အခန်း (၂၆၇)
Vol. 18 Ch. 267
ဟီဖေးရန်က ဟီဟိုင်ယွင်နောက်တွင် ရပ်နေခဲ့ပြီး နှလုံးသားထဲ၌ ခံစားချက်များရောထွေးနေကာ ခွန်အားမဲ့သလိုခံစားနေမိသည်။
ငါ့တို့ ဟီမိသားစုဘိုးဘေး ၊ ဂုဏ်သိက္ခာမြင့်မားတဲ့ ကောင်းကင်ဘုရင်ကြီးက အဘယ်ကြောင့် ဤကဲ့သို့ ပြုမူနေသနည်း…?
သို့သော် ဟီဟိုင်ယွင် မည်မျှကြောက်လန့်နေကြောင်း ဟီဖေးရန်မသိခဲ့ပေ။
ဟီးဖေးရန်သာ သူမရောက်သေးခင် ရွှမ်ယီအား စော်ကားမိပါက ရွှမ်ယီ၏ ဓားချက်အောက် (၂)ပိုင်းပြတ်သွားလောက်ချေပြီ။
ဟီဖေးရန်က စိတ်မြန်သူဖြစ်ရာ သားဖြစ်သူ သတ်ခံရကြောင်းသိလိုက်သည်နှင့် မိသားစုထံသို့ သတင်းပို့ပြီး ချက်ချင်းထွက်သွားခဲ့သည်။
ဟီဟိုင်ယွင်က သတင်းရပြီးနောက် အပြေးလိုက်လာခဲ့ခြင်းဖြစ်၏။ ဗဟိုသူတော်စင် အကယ်ဒမီ၏ အုတ်မြစ် မည်မျှနက်ရှိုင်းကြောင်း လူအများစု မသိလောက်သော်လည်း သူက သိထား၏။ အကယ်ဒမီ၌ ယခုထိ အသက်ရှင်နေသေးသော အင်မော်တယ်အိုကြီးတစ်ဦးရှိနေသည်။ အကယ်၍ ဟီဖေးရန်သာ ဒေါသစိတ်ဖုံးလွှမ်းပြီး မည်သည့်အချိန်တွင် ရပ်တန့်ရမည်ဖြစ်ကြောင်း မသိခဲ့လျှင် ဟီမိသားစုပင် သူ့အား ကယ်နိုင်တော့မည်မဟုတ်ပေ။
မူလက ဟီဟိုင်ယွင် လှုပ်ရှားရန် အစီအစဉ်ရှိခဲ့သည်။ သို့သော် ဗဟိုသူတော်စင် အကယ်ဒမီ၏ ကောင်းကင်ထက်သို့ရောက်သည်နှင့် အလွန်ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့အား ထိန်းချုပ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုစွမ်းအားက အလွန်ကြောက်စရာကောင်းလှ၏။ သူက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေသည့်တိုင် ဖိအားအောက်တွင် အသက်ရှုမ၀သလိုခံစားလိုက်ရသည်။ နှစ်ထောင်ပေါင်းများစွာကြာကတည်းက မခံစားဖူးတော့သည့် ကြောက်လန့်မှုအား အပြည့်အ၀ခံစားလိုက်ရလေသည်။
ထိုခံစားချက်က ဟီဟိုင်ယွင်၏ နှလုံးသားအား အပြင်းအထန် တုန်ခါသွားစေ၏။
သူ့အား ပစ်မှတ်ထားလိုက်သူ၏ စွမ်းအားက သူ့ထက် အဆပေါင်းများစွာကျော်လွန်နေ၏။ အမှားတစ်စုံတစ်ရာ ပြုမိသည်နှင့် ချက်ချင်းသေသွားနိုင်သည်။
ရွှမ်ယီ တိုက်ခိုက်လိုက်သည်နှင့် ဟီဟိုင်ယွင် မနေနိုင်တော့ဘဲ စွန့်စားလိုက်၏။ ထိုအခါ သူ့အပေါ် ထိန်းချုပ်ထားသည့်စွမ်းအားက ပို၍ သိပ်သည်းသွားပြီ အနည်းငယ် မှားယွင်းသွားသည်နှင့် ချက်ချင်းတိုက်ခိုက်တော့မည့်အလားပင်။
ထို့နောက် ပင်းယု ထွက်ပေါ်လာချိန်တွင် ဟီဟိုင်ယွင်၏ စိတ်ဝိညာဉ်အာရုံက ဆောင့်တက်သွားပြီး ဦးရေပြားများပင် ထုံကျင်သွားလေသည်။
အလွန်ကြောက်လန့်သွားသည်ဟု ဆိုရပေမည်။
ကိစ္စများက လွန်ကုန်ပြီဖြစ်၍ တောင်းပန်ရုံမှလွဲပြီး မရှိတော့ပေ။
“ ဟမ့်…”
ရွှမ်ယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဓားအား ပြန်လည်ရုတ်သိမ်းလိုက်သည်။ တောင်းပန်မှုကို လက်ခံလိုက်သည့် သဘောပင်။
“ ဒါပေမယ့် ခင်ဗျားတို့ မှတ်ထား…”
ရွှမ်ယီက နှောင်းပိုင်းလူသားဘုရင်အဆင့် ဟီမိသားစုခေါင်းဆောင် ဟီဖေးရန်နှင့် ဟီဘိုးဘေး ဟီဟိုင်ယွင်ထံသို့ သတိပေးသည့် အကြည့်တစ်ချက်ပို့လွှတ်လိုက်ပြီး
“ နောက်ပိုင်း ကျုပ်တပည့်သာ အပြင်လောကမှာ တစ်ခုခုဖြစ်လို့ကတော့ ဟီမိသားစုကို ကျုပ်လာခဲ့မယ်…”
ထိုစကားများထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်တစ်ခုလုံး အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ဤနေရာသို့ရောက်နေသည့် ကျောင်းသားများအားလုံး ထိတ်လန့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရွှမ်ယီ၏ စကားများက အလွန်လွှမ်းမိုးနိုင်စွမ်း အပြည့်ဖြစ်၏။
ရှောင်ဟောင် တစ်ခုခုဖြစ်သည်နှင့် ဟီမိသားစုကိုသွားမည်။
အဓိပ္ပါယ်က ဟီမိသားစုအနေဖြင့် ရှောင်ဟောင်အား မထိခိုက်စေနိုင်ရုံသာမက ဘာမှမဖြစ်အောင်လည်း ကာကွယ်ပေးရတော့မည်။
ရွှမ်ယီ၏ သဘောက ရှင်းသည်။ ရှောင်ဟောင် ပြသနာတစ်စုံတစ်ရာဖြစ်သည်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ဟီမိသားစုသို့သွားမည်။
“ မင်း…”
အရမ်းတရားလွန်နေပြီဟု ခံစားမိလိုက်ပြီး ဟီးဖေးရန် ရှေ့တစ်လှမ်းတိုးပြီး စကားပြောရန်ပြင်လိုက်သည်။
သို့သော် ဟီဟိုင်ယွင် လက်တစ်ချက် ယမ်းလိုက်ပြီး ၎င်းအား နေရာ၌ အေးခဲသွားစေပြီး စကားမပြောနိုင်အောင် လုပ်လိုက်၏။
“ ဒါက ဖြစ်သင့်တယ်.. ဖြစ်သင့်ပါတယ်…”
ဟီဟိုင်ယွင် အလွန်မျက်နှာပျက်နေသော်လည်း အားတင်းကာ သဘောတူလိုက်သည်။ အကယ်၍ သူသာ သဘောမတူပါက ဆီးကြိုနေသည့်အရာမှာ ထိုရေခဲမင်းသမီးထံမှ တိုက်ခိုက်မှုဖြစ်လိမ့်မည်။
ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူကြီးက ရွှမ်ယီ၏ ကြိမ်းမောင်းမှုအောက်တွင် ခေါင်းညိတ်လျက်ရှိနေပြီး ပြန်ခံပြောခြင်း လုံး၀မရှိပေ။
ဗဟိုသူတော်စင်မှလူများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားလေသည်။ တချို့လူများက ပင်းယုအား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။ ထို တင့်တယ် ကျော့ရှင်းကာ အလွန်လှပသည့် အမျိုးသမီးက ကောင်းကင်ဘုရင်တစ်ဦးအား အလွန်ကြောက်ရွံ့စေသည်လော။
“ ဒီလောက်ပဲ…”
ရွှမ်ယီက ထူးမခြားနားစွာပြောလိုက်ပြီး လက်နောက်ပစ်ကာ ရှောင်ဟောင်အားခေါ်ပြီး နေရာမှ ပျောက်ကွယ်သွားတော့၏။
ပင်းယုလည်း အတူလိုက်ပါသွားပြီး ထွက်မသွားခင် ဟီဖေးရန်အား အေးစက်စွာ စိုက်ကြည့်သွားခဲ့သေးသည်။ သူမ၏ အလွန်လှပသော မျက်၀န်းတစ်စုံ၌ ခံစားချက် စိုးစင်းမျှမရှိချေ။
သို့သော် ထိုအကြည့်က ဟီဟိုင်ယွင်၏ နှလုံးသားကို အပြင်းအထန်တုန်ခါသွားစေပြီး ဆံပင်များပင် ထောင်သွားမတတ်ဖြစ်သွားစေသည်။ ချက်ချင်း ပင်းယုဘက်သို့ ဦးညွှတ်အရိုအသေပေးလိုက်၏။
အတန်ငယ်ကြာပြီးမှ မဲမှောင်နေသော မျက်နှာဖြင့် ဟီဖေးရန်အား ဆွဲခေါ်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာလာခဲ့သည်။
….
အိမ်ပြန်လမ်းတွင်
ဟီဖေးရန်က ဟီဘိုးဘေးအား စိတ်ရှုပ်ထွေးစွာကြည့်နေခဲ့၏။
ပြိုင်ဘက်တွင် ကောင်းကင်ဘုရင်တစ်ဦးရှိနေသော်လည်း ဘိုးဘေးက ဤမျှ မကြောက်သင့်ပေ။
“ ရွှမ်ယီ…”
“ ပါးစပ်ပိတ်ထားစမ်း… မင်းကြောင့် အကုန် ဒုက္ခရောက်တော့မလို့ကွ…”
ဟီဟိုင်ယွင်၏ မျက်နှာက မဲမှောင်နေပြီး ဟီဖေးရန်အား အပြင်းအထန် ကြိမ်းမောင်းလိုက်လေသည်။
“ မင်းရဲ့ သောက်ဦးနှောက်က ရန်သူအိမ်ရှေ့အထိမသွားခင် ရန်သူရဲ့ အခြေအနေ ၊ နောက်ကြောင်း ဘာညာ စုံစမ်းဖို့မသိဘူးလားကွ…”
“ ငါတို့ ဟီမိသားစုက တောင်ပိုင်းတိုက်ကြီးမှာ ထိပ်တကာ့ထိပ်ဆုံးရောက်နေပြီလို့ ထင်နေတာလား…”
“ ငါပြောမယ် နားထောင်…”
ဟီဟိုင်ယွင်၏ လေသံက တင်းမာနေပြီး အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ရင်း
“ ရှောင်ဟောင်ကို အကာအကွယ်ပေးဖို့ အစွမ်းထက်တဲ့ တစ်ယောက်ယောက် စေလွှတ်လိုက်… သူတစ်ခုခုဖြစ်သွားရင် ငါတို့ ဟီမိသားစုလည်း တစ်ခါတည်း သဂြိုလ်ပြီးသားဖြစ်သွားလိမ့်မယ်…”
ဟီဖေးရန် အလွန်တုန်လှုပ်သွား၏။ ဟီဟိုင်ယွင်အား မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်ရင်း မနေနိုင်တော့ဘဲ တစိလျှောက်လုံး မြိုသိပ်ထားခဲ့သည့် စိတ်ထဲမှ သံသယအား မေးရန် ပြင်လိုက်သည်။
“ ဘိုးဘေး.. ဘာဖြစ်လို့လဲ…”
သူ၏ ဘိုးဘေးက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။
ထိုအမျိုးသမီးကက ဘိုးဘေးအား တစ်ချက်တည်းဖြင့် သတ်နိုင်စွမ်းရှိမည်လော..?
ဘိုးဘေးအနေဖြင့် အနိုင်မရခဲ့လျှင်တောင် ထွက်ပြေးပြီး နောက်တစ်ကြိမ် ပြန်လာကာ လက်စားချေနိုင်သေးသည်။
“ မင်း ဘာသိလို့လဲ…”
ဟီဟိုင်ယွင်၏ လေသံတွင် အလွန်အမင်း မနာလိုဖြစ်နေဟန်များ ပါ၀င်နေပြီး
“ အဲ့ မိန်းမ.. သူက ငါ့ထက် အဆပေါင်းများစွာ အစွမ်းထက်တယ်… ငါတို့ ဟီမိသားစု…..”
“ သူမကို လုံး၀ စော်ကားမိလို့မဖြစ်ဘူး…”
…..
ရွှမ်ယီ ဗဟိုသူတော်စင် အကယ်ဒမီရှေ့၌ ဟီမိသားစုခေါင်းဆောင်နှင့် ဘိုးဘေးအား မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့သည့်မြင်ကွင်းက ရောက်လာခဲ့သည့် ကျောင်းသားများရင်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။
ကောင်းကင်ဘုရင်ဆိုသည်မှာ အလွန် မြင့်မြတ်ကာ ၊ ဂုဏ်သိက္ခာကြီးမားသည့် ဖြစ်တည်မှုတစ်ခုပင်။
၎င်းက တောင်ပိုင်းတိုက်ကြီး၏ အစာကွင်းဆက် ထိပ်ပိုင်းမှ မိသားစုကြီးတစ်ခု၏ ဘိုးဘေးဖြစ်သည်။
သို့သော် ရွှမ်ယီက ၎င်းအား မကြောက်ရွံ့သည့်အပြင် ပြစ်တင် ကြိမ်မောင်းခဲ့ပြီး ၎င်းကလည်း အနူးညွတ်တောင်းပန်ခဲ့၏။
ရွှမ်ယီက အထိန်းအကွပ်မဲ့စွာ ကြီးစိုးနေခြင်း မဟုတ်လော။
ကျောင်းသားများ၏ နှလုံးသားထဲတွင် ရွှမ်ယီအား နက်ရှိုင်းစွာ လေးစားနေကြသည်။
ထို့အပြင် ရွှမ်ယီက တပည့် ရှောင်ဟောင်အတွက်လည်း မားမားမတ်မတ် ရပ်တည်ပေးခဲ့၏။
ကျောင်းသားများနှင့်ပတ်သက်ပြီး ဤသို့ အပြုအမူအား ဆရာမည်မျှ လုပ်နိုင်မည်နည်း…?
ထိုကိစ္စအပြင် ဟီမိသားစုမှ အမွေဆက်ခံသူ ပါရမီရှင်အား ရှောင်ဟောင် သတ်ခဲ့သည်ဟူသော စကားကြောင့် သူတို့နှလုံးသားများ ပိုမိုခါးသီးသွားခဲ့ရသည်။ ကျောင်းသားသစ် လက်ခံခြင်းအခမ်းအနားတွင် ရှောင်ဟောင်တို့ မောင်နှစ်မက နောက်ဆုံးမှ ရောက်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ မမေ့သေးပေ။
သို့တိုင် ရွှမ်ယီထံတွင် သင်ကြားခဲ့ပြီးနောက် ဟီမိသားစုမှ ပါရမီရှင်အား အမှန်တကယ် သတ်နိုင်ခဲ့သည်။
ရှောင်ဟောင် နေရာတွင် သူတို့သာ ဖြစ်ခဲ့လျှင်….
သူတို့နှလုံးသားထဲ မနာလိုမှုများ ပြည့်နှက်သွား၏။
ဆရာရွှမ်ယီနှင့် လွဲချော်ခဲ့ခြင်းက သူတို့ဘ၀အတွက် အကြီးမားဆုံး အမှားများထဲမှ တစ်ခုပင်။