲမှဓားက အဆင်သင့်ဖြစ်နေချေပြီ။
ဟီဖေးရန်၏ မျက်နှာ ရှုံ့မဲ့သွား၏။ ယင်တစ်ကောင် မြိုချမိလိုက်သကဲ့သို့ပင်။
ရွှမ်ယီအား လေးနက်စွာကြည့်လိုက်ပြီး
“ ဟမ့်.. ဒီကိစ္စ မပြီးသေးဘူး…”
ရွှမ်ယီ၏ ဓားမှတဆင့် သူက ထိုလူငယ်၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ဝိုးတဝါးခံစားမိနေသည်။
သူ့သားက ရွှမ်ယီ၏ တပည့်အား ရှုံးနိမ့်ခဲ့ပြီးဖြစ်၏။ အကယ်၍ သူသာ ရွှမ်ယီအား ထပ်မံရှုံးနိမ့်မည်ဆိုလျှင် ဟီမိသားစုက လုံး၀ ဟာသဖြစ်သွားတော့မည်။
သူက နောက်ဆုတ်လိုသော်လည်း ဟီမိသားစု မျက်နှာပျက်မည်စိုးရသည်။
အရှုံးသမားတစ်ဦးအလား ပြန်မသွားလိုသောကြောင့် မပြီးသေးကြောင်း ကြုံးဝါးခဲ့ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်၏။
ရွှစ်..
သို့သော် စကားဆုံးသည်နှင့် ရွှမ်ယီ၏ မျက်နှာက ပို၍ အေးစက်သွားပြီး မပြောမဆိုဖြင့် ဓားတစ်ချက် ခုတ်ချလိုက်သည်။
ဘုန်း….