ချီခွန်ကြယ်သခင်၏ လက်ဆောင်....
Vol. 10 Ch. 162
ကန်လန်ကြယ် ဗဟိုကုန်းမြေနေအိမ်။
လင်းယွမ်က မဟာပညာရှင် ထိုက်အဲနှင့် စကားပြောပြီးနောက် VR ကမ္ဘာမှ ထွက်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အာရုံစိုက်လိုက်သည်။
" ထိုက်ကျိက တာအိုတစ်သောင်းကို လွှမ်းမိုးနိုင်တယ်။ "
" ထိုက်ကျိမဟုတ်ရင်ရော တာအိုတစ်သောင်းကို လွှမ်းမိုးနိုင်သေးလား။ " လင်းယွမ်၏ စိတ်ထဲတွင် အလင်းတန်းများစွာ ထွက်ပေါ်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တာအိုတစ်ခုမှ တာအိုတစ်သောင်းအား ထိန်းချုပ်နိုင်ခြင်းကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်သန့်စင်နိုင်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တာအိုတစ်ခုမှ တာအိုတစ်သောင်းအား ထိန်းချုပ်နိုင်ခြင်းကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်သန့်စင်နိုင်သွားပါပြီ။ ]
လင်းယွမ်က ဉာဏ်အလင်းပွင့်သွားပြီး ကျင့်ကြံခြင်းတွင် နစ်မြှုပ်သွားသည်။ သူက ပြင်ပကမ္ဘာကို အာရုံခံနိုင်ခြင်းမရှိတော့ပေ။ ကံကောင်းစွာဖြင့် လင်းယွမ်က ထိုကဲ့သို့ မကြာခနလုပ်ခဲ့ပြီး လင်းယွမ်ထွက်မလာလျှင်တောင် သူ၏ မိဘများက သူ့ကို နှောက်ယှက်ခြင်းမရှိကြပေ။
ရက်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။ ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းက သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ပြီး သိုင်းတာအိုကိုပင် ပြန်လည်စဉ်းစားခဲ့ရသည်။
" အဲ့ဒီလူက ငါ့ဆရာထက် အားမနည်းတဲ့ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
စကားအနည်းငယ်အတွက် သူက များစွာ သင်ယူခဲ့ရလေသည်။ လင်းယွမ်က ဆက်လက်စဉ်းစားနေစဉ် AI မှ အသံတစ်သံ ထွက်ပေါ်လာသည်။
" သခင် ပစ္စည်းတစ်ခု ရောက်လာပါတယ်။ ရွှင်းထုံအဖွဲ့က ပို့လိုက်တာပါ။ S အဆင့် သတ်မှတ်ထားပါတယ်။ "
" ပစ္စည်းတစ်ခု..." လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။ သို့သော် ရွှင်းထုံအဖွဲ့နှင့် Sအဆင့်ဟု ကြားချိန်တွင် သူက ချက်ချင်း တုန်လှုပ်သွား၏။
ရွှင်းထုံအဖွဲ့က စကြာဝဠာလူသားမဟာမိတ်တွင် အကြီးဆုံးပို့ဆောင်ရေးအဖွဲ့တစ်ခုဖြစ်ပြီး သူတို့၏ စီးပွားရေးနယ်ပယ်က လူသားမဟာမိတ်တွင် ကန့်သတ်မထားပေ။
ကြယ်စကြာဝဠာတွင် လူသားမျိုးနွယ်က ကျယ်ပြောလှသော နယ်မြေကို အုပ်စိုးထားပြီး ရန်သူများစွာ ရှိသော်လည်း လူသားမျိုးနွယ်နှင့် ဆက်ဆံနေသော မျိုးနွယ်ခြားများလည်း ရှိကြသည်။ လူသားမျိုးနွယ်များ ရောက်ရှိနိုင်သော နေရာတိုင်းကို ရွှင်းထုံအဖွဲ့က ပို့ဆောင်ပေးသည်။ ရွှင်းထုံအဖွဲ့က လူသားမျိုးနွယ်၏ ထောက်ခံချက်ရရှိထားပြီး လုံးဝ ယုံကြည်စိတ်ချရလေသည်။ ၎င်းက စကြာဝဠာဘဏ်နှင့် တူညီလေသည်။
ရွှင်းထုံအဖွဲ့၏ အခကြေးငွေက အနည်းဆုံး ဘီလီယံမှစ၍ အလွန်မြင့်မားလေသည်။ Sအဆင့် ပစ္စည်းတစ်ခု ပေးပို့ခြင်းက စျေးနှုန်း တစ်ရာဘီလီယံမှ စတင်လေသည်။ Sအဆင့် ပစ္စည်းပို့ဆောင်ရေးက ရွှင်းထုံအဖွဲ့၏ အဆင့်မြင့်ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်ပြီး ဆဋ္ဌမအလွှာ ရှစ်ယောက်နှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်တို့က စောင့်ကြပ်ပို့ဆောင်ပေးလေသည်။ လက်ခံသူလင်းယွမ်မှလွဲ၍ သူတို့၏ လှုပ်ရှားမှုများကို လုံးဝ လျို့ဝှက်ထားခဲ့ပြီး အပြင်လူများ မသိနိုင်ပေ။
" ငါ ဘယ်အချိန်က.. " လင်းယွမ်က တုန့်ဆိုင်းသွား၏။
ထိုအချိန်တွင် ချီခွန်ကြယ်သခင်ဆီမှ မက်ဆေ့ချ်ရောက်လာသည်။ " ဟားဟား ငါ့တပည့် ပစ္စည်းရောက်လာပြီလား။ "
" ဆရာဆီကလား။ " လင်းယွမ်က စိတ်အေးသွား၏။ သူက ဘယ်သူ့ဆီကမှန်းမသိလျှင် လက်မခံနိုင်ပေ။
" ဆရာ ရွှင်းထုံအဖွဲ့ရဲ့ Sအဆင့် ပို့ဆောင်ရေးကို အသုံးပြုရအောင် ဘာပစ္စည်းမလို့လဲ။ " လင်းယွမ်က ငွေတစ်ရာဘီလီယံကျော် ကုန်သွားသောကြောင့် စိတ်မကောင်းဖြစ်သွားသည်။
" မင်းဖွင့်ကြည့်ရင် သိလိမ့်မယ်။ " ချီခွန်ကြယ်သခင်က လျို့ဝှက်စွာ ပြောလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူက အိမ်အပြင်ဘက်သို့ ထွက်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ထိုနေရာတွင် စောင့်နေပြီး သူ၏ အသွင်အပြင်က လုံးဝသာမန်ဖြစ်ပြီး သာမန်ပစ္စည်းပို့သူတစ်ယောက်နှင့် တူနေသည်။
သို့သော် ပစ္စည်းကို လက်ခံသူလက်ထဲသို့ ပိုဆောင်ပေးသူမှာ အဖွဲ့ထဲတွင် အသန်မာဆုံးလူတစ်ယောက် ဖြစ်သည်ကို လင်းယွမ် သိလေသည်။ ရွှင်းထုံအဖွဲ့၏ Sအဆင့် ပို့ဆောင်ရေးတွင် သတ္တမအဆင့် တစ်ယောက် ပါဝင်သောကြောင့် ထိုအနက်ရောင်နှင့်လူမှာ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားနေသည်။
" ဆရာ..." အနက်ရောင်နှင့်လူက အနည်းငယ် ရိုသေစွာ ပြောလိုက်သည်။
" ဟယ်လို " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူက လက်ဗွေ၊ မျက်လုံးနှင့် စိတ်ဝိညာဉ်လှိုင်းတို့ကို အတည်ပြုလိုက်သည်။
ထို့နောက် အနက်ရောင်နှင့်လူက အနက်ရောင်လက်ဆွဲအိတ်တစ်လုံးကို လင်းယွမ်အား ပေးလိုက်သည်။
" ဟမ် " လင်းယွမ်က လက်ဆွဲ အိတ်ကို ယူလိုက်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အတောလေးတာပဲ။ " လင်းယွမ်က အနက်ရောင်လက်ဆွဲအိတ်ကို ကြည့်လိုက်သည်။ ၎င်းက အလျားအနံ တစ်ပေခွဲလောက်သာ ရှိသော်လည်း အလေးချိန်က အနည်းဆုံး ဆယ်တန်ရှိလေသည်။
" လွှဲပြောင်းပြီးပြီဆိုတော့ သွားလိုက်ပါဦးမယ်။ " အနက်ရောင်ဝတ်လူက အနည်းငယ်ပြုံးပြီး ထွက်ခွာသွားသည်။
အစမှအဆုံး ၎င်းက သာမန်ပစ္စည်းပို့ခြင်းနှင့်တူပြီး လင်းယွမ်သာ ကြိုသိမထားပါက အများကြီးတွေးနေမည်မဟုတ်ပေ။
" ဆရာက ဘာပို့လိုက်တာလဲ။ " လင်းယွမ်က အနက်ရောင်လက်ဆွဲအိတ်ကို အဆောက်အဦးထဲသို့ ပြန်သယ်သွားသည်။
ဆယ်တန်အလေးချိန်က လင်းယွမ်၏ လက်ရှိခွန်အားနှင့် ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော် သူက အနက်ရောင်အိတ်မှာ ဆယ်တန်လေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက လက်ဗွေ၊ မျက်လုံးနှင့် စိတ်ဝိညာဉ်လှိုင်းတို့ကို နောက်တစ်ကြိမ် အတည်ပြုလိုက်သည်။ အနက်ရောင်အိတ်က ဖြည်းညင်းစွာ ပွင့်သွားပြီး အထဲတွင် လက်သီးအရွယ် နက်ရွှေရောင် သေတ္တာလေးတစ်လုံး ပေါ်လာသည်။ အနက်ရောင်အိတ်က ဆယ်တန်လေးသွားခြင်းမှာ ထိုသေတ္တာလေးကြောင့် ဖြစ်သည်။
ကလစ်...
လင်းယွမ်က သေတ္တာလေးကို အလွယ်တကူ ဖွင့်လိုက်သည်။
" ဟမ်..." လင်းယွမ်က နက်ရွှေရောင်သေတ္တာထဲမှ လက်သည်းခွံအရွယ်အစားရှိသော ကြက်သွေးရောင် ကျောက်တုံးလေးတစ်တုံးကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးကို ကြည့်လိုက်သောအခါ လင်းယွမ်က ကြယ်တစ်လုံးကို လေ့လာနေသကဲ့သို့ ခံစားလိုက်ရသည်။
" ဒါက...." လင်းယွမ်က လက်သည်းခွံအရွယ်ကျောက်တုံးလေးကို ဂရုတစိုက် လေ့လာလိုက်သည်။
၎င်း၏ အသေးစိတ်အချက်အလက်များ၊ မျက်နှာပြင်ပေါ်မှ အသွင်အပြင်များက လင်းယွမ်၏ စိတ်ထဲတွင် ကြီးမားသော လှိုင်းများ လှုပ်ခတ်စေခဲ့သည်။
" ဒါ နိယာမ.... ကမ္ဘာ နိယာမတွေရဲ့ အနှစ်သာရပဲ..." လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
အခြားဆင့်ကဲပြောင်းလဲသူတစ်ယောက်ဆိုလျှင် သူတို့က ဆဋ္ဌမအလွှာဖြစ်လျှင်တောင် ၎င်းကို သတိထားမိမည်မဟုတ်ပေ။ သို့သော် လင်းယွမ်က မတူပေ။
နတ်လက်နက်ကမ္ဘာမှ အတွေ့အကြုံများကြောင့် သူက ကမ္ဘာ၏ နိယာမအနှစ်သာရများအပေါ် အာရုံခံနိုင်စွမ်းကောင်းလာခဲ့သည်။ ထိုလက်သည်းခွံအရွယ် ကျောက်တုံးလေးက နိယာမများ၏ အနှစ်သာရများ၏ ပြင်ပအသွင်အပြင်များကို ဖော်ပြနိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
သို့သော် ဤနေရာက မူလကမ္ဘာဖြစ်၏။ ဆင်တစ်ကောင်၏ အမွေးက ပုရွက်ဆိတ်တစ်ကောင်ထက် အလေးချိန် ပိုများလေသည်။ မူလကမ္ဘာနှင့် နတ်လက်နက်ကမ္ဘာတို့ကြားမှ ကွာခြားမှုကို ပြောစရာပင် မလိုပေ။
ထိုကျောက်တုံးက နိယာမ အနှစ်သာရများ၏ ပြင်ပအသွင်အပြင်ကို ဖော်ပြရန် ခက်ခဲသော်လည်း နိယာမများ၏ အနှစ်သာရကိုတော့ ဖော်ပြနိုင်လေသည်။ လင်းယွမ်အတွက် နတ်လက်နက်ကမ္ဘာမှ နတ်လက်နက်များထက် ပို၍ အရေးပါလေသည်။
အပူ၊ အလင်း၊ ကျယ်ပြောမှု၊ အနှစ်သာရအမျိုးမျိုးက ၎င်းထဲတွင် ပါဝင်နေသည်။
" ဒီကျောက်တုံးနဲ့ဆို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာကို ရောက်ဖို့ ပိုလွယ်ကူသွားပြီ။ "
သင်္ချာပုစ္ဆာတစ်ခုကဲ့သို့ပင် ယခင် လင်းယွမ်က ဖြည်းညင်းစွာ တွက်ချက်နိုင်သော်လည်း ယခု သီအိုရီတစ်ခု ရလာပြီးဖြစ်သောကြောင့် အဖြေရရှိရန် ပို၍ လွယ်ကူသွားသည်။
လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ချီခွန်ကြယ်သခင်၏ နန်းတော်သို့ ရောက်သွားသည်။
" မင်းရောက်လာပြီလား။ " ချီခွန်ကြယ်သခင်က လင်းယွမကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်သည်။ " မင်းအဲ့ဒီပစ္စည်းကို တွေ့ပြီးသွားပြီလား။ ဘယ်လိုခံစားရလဲ။ "
" ဆရာ..." လင်းယွမ်က တုန့်ဆိုင်းသွား၏။ " ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ကျွန်တော်လက်မခံပါရစေနဲ့။ "
ထိုကျောက်တုံးကို ပို့ရန်အတွက် ချီခွန်ကြယ်သခင်က ငွေဘီလီယံပေါင်းများစွာကို အသုံးပြုခဲ့ရလေသည်။ ကုန်ကျစရိတ်က အနည်းဆုံး ထရီလီယံ(ဂဏန်းနောက်တွင် သုည ၁၂လုံး) ကျော်ပေလိမ့်မည်။
" မင်းက ငါ့တပည့်ပဲ။ ဘာလက်မခံနိုင်စရာအကြောင်းရှိလဲ။ " ချီခွန်ကြယ်သခင်ကပြောလိုက်သည်။ " ပြီးတော့ ငါ့အဆင့်နဲ့ ဒီလိုပစ္စည်းတွေက အသုံးမဝင်တော့ဘူး။ အဲ့ဒါတွေကို သိမ်းထားတာနဲ့ယှဉ်ရင် အသုံးပြုလိုက်တာ ပိုကောင်းတယ်။ "
" ကျေးဇူးတင်ပါတယ် ဆရာ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ချီခွန်ကြယ်သခင်၏ စကားများက သူ့အား နှစ်သိမ့်နေခြင်းဖြစ်သည်ကို သူ နားလည်လေသည်။
" ဘယ်လိုလဲ။ အဲ့ဒီကျောက်တုံးကို မင်း ဘယ်လိုထင်လဲ။ " ချီခွန်ကြယ်သခင်က ဆက်မေးလိုက်သည်။
" အဲ့ဒါက ကျွန်တော်အတွက် အများကြီး အထောက်အကူဖြစ်တယ်။ " လင်းယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
" ကောင်းတယ်။ "ချီခွန်ကြယ်သခင်က ပြုံးလိုက်သည်။ " တပည့်လေး ငါမင်းကို အတင်အကျပ် လမ်းပြလိုက်ရင် မင်းရဲ့ လမ်းစဉ်က အတားအဆီးဖြစ်သွားလိမ့်မယ်။ "
" အဲ့ဒါ နိယာမကျောက်တုံးပဲ။ အဆုံးမဲ့ မဟာတာအိုရဲ့ အနှစ်သာရပါဝင်တယ်။ မင်းအဲ့ဒီကျောက်တုံးထဲက ဆန်းကြယ်မှုကို နားလည်နိုင်ရင် ဆဋ္ဌမအလွှာကို ကျော်လွန်ဖို့က ဘာပြဿနာမှမရှိဘူး။ "
ချီခွန်ကြယ်သခင်၏ နန်းတော်မှ ပြန်လာပြီးနောက် လင်းယွမ်၏ အကြည့်က ကျောက်တုံးပေါ်သို့ ကျရောက်သွားပြန်သည်။
" အရမ်းနက်နဲတယ်။ " လင်းယွမ်က စတင်လေ့လာလိုက်သည်။
ကြက်သွေးရောင်ကျောက်တုံးမှ ထိုက်ယန်နှင့် ပက်သက်သော နိယာမကို လေ့လာပြီး ထိုက်ယန်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာသည်။
ထိုကဲ့သို့ဖြင့် လင်းယွမ်က သူ၏ အားလပ်သော အချိန်များတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ပြည့်စုံစေပြီး ဆဋ္ဌမအလွှာကို ချိုးဖျက်ရန် စဉ်းစားနေခဲ့သည်ာယ
လင်းယွမ်က ဆဋ္ဌမအလွှာကို ချိုးဖျက်နိုင်စွမ်းရှိသော်လည်း စမှတ်ကို ဂရုတစိုက် စဉ်းစားရန် လိုအပ်လေသည်။ သူက ဆဋ္ဌမအလွှာသို့ ဝင်ရောက်သွားသည်နှင့် သူ၏ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပေါင်းစပ်သွားမည်ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်က သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပြည့်စုံစွာ ပေါင်းစပ်သွားလျှင် ဆဋ္ဌမအလွှာသို့ ရောက်သွားပြီဖြစ်သည်။ ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ တက်ရောက်ခြင်းက လျင်မြန်သော ဖြစ်စဉ်တစ်ခုမဟုတ်ပေ။
ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူ အများစုက စိတ်ဝိညာဉ်ပေါင်းစပ်ရန် တွန့်ဆုတ်နေကြပြီး နှစ်ပေါင်းရာချီ ထောင်ချီ ကြာခဲ့ကြလေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း