ဟေးယုအို၏ ဖိတ်ခေါ်မှု....
Vol. 10 Ch. 165
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ယုံကြည်မှုရှိလေသည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး တပြိုင်နက် လေ့ကျင့်နိုင်သော်လည်း အခြေခံအုတ်မြစ်တော့ ဖြစ်လာမည်မဟုတ်ပေ။
ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပါအဝင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံလာစေရန် အားဖြည့်ပေးရုံသာ ဖြစ်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုပဲ ပိုပြည့်စုံအောင် လုပ်တာပေါ့။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အာရုံစိုက်လိုက်သည်။
လင်းယွမ်၏ နောက်ဆုံး ပြင်ဆင်မှုနှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ယင်နှင်ယန်တို့တွင် ကန့်သတ်မထားတော့ပေ။ စွမ်းအားအမျိုးမျိုးက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းထဲတွင် ပါဝင်လာခဲ့သည်။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မည်သည့်စွမ်းအားကို ကျွမ်းကျင်သည်ဖြစ်စေ သိုင်းတာအိုကို ကျင့်ကြံနိုင်ပေလိမ့်မည်။
သိုင်းတာအိုက အကန့်အသတ်မရှိ ကျယ်ပြန့်သင့်လေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပို၍ ပြည့်စုံအောင် ပြုပြင်ပြီးသောအခါ သူ၏ စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းက အတိုင်းအတာတစ်ခုအထိ တိုးလာသည်ကို လင်းယွမ်က တွေ့ခဲ့ရသည်။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံနေစဉ် ချီခွန်ကြယ်သခင် ပို့ပေးသော ကျောက်တုံးကိုလည်း လေ့လာနေခဲ့သည်။ သူ၏ အားလပ်ချိန်များတွင် ကြယ်နယ်ပယ်အမျိုးမျိုးမှ အဖွဲ့အစည်းများ၏ ဖိတ်ခေါ်မှုများကို ငြင်းပယ်ခဲ့သည်။
ရှန်းဝမ်အဖွဲ့သာမက အခြားအဖွဲ့များကလည်း လင်းယွမ်၏ အလားအလာကို သတိထားမိခဲ့ကြသည်။ ကြယ်တာယာခေတ်တွင် စွမ်းအားကောင်းသော အင်အားစုများက လူသားမျိုးနွယ်နှင့် အခြားမျိုးနွယ်များ၏ အချက်အလက်များကို အခြေခံပြီး သူတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသော အစီအစဉ်များကို အဆက်မပြတ် လုပ်ဆောင်နေကြသည်။ အလယ်အဆင့် အသက်ဂြိုလ်ရှိ အသက်တစ်ရာအောက် စတုတ္ထအလွှာဖြစ်သော လင်းယွမ်က ပုံမှန်အတိုင်း ကုန်ကျစရိတ်မကြီးမားပေ။ ထို့ကြောင့် သူ့ကို အင်အားစုများက ဖိတ်ခေါ်ချင်ကြလေသည်။ အစပိုင်းတွင် လင်းယွမ်က ကိုယ်တိုင် ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဖိတ်ခေါ်မှုများက များပြားလွန်းသောကြောင့် AI လက်ထောက်ကိုသာ တာဝန် ပေးခဲ့ရလေသည်။
" ငါသာ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို အောင်မြင်တယ်လို့သာ ကြေညာခဲ့ရင်...." လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
ဖန်ချင်းကဲ့သို့သာ ဖြစ်လျှင် စမ်းသပ်မှုကို အောင်မြင်ပြီးနောက် ချီခွန်မျိုးနွယ်၏ တရားဝင်အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားခဲ့ပြီး အခြားအဖွဲ့များကလည်း မရမက ဖိတ်ခေါ်ကြတော့မည်မဟုတ်ပေ။
ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်က အခြားအဖွဲ့တစ်ခုအတွက် အလုပ်လုပ်မည်မဟုတ်ပေ။ ချီခွန်မျိုးနွယ်က စွမ်းအားအကောင်းဆုံး အင်အားစုတစ်ခုပင် ဖြစ်သည်။
သို့သော် ထိုသို့လုပ်ခဲ့လျှင် လင်းယွမ်က ဖန်ချင်းကဲ့သို့ အာကာသစစ်သင်္ဘောတစ်စီးနှင့် ချီခွန်ပင်မကြယ်သို့ ခေါ်ဆောင်သွားခြင်း ခံရပေလိမ့်မည်။ ၎င်းမှာ ချီခွန်မျိုးနွယ်သို့ ဝင်ရောက်နိုင်သူများအတွက် ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်သည်။
လင်းယွမ်က အမြဲတမ်း ကန်လန်ကြယ်တွင်သာ နေထိုင်ခဲ့ပြီး တောင်ထိပ်သခင်တစ်ယောက်ဖြစ်သောကြောင့် အခွင့်ထူးများကို ခံစားခဲ့ရသည်။ ချီခွန်ကြယ်သခင်ကလည်း ဘီလီယံပေါင်းများစွာကို အသုံးပြုပြီး ရွှင်းထုံအဖွဲ့နှင့် လက်ဆောင်ပေးပို့ခဲ့လေသည်။
တစ်နေ့ လင်းယွမ် ကျင့်ကြံနေစဉ် AI လက်ထောက်၏ အသံ ထွက်ပေါ်လာသည်။
" သခင် ဒီတစ်ခေါက် လာတွေ့တဲ့လူက ဟေးယုမျိိုးနွယ်က ဟေးယုမိုရဲ့သား ဟေးယုအိုရဲ့ လက်အောက်ခံတစ်ယောက် ဖြစ်ပါတယ်။ "
" ဟေးယုမျိုးနွယ် " လင်းယွမ်က မျက်ခုံးများ ပင့်သွား၏။
ဟေးယုမျိုးနွယ်က ချီခွန်ကြယ်နယ်မြေအတွင်း ချီခွန်မျိုးနွယ်မှလွဲ၍ အသန်မာဆုံး ထိပ်တန်းအင်အားစုငါးခုထဲမှ တစ်ခု ဖြစ်လေသည်။ ဟေးယုမျိုးနွယ်မှ ဟေးယုမိုက ဆဋ္ဌမအလွှာကို ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
"ဟေးယုမျိုးနွယ်။ " လင်းယွမ်က ခနစဉ်းစားလိုက်သည်။
သူက ဆဋ္ဌမအလွှာသို့ ရောက်ရန် မလိုသောကြောင့် ဆဋ္ဌမအလွှာရှိ အင်အားစုများကို လျစ်လျူရှုထားနိုင်လေသည်။ ထို့အပြင် ထိုအဖွဲ့များက ချီခွန်ကြယ်နယ်မြေ၏ အပြင်မှ ဖြစ်ပြီး ရင်းနှီးရန်လည်း မလိုအပ်ပေ။
သို့သော် ဟေးယုမျိုးနွယ်က မတူပေ။ ချီခွန်ကြယ်နယ်မြေ၏ အဓိကအင်အားစုတစ်ခုဖြစ်ပြီး လင်းယွမ်က သူ၏ အဆင့်အတန်းကို ထုတ်ဖော်ခဲ့လျှင် သူတို့နှင့် ဆက်ဆံရဦးမည်ဖြစ်သည်။
လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်ပြီး လက်ခံရန် သဘောတူလိုက်သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မြင့်မြတ်သော အသွင်အပြင်နှင့် အဘိုးကြီးတစ်ယောက် ပေါ်လာသည်။
" သခင်လေး ဟေးယုမိုရဲ့ ကိုယ်စား ဖေးကျောက်က မစ္စတာလင်းယွမ်ကို နှုတ်ဆက်ပါတယ်။ " အနက်ရောင်ဝတ်စုံနှင့် ဖေးကျောက်က အနည်းငယ် လေးစားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူက အခြေအနေအမျိုးမျိုးကို ပြောပြပြီး လင်းယွမ်ကို ဖိတ်ခေါ်လိုက်စည်။
" ကျုပ်က အာရီနာပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့ တကယ် စိတ်မဝင်စားသေးလို့ပါ။ စိတ်မကောင်းပါဘူး။ " လင်းယွမ်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
" အဲ့လိုကိုး။ " ဖေးကျောက်၏ အမူအရာက မပြောင်းလဲပေ။ သူက နှုတ်ဆက်ပြီးနောက် ချက်ချင်း ထွက်ခွာသွားသည်။
" လက်တွေ့ဆန်တယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
အခြားအဖွဲ့များက သူ့ကို ဖိတ်ခေါ်ပြီး ငြင်းပယ်ခံရလျှင် ချော့၍တစ်ခါ ခြောက်၍တလှည့် ပြောသွားကြလေသည်။
ခမ်းနားထည်ဝါသော နန်းတော်ကြီးထဲရှိ ပလ္လင်ပေါ်တွင် ဟေးယုအိုက ထိုင်နေရင်း စဉ်းစားနေသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ဖေးကျောက်က ပေါ်လာသည်။
" အဲ့ဒီလင်းယွမ်က ဘယ်စာချုပ်ကို လက်ခံခဲ့လဲ။ " ဟေးယုအိုက သာမန်အတိုင်း ပြောလိုက်သည်။
ဖေးကျောက်ကို မလွှတ်မီ ဟေးယုအိုက လင်းယွမ်ကို ဖိတ်ခေါ်ရန် စာချုပ်များကို အဆင့်ငါးခု ပြင်ဆင်ပေးခဲ့သည်။ အဆင့်မြင့်ဆုံး စာချုပ်က လင်းယွမ်အတွက် အရင်းအမြစ်များ ပိုရပြီး ကန့်သတ်ချက်များကလည်း ပိုများလေသည်။ သူက လင်းယွမ်ကို မည်သည့်အဆင့်စာချုပ်ကိုမဆို ဆန္ဒရှိအတိုင်း ရွေးချယ်စေခဲ့သည်။
" လင်းယွမ်က သခင်လေးရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပါတယ်။ " ဖေးကျောက်က ညင်သာစွာ ပြောလိုက်သည်။
" သူက ငါ့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်တာလား။ " ပလ္လင်ပေါ်တွင် ဟေးယုအိုက အနည်းငယ် အံ့အားသင့်သွားသည်။
သူက အနက်ရောင်ဝတ်စုံနှင့် ဖေးကျောက်ကို ငုံ့ကြည့်လိုက်သည်။
" သခင်လေး ကျွန်တော်က အချက်အလက်တွေအားလုံးကို သေချာရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် လင်းယွမ်က ငြင်းနေတုန်းပဲ။ သူက အာရီနာပြိုင်ပွဲတွေကို စိတ်မဝင်စားဘူးလို့ ပြောတယ်။ " ဖေးကျောက်က ရှင်းပြလိုက်သည်။
" အဲ့လိုလား။ " ဟေးယုအိုက ပလ္လင်မှ ထပြီး အနည်းငယ် မျက်မှောင်ကြုတ်နေသည်။
သူက စာချုပ်၏ အဆင့်ငါးခုလုံးတွင် မြင့်မားသော ကမ်းလှမ်းချက်များကို ပေးခဲ့ပြီး ရက်ရောသည်ဟု ပြော၍ ရလေသည်။
အနိမ့်ဆုံးအဆင့်တွင်ပင် ဟေးယုအိုက လင်းယွမ်အတွက် လိုအပ်သော အရင်းအမြစ်များကို ထောက်ပံ့ပေးပြီး သူ့အတွက် နှစ်တစ်ရာ အလုပ်လုပ်ပေးရန်သာ လိုအပ်လေသည်။
စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် နှစ်တစ်ရာက အချိန်အကြာကြီးမဟုတ်ပေ။ ဟေးယုအိုအတွက် အလုပ်လုပ်ပေးရန် သာမန်ဆင့်ကဲပြောင်းလဲသူများအတွက် အိပ်မက်တစ်ခုပင် ဖြစ်နေသည်။ သို့သော် လင်းယွမ်က ငြင်းပယ်ခဲ့သည်။
၎င်းက ဟေးယုအိုမျှော်လင့်ထားသည်ထက် ပိုလေသည်။ ဟေးယုမျိုးနွယ်မှ ဟေးယုမို၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ဟေးယုအိုကို သစ္စာခံချင်သော ဆင့်ကဲပြောင်းလဲသူများက မရေတွက်နိုင်အောင် ရှိလေသည်။ သို့သော် ဟေးယုအိုက သူတို့ကို အလေးမထားပေ။
" တကယ်ဘာဖြစ်နေတာလဲ။ "
" ငါ့ရဲ့ ဟေးယုမျိုးနွယ်ရဲ့ ဂုဏ်သတင်းက ဒီလောက်တောင် နိမ့်ကျသွားပြီလား။ " ဟေးယုအိုက အနည်းငယ် ဒေါသထွက်သွားသည်။
လင်းယွမ်က မြေအောက်လေ့ကျင့်ရေးကွင်းမှ ထွက်ပြီး အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဟိုမင်ကို ခေါ်လိုက်သည်။
" မစ္စတာလင်း။ " ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သော ဟိုမင်က ရိုသေစွာ ပြောလိုက်သည်။
" ငါမင်းကို မေးစရာရှိတယ်။ " လင်းယွမ်က ထိုင်ခုံတွင် ထိုက်လိုက်ပြီး ညာလက်က စားပွဲကို ခေါက်နေသည်။
သူက ဟေးယုမျိုးနွယ်မှလူကို ငြင်းဆိုပြီးနောက် ထိုလူက ချက်ချင်းထွက်သွားခဲ့လေသည်။
" မင်း ဟေယုမျိိုးနွယ်အကြောင်း သိလား။ " လင်းယွမ်က ဟိုမင်ကို ကြည့်ပြီး မေးလိုက်သည်။
" ဟေးယုမျိုးနွယ်..." ဟိုမင်က အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ " ချီခွန်ကြယ်နယ်မြေရဲ့ အင်အားစုကြီးငါးခုထဲက တစ်ခုပဲ။ "
ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် အသန်မာဆုံး အင်အားစုမှာ သံသယဝင်စရာမလိုဘဲ ချီခွန်မျိုးနွယ်ပင် ဖြစ်သည်။ ချီခွန်မျိုးနွယ်အောက်တွင် အသန်မာဆုံး အင်အားစုငါးခုရှိပြီး ဟေးယုမျိုးနွယ်က ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။
" ကြယ်သခင်က ကြယ်နယ်မြေကို လက်ခံပြီး မကြာခင်မှာ ဟေးယုမိုက သူ့ရဲ့မိသားစုနဲ့အတူ ကြယ်နယ်မြေအချို့ကို ဖြတ်ပြီး ချီခွန်ကြယ်နယ်မြေမှာ အခြေချခဲ့တယ်။ "
" ကြယ်သခင်က ဟေးယုမိုရဲ့ အခက်အခဲကို နားလည်ပြီး ကြယ်နယ်မြေရဲ့ စီးပွားရေးအချို့ကို ဟေးယုမျိုးနွယ်ဆီ လွှဲပြောင်းပေးပြီး ဒီနေ့ အင်အားစုကြီးငါးခုထဲက တစ်ခုဖြစ်အောင် လမ်းခင်းပေးခဲ့တယ်။ " ဟိုမင်က လျင်မြန်စွာ ပြောလိုက်သည်။
သူက ချီခွန်ကြယ်သခင်၏ လျို့ဝှက်စွာ လေ့ကျင့်ပေးထားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သော်လည်း ပြင်ပကမ္ဘာနှင့် ကင်းကွာခြင်းမရှိပေ။ ထို့အပြင် သူက အချို့ဗဟုသုတများကို သာမန်အတိုင်း သိခဲ့ရလေသည်။
" ငါသိပြီ။ " လင်းယွမ်က နားလည်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
အကျဉ်းချုပ်ဆိုရသော် ဟေးယုမိုက ဆရာ၏ လက်ပါးစေထက် မပိုပေ။
" ဟေးယုအိုကိုရော ကြားဖူးလား။ " လင်းယွမ်က ဆက်မေးလိုက်သည်။ သူ့ကို ဖိတ်ခေါ်ခဲ့သူမှာ ဟေးယုအိုဖြစ်၏။
" ဟေးယုအိုလား။ " ဟိုမင်က ခနစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ " ဟေးယုမိုရဲ့ အငယ်ဆုံးသားမဟုတ်လား။ "
ဟေးယုမိုတွင် မျိုးဆက်ပေါင်းထောင်ချီရှိပြီး ထူးခြားသော ဆင့်ကဲပြောင်းလဲသူများကိုသာ နာမည်များ မှတ်မိပေလိမ့်မည်။ အထူးသဖြင့် ဟေးယုမျိုးနွယ်၏ နာမည်များက အပြင်လူများအတွက် ရှုပ်ထွေးလွယ်လေသည်။
" မှန်တယ်။ သူက ငါ့ကို အာရီနာပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ " လင်းယွမ်က ပြောလိုက်သည်။ " ဒါပေမယ့် ငါငြင်းလိုက်တယ်။ "
" အဲ့ဒီဟေးယုအိုကလား။ " ဟိုမင်က အံ့ဩသွား၏။
လင်းယွမ်က ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်ဖြစ်လေသည်။ ဟေးယုမျိုးနွယ်၏ ခေါင်းဆောင် ဟေးယုမိုပင် လင်းယွမ်နှင့် တွေ့လျှင် လေးစားမှုကို ပြရပေလိမ့်မည်။
" ပြိုင်ပွဲမှာ မစ္စတာလင်းရဲ့ စွမ်းဆောင်ရည်က ဟေးယုအိုရဲ့ အာရုံကို ဆွဲဆောင်ခဲ့တာထင်တယ်။ " ခနစဉ်းစားပြီးနောက် ဟိုမင်က ဆက်ပြောလိုက်သည်။
" ဟေးယုမျိုးနွယ်က ကြီးမားတဲ့ အင်အားစုတစ်ခုဖြစ်ပြီးတော့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်တယ်။ ဟေးယုမိုရဲ့ အငယ်ဆုံးသား ဟေးယုအိုက သူ့ရဲ့ အကိုတွေထက် နှစ်ထောင်ချီ သောင်းချီပြီး နောက်ကျမှ မွေးလာခဲ့တယ်။ မျိုးနွယ်ရဲ့ အထောက်အပံ့နဲ့တောင် သူ့ရဲ့ အကိုတွေကို အမှီလိုက်ဖို့ ခက်ခဲတယ်။ ဒါကြောင့် သူက အာရီနာပြိုင်ပွဲတွေကို အာရုံစိုက်ထားတာပဲ။ တကယ်လို့ သူက ကြယ်နယ်မြေပြိုင်ပွဲရဲ့ အဆင့်တစ်ရာအတွင်း ဝင်နိုင်တဲ့ လူတစ်ယောက်ကို ထောက်ပံ့ပေးနိုင်ရင် ဟေးယုအိုကလည်း ကြီးမားတဲ့ အောင်မြင်မှုကို ရရှိလိမ့်မယ်။ "
" အဲ့ဒီအချိန်ရောက်ရင် ဟေးယုမျိုးနွယ်မှာ သူ့ရဲ့ အဆင့်အတန်းကလည်း မြှင့်တက်လာပြီး ဟေးယုမိုရဲ့ မျက်နှာသာပေးခံရရင် နောက်တက်မယ့် ခေါင်းဆောင်နေရာကို ဆက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတော့ဘူး။ " ဟိုမင်က ရှင်းပြလိုက်သည်။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။